Chapter 94
Viewers 14k

Chapter 94 : ဦးနှောက်မရှိခြင်း


ကန်ကျင်းချန်က သူသည် တစ်ရက်ကပင် ကျင်းယွင်ကျောင်းအား သူမ၏ ဂုဏ်သိက္ခာကို သတိထားရန် ပြောခဲ့ပြီး နောက်တစ်နေ့မှာပင် သူသည် ကောလဟာလများ၏ အဓိကဇာတ်လိုက်ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။ 


သူသည် မိန်းကလေးများနှင့် စိတ်ရော ကိုယ်ပါ ရင်းနှီးလွန်းသည်ကို မနှစ်သက်လျှင်တောင်မှ သူသည် ကိုယ့်ကိုကိုယ် သတိကြီးကြီး ထားနေတတ်၍ စိတ်မလုံမခြုံ ခံစားရသော အသက်အရွယ် ဖြစ်သည်။ ထို့ကြောင့် သူသည် ဆန့်ကျင်ဘက်လိင်၏ ထင်မြင်ချက်များနှင့် ပတ်သတ်၍ သတိထားတတ်၏။


"ကန်ကျင်းချန်၊ ငါ နင့်ကို ဒီလိုလူမျိုးလို့ မထင်ခဲ့မိဘူး။ ငါ အရင်က နင့်ကို ကြိုက်တောင် ကြိုက်ခဲ့မိသေးတယ်"


အတန်းထဲ၌ မျက်လုံးများ နီရဲနေသော မိန်းကလေးတစ်ယောက်သည် ကန်ကျင်းချန်ဆီသို့ လာ၍ ထိုစကားများအား ပြောပြီးနောက် လှည့်ထွက်သွားရာ ကန်ကျင်းချန်လည်း ဆွံ့အ၍ ကျန်ခဲ့သည်။


ငယ်ရွယ်သော မိန်းကလေးအများစုသည် နုံအ၍ အပြစ်ကင်းစင်ကြသည်။ မိန်းကလေးများ အများစုသည် ချောင်ဟုန်ယဲ့ ကဲ့သို့ အကြံများသူများ မဟုတ်ကြပေ။ ယခုအချိန်တွင် မိန်းကလေးအများစုသည် ကန်ကျင်းချန်ကြောင့် သူတို့၏ အပြစ်ကင်းစင်၍ လှပသော တစ်ဖက်သတ်ချစ်ပုံပြင်လေးသည် စက်ဆုပ်ဖွယ်ကောင်းသော မှင်အလွှာတစ်ထပ်ဖြင့် ညစ်ပတ်သွားသကဲ့သို့ ခံစားနေရသည်။


ကန်ကျင်းချန်သည် မျက်ရည်မထွက်ဘဲ ငိုလိုက်၏။ သူ၏ ပတ်ဝန်းကျင်မှ တီးတိုးအတင်းပြောသံများက ပိုကျယ်လောင်လာပြီး သူ့အား မျိုချလုနီးပါးပင်။


ယောက်ျားလေးတစ်ယောက်ဖြစ်သော သူပင် ထိုညံပွက်နေသော စကားများကို မကိုင်တွယ်နိုင်လျှင် ကျင်းယွင်ကျောင်းကဲ့သို့သော မိန်းကလေးတစ်ယောက်က ကိုင်တွယ်နိုင်မည်လားဆိုသည်ကို မေးခွန်းထုတ်ဖို့ပင် မလိုပေ။


အတန်းချိန်တစ်ချိန်ကြာအောင် သည်းခံနေပြီးနောက် ကန်ကျင်းချန်သည် တည်ငြိမ်မှုကို ဆက်၍ မထိန်းသိမ်းနိုင်တော့ဘဲ ကျင်းယွင်ကျောင်း၏ အတန်းသို့ တန်းတန်းမတ်မတ် ပြေးလွှားသွားတော့သည်။ အတန်းအပေါက်ဝ၌ ရပ်နေစဥ် သူသည် ကျင်းယွင်ကျောင်း တစ်ယောက်တည်း ခေါင်းငုံ့၍ စာကြည့်နေသည်ကို မြင်လိုက်ရ၏။ ၎င်းက သူ့အား အနည်းငယ် စိတ်ရှုပ်သွားစေသည်။


ဤသို့ မလာမီက သူသည် အများကြီးတွေးခဲ့၍ ကျင်းယွင်ကျောင်း သည်းသည်းထန်ထန် ငိုကြွေးနေလိမ့်မည်ဟုပင် တွေးနေသေး၏။ သူ လာသောအခါ၌ လုံးဝဆန့်ကျင်ဘက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။


ကျင်းယွင်ကျောင်း၏ ခုံသည် အတန်း၏ အနည်းငယ် အလယ်ခေါင်ကျသော နေရာတွင် ရှိသည်။ ဘေးမှ လူများက သူမအား မေးငေါ့၍ သူမအကြောင်း ဇာတ်ရှုပ်များကို ပြောနေကြ၏။ အထူးသဖြင့် သူတို့သည် ကန်ကျင်းချန် ရောက်လာသည်ကို သတိထားမိသွားသောအခါ အချို့ ယောက်ျားလေးများသည် လေချွန်သံများပင် ပေးကြသည်။ သို့ရာတွင် ကျင်းယွင်ကျောင်းသည် သူမ၏ စာရွက်ပေါ်တွင်သာ စာရေးနေလေရာ ၎င်းက အလွန်ထိရှ၍ အာရုံစူးစိုက်လွန်းနေပြီး ကန်ကျင်းချန်အား အမည်တပ်မရသည့် ခံစားချက်တစ်ခုကို ပေးနေ၏။


"ယွင်ကျောင်း၊ အဲဒီကောင် လာတယ်"


ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်းအား တံတောင်နှင့် တွက်၍ ပြောလိုက်သည်။


ရှောင်ဟိုင်ချင်းသည် ကောလဟာလများကို မယုံကြည်ပေ။ ကန်ကျင်းချန်က ရုပ်ရည်ချောမော၍ မိသားစုနောက်ခံ ကောင်းလျှင်တောင်မှ သူသည် သိမ်မွေ့လွန်း၍ နုံအ၏။ အဘယ်ကြောင့် ကျင်းယွင်ကျောင်းက သူ့ကို ကြွေမည်နည်း။


ယခုလည်း ကောလဟာလအချို့ကြောင့် သူသည် ထိုင်တောင် မထိုင်နိုင်သေးပေ။ သူတို့၏အတန်းအပေါက်ဝရှေ့တွင် သူ ပေါ်လာခြင်းက ကောလဟာလများကို မီးစာထည့်ပေးသလိုဖြစ်မည်မှာ အသိသာကြီးပင်၊ သူက ဒီလောက်တောင် ဦးနှောက်မရှိဘူးလား။


ကျင်းယွင်ကျောင်းက ခေါင်းမော့ကြည့်၍ မျက်မှောင်ကြုံ့လိုက်သည်။


အတိတ်ဘဝ၌ သူမသည် ကောလဟာလ များလွန်းလှ၏။ ဤတစ်ကြိမ် ကောလဟာလသည် အဆိုးဆုံး မဟုတ်ပေရာ သူမသည် အတော်လေး တည်ငြိမ်နေသည်။


ထို့နောက် သူမသည် သူ့ဆီသို့ လျှောက်သွားလိုက်၏။ သူမ၏ မျက်လုံးများက တွန့်ဆုတ်မနေဘဲ စူးစိုက်ကြည့်၍ မေးလိုက်သည်။


"နင် ကောလဟာလတွေကြောင့် လာတာ မဟုတ်လား။ တောင်းပန်ပါတယ်၊ သူတို့က ငါ့ကို ဆန့်ကျင်ဖို့လုပ်တာ ဖြစ်နိုင်ပေမယ့် နင့်ကိုပါ ဒီအထဲ ဆွဲထည့်မိသွားတယ်"


ကန်ကျင်းချန်သည် ကျင်းယွင်ကျောင်းထံမှ ပထမဆုံး ထွက်လာသောစကားက ဤစကားများဖြစ်လိမ့်မည်ဟု တစ်ခါမှ စိတ်မကူးမိပေ။


သူသည် မိန်းကလေးများစွာကို မသိပေ။ သူ ရင်းနှီးသည့် တစ်ဦးတည်းသော မိန်းကလေးမှာ သူ၏ ဝမ်းကွဲညီမလေး စူးချူဖြစ်သည်။ အကယ်၍ သူ၏ ဝမ်းကွဲညီမလေးသာ ဤကဲ့သို့ဖြစ်ပါက သူမသည် မျက်လုံးများ ပေါက်ထွက်မတတ် ငိုယို၍ ကောလဟာလဖြန့်သူများကို ပြစ်တင်လိမ့်မည်ဖြစ်ကြောင်း သူသိ၏။ သူမသည် ရက်ပေါင်းများစွာ ခွင့်ယူနိုင်ပြီး ထိုသို့မဟုတ်ပါကလည်း ကြောက်ရွံ့ခြင်းနှင့် ဝမ်းနည်းခြင်းကြောင့် ကျောင်းပင် ပြောင်းသွားနိုင်သည်။


ကျင်းယွင်ကျောင်း၏ စိတ်ထားသည် မိန်းကလေးတစ်ယောက်နှင့် မတူသည်မှာ သိသာ၏။


သူမမှာ နှလုံးသားရော ရှိရဲ့လား။ သူမက ခံစားချက် မရှိဘူးလား။


"နင် ဘယ်လိုနေလဲ။ ဘာလို့ တစ်ယောက်ယောက်က နင့်ကို နောက်ကွယ်ကနေ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေတာလဲ"


ကန်ကျင်းချန်သည် အလွန်ဒေါသထွက်နေသည်။


သူသည် ကျင်းယွင်ကျောင်းကို အပြစ်မတင်ပေ။ သူက ဤအရာများအားလုံး၏ နောက်ကွယ်မှလူသည် တကယ်ပင် မကောင်းဆိုးဝါးဖြစ်သည်ဟုသာ တွေးနေ၏။ ကျင်းယွင်ကျောင်းက နည်းနည်းပိုပြီးတော့ သတိထား မနေနိုင်ဘူးလား။


ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကိုက်၍ တစ်ချက်တွေးလိုက်သည်။


"ငါ ဒီကိစ္စကို ဂရုစိုက်လိုက်ပါ့မယ်။ ဒါပေမယ့် အချိန်နည်းနည်းတော့ လိုတယ်။ ဆိုပေမယ့် မစိုးရိမ်ပါနဲ့၊ ဒီကိစ္စက နင့်ရဲ့ဂုဏ်သတင်းကို အများကြီး မထိခိုက်စေရဘူးလို့ ငါကတိပေးတယ်"


ချောင်ဟုန်ယဲ့သည် ဤကိစ္စအား အမှန်တကယ်ပင် တွန်းထုတ်လာခဲ့၏။ ဤတစ်ကြိမ်တွင်တော့ သူမအား လွှတ်ပေးလိုက်ရန် အမှန်ပင် ခဲယဥ်းလှသည်။