Chapter 95 : မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး
ကန်ကျင်းချန်သည် ဆွံ့အနေ၏။ ရုတ်တရက် ယခု သူ၏ စကားလုံးများက အနည်းငယ် ပြင်းထန်လွန်းသွားသည်ဟု ယူဆမိလိုက်၍ အလျင်အမြန် ပြောလိုက်သည်။
"ငါ နင့်ကို အပြစ်တင်ဖို့ မကြိုးစားပါဘူး"
ကန်ကျင်းချန်သည် ထိုသို့ပြောပြီးနောက် သူ့ကိုယ်သူ ရယ်မောလိုက်၏။ စင်စစ် သူတို့သည် မျောက်ဝံများကဲ့သို့ သိသာထင်ရှားနေသည်ဖြစ်၍ ဤကဲ့သို့သော အချိန်မျိုးတွင် တစ်ခုခုပြောခြင်းက အသုံးမဝင်ပေ။ လှုံ့ဆော်ခြင်းသည်သာ အာရုံကို ဆွဲဆောင်နိုင်သည့် တစ်ခုတည်းသော အရာမဟုတ်ဘဲ သူ ကျင်းယွင်ကျောင်းအား ပထမဆုံးနေရာတွင် လာရှာခြင်းကလည်း မဖြစ်ခဲ့သင့်ပေ။
"နင် ဒါကို ဘယ်လို ရှင်းမှာလဲ"
ကန်ကျင်းချန်က ခါးသီးစွာမေးလိုက်သည်။ သူသည် ကျင်းယွင်ကျောင်းအား များများစားစား မယုံကြည်ပေ။
တကယ်လို့ သူမသာ ဒီကောလဟာလတွေကို တကယ် ဖြေရှင်းနိုင်ရင် သူမရဲ့ဂုဏ်သတင်းက ဒီလောက် မဆိုးနိုင်ဘူး မဟုတ်လား။
"ရလဒ်တွေကိုသာ စောင့်နေပါ"
ကျင်းယွင်ကျောင်းက ခပ်တိုတိုသာ ပြောလိုက်၍ ၎င်းကပင် အခြားသူများအား သူမကို နားမလည်နိုင် ဖြစ်စေသည်။ သို့ရာတွင် ကန်ကျင်းချန်သည် သူမ၏ မျက်ဝန်းများထဲမှ အလင်းရောင်လေးအား မြင်လိုက်၍ အနည်းငယ် စိတ်သက်သာရာရသွားပြီး ခေါင်းကိုသာ ညိတ်ပြလိုက်တော့၏။
မပြန်ခင်တွင် သူသည် ကျင်းယွင်ကျောင်းအား နှစ်သိမ့်ပေးရန် စကားအနည်းငယ်ပြောချင်သော်လည်း သူမ၏ ထူးခြားမှုမရှိသော ပုံစံအား မြင်ပြီးနောက် သူ၏ စကားလုံးများကို ပါးစပ်ထဲသို့သာ ပြန်သွင်းလိုက်ပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
ဒီကမ္ဘာပေါ်မှာ ဒီလောက်ထူးဆန်းတဲ့လူ ဘယ်လိုရှိနေတာလဲ၊ ကျင်းယွင်ကျောင်းက စူးချူကိုကျ အတော်လေး ဖော်ရွေပါတယ်။ သူမက သူ့ကို သဘောမကျလို့များလား။
"ဘာတဲ့လဲ၊ အဲဒီကောင်က ဘာပြောသွားတာလဲ"
ကန်ကျင်းချန် ထွက်သွားပြီးနောက် ရှောင်ဟိုင်ချင်းက ရောက်လာ၍ သူမ၏ ပခုံးအား လက်မောင်းဖြင့် သိုင်းဖက်လိုက်ပြီး မေးလာသည်။
ကျင်းယွင်ကျောင်း၏ မျက်လုံးများက အရောင်မှိန်သွား၏။
"ဟိုင်ချင်း၊ ငါ လူနည်းနည်းလိုတယ်"
ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်း၏လေးနက်မှုကို မြင်သောအခါ နဖူးကြောများကို တွန့်လိုက်သည်။
"ရတာပေါ့၊ အပြင်မှာ ငါ့သူငယ်ချင်းတွေ အတော်များများ ရှိတယ်။ နင် ဘယ်လိုလူမျိုးကို လိုချင်တာလဲ"
ကျင်းယွင်ကျောင်းက သူမ၏ အဆက်အသွယ်များကို မေးမြန်းလာခြင်းမှာ လူမိုက်များဟု ဆိုလိုခြင်းသာဖြစ်၏။
ရှောင်ဟိုင်ချင်းသည် ချမ်းသာကြွယ်ဝသော မိသားစုမှ မမလေး မဟုတ်သော်လည်း သူမ၏နောက်ခံသည် အတော်လေး ကောင်းသည်။ သို့ရာတွင် သူမ၏ ကွယ်လွန်သွားသော မိခင်၏ သုံးနှစ်မြောက် နှစ်ပတ်လည် မတိုင်မီမှာပင် သူမ၏ အဖေသည် ထပ်မံ၍ အိမ်ထောင်ပြုခဲ့ပြီး ဇနီးအသစ်အား သူမ၏ မိသားစုအသိုင်းအဝိုင်းထဲသို့ ခေါ်သွင်းလာခဲ့၏။ အလိုအလျောက်ပင် သူတို့သည် ရှောင်ဟိုင်ချင်းအား အချိန်မပေးနိုင်တော့ပေ။ မိထွေးဖြစ်သူသည် ရှောင်ဟိုင်ချင်းအား ဆိုးဆိုးရွားရွား မဆက်ဆံခဲ့သော်လည်း ထိုအစား သူမသည် ရှောင်ဟိုင်ချင်းအား ပိုက်ဆံပေး၍ အိမ်သို့ ခဏခဏမလာရန် ပြောခဲ့သည်။ ထို့ကြောင့် သူမသည် လမ်းပေါ်မှ သူငယ်ချင်းများစွာကို ရွေးခြယ်ပေါင်းသင်းခဲ့၏။ သို့သော် သူတို့သည် အခြားသူများ၏ မျက်လုံးထဲတွင် လက်ခံနိုင်ရန် ခဲယဥ်းလွန်းသည်ဖြစ်ရာ သူမသည် ကျင်းယွင်ကျောင်းအား သူတို့၏ အကြောင်းကို မပြောခဲ့ပေ။
ရှောင်ဟိုင်ချင်းက ထိုအကြောင်းကို တစ်ခါမှ မပြောဖူးသော်လည်း ကျင်းယွင်ကျောင်းကမူ ၎င်းကို ရှင်းရှင်းလင်းလင်း သိ၏။
ကျင်းယွင်ကျောင်းသာ မကဘဲ ကျောင်းသားအများစုသည် ရှောင်ဟိုင်ချင်းအား သွားမရှုပ်သင့်ကြောင်းကို သိကြ၍ သူတို့သည် သူမ၏ အကြောင်းကို မကောင်း မပြောရဲကြပေ။
"နင်နဲ့ ရင်းနှီးတဲ့သူထဲက မဟုတ်ရင် အဆင်ပြေမယ်။ ကျပန်းလူမိုက်တချို့ လုပ်ပါလိမ့်မယ်။ ငါ့ကို သူတို့ရဲ့ဖုန်းနံပါတ်တွေပဲ ပေးပါ။ နင် သူတို့ကို ကိုယ်တိုင် မဆက်သွယ်နဲ့"
ကျင်းယွင်ကျောင်းက ပြောလိုက်သည်။
အကယ်၍ သူမသာ လုပ်လျှင် သူမကိုယ်သူမ ခြိမ်းခြောက်လာနိုင်သော သဲလွန်စများကို ချန်ထားခဲ့မည် မဟုတ်ဘဲ ထိုသူများကလည်း သူမ၏ ပတ်ဝန်းကျင်မှ မဟုတ်ပေ။
ကျင်းယွင်ကျောင်းက ခပ်တိုးတိုးပြောလိုက်ရာ ရှောင်ဟိုင်ချင်းလည်း သဘောပေါက်သွား၍ ခေါင်းညိတ်ပြလိုက်သည်။
"ငါ့မှာ သင့်တော်တဲ့လူတစ်ယောက်ရှိတယ်၊ နာမည်က ဟွားဇယ်တဲ့၊ ပိုက်ဆံလောဘကြီးပေမယ့် ကျင့်ဝတ်ရှိတယ်။ သူကတိပေးထားတာကို လုပ်ပေးတယ်၊ အတော်လေးလည်း ယုံကြည်စိတ်ချရတယ်။ ဒါပေမယ့် သူက အတော်လေး တဇွတ်ထိုးဆန်တယ်၊ ဘွင်းဘွင်းပြောရရင် သူက ရက်စက်တယ်။ နင် သူ့ကို ပိုက်ဆံအလုံအလောက် ပေးနေသရွေ့ သူက ဘာမဆို လုပ်ပေးမှာပဲ။ ဒါပေမယ့် အလုပ်က ကြီးရင်တော့ သူက နင့်ကို စုံစမ်းဖို့ သေချာပေါက် လူတစ်ယောက် လွှတ်လိမ့်မယ်"
ပွင့်ပွင့်လင်းလင်းပြောရလျှင် သွေးထွက်သံယို မဖြစ်သည်က အကောင်းဆုံးပင်။
ကျင်းယွင်ကျောင်းသည်လည်း ကြီးကြီးမားမာ တစ်ခုခုလုပ်ရန် ဘယ်တုန်းကမှ မတွေးခဲ့ပေ။ အတိတ်ဘဝ၌ ထောင်ကျခဲ့စဥ်ကတည်းက သူမသည် အချုပ်အနှောင်ခံရခြင်း၏ အရသာကို နားလည်သွားခဲ့သည်။ ယခုအချိန်၌ သူမတွင် စွမ်းအားများများ မရှိသေးမှန်း သူမ သိ၏။ သူမကိုယ်တိုင်အတွက် အန္တရာယ်များလွန်းသည့် ကိစ္စကို သူမလုပ်မည် မဟုတ်ပေ။
သူမ ပြန်လိုချင်သည့် တစ်ခုတည်းသောအရာမှာ ချောင်ဟုန်ယဲ့အား ကိုယ်ဖော်သည့်ဆေး၏ အရသာကို ကိုယ်ပြန်မြည်းစေချင်လိုခြင်း ဖြစ်သည်။
ချောင်ဟုန်ယဲ့က သူမအား ရပ်တည်နိုင်စွမ်းနှင့် ဂုဏ်သိက္ခာများအားလုံးကို ဆုံးရှုံးစေလို၏။ ထို့ကြောင့် သူမကလည်း ချောင်ဟုန်ယဲ့အား အတိတ်ဘဝတွင်ရော လက်ရှိဘဝတွင်ရော သူမခံစားခဲ့ရသည့် ကောလဟာလများနှင့် စကားတင်းဆိုမှုများ၏ အရသာကို ပြန်လည်ခံစားစေလိုခြင်းဖြစ်သည်။ သူမသည် ချောင်ဟုန်ယဲ့ တန်ဖိုးအထားဆုံးနှင့် ဂရုအစိုက်ဆုံးအရာကို ယူဆောင်သွားမည်ဖြစ်၏။
ကျင်းယွင်ကျောင်းက သူမနားလည်ကြောင်းပြ၍ တုံ့ပြန်လိုက်ရာ ရှောင်ဟိုင်ချင်းက သူမအား ဖုန်းနံပါတ်တစ်ခု ပေးလာသည်။
ထိုည၌ ကျင်းယွင်ကျောင်းသည် ID ကို ခြေရာခံ၍ မရသော ဖုန်းကဒ်တစ်ကဒ် ဝယ်ခဲ့၏။ ဖုန်းဝင်သွားပြီးနောက် တစ်ဖက်မှ ကြမ်းရှသော အသံကို ကြားလိုက်ရသည်။
"ဟယ်လို ဟွားဇယ် ဟုတ်ပါသလား။ ကျုပ်ဆီမှာ အလုပ်တစ်ချို့ရှိတယ်၊ စိတ်ဝင်စားလား"
ကျင်းယွင်ကျောင်း၏ အသံသည် မူလကပင် အနည်းငယ် အောရှ၏။ သိပ်မပြတ်သားပေ။ သူမသည် ရည်ရွယ်ချက်ရှိရှိပင် အသံကို အော၍ ပြောလိုက်သည်။ ထို့ကြောင့် သူမ၏ အသံသည် ငယ်ရွယ်သော်လည်း ယောက်ျားလေး၊ မိန်းကလေးခွဲ၍ ပြောရန် ခက်နေလေ၏။