Chapter 93
Viewers 14k

Chapter 93 : ကောလဟာလများပြန်စတင်ခြင်း


ချောင်ဝေ့မင်သည် သူမအား ညွှန်ကြားချက်များပေး၍ ထွက်သွားပြီးနောက် ချောင်ဟုန်ယဲ့၏ စိတ်သည် အတော်လေး ကသိကအောက် ဖြစ်နေသည်။


သူမသည် မူလက ဤအပတ်တွင် သူမ၏ သူငယ်ချင်းများနှင့် နွေဦးရာသီအပန်းဖြေခရီးတစ်ခု သွားရန် စီစဥ်ထားခဲ့၏။ အဆုံး၌ သူမ၏ အားလပ်ချိန်နှင့် ပျော်စရာအချိန်လေးများသည် ကျင်းယွင်ကျောင်းကြောင့် ပျက်စီးသွားရသည်။ အထူးသဖြင့် ကျင်းယွင်ကျောင်းက ခရားအစုတ်တစ်လုံးအတွက် ယွမ်နှစ်သိန်းသုံးသွားကြောင်း သတိရသောအခါ သူမ စိတ်ဓါတ်ကျသွား၏။


"ဟုန်ယဲ့၊ နင့်ကြည့်ရတာ ဘာလို့ အရမ်းစိတ်ညစ်နေတာလဲ။ အ်ိမ်မှာ တစ်ခုခုများ ဖြစ်လို့လား"


ချောင်ဟုန်ယဲ့ ကျောင်းသို့ပြန်လာပြီးနောက် ကြည့်ရသည်မှာ စိတ်ဓါတ်ကျနေပုံပေါက်နေသည်။ သူမ၏ မကြည်သာသော အမူအရာက ဘေးမှ လူများ၏ အာရုံကို ဆွဲဆောင်နေ၏။


ချောင်ဟုန်ယဲ့က နှုတ်ခမ်းကို ဖိကိုက်ထားပြီး ခေါင်းယမ်းပြလိုက်၏။ သူမ၏ စကားပြောချင်စိတ်မရှိခြင်းက ဘေးမှကျောင်းသားများအား သူမကို ပို၍ကူညီချင်စိတ်ပေါက်စေသည်။


"ကျင်းယွင်ကျောင်းက နင့်အဖေကို တစ်ခုခုများ ပြောလိုက်လို့လား"


တစ်ယောက်က မေးလိုက်၏။


ချောင်ဟုန်ယဲ့၏ အပေါင်းအသင်းများအားလုံးက ကျင်းယွင်ကျောင်းအား သပိတ်လွယ်ငှက်၏ အသိုက်ကို အပိုင်စီးသည့် ချိုးငှက်အဖြစ်သိကြ၏။ သူတို့က သူမသည် အကြံကြီးသော မိန်းကလေးတစ်ယောက်ဖြစ်ပြီး အိမ်၌ ချောင်ဟုန်ယဲ့အား မကြာခဏ အနိုင်ကျင့်တတ်သည် ဟူ၍လည်း သိထားကြသည်။ သို့ရာတွင် ချောင်ဟုန်ယဲ့သည် ကြင်နာတတ်၍ သည်းခံတတ်ပြီး အရာအားလုံးကို ရင်ထဲတွင်သာ မျိုသိပ်ထားတတ်၏။ အကယ်၍ ကျင်းယွင်ကျောင်းသာ ချောင်ဟုန်ယဲ့ကို စိတ်ထိခိုက်အောင် မလုပ်ပါက ကျောင်း၏ အဆင့်တစ် ဖြစ်လာလိမ့်မည်လားဆိုသည်ကို မည်သူသိနိုင်မည်နည်း။


(T/N : သပိတ်လွယ်ငှက်၏အသိုက်ကို အပိုင်စီးသည့် ချိုးငှက်ဆိုတာ သူတစ်ပါးပိုင်တဲ့ပစ္စည်းကို ကိုယ့်ဟာမဟုတ်ဘဲ အတင်းအကြပ် မောင်ပိုင်စီးတာကို ပြောတာပါ။)


ချောင်ဟုန်ယဲ့က ခေါင်းကို ခပ်သွက်သွက် ယမ်းပြလိုက်၏။ သူမ၏မျက်နှာက သတိအပြည့်နှင့်ပင်။


"တကယ်တော့ အဲလိုမဟုတ်ပါဘူး...အဖေက မမရဲ့လုံခြုံရေးကို စိုးရိမ်လို့ပါ။ နင်တို့အားလုံး သူ အိမ်ကနေ ထွက်ပြေးသွားတာကို သိကြတယ်မလား။ အခု သူ ဘယ်မှာနေလဲဆိုတာ ငါတို့မှာ သဲလွန်စတောင် မရှိသေးဘူး။ ငါတို့မိသားစုက သူ လူဆိုးတွေနဲ့ တွေ့မှာကို စိုးရိမ်နေတာ၊ ပြီးတော့ စိုးရိမ်တာကိုလည်း မရပ်နိုင်ဘူး"


"ဒါဆို ဒါက ဘာလဲ။ နင် ဒါကို ထုတ်မပြောရင် ငါ မေ့နေတော့မလို့။ အရင်ရက်က ကျင်းယွင်ကျောင်းက ကျောင်းကို စူးချူ၊ ကန်ကျင်းချန်တို့နဲ့အတူ လာခဲ့တယ် မဟုတ်လား။ သူတို့က တကယ်ကြီး အတူတူနေကြတာ။ ငါ သူတို့သုံးယောက်ကို ဝမ်ရှင်းဟွားယွမ့်ကနေ ထွက်လာတာ မြင်လိုက်တယ်။ လမ်းမှာ ကျင်းယွင်ကျောင်းက ကန်ကျင်းချန်နဲ့အတူတူ စကားတွေပြောပြီး ရယ်မောနေတာ၊ ပရော်ပရီနိုင်ချက်ပဲ"


မိန်းကလေးတစ်ယောက်က မှတ်ချက်ပေးလိုက်သည်။


ချောင်ဟုန်ယဲ့ကြောင့် သူမ၏ ပတ်ဝန်းကျင်ရှိ သူငယ်ချင်းများအားလုံးသည် ကျင်းယွင်ကျောင်းအား အရိုးထဲစွဲအောင် မုန်းတီးနေကြသည်။ သူတို့သည် ကျင်းယွင်ကျောင်းကဲ့သို့သော မကောင်းဆိုးဝါးမျိုး ရှိနေသည်အား မယုံကြည်နိုင်ကြပေ။


ချောင်ဟုန်ယဲ့သည် ကြောင်အ,သွား၍ အသက်ရှုကြပ်ပြီး လည်ပင်းတင်းကြပ်သွား၏။ ကျင်းယွင်ကျောင်းနှင့် ကန်ကျင်းချန်တို့ကြားတွင် တစ်ခုခု ရှိကိုရှိနေရမည်။


ကန်ကျင်းချန်သည် ကျောင်း၏ အချောဆုံးများထဲမှ တစ်ယောက်ဖြစ်၍ အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်၏။ ချောင်ဟုန်ယဲ့နှင့် ကန်ကျင်းချန်နှစ်ဦးစလုံးသည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များဖြစ်ကြသော်လည်း ချောင်ဟုန်ယဲ့သည် ကန်ကျင်းချန်က သူမအား အထူးအရေးပေး၍ ဆက်ဆံသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူမသည် မူလက ကန်ကျင်းချန်အား ကျိုးကြောင်းဆီလျော်မှုမရှိ၍ မရင်းနှီးလွယ်သော အကျင့်စရိုက်ရှိသူဟု ထင်ထားသောကြောင့် သူမသည် ၎င်းကို အများကြီးမတွေးမိခဲ့ပေ။ စင်စစ် ကန်ကျင်းချန်က သူမအား မကြိုက်လျှင်တောင်မှ သူမအား ကြိုက်သည့်သူများစွာရှိ၏။ သို့ရာတွင် ကန်ကျင်းချန်အား ကျင်းယွင်ကျောင်းနှင့် ရင်းနှီးနေသည်ကို မြင်ရသည်က သူမအား နေမထိထိုင်မသာ ဖြစ်စေသည်။


ကျင်းယွင်ကျောင်းနဲ့ယှဥ်ရင် သူမက ဘာချို့ယွင်းနေလို့လဲ။ ဘာကြောင့် ကန်ကျင်းချန်က ကျင်းယွင်ကျောင်းကို သတိထားမိပေမယ့် သူမကိုကျ သတိမထားမိသလဲ။


ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ကြည့်ကောင်းသော မျက်နှာကို ပိုင်ဆိုင်ထားသော်လည်း ထိုမျက်နှာထားသည် အေးစက်၍ စိမ်းကားလှသည်။ ယောကျ်ားတွေက ချစ်စရာကောင်းပြီး နူးညံ့တဲ့ မိန်းကလေးတွေကို သဘောကျတာမဟုတ်လား။


ချောင်ဟုန်ယဲ့၏ မျက်နှာသည် အနည်းငယ် ဖျော့တော့နေသည်။


"သူတို့က အတူတူနေကြတာလား။ ဒါပေမယ့် သူတို့ တစ်ခုခု ဖြစ်...ဖြစ်နေကြရင်ရော။ အိုး..မဟုတ်သေးပါဘူး၊ အဖေသိသွားရင် သူသေလောက်အောင် စိုးရိမ်သွားလိမ့်မယ်။ ငါ့ရဲ့အစ်မက ငယ်ငယ်လေး ရှိသေးတာ။ တကယ်လို့..."


ချောင်ဟုန်ယဲ့သည် စကားတစ်ဝက်တစ်ပျက်နှင့် သူမ၏ ပါးစပ်ကို ပိတ်လိုက်၏။


သို့သော် အခြားသူများသည် အလိုအလျောက်ပင် သူတို့၏ ခေါင်းထဲတွင် ဖြည့်တွေးလိုက်သည်။


ကန်ကျင်းချန်သည် အလွန်ချောမောခံညား၏။ ကျင်းယွင်ကျောင်းက အဘယ်ကြောင့် လိုလိုချင်ချင်မဖြစ်ရမည်နည်း။


သူတို့သည် အလွန်ငယ်သေးသည်။ တကယ်လို့ သူမမှာ ကိုယ်ဝန်ရှိသွားရင်ရော။


သူတို့ကသည် သူမတို့နှင့် အတူနေသည့် စူးချူအား အလိုအလျောက်ပင် လျစ်လျူရှုလိုက်ကြတော့သည်။


အခြားသူများ၏ မျက်နှာများ အစိမ်းရောင်မှ အနက်ရောင်သို့ ပြောင်းသွားသည်အား ကြည့်ရင်း ချောင်ဟုန်ယဲ့သည် သူမ၏ စကားလုံးများအား ချက်ချင်းပင် ပြောင်းလိုက်၏။


"ကိစ္စတွေကို လျှောက်ပြီး မယူဆပါနဲ့။ ငါက စိတ်လိုက်မာန်ပါ ပြောမိသွားရုံပါ။ ငါ့အစ်မ သိသွားရင် ငါ့ကို သတ်လိမ့်မယ်"


ချက်ချင်းပင် လူအုပ်ကြီးသည် ကျင်းယွင်ကျောင်းအား 'ကြမ်းတမ်းသည်' ဟူသော စကားလုံးနှင့် ချည်နှောင်လိုက်ကြသည်။ လူတိုင်းသည် တမုဟုတ်ချင်း တိတ်ဆိတ်သွားကြ၏။ သို့ရာတွင် သူတို့၏ တရားမျှတမှု လိုလားသောစိတ်အား လောင်စာထည့်ပေးလိုက်သည်။ ထို့ကြောင့် ချောင်ဟုန်ယဲ့သည် သူမလိုချင်သည့် ရလဒ်အား ရရှိသွားလေ၏။


ဤကောလဟာလသည် ချက်ချင်း ပျံ့နှံ့သွားသည်။ နေ့လည်စာစားပြီးချိန်တွင် လူအများပြောနေကြသည့် ကျင်းယွင်ကျောင်းနှင့် ကန်ကျင်းချန်သည်လည်း ထိုကိစ္စအား ကြားသိပြီးသွားကြပြီဖြစ်၏။


ကန်ကျင်းချန်သည် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်နေသည်။ သူက ကျင်းယွင်ကျောင်းအား ကိုယ်ဝန်ရအောင် လုပ်ခဲ့သည်ဟု ပြောနေကြ၏။ ၎င်းက လုံးဝကို အဓိပ္ပါယ်မရှိသော စကားပေ။