Chapter 92
Viewers 14k

Chapter 92 : နောက်ကွယ်မှ အကွက်ချကြံစည်ခြင်း


ချောင်ဟုန်ယဲ့က သူ့ကို အခြားကျောင်းသားများအား ပုန်းရန် ဆွဲခေါ်လာခြင်းက အနည်းငယ်ထူးဆန်းသော်လည်း သူသည် ယနေ့မနက်က သူ့အပေါ် ကျင်းယွင်ကျောင်း၏ စိတ်ထားနှင့် နှိုင်းယှဥ်ကြည့်သောအခါ ချောင်ဝေ့မင်က သူ၏ သမီးအရင်းဖြစ်သူသည် ပို၍ ထောက်ထားညှာတာတတ်သည်ဟု ခံစားလိုက်ရသည်။


ဒါမှ အမျိုးသမီးတစ်ယောက်ပြုမူသင့်တဲ့ အပြုအမူ။


ချောင်ဝေ့မင်က မီးခိုးငွေ့များကို ရှုထုတ်လိုက်ပြီး သူ၏ လက်ထဲမှ စီးကရက်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ဖိနင်းလိုက်၏။


"ကျင်းယွင်ကျောင်းက ဘာဖြစ်တာလဲ"


ချောင်ဟုန်ယဲ့က ခဏတုံ့ဆိုင်းသွားသည်။


"မမက ဘာဖြစ်လို့လဲ"


"သူ့ကို နင့်ရဲ့အစ်မလို့ မခေါ်နဲ့။ ဒီလို သူတောင်းစားမမျိုးက ဒါနဲ့ပဲ တန်တယ်"


ချောင်ဝေ့မင်က အေးစက်စက် နှာမှုတ်၍ ပြောလိုက်၏။


"နင်တို့စာသင်ခန်းတွေကြားမှာ နံရံတစ်ခုပဲ ခြားတာမလား။ နင်က ဘာလို့ သူ့ရဲ့လုပ်ရပ်တွေကို ငါ့ကို ပြောမပြတာလဲ။ ဒီသူတောင်းစားမက ဒီနေ့ မြို့ထဲကို ယွမ်နှစ်သိန်းယူလာပြီးတော့ လောင်လီရဲ့ခရားကို ဝယ်သွားတယ်"


"ယွမ်နှစ်သိန်းလား"


ချောင်ဟုန်ယဲ့က အံသြထိတ်လန့်သွားသည်။


"မဖြစ်နိုင်ဘူး။ သူ့မှာ ဒီလောက်ပိုက်ဆံအများကြီးရစရာ နည်းလမ်းမရှိပါဘူး။ အဖေ၊ အရင်က သူ့ကို ပိုက်ဆံပေးထားတာလား"


ချောင်ဟုန်ယဲ့က ချက်ချင်းပင် သူမ၏ မိဘများသည် ကျင်းယွင်ကျောင်းအား အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့သည်ဟု ယူဆလုနီးပါး ဖြစ်သွား၏။ သူမနှင့် ချောင်ကျစ်ကျိုးသည် သူတို့၏ သားသမီးအရင်းများ ဖြစ်ကြသော်လည်း အိမ်တွင် စုဆောင်းငွေမည်မျှ ရှိသည်မှန်း မသိကြချေ။ သူတို့သည် ပုံမှန်အားဖြင့် လစဥ်မုန့်ဖိုး ယွမ်နှစ်ရာစီသာ ရကြသော်လည်း ကျင်းယွင်ကျောင်းက ကောင်းကောင်းရခဲ့သည်။ သူမသည် သူတို့မိသားစုထံမှ ငွေများစွာ လိမ်လည်ယူသွားခဲ့၏။


သူမရဲ့အဖေက ငတုံးလား။ သူက ကျင်းယွင်ကျောင်းကို ဘာကြောင့်များ ပိုက်ဆံတွေပေးခဲ့တာလဲ။


ယွမ်နှစ်သိန်းသည် မြို့လေးတွင် အိမ်ငယ်လေးတစ်လုံး ဝယ်ရန် လုံလောက်သည်။


ချောင်ဟုန်ယဲ့၏ မျက်လုံးများတွင် သံသယအရိပ်အယောင်များ တောက်ပနေပြီး သူမအား မတရားဆက်ဆံခံရသကဲ့သို့ ကြည့်နေ၏။ ချောင်ဝေ့မင်က ဒေါသထွက်သွားပြီး မျက်လုံးပြူးကြည့်လိုက်သည်။


"ငါ သူ့ကို ဒီပိုက်ဆံတွေ မပေးခဲ့ဘူး"


"သူက သူ့ဘာသာသူ ဂျင်ဆင်းရိုင်းနှစ်ခုကို တူးပြီး တစ်ခုကို ရောင်းခဲ့တာ။ ငါမှန်းကြည့်တာ စျေးက အနည်းဆုံး ယွမ်လေးငါးသိန်းလောက် ရှိလိမ့်မယ်။ အဲလိုမှ မဟုတ်ရင် သူ ဒီခရားအစုတ်အပြတ်ကိုဝယ်ဖို့ ယွမ်နှစ်သိန်းသုံးမှာ မဟုတ်ဘူး"


ဂျင်ဆင်းအကြောင်းကို ပြောလိုက်သည်နှင့် ချောင်ဝေ့မင်၏ နှလုံးသားသည် နာကျင်သွားရသည်။


ကျင်းယွင်ကျောင်းရဲ့လက်ထဲကို ဘာလို့ ဒီလို အခွင့်အလမ်းက ကိုယ်တိုင် ရောက်လာရတာလဲ။ ဘုရားသခင်က တကယ်ကြီး မျက်လုံးကန်းနေတာပဲ။


ချောင်ဟုန်ယဲ့သည် ထိုစကားအား ကြားသောအခါ သူမတွင်လည်း ချောင်ဝေ့မင်နှင့် တစ်ထပ်တည်းတူသော အတွေးများ ဝင်ရောက်လာ၏။ သူမ၏နှလုံးသားသည် မနာလိုမှုများဖြင့် မုန်တိုင်းထန်နေသည်။ သူမ၏ စိတ်က ဗလာဖြစ်နေ၏။ သူမ၏ နားထဲတွင်လည်း စွမ်းအားကြီးလွန်းသော အသံတစ်သံကို ကြားနေရသည်။ တစ်စုံတစ်ယောက်က သူမအား အဆက်မပြတ် လှောင်ပြောင်၍ ပြောနေသည့်အလားပင်၊ 'ကြည့်ပါဦး။ ကျင်းယွင်ကျောင်း၊ သူလုပ်တာက ပိုကောင််းတယ်။ သူက ထပ်ပြီးတော့ နင့်မိသားစုရဲ့ အစေခံ မဟုတ်တော့ဘူး။ နင်က သူ့ရဲ့ဆံပင်မွေးတစ်ချောင်းလောက်တောင် တန်ကြေးမရှိဘူး'


ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ချောင်ဟုန်ယဲ့က ထိတ်လန့်စွာ တွေးလိုက်သည်။


ခဏကြာသောအခါ သူမသည် ပါးစပ်ဟ၍ မေးမြန်းလိုက်၏။


"အဖေ၊ သူက ပိုက်ဆံတွေကို စျေးထဲမှာ ထုတ်ခဲ့တာလား။ ဒါဆို အခု စျေးက လူတွေအားလုံး သိသွားကြပြီလား"


အကယ်၍ ထိုသို့သာ ဆိုပါက သူတို့မိသားစုသည် သူတို့၏ နောက်ကွယ်၌ လူများ၏ လှောင်ပြောင်ရယ်မောခြင်းကို ခံရတော့မည်မှာ အသေအချာပင်။


ချောင်ဝေ့မင်က သက်ပြင်းချလိုက်သည်။


"ဒီပိုက်ဆံတွေကို သုံးပစ်လိုက်တာ နောင်တရတယ်။ နင်သာ ငါ့ကို စောစောပြောခဲ့ရင် ငါတို့ ယွမ်နှစ်သိန်း ဆုံးရှုံးရမှာ မဟုတ်ဘူး"


"အဖေ၊ အဖေက ဘာလို့ မမအတွက် နောင်တရနေတာလဲ။ သူက သူ့ရဲ့ပိုက်ဆံတွေကို အဖေ့ကို ရိုသေမှုပြဖို့ မသုံးခဲ့ဘူး။ သူ့ရဲ့ အပြုအမူတွေက မှားလွန်းနေပြီ"


ချောင်ဟုန်ယဲ့က မှတ်ချက်လိုက်သည်။


"သူ့အတွက် နောင်တရနေတယ်၊ ဟုတ််လား။ ငါက ငါ့အတွက်ငါ နောင်တရနေတာ။ ဒီငွေတွေက ငါ့ဟာတွေပဲ။ ငါ ဒါကို လွှတ်ထားမပေးနိုင်ဘူး။ ငါ့ကိုပြော၊ ကျင်းယွင်ကျောင်းက ဘယ်မှာ နေတာလဲ။ သူ ဘယ်အချိန်မှာ အပြင်ထွက်လဲ"


ချောင်ဝေ့မင်က မေးလာသည်။


ချောင်ဟုန်ယဲ့သည် သူ၏ မေးခွန်းကြောင့် ဒုက္ခရောက်သွား၏။


သူမသည် သူငယ်ချင်းများနှင့် စကားပြောသည့်အခါတိုင်း ကျင်းယွင်ကျောင်း၏ အခြေအနေကို စိုးရိမ်ကြောင်း ဟန်ဆောင်ခဲ့သည်။ ယခုအခါ လူတိုင်းက ကျင်းယွင်ကျောင်းသည် အိမ်ခြေရာခြေမဲ့များနှင့်အတူ တံတားအောက်တွင် နေသလား၊ သို့မဟုတ် ခက်ခဲကြမ်းတမ်းသော ဘဝတွင် နေသလား၊ သို့မဟုတ် အများသုံး အနားယူခန်းတစ်ခုရရန် ကြိုးစားနေသလားဟူ၍ ခန့်မှန်းနေကြ၏။


ကောလဟာလများမှာ များပြားလှသော်လည်း တကယ်တမ်း လက်တွေ့၌ သူမသည် ဘာမှမသိချေ။


သို့သော် ထိုအကြောင်းကို တွေးနေရင်း ချောင်ဟုန်ယဲ့သည် ရုတ်တရက် သဲလွန်စ ရသွားသည်။


"သူက အမြဲတမ်း ကျောင်းကို စူးချူလို့ ခေါ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ အတူ လမ်းလျှောက်လာတာ၊ ဒါကြောင့် သူ ကျောင်းနား ပတ်ဝန်းကျင်မှာပဲ နေတယ်ဆိုတာ သေချာတယ်"


"ဒီအပတ် အိမ်ပြန်မလာနဲ့။ သူ ဘယ်မှာနေတယ်၊ ဘယ်သူနဲ့နေတယ်၊ ပြီးတော့ သူ့မှာ ဘယ်လိုပုံစံတွေရှိတယ်ဆိုတာ ရှာထား။ တကယ်လို့ အဖေသာ မရောင်းရသေးတဲ့ ဂျင်ဆင်းကို ရနိုင်မယ်ဆိုရင် နင့်ကို ခရိုင်မှာရှိတဲ့ အကသင်တန်းတွေကို ပို့ပေးမယ်။ နင်လိုချင်တာ မှန်သမျှ အဖေ ဝယ်ပေးမယ်"


ချောင်ဝေ့မင်က သူ၏ မျက်လုံးထဲတွင် လောဘမီးများ တောက်လောင်နေရင်း စကားဆိုလိုက်၏။