Chapter 96 : နောက်ကလိုက်ခြင်း
သူ၏ အသံကို အကဲဖြတ်ရင်း ကျင်းယွင်ကျောင်းက သူသည် အသက်သုံးဆယ်ဝန်းကျင်ဟု ခန့်မှန်းလိုက်နိုင်သည်။ သူ့တွင် လမ်းသရဲ အမူအကျင့်အချို့ ရှိပုံရ၍ စီးကရက်သောက်နေပုံပင်။ သူမသည် သူ၏ ဆေးလိပ် မီးခိုးမှုတ်ထုတ်သံများအား ဖုန်းကို ဖြတ်၍ပင် ကြားနိုင်၏။
"ငါ့ကို ပစ်မှတ်ကိုပြော"
ဟွားဇယ်သည် အလေးမထားသည့်အလား မသိလိုက်မသိဘာသာဖြင့် ပြောလာသည်။
"ကျောင်းသူတစ်ယောက်တည်းပါ။ ခင်ဗျားလုပ်ဖို့လိုတာက သူ့ကို နှောက်ယှက်ပြီး ဓါတ်ပုံအချို့ရိုက်ပေးရုံပဲ"
ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်၏။
"မင်း နည်းနည်းပိုလုပ်ဖို့ မတိုက်တွန်းချင်ဘူးလား"
ဟွားဇယ်က ဤကမ်းလှမ်းချက်ကို စိတ်မဝင်စားကြောင်း ရှင်းရှင်းလင်းလင်းပင် ဖော်ပြလိုက်သည်။ ဤကဲ့သို့သော အလုပ်သေးသေးလေးများသည် ပိုက်ဆံအမြောက်အများ ရနိုင်မည် မဟုတ်ပေ။
ကျင်းယွင်ကျောင်းသည် တစ်ဖက်လူ၏ ဆိုလိုရင်းအား အဘယ်နားမလည်ဘဲ နေမည်နည်း။ သို့သော် သူမသည် ချောင်ဟုန်ယဲ့အား အမှန်တကယ် မုန်းတီးနေလျှင်တောင်မှ သူမသည် ဟွားဇယ်၏ အကြံပေးချက်ကို လိုက်နာပြီး အနည်းငယ် ပိုလုပ်လိုက်လျှင် သူမအတွက်လည်း ကောင်းကျိုးရှိမည်မဟုတ်ပေ။ ထို့ကြောင့် သူမသည် ချက်ချင်းပင် ငြင်းဆန်လိုက်၏။
"မလိုပါဘူး။ ကျုပ်ပြောသလိုပဲ လုပ်ပါ။ ယွမ်နှစ်သောင်း စရန်ပေးမယ်။ နောက်ထပ် ယွမ်သုံးသောင်းကို အလုပ်ပြီးရင် ပေးမယ်"
ထိုပမာဏက ဟွားဇယ်အား ဆွံ့အသွားစေသည်၊ သို့သော် နောက်စက္ကန့်အနည်းငယ်ကြာသောအခါ ကျင်းယွင်ကျောင်းသည် သူ၏ စီးကရက် သောက်နေသောအသံကို မကြားရတော့ချေ။
"အိုခေလေ၊ ကျုပ်ကို ပစ်မှတ်ရဲ့အချက်အလက်တွေကို မက်ဆေ့ချ် ပို့လိုက်"
ကျင်းယွင်ကျောင်းက ဖုန်းချလိုက်ပြီး ဟွားဇယ်ညွှန်ကြားသည့်အတိုင်း လုပ်လိုက်သည်။
တစ်ဖက်လူဆီမှ အတည်ပြုချက် မက်ဆေ့ချ်ကို ရသောအခါ သူမက ငွေလွှဲပေးလိုက်၏။
သို့သော် ထိုအခိုက်တွင် ဟွားဇယ်သည် ဖုန်းထဲမှ ချောင်ဟုန်ယဲ့၏ အမည်အား ရွှတ်နောက်နောက် ကြည့်နေကြောင်းကို ကျင်းယွင်ကျောင်း မသိလိုက်ချေ။ သူ၏ မျက်လုံးများက ဖျက်ဆီးလိုသော အရိပ်အယောင်များ ပြည့်နေပြီး သူ၏ ပါးစပ်မှ တကျွတ်ကျွတ် စုပ်သပ်လိုက်သည်။
"ဟွားကော ဘာလို့ တအားပျော်နေတာလဲ။ ကမ်းလှမ်းချက်ကောင်းကောင်းလေး ရလို့လား"
အနီးရှိ လူတစ်ယောက်က ရောက်လာပြီး ၎င်းကို စစ်ဆေးကြည့်လိုက်ကာ စိတ်လှုပ်ရှားသွား၏။
"ယို့...ဒါ ကောင်းရှင်းရဲ့ရည်းစားလေး မဟုတ်လား။ ကောင်းရှင်းက ပုန်းနေတာ အတော်ကြာနေပြီ။ ကျွန်တော်တို့ရဲ့ ကျင့်ဝတ်ကြောင့်သာ မဟုတ်ရင် ဒီကောင်မလေးကို လက်စားချေပြီးတာ ကြာလှပေါ့။ ဒါဆိုရင်...နောက်ဆုံး ကျွန်တော်တို့ လှုပ်ရှားတော့မှာလား"
ဤနေရာရှိ လူအားလုံးသည် စားဝတ်နေရေးအတွက် လုပ်နေခြင်းဖြစ်၏။ သူတို့သည် ဆိုးယုတ်သော အရာများစွာကို လုပ်ခဲ့လျှင်တောင်မှ သူတို့၏ ကိုယ်ပိုင်လုံခြုံရေးအတွက် အသိတရားအနည်းငယ်ကို ထိန်းသိမ်းထားဆဲပင်။ တစ်စုံတစ်ယောက်က ကြေးကြီးကြီး မပေးဘဲ သူတို့သည် ကျောင်းသားများအပေါ် လက်တင်သည်က ရှားလှသည်။
သို့သော် ကောင်းရှင်းသည် ဤချောင်ဟုန်ယဲ့ကြောင့် ကျောင်းသားများအပေါ် လုပ်ရပ်အချို့ ကျူးလွန်ခဲ့၏။ သူသည် ကျောင်းအဝင်ဝ၌ ကျောင်းသူတစ်ဦးအား ခြိမ်းခြောက်ရန် ညီအစ်ကိုတစ်သိုက်ကိုပင် ခေါ်ဆောင်သွားခဲ့သည်။ သူတို့ အောင်မြင်ပါက ကိစ္စမရှိသော်လည်း သူသည် အသက်နှင့် ပိုင်ဆိုင်မှုများ မဆုံးရှုံးသွားရုံမှတစ်ပါး ဖြစ်ပျက်သွား၍ ညီအစ်ကိုများကိုပင် ထောင်ထဲ ပို့လိုက်သေး၏။
ကောင်းရှင်းသည် ပုန်းအောင်းနေသည်။ အကယ်၍ သူ၏ မိသားစု အမွေများကိုသာ စောင့်ကြည့်ခံမနေရပါက သူသည် အစောကြီးကပင် အဝေးသို့ ထွက်ပြေးသွားမည်မှာ သေချာသလောက်ပင်။
"ဘာကို လှုပ်ရှားမှာလဲ။ ဒါက အလုပ်ရှင်ရဲ့ပစ်မှတ်ပဲ။ နှောက်ယှက်ပြီး သူ့ရဲ့ဓါတ်ပုံအချို့ရိုက်ပေးရုံနဲ့ ယွမ်ငါးသောင်းတဲ့။ အရူးကပဲ ဒါကိုငြင်းလိမ့်မယ်"
ဟွားဇယ်သည် သူ့အား မျက်လုံးပြူး၍ ကြည့်လိုက်၏။
"ငါတို့ တနင်္လာနေ့မနက်မှာ လှုပ်ရှားမယ်။ ဒီကောင်မလေးက ငါတို့ကို မြည်းတွေလို ဆက်ဆံခဲ့တာ၊ သူ့ကို သင်ခန်းစာတစ်ခု ပေးရမယ့် အချိန်ပဲ"
ထိုအချိန်၌ တည်းခိုခန်းတစ်ခုတွင် ချောင်ဟုန်ယဲ့သည် ပြင်းပြင်းထန်ထန် နှာချေနေသည်။
ယနေ့သည် သောကြာနေ့ဖြစ်ပြီး အနားယူရမည့်နေ့ဖြစ်၏။ သို့သော် ချောင်ဝေ့မင်၏ တောင်းဆိုချက်အရ သူမသည် ခရိုင်မြို့၌ နေရမည်။ သူမ၏ အတန်းဖော်များ သိသွားမည်ကိုလည်း ကြောက်သောကြောင့် ချောင်ဟုန်ယဲ့သည် ဝမ်ရှင်းဟွားယွမ့်၏ အနီးတွင် ရှိသော တည်းခိုခန်းတစ်ခုကိုသာ ရှာလိုက်ရသည်။
ဘမ်း...ဘမ်း...ဘမ်း!
ရုတ်တရက် တစ်စုံတစ်ယောက်က တံခါးခေါက်လာ၏။
ချောင်ဟုန်ယဲ့၏ နှလုံးသားသည် ဆောင့်ခုန်သွားသည်။ သန်းခေါင်အချိန်ရောက်နေပြီဖြစ်ရာ မည်သူဖြစ်နိုင်သနည်း။
သူမသည် တံခါးဆီသို့ သတိနှင့် လျှောက်သွားလိုက်သော်လည်း ရင်းနှီးနေသောအသံတစ်သံကို ကြားလိုက်ရသည်။
"တံခါးဖွင့်ဦး၊ ငါပါ။"
ကောင်းရှင်း၊ သူက ဒီမှာ ဘာလုပ်နေတာလဲ။
ယခင်က ထိုလမ်းသရဲများသည် ကျင်းယွင်ကျောင်းအား ကြားဖြတ်နှောက်ယှက်သောကြောင့် ဖမ်းခံထားရပြီး ကောင်းရှင်း တစ်ဦးတည်းသာ ထွက်ပြေးလွတ်မြောက်ရန် စီစဥ်နိုင်ခဲ့သည်။ ချောင်ဟုန်ယဲ့သည် ကောင်းရှင်း လွတ်သွားသည်ကို တွေးမိသောအခါ အားရကျေနပ်မိခဲ့၏။ သို့သော် သူသည် ခရိုင်မြို့၌သာ ရှိနေသေးမည်ဟု သူမ, မထင်ခဲ့မိပေ။ ထို့အပြင် သူက သူမကိုပင် လာရှာနေသည်။
ချောင်ဟုန်ယဲ့ ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ သူမသည် ကောင်းရှင်းက အတော်လေး ဒေါသကြီးမှန်း ရှင်းရှင်းလင်းလင်း သိထား၏။ အကယ်၍ သူမက သူ့အား စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မိလျှင် သူဘာလုပ်မည်ဆိုတာကို မည်သူသိမည်နည်း။
ထို့ကြောင့် ချောင်ဟုန်ယဲ့သည် တံခါးကို အမြန်ဖွင့်ပေးလိုက်သည်။
"ကျွန်မ ဒီမှာရှိတာ ရှင်ဘယ်လိုသိလဲ"
ချောင်ဟုန်ယဲ့က ကြောက်ရွံ့စွာ မေးလိုက်၏။
ကောင်းရှင်း၏ မျက်နှာက အမွေးအမျှင်များနှင့် ပြည့်နေသည်။ သူက အခန်းထဲဝင်လိုက်ပြီးနောက် တံခါးကို သေချာပိတ်လိုက်၏။
"ငါ မင်းကို နောက်ယောင်ခံလိုက်နေတာ အတော်ကြာပြီ။ မင်းနဲ့ စကားပြောဖို့ အခွင့်အရေးမရလို့၊ မင်း ဒီနေ့ အိမ်မပြန်တာ ကောင်းသွားတာပဲ"
ချောင်ဟုန်ယဲ့သည် ကြောက်စိတ်မွှန်ထူသွား၏။ အတော်ကြာပြီတဲ့လား။ ဒါဆို ကောင်းရှင်းက ဒီတစ်ချိန်လုံး သူမရဲ့နောက်ကို လိုက်နေတာပေါ့။