Chapter 90 : မသင့်လျော်သော နည်းလမ်းများ
ဤမြို့လေး၌ ပွင့်လင်းဖြောင့်မှန်သော ဓလေ့ထုံးစံများရှိ၏။ အကယ်၍ ချောင်ဝေ့မင်သာ သူ၏ ကလေးများကို အမှန်တကယ် ဆုံးမရုံသာဆိုပါက အခြားလူများသည် ဤသည်ကို အမှားဟု ထင်ကြမည် မဟုတ်ပေ။ သို့ရာတွင် ကိစ္စများက စတင်၍ ညှင်းပန်းနှိပ်စက်မှုသို့ ဦးတည်သွားသောအခါ မည်သူကမှ သူ၏ လုပ်ရပ်များကို နားလည်မပေးနိုင်တော့။
သူတို့သည် သွေးသားရင်းများ မဟုတ်လျှင်တောင်မှ ဤမိန်းကလေးသည် အသက်မည်မျှသာ ရှိသေးသနည်း၊ သူသည် သူမအပေါ် မည်သို့သောအကြောင်းကြောင့် လက်ပါရက်သနည်း။
"လောင်ချောင်၊ ဒါ မင်းရဲ့အမှားပဲ။ တကယ်လို့ ဒီမိန်းကလေးရဲ့ မိဘအရင်းတွေက မင်းကို လာရှာရင်ရော။ မင်းကိုယ်တိုင် သူတို့ကို ဘယ်လို ဖြေရှင်းချက်ပေးမှာလဲ"
လူတစ်ယောက်က သူ့အား အပြစ်တင်ရင်း မေးလာ၏။
အကယ်၍ သူတို့သမီးများသာ ငယ်စဥ်ကတည်းက အစေခံတစ်ယောက်ကဲ့သို့ ဆက်ဆံခံခဲ့ရသည်ကို ဆိုပါက သူတို့သည် သူတို့၏ အိုမင်းနေသော အသက်များကို ရင်း၍ပင် တရားမျှတမှုကို တောင်းဆိုမိကြလိမ့်မည်ပင်။ တစ်စုံတစ်ယောက်က သူတို့အား ပြုစုပျိုးထောင်ပေးခဲ့သော မိဘများ၏ ကျေးဇူးသည် ကောင်းကင်ကြီးထက် ပို၍ ကြီးသည်ဟု ပြောကြ၏။ သို့သော် ချောင်ဝေ့မင်၏အပြုအမူများကရော၊ ပြုစုပျိုးထောင်ပေးသည်ဟု မည်သို့ ခေါ်နိုင်ပါမည်နည်း။
ချောင်ဝေ့မင်က ကျင်းယွင်ကျောင်း၏ ပါးစပ်သည် ဤကဲ့သို့ အန္တရာယ်များလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့မိပေ။ စကားအနည်းငယ်နှင့်ပင် သူမသည် ဘေးတွင် ရပ်ကြည့်နေသူများ၏ သူ့အပေါ် အမြင်ကို ပျက်ဆီးသွားစေသည်။ သူသည် ရုတ်တရက် ခေါင်းစဥ်ပြောင်းပြီး ထပြောလိုက်၏။
"ဒီ အယုတ်တမာမ အမှိုက်လို စကားတွေ ပြောနေတာကို နားမထောင်ကြပါနဲ့။ သူ့မှာသာ စဥ်းစားဉာဏ်ရှိရင် ဘာလို့ ကျုပ်က သူ့ကို ထိရမှာလဲ။ ပြီးတော့ ဒီအသက်ဆယ့်ငါးနှစ်ပဲရှိသေးတဲ့ မိန်းကလေးက ယွမ်နှစ်သိန်းကို လက်ကလေးတစ်ချက် ဝေ့ရုံနဲ့ ထုတ်လာနိုင်တယ်။ တကယ်လို့ ဒီငွေတွေက ခိုးလာတာ မဟုတ်ရင် မသင့်လျော်တဲ့ နည်းလမ်းတွေနဲ့ ရှာလာတာဆိုတာ သေချာတယ်"
ယွမ်နှစ်သိန်း ...။ သူနှင့် သူ၏ အပေါင်းအသင်းများ လည်ပတ်နေသော စက်ရုံအသေးစားလေးမှ ဝင်ငွေသည် မဆိုးလှပေ။ သို့သော် ငွေအား ဝေမျှလိုက်လျှင် သူ နှစ်စဥ်ရသော အချိုးပမာဏသည်ပင် ဤငွေပမာဏကို မမှီသေးပေ။
ကျင်းယွင်ကျောင်းက စကားဆက်မပြောဘဲ သူမ၏ အိတ်ထဲသို့ ရှာဖွေလိုက်သည်။
သူမ၏ စိတ်စွမ်းအင်ကို သုံး၍ နေရာလွတ်နယ်မြေထဲမှ ဂျင်ဆင်းမြစ်တစ်ခုကို ဆွဲထုတ်လိုက်၏။
"ရှင်က ကျွန်မကို မဟုတ်မမှန်တွေပြောနေမှတော့ ကျွန်မက ကိစ္စတွေကို သေသေချာချာ ရှင်းပြဖို့ ဝန်မလေးပါဘူး။ ဒီဂျင်ဆင်းမြစ်အရိုင်းက ကျွန်မ မတော်တဆ ရလာတာပဲ၊ ကျွန်မ ဒါကို တူးလာတာ။ နောက်တစ်ခုက ရောင်းပြီးသွားပြီ။ ဒီ ယွမ်နှစ်သိန်းက ကျွန်မ အဲဒါကို ရောင်းလိုက်လို့ ရလာတဲ့ ငွေတွေ။ ရှင် ဘယ် တိုင်းရင်းဆေးဆိုင်ကိုမဆို သွားပြီး မေးလို့ရတယ်၊ ဒီဂျင်ဆင်းရိုင်းရဲ့တန်ဖိုးက ဘယ်လောက်လဲဆိုတာကို။ သူရဲ့အရည်အသွေးအရ အလေးချိန်က ရွှေနဲ့ချင်ပြီး တန်တယ်။ ဒါဆိုရင် ကျွန်မ လိမ်နေတာလား၊ မလိမ်ဘူးလားဆိုတာ ရှင် ရှင်းရှင်းလင်းလင်း သိနိုင်လိမ့်မယ်"
ကျင်းယွင်ကျောင်းက အနာဂတ်တွင် တူညီသော အခြေအနေများ ကျရောက်လာခြင်းကို ရှောင်ရှားရန် ၎င်းကို ရှင်းပြလိုက်သည်။
ဤ အပြာနှင့် အဖြူစပ် ကြွေခရားသည် အလွန်တန်ဖိုးကြီး၏။ အကယ်၍ သူမ၏ အတိတ်ဘဝကကဲ့သို့ ခရား၏ တန်ဖိုး အစစ်အမှန် ပေါ်ပေါက်သွားသည့် တစ်နေ့ကို ရောက်လာခဲ့လျှင် သူမကဲ့သို့သော ကလေးတစ်ယောက်တွင် ၎င်းကို ဝယ်ရန် ပိုက်ဆံအဘယ်ကရသနည်းဆိုသော သံသယများရှိလာမည်မှာ အသေအချာပင်။ ထိုသို့ဖြစ်လာသည်ကို စောင့်ဆိုင်းနေ၍ လူများက ရှာလကာရည်တွင် ဆီထည့်ပြီး ပရမ်းပတာ ကောလဟာလများ ဖြန့်ကြခြင်းကို ခွင့်ပြုထားခြင်းနှင့်စာလျှင် ပိုက်ဆံအကြောင်းကို ပထမဆုံး ရှင်းလင်းထားလိုက်သည်က ပိုကောင်းလေသည်။
(T/N: ရှာလကာရည်ဆိုတာ တရုတ်လို မနာလိုဝန်တိုတယ်ဆိုတဲ့ ဗန်းစကားပါ။ ရှာလကာရည်မှာ ဆီထည့်တယ်ဆိုတော့ မနာလိုတာကို ပိုဆိုးအောင် မီးလောင်ရာ လေပင့်လုပ်တယ်ဆိုတဲ့ သဘောပါပဲ။)
နင်းရှန်မြို့သည် အနီးနားတွင် တောင်တန်းများ ပတ်လည်ဝိုင်းထားသော မြို့ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက တစ်စုံတစ်ယောက်သည် ထိုတောင်များပေါ်မှ ဂျင်ဆင်းရှာတွေ့ခဲ့သည်ဟူသော ဒဏ္ဍာရီတစ်ခုရှိ၏။ ထို့ကြောင့် သူမ၏ အကြောင်းပြချက်သည် ချိန်သားကိုက် ဖြစ်နေခဲ့သည်။
ထိုသို့ ထုတ်ပြလိုက်သည့် အခိုက်တွင် ဂျင်ဆင်းရိုင်းအား မြင်လိုက်သော လူတိုင်းက ၎င်းသည် စစ်မှန်သည့် ပစ္စည်းကောင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုလိုက်ကြသည်။ သူတို့၏ မျက်လုံးအကြည့်များက ရတနာတွင်သာ ကပ်ညိနေကြ၏။ အထူးသဖြင့် ချောင်ဝေ့မင်ပင်။ သူသည် မသိစိတ်အလျောက် လက်လှမ်းလိုက်သော်လည်း ကျင်းယွင်ကျောင်းက ပစ္စည်းကို သူမ၏ အိတ်ထဲသို့ ဖြတ်ခနဲ့ ပြန်ထည့်သိမ်းလိုက်၍ သူ့အတွက် ရှက်စရာဖြစ်သွားရသည်။
"ဦးလေး၊ အခု ဦးလေးရဲ့ရင်ထဲကနေ ငွေတွေကို ယုံကြည်မှုရှိရှိနဲ့ လက်ခံနိုင်ပြီလား"
ကျင်းယွင်ကျောင်းက အဖိုးလီဘက်သို့ လှည့်၍ မေးလိုက်ပြီး၊ ချောင်ဝေ့မင်အား လုံးဝ ဂရုမစိုက်တော့ပေ။
အဖိုးလီက ထက်ထက်သန်သန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"မိန်းကလေး၊ ကျေးဇူးအများကြီး တင်ပါတယ်ကွယ်။ ငါ ဒီကြွေခရားရဲ့ဇစ်မြစ်ကို လုံးဝ မသိပါဘူး၊ ဒါပေမယ့် အဲဒါ အတုဖြစ်နိုင်တယ်လို့ ထင်နေမိတာ"
သူပြောပြီးသည်နှင့် သူသည် ချောင်ဝေ့မင်အား တစ်ချက်ခိုးကြည့်၍ ဘဏ်သို့ ပိုက်ဆံများနှင့် စိုးရိမ်တကြီး ပြေးသွားတော့သည်။ ဤနေရာ၌ လူများစွာရှိနေသည်ဖြစ်ရာ ပိုက်ဆံ အခိုးခံရပါက မကောင်းပေ။
ကျင်းယွင်ကျောင်းသည် သူမလာရသည့် အကြောင်းအရင်းဖြစ်သည့် ပစ္စည်းအားရရှိသွားပြီဖြစ်ရာ သူမသည်လည်း ဤနေရာ၌ ဆက်ဝေ့မနေတော့ပေ။ ထို့ကြောင့် သူမသည် ကြွေခရားကြီးကို ပိုက်၍ ထွက်လာခဲ့သည်။
"သမီး"
ချောင်ဝေ့မင်က သူမ၏ လမ်းအား ခြေလှမ်းကျယ်ကျယ် တစ်လှမ်းဖြင့် ပိတ်လိုက်၏။
"နင် ဒီရောက်နေပြီဆိုတော့ ဘာလို့ အိမ်မှာ ထမင်းတစ်နပ်လောက် လာမစားတာလဲ"
သူ၏ အပေါ်ယံအပြုံးက သူမအား အော်ဂလီဆန်စေသည်။
"ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် သိလာတာ နှစ်ပေါင်းများစွာ ကြာပြီ။ ရှင့်ရဲ့ဖျက်လိုဖျက်ဆီး ရည်ရွယ်ချက်တွေကို ကျွန်မက ဘာလို့ နားမလည်ရမှာလဲ။ ရှင်က ဂျင်ဆင်းကို လိုချင်နေတာ။ တကယ်လို့ ရှင် ပိုက်ဆံလိုချင်ရင် ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်။ ရှင်က ဘယ်သူ့ကို သရုပ်ဆောင်ပြနေတာလဲ။ ကျွန်မက ရှင် ကျွန်မကို အမှန်တကယ် ကောင်းကောင်းမွန်မွန် ဆက်ဆံချင်နေတယ်လို့ တကယ်ကြီး ယုံသွားလောက်တဲ့အထိ ကျွန်မက တုံးလွန်းမယ်လို့ ရှင် ထင်နေတာလား"
အတိတ်ဘဝ၌ သူသည် တာဝန်သိတတ်သော အရွယ်ရောက်ပြီးသား လူကြီးတစ်ဦးကဲ့သို့ ပြုမူပြီး သူမအား ပရော်ပရီလုပ်ရန် မကြိုးစားဘဲ၊ သူမကို သူ့အား အလျော့ပေးလာရန် အတင်းအကြပ် အားမသုံးခဲ့ဖူးဆိုပါက သူမသည်လည်း သူ့အား မရည်ရွယ်ဘဲ သတ်မိသွားသည့်အဆင့်အထိ ဦးတည်သွားနိုင်လိမ့်မည် မဟုတ်ပေ။
ဤအခိုက်၌ ချောင်ဝေ့မင်သည် ကျင်းယွင်ကျောင်းနှင့် နီးကပ်သွား၍ သူသည် သူမထံမှ ဆေးပင်များ၏ အနံ့ကိုသာ ခံစားလိုက်ရ၏။ သူ၏ရှေ့ရှိ သန့်ရှင်းစင်ကြယ်သော ပုံရိပ်ကို ကြည့်ရင်း သူသည် အခိုက်အတန့်အားဖြင့် စိတ်လွတ်သွားသည်။
ကျင်းယွင်ကျောင်းသည် ဒေါသများကို ချုပ်တီးထား၏။ သူမသည် ယခုအချိန်တွင် ချောင်ဝေ့မင်၏ အောက်တန်းကျ၍ မုန်းတီးရွံရှာဖွယ်ကောင်းသော သွင်ပြင်ကို ပို၍ ရင်းနှီးနေပြီဖြစ်သည်။
"ထွက်သွား"
သူမ၏ အေးစက်စက်အသံက ပြန်ထွက်လာ၏။ သူမ၏ မျက်ဆန်အိမ်များတွင် အေးစက်စိမ်းကားမှုလှိုင်းများ ရိုက်ခတ်နေပြီး သူမ၏ ရှေ့ရှိလူအား အကြိမ်ပေါင်းများစွာ သတ်ပစ်ချင်သည့် အလားပင်။