Chapter 91
Viewers 14k

Chapter 91 : လိမ်ညာပြောဆိုခြင်းမှ ဆန့်ကျင်ကာကွယ်ခြင်း


အတိတ်ဘဝမှ လူသတ်ခဲ့သော မြင်ကွင်းသည် ကျင်းယွင်ကျောင်း၏ စိတ်ထဲတွင် လျှပ်ခနဲ ဖြတ်ပြေးသွားသည်။ နှလုံးသားထဲ၌ မုန်းတီးမှုများ မြင့်တက်လာသောကြောင့် သူမ၏ ခန္ဓာကိုယ်ကလည်း တောင့်တင်းသွား၏။


သို့ရာတွင် ဤမုန်းတီးမှုရုတ်တရက်မြင့်တက်လာခြင်းသည် ကြာကြာမခံလိုက်ပေ။ သူမ၏ လက်ထဲရှိ ကြွေခရားမှ လေအေးတစ်ချက်ကို ထုတ်လွှတ်လိုက်ပြီး သူမအား တဖြည်းဖြည်း စိတ်တည်ငြိမ်လာစေရန် ကူညီပေးသည်။ ဤသည်မှာ သူမ၏ အတိတ်ဘဝ မဟုတ်ရာ သူမသည် ကိစ္စများကို သူတို့လုပ်ခဲ့သည့်အတိုင်း အဆုံးသတ်ခွင့်မပြုနိုင်ပေ။


"နင် ငါ့ကို ဘ...ဘာကြောင့် ဒီလိုမျိုး ပြောရဲနေရတာလဲ"


ချောင်ဝေ့မင်သည် ကျင်းယွင်ကျောင်းထံမှ ဤကဲ့သို့သော သဘောထားမျိုးကို ပထမဆုံးအကြိမ်အနေနှင့် မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများက တစ်စုံတစ်ယောက်အား အစိမ်းလိုက်ဝါးစားတော့မည့်အလား ကြည့်နေရာ သူ့အား အချိန်တိုလေးအတွင်းမှာပင် မမျှော်လင့်ဘဲ ကြောက်ရွံ့သွားစေခဲ့၏။


အကြောက်တရားလား။ ကျင်းယွင်ကျောင်းသည် ပုပ်အဲ့နေသော မိန်းကလေးငယ်တစ်ဦးသာ ဖြစ်သည်။ အကယ်၍ သူမကိုယ်သူမ ဤကဲ့သို့ ပြသရဲသည်ဆိုလျှင်တောင်မှ သူမတွင် ထိုသို့လုပ်နိုင်မည့် စွမ်းရည်ရော ရှိပါရဲ့လား။


ကျင်းယွင်ကျောင်းက သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ထားလိုက်ပြီး ချောင်ဝေ့မင်အား စက်ဆုပ်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူမသည် သူ့အား ကျော်၍ လျှောက်သွားပြီး ရပ်တန့်ရန် ရည်ရွယ်ချက် လုံးဝမရှိသည်မှာ အသေအချာပင်။


ချောင်ဝေ့မင်သည် သူမအား ထပ်မံ၍ လမ်းပိတ်ချင်ခဲ့သော်လည်း ကျင်းယွင်ကျောင်း၏ ပြတ်သားလှသော လက်တစ်ချက်အဝေ့မှာပင် သူ၏ ခြေလှမ်းများသည် ချက်ချင်းပင် ဒယိမ်းဒယိုင်ဖြစ်သွားတော့သည်။ ချောင်ဝေ့မင်သည် ယိုင်သွားပြီး မြေပေါ်သို့ လဲကျသွား၏။ သူသည် သူမ ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားသည်အား စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။


"သူတောင်းစားမလေး၊ နင် ငါ့ကို တိုက်ခိုက်ရဲတယ်လား။ နင့်ရဲ့အတောင်တွေက အရွယ််ရောက်ပြီး မာကျောနေပြီလို့ တွေးနေတာ ဖြစ်ရမယ်။ နင် စောင့်နေ၊ တစ်ရက်ကျရင် ဒီလောင်ဇီက နင့်ကို ဒူးထောက်ပြီး နင့်အမှားတွေကို ဝန်ခံလာအောင် လုပ်ပြမယ်။ စျေးပေါတဲ့ အပျက်မ၊ နင် ငါ့လက်ကနေ မလွတ်စေရဘူး"


ကျင်းယွင်ကျောင်း၏ ကျန်ရှိနေသော အရိပ်ကိုသာကြည့်ရင်း ချောင်ဝေ့မင်သည် သူမ၏ နောက်ကွယ်မှ စတင်ကျိန်စာတိုက်ကာ ဆဲဆိုတော့သည်။


(T/N: အတောင်တွေက အရွယ််ရောက်ပြီး မာကျောနေပြီဆိုတာက အမှီအခို ကင်းကင်းနေပြီး ဆုံးမမှုကို မနာခံတော့တာကို ပြောတာပါ။)


သူ၏ နောက်ရှိ လူများသည် ချက်ချင်း အံ့သြသွားကြ၏။ ချောင်ဝေ့မင် နောက်သို့ ပြန်လှည့်လာသည်နှင့် လူတိုင်းသည် ခေါင်းများကို တစ်ဖက်သို့လှည့်သွားကြပြီး သူ့အား မသိချင်ယောင်ဆောင်သွားကြသည်။


ချောင်ဝေ့မင်သည် ယခင်ကတည်းက အနည်းငယ် ဘဝင်မြင့်သော်လည်း သူသည် လူသားဆန်နေဆဲပင်။ သူ၏ တကယ့်အကျင့်စရိုက်မှာ ကလေးတစ်ယောက်အပေါ်၌ပင် မေတ္တာမထားနိုင်သည့် လူယုတ်မာတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ ဤကဲ့သို့သော လူမျိုးနှင့် အဘယ်ကြောင့် ရင်းနှီးသော ဆက်ဆံရေးရှိချင်ကြမည်နည်း။ အနာဂတ်တွင် သူတို့ကိုယ်တိုင်လည်း သူနှင့် အကွာအဝေးတစ်ခုတွင် နေသည်က ပိုကောင်းမည်။ သူက သူတို့အား လိမ်လည်သွားလျှင်ရော။


ချောင်ဝေ့မင်သည် ကြက်ကို မဖမ်းနိုင်ရုံသာမက ဆန်စေ့ကိုပါ ဆုံးရှုံးသွားရသည်။


သူသည် သူ၏ လက်ထဲသို့ ပိုက်ဆံရောက်မလာသည့်အချက်ကို စိတ်ထဲမထားသော်လည်း သူသည် လူအများထံမှ အပယ်ခံလိုက်ရပြီဖြစ်၏။


(T/N : ကြက်ကို မဖမ်းနိုင်ရုံသာမက ဆန်စေ့ကိုပါ ဆုံးရှုံးဆိုတာ အကျိုးအမြတ်မရတဲ့အပြင် ကိုယ့်လက်ထဲရှိတာပါ ဆုံးရှုံးသွားတယ်လို့ ပြောတာပါ။)


မြို့သည် မကြီးမားပေ။ အလှည့်အပြောင်းတိုင်းတွင် အတင်းစကားဆိုနေသော သူများသည်လည်း အခြားလူများ၏ ညစာစားပွဲမှ စကားဝိုင်းများ ဖြစ်လာနိုင်သည်။ ချောင်ဝေ့မင်သည် အနာဂတ်၌ လူများက သူ၏ နောက်ကွယ်တွင် သူ့အား ပြစ်တင်ဝေဖန်ကြမည်ကို တွေးကြည့်လိုက်ရုံဖြင့် ဒေါသများ အလိပ်လိပ်တက်လာ၏။ သူသည် မြို့ထဲတွင် ကြာကြာမနေနိုင်တော့သောကြောင့် ကောင်စီမြို့သို့ ပြန်သွားရန် ဆုံးဖြတ်လိုက်တော့သည်။


ကျင်းယွင်ကျောင်းသည် အစောဆုံးဘတ်စ်ကားကို မှီလိုက်သောကြောင့် ကျောင်းနောက်မကျပေ။


သူမသည် ခရားအား သူမ၏ နေရာလွတ်နယ်မြေထဲသို့ နေရာချလိုက်ပြီး လုံလုံခြုံခြုံ သိမ်းဆည်းထားလိုက်တော့သည်။


မွန်းတည့်ချိန်နီးသောအခါ ချောင်ဝေ့မင်သည် ကျောင်းဂိတ်ဝသို့ ရောက်လာ၏။ သူသည် အစောပိုင်းက ဖြစ်ရပ်တစ်ခုကို ဖန်တီးထား၍ အစောင့်များ၏ စိတ်ထဲ၌ ထင်မြင်ချက်တစ်ခုကို ချန်ထားခဲ့သူဖြစ်သည်။ ယခု သူတို့သည် သူ့အားမြင်သောအခါ ချက်ချင်းပင် သူ့ဆီသို့ အုပ်စုလိုက်ပြေးလာ၍ အဆိုးဆုံးအား ကာကွယ်ရန် မျှော်လင့်၍ ဝန်းရံထားလိုက်တော့၏။


ချောင်ဝေ့မင်သည် အားနည်းသူအား အနိုင်ကျင့်၍ အားကြီးသူအား ကြောက်ရွံ့တတ်သောသူတစ်ယောက် ဖြစ်သည်။ ယခင်နှင့် နှိုင်းယှဥ်ပါက သူသည် ပို၍ သတ္တိရှိလာပြီး နှုတ်ဆက်လိုက်၏။


"ညီအစ်ကိုတို့၊ နောက်ဆုံးတစ်ခေါက် ဖြစ်ခဲ့တဲ့ကိစ္စက နည်းနည်း အထင်လွဲသွားတာကြောင့်ပါ။ ဒီနေ့ ကျုပ် ဒီကို ပြဿနာရှာဖို့ လာတာ မဟုတ်ပါဘူး။ ကျုပ်ရဲ့သမီးကို ရှာချင်ရုံပါ"


"ဒီကျောင်းက ကျုပ်တို့ကို ကျင်းယွင်ကျောင်းက ခင်ဗျားနဲ့ တော်စပ်မှုမရှိတော့ဘူးဆိုတာ အကြောင်းကြားပြီးသွားပြီ။ တကယ်လို့ ခင်ဗျား သူ့ကိုရှာဖို့ ခေါင်းမာနေဦးမယ်ဆိုရင် ကျုပ်တို့ရဲ့ ကြီးကြပ်မှုအောက်မှာပဲ ရှိနေရပါမယ်။ ဘာကိစ္စလဲဆိုတာ အရင်ဆုံး ကျုပ်တို့ကို ပြောပြဖို့ လိုတယ်"


လုံခြုံရေးက ရည်ရွယ်ချက်ရှိရှိ စကားပြန်လိုက်သည်။


"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျုပ်သမီးက ချောင်ဟုန်ယဲ့ပါ၊ ဘီခန်းကပါ၊ ကျုပ်ရဲ့သွေးသားအရင်းပါ။ ကျုပ် ကျင်းယွင်ကျောင်းကို မရှာပါဘူး"


သူသည် စိတ်မသက်မသာဖြစ်သွား၏။ ယခင်က သူ့အား မည်သူက ဤမျှ သတိနှင့် စောင့်ကြပ်ဖူးသနည်း။ အားလုံးသည် ထိုအယုတ်တမာမ၏ အမှားသာဖြစ်သည်။


လုံခြုံရေးအစောင့်များက သူ့အား မယုံသင်္ကာဖြင့် ကြည့်လိုက်ရင်း ဆရာဆရာမများဆီသို့ ဖုန်းခေါ်လိုက်၏။ အတည်ပြုချက် ရရှိပြီးနောက် သူတို့သည် ချောင်ဟုန်ယဲ့အား ဆက်သွယ်လိုက်ပြီး ဧည့်လာတွေ့ရန် ပြောလိုက်သည်။


မွန်းတည့်လုနီးပြီဖြစ်၍ ကျောင်းဆင်းခါနီးဖြစ်၏။ ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင် ဤနေရာသို့ ရောက်နေကြောင်းကို ကြားသောအခါ သူမ၏ မျက်နှာက ရှုံ့မဲ့သွားသည်။


သူမ၏ အတန်းဖော်များအဖို့ ယခင်က သူမ၏အဖေသည် ရန်ပွဲတစ်ခုကို ဖြစ်စေခဲ့ကြောင်း မျက်မြင်တွေ့ဖူးပြီးဖြစ်၏။ ယခု ကျောင်းဆင်းခါနီးဖြစ်၍ သူမပြန်လာသည်နှင့် လူတိုင်းက ထွက်သွားကြပြီဖြစ်ရာ သူမနှင့် သူမ၏ အဖေကို လူတိုင်း မြင်လိမ့်မည်ဟု မဟုတ်။


သို့ရာတွင် ချောင်ဟုန်ယဲ့သည် သူမ၏ ဂုဏ်သတင်းကို ဂရုစိုက်သောသူဖြစ်သည်။ သူမ၏ ဆရာမ၏ ပြတ်သား၍ စိုးရိမ်နေသော အကြည့်များက်ု မြင်လိုက်ရရာ သူမသည် ယဥ်ကျေးစွာပင် မတ်တပ်ထရပ်လိုက်တော့၏။ သူမသည် အတန်းထဲမှ ထွက်လာသည်နှင့် ကျောင်းဂိတ်ဝသို့ ပြေးသွားလိုက်ပြီး စကားတစ်ခွန်းမှမဆိုဘဲ ချောင်ဝေ့မင်အား လူသိပ်မမြင်သော နေရာတစ်ခုသို့ ဆွဲခေါ်လာခဲ့သည်။


"အဖေ၊ ကျွန်မကို ဘာလို့ ဒီလောက် အလောတကြီး လာရှာတာလဲ၊ အဖေ တစ်ခုခုလိုအပ်လို့လား"


ချောင်ဟုန်ယဲ့၏ အမူအယာက ရိုးသားနေပြီး သူမ၏ စိတ်ထားသည်လည်း နာခံလိုစိတ်ရှိကာ သိတတ်သည်။