Chapter 97 : သုံးစရာ ပိုက်ဆံ ထပ်ပြီးမရှိတော့
ကောင်းရှင်း၏ အကြည့်များက ဂယောက်ဂယက်ဖြစ်နေသည်ကို မြင်သောအခါ ချောင်ဟုန်ယဲ့သည် ကြက်သီးမွေးညင်းများ ထလာသည်။
သူမသည် ကောင်းရှင်းနှင့် အလွန်ရင်းနှီးလျှင်တောင်မှ တစ်စုံတစ်ယောက်က သူမအား နောက်ယောင်ခံလိုက်ခြင်းသည် စိတ်မလုံခြုံမှုကို ခံစားရစေ၏။ ၎င်းက အနည်းငယ်လည်း ညစ်ညမ်းပေသည်။ (လိင်ပိုင်းဆိုင်ရာအရ မဟုတ်ပါဘူးနော်)
"မင်း ငါ့ကို ဘာလို့ ဒီလို ကြည့်နေတာလဲ။ ငါ အခု အကျပ်အတည်းထဲ ရောက်နေတာတွေ အားလုံးက မင်းကြောင့်ဆိုတာ မင်းဘာလို့ မတွေးမိတာလဲ။ တကယ်လို့ ငါသာ အဖမ်းခံလိုက်ရရင် မင်းရဲ့ဂုဏ်သတင်းကလည်း ဆက်ပြီး အပြစ်ကင်းနေလိမ့်ဦးမယ်လို့ ထင်နေတာလား"
ကောင်းရှင်းက ကြိမ်းဝါးလိုက်၏။ သူ၏ မျက်နှာပေါ်တွင် အေးစက်သော ဒေါသတရားများ ပြည့်နေပြီး သူ၏ ပင်ကိုစရိုက်ကို ဖော်ပြနေကာ သူ၏ လူမိုက်ဆန်သော ရွှေအိုရောင်ဆံပင်နှင့် အံကိုက်ဖြစ်နေသည်။
ချောင်ဟုန်ယဲ့၏ ကောင်းရှင်းအပေါ် ထင်မြင်ချက်အရ သူသည် လုံးလုံးလျားလျား စက်ဆုပ်ဖွယ်ကောင်းနေသော်လည်း သူ၏ စကားလုံးများကမူ မမှားပေ။ သူမသည် အမှန်တကယ်ပင် သူနှင့်ပတ်သတ်၍ ဘာမှမလုပ်ပေးခဲ့။
ချောင်ဟုန်ယဲ့နှင့် ကောင်းရှင်း နှစ်ဦးစလုံးသည် နင်းရှန်စီရင်စုမှ လူများဖြစ်ကြသည်။ တစ်ခါက အလယ်တန်းကျောင်းတွင် သူမသည် အခြားသူများ၏ အနှောက်အယှက်ခံရသောအခါ ကောင်းရှင်းက သူမအား ကူညီပေးခဲ့၏။ ထိုအချိန်မှစ၍ သူတို့သည် အမြဲတမ်း အဆက်အသွယ်ရှိခဲ့သည်။ ယခင်က သူမသည် ရံဖန်ရံခါ ကျင်းယွင်ကျောင်းအား လုယက်ရန် သို့မဟုတ် ကြောက်လန့်သွားအောင် လုပ်ရန် ကောင်းရှင်းအား လူများစေလွှတ်ခိုင်းခဲ့၏။ ကျင်းယွင်ကျောင်း အထက်တန်းကျောင်းသို့ ရောက်ပြီးနောက် သူမသည် ကောင်းရှင်းအား ကောလဟာလများ ဖြန့်ရန် အကူအညီတောင်းခဲ့သော်လည်း ကျင်းယွင်ကျောင်း၏ ထောင်ချောက်ထဲသို့ ကျသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။
ချောင်ဟုန်ယဲ့က သက်ပြင်းချလိုက်ပြီး သူမ၏ ပရမ်းပတာခုန်နေသော နှလုံးသားအား ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
"ရှင် ဘာလိုချင်တာလဲ"
"ငါ့မှာ ပိုက်ဆံမရှိဘူး။ အရင်ဆုံး ငါ့ကို ပိုက်ဆံနည်းနည်းချေး"
ကောင်းရှင်းက ရှင်းပြလိုက်၏။
တကယ်တမ်း ကောင်းရှင်း၏ ရုပ်ရည်သွင်ပြင်မှာ မဆိုးလှ၊ သို့သော် သာမန်တွေ့နေကျ မျက်နှာမျိုးသာ ဖြစ်သည်။ သူ၏ နားကပ်များနှင့် ရွှေအိုရောင်ဆံပင်ထူထူများကသာ နက်နက်ရှိုင်းရှိုင်း ထင်မြင်ချက်တစ်ခု ကျန်နေစေသည့် တစ်ခုတည်းသော အရာဖြစ်၏။
ချောင်ဟုန်ယဲ့က တုန်ယင်သွားပြီး ဒေါသဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
"ကျွန်မက ကျောင်းသူတစ်ယောက်ပဲ ရှိသေးတာလေ။ ဘယ်က ပိုက်ဆံရမှာလဲ"
အမှန်တကယ်ပင် ချောင်ဟုန်ယဲ့သည် လိမ်နေခြင်းမဟုတ်ပေ။ ယခင် ယဲ့ချင် သက်ရှိထင်ရှားရှိစဥ်က သူမသည် ချောင်ဟုန်ယဲ့အား သေလောက်အောင် အလိုလိုက်၍ ဖျက်ဆီးခဲ့သည်။ သူမတွင် ဘယ်သောအခါမှ သုံးစရာမုန့်ဖိုး ပြတ်သည်ဟူ၍ မရှိပေ၊ အထူးသဖြင့် အထက်တန်းကျောင်းတက်သော အချိန်၌ဖြစ်၏။ အခြားသူများက လစဥ် ယွမ်သုံးရာ၊ လေးရာ အများဆုံးရသည့် အချိန်တွင် သူမသည် ယွမ်တစ်ထောင်နီးပါးရှိသော ပမာဏကို ရခဲ့သည်။
သို့ရာတွင် ယဲ့ချင်က ဆုံးပါးသွားပြီဖြစ်၏။ ချောင်ဝေ့မင်သည် အမျိုးသားတစ်ယောက်ဖြစ်ရာ သူ၏ သမီးဖြစ်သူအပေါ် ဆက်ဆံပုံက ယဲ့ချင်နှင့် မယှဥ်နိုင်ပေ။ သူမ၏ မုန့်ဖိုးသည် ယွမ်ငါးရာအထိ ဖြတ်ချခံခဲ့ရပြီး ၎င်းသည် အခြားသူများအတွက် အများကြီးပင် ဖြစ်သော်လည်း ချောင်ဟုန်ယဲ့အတွက်မူ သူမ ဝယ်ချင်သည့် ပစ္စည်းများစွာရှိသော်လည်း မဝယ်နိုင်တော့ပေ။
"မင်းမှာ ပိုက်ဆံမရှိဘူးဟုတ်လား။ မင်းက ဘယ်သူ့ကို ဖြီးဖြန်းဖို့ ကြိုးစားနေတယ်လို့ ထင်နေတာလဲ။ မင်းရဲ့အဖေက လူချမ်းသာတစ်ယောက် မဟုတ်ပေမယ့် သူက စက်ရုံအသေးစားတစ်ခုမှာ ရင်းနှီးမြှုပ်နှံထားတုန်းပဲ။ နှစ်စဥ်ဝင်ငွေက စုတ်ပြတ်မနေသင့်ဘူးလေ။ ဒါ့အပြင် မင်းက မင်းရဲ့မိသားစုရဲ့ မင်းသမီးလေးပဲဟာ။ မင်းမှာ ပိုက်ဆံမရှိဘူးလား။ မင်းက ကျင်းယွင်ကျောင်းသာဆိုရင်တော့ ငါ သေချာပေါက် ယုံမှာပါ၊ ဒါပေမယ့် မင်းက ချောင်ဟုန်ယဲ့လေ။ မင်းမှာ တကယ် ပိုက်ဆံမရှိရင်တောင်မှ ပိုက်ဆံရနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်"
ကောင်းရှင်းက သေချာပေါက် ယုံကြည်မှုရှိနေပုံနှင့် ငြင်းလိုက်သည်။
သူသည် ချောင်ဟုန်ယဲ့အား သိခဲ့သည်မှာ နှစ်အနည်းငယ် ကြာပြီဖြစ်၏။ သူမ၏ နှလုံးသားက မီးသွေးထက်ပင် ပို၍ မည်းနက်နေကြောင်း သူသိသည်။
ချောင်ဟုန်ယဲ့သည် မခံမရပ်နိုင်ဖြစ်သွားပြီး အနည်းငယ် ဒေါသထွက်သွားခဲ့သည်။
"ကောင်းရှင်း၊ ရှင် ကျွန်မကို အထင်ကြီးလွန်းနေပြီ။ ကျွန်မ အမေ ဆုံးသွားတာကို ရှင် မသိတာလည်း မဟုတ်ဘူး။ ဒါ့အပြင် ကျွန်မ အဖေက တစ်ကိုယ်ကောင်းဆန်လွန်းတယ်၊ သူက ဘာကြောင့် ကျွန်မကို ဒီလောက်ပိုက်ဆံ ပေးမှာလဲ။ ပိုက်ဆံတွေကို ကျွန်မ အဖေက သိမ်းထားပြီး ဖွက်ထားတာ၊ တကယ်လို့ ကျွန်မ ခိုးရင်တောင်မှ ဘာမှရမှာမဟုတ်ဘူး"
"ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ငါ့အိမ်က ဟွားဇယ်ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေတာ။ အဲဒီကောင်က ငါ့ထက် ပိုရက်စက်တယ်။ ငါ အခုချိန်မှာ သူ့ကို အပြစ်မလုပ်ရဲဘူး။ မင်း ငါ့ကို မကူညီရင်လည်း ငါ ရဲစခန်းမှာ သွားနေလိုက်ရုံပေါ့။ အနည်းဆုံးတော့ အဲဒီမှာ ငါ့အတွက် စားစရာနဲ့ရေ ရှိသေးတယ် မဟုတ်လား"
ကောင်းရှင်းက ခြိမ်းခြောက်လိုက်၏။
ချောင်ဟုန်ယဲ့၏ မျက်လုံးများ နီရဲသွားသည်။
အမှန်ပင်၊ သူမသည် သူ၏ ခြိမ်းခြောက်မှုများကို တောင့်မခံနိုင်ချေ။ သူမသည် ကောင်းရှင်းအား ထောင်ထဲဝင်ခွင့် မပြုနိုင်၊ သို့မဟုတ်ပါက သူမ၏ ဂုဏ်သတင်းလည်း အဖျက်ဆီးခံရလိမ့်မည်။ သူမသည် ကျင်းယွင်ကျောင်းအား ကျောင်း၏ ကြွက်စုတ်တစ်ကောင် အဖြစ် ပြောင်းခဲ့လျှင်တောင်မှ ၎င်းက သူမအားလည်း ကျင်းယွင်ကျောင်းကဲ့သို့ တူညီသောဘဝကို ဦးတည်သွားစေလိုသည့် ဆန္ဒရှိသော သဘောမျိုးမဟုတ်ပေ။
"ရှင် ဆန္ဒရှိရင် ကျွန်...ကျွန်မမှာ နည်းလမ်းတစ်ခုတော့ ရှိတယ်"
ချောင်ဟုန်ယဲ့က ခဏမျှ ဆင်ခြင်တွေးတောနေပြီးနောက် ကောင်းရှင်းအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ ထို့နောက် သူမသည် သတ္တိကို စုစည်းလိုက်ပြီး ပြောလိုက်၏။
"ကျင်းယွင်ကျောင်းမှာ ပိုက်ဆံရှိတယ်"
"အာ...ချောင်ဟုန်ယဲ့၊ မင်း ငါ့ကို အရူးလို့ ထင်နေတာလား"
ကောင်းရှင်းက သူမ၏ တုံးအလှသော အကြံပေးချက်ကြောင့် အသက်ရှုကြပ်သွား၏။ အကယ်၍ တစ်ဖက်လူက ချောင်ဟုန်ယဲ့သာ မဟုတ်ပါက သူသည် သူမအား ရိုက်ပစ်ပြီးသားပင် ဖြစ်လိမ့်မည်။
"ကျွန်မ မထင်ပါဘူး။ ကျွန်မ ပြောတာကို နားထောင်ရင် ရှင် နားလည်သွားလိမ့်မယ်"
ချောင်ဟုန်ယဲ့က မျက်နှာများနီရဲနေပြီး အားတင်း၍ ပြောလိုက်သည်။