Chapter 99 : ကိုယ်ဖော်တဲ့ဆေးရဲ့အရသာ ကိုယ်မြည်းခြင်း
ကျင်းယွင်ကျောင်းနေသော နေရာကို ရှာတွေ့ပြီးနောက် ချောင်ဟုန်ယဲ့သည် ထိုနေရာ၌ ဆက်နေရန် အကြောင်းမရှိတော့ဘဲ အိပ်ယာထဲ၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကောင်းရှင်းနှင့် တွေ့ရန် တည်းခိုခန်းကို အမောတကော ပြန်ပြေးလာခဲ့သည်။
သူမ, ဝင်သွားသော အခန်းအား ကျင်းယွင်ကျောင်း မြင်သွားသည်ကို ချောင်ဟုန်ယဲ့ မသိလိုက်ပေ။
"ဟွားဇယ်၊ ချောင်ဟုန်ယဲ့က အခန်းနံပါတ် ၃၀၁ မှာ နေနေတယ်။ ခင်ဗျားရဲ့လူတွေ လှုပ်ရှားဖို့ လုံလောက်မယ်လို့ မျှော်လင့်ပါတယ်"
တည်းခိုခန်းမှ ထွက်လာပြီးနောက် ကျင်းယွင်ကျောင်းသည် ဟွားဇယ်အား ချက်ချင်းဖုန်းခေါ်လိုက်သည်။ အပြီးသတ်ရန် ကျန်သောအလုပ်မှာ သူမ၏ လက်ထဲတွင် မဟုတ်တော့ပေ။
ချောင်ဟုန်ယဲ့သည် အကြံအစည် ကောင်းနိုင်သော်လည်း ကျင်းယွင်ကျောင်းကလည်း ထိုနေရာ၌ မညံ့ပေ။ သူမသည် သူတို့အား အနှောက်အယှက် ပေးလိမ့်မည် မဟုတ်ပေ။
ချောင်ဟုန်ယဲ့ ဤပတ်ဝန်းကျင်၌ လှည့်ပတ်သွားလာရန် အားစိုက်ထုတ်ခဲ့ခြင်းအတွက် အကြောင်းပြချက်များမှာ သိသာ၏။ သူမသည် ချောင်ဝေ့မင်၏ ရည်ရွယ်ချက်များကို ခန့်မှန်းနိုင်ရန် ဖြစ်သည်။ မိမိကိုယ်ကို သိခြင်းသည် ရန်သူကို သိခြင်းမည်၏၊ ထို့ကြောင့် ချောင်ဟုန်ယဲ့၏ ကြိုးပမ်းအားထုတ်မှုက အလွယ်တကူ အလကား ဖြစ်မသွားပေ။
ဖုန်းခေါ်ပြီးနောက် ကျင်းယွင်ကျောင်းသည် သူမ၏ ပုံမှန်လမ်းကြောင်းအတိုင်း ပြန်လာခဲ့၍ အဖိုးရှုဆီသို့ သွားလိုက်သည်။
ဤအဖိုးအို၏ စိတ်ထားသည် ပုံမှန်နှင့်မတူဘဲ တမူထူးခြား၏။ သို့ရာတွင် သူမ၏ အပေါ်တွင်တော့ ဖော်ရွေမှုရှိသည်ဟု ပြောနိုင်သည်။ အနည်းဆုံးတော့ ဂျင်ဆင်းအား လက်ခံရရှိပြီးနောက်တွင် အတော်လေး ပို၍ ကောင်းလာခဲ့၏။
ကျင်းယွင်ကျောင်း၏ ယခုလက်ရှိစိတ်သည် သူမ၏ မျက်စိရှေ့၌ ဖြတ်သွားသော အရာအားလုံးကို မှတ်မိနိုင်သည်။ သူမသည် အကြိမ်ရေအနည်းငယ်ဖတ်လိုက်ရုံမျှနှင့်ပင် စာလုံးတစ်လုံးချင်းစီကို အတိအကျ မှတ်မိနိုင်၏။ ထို့ကြောင့် အဖိုးရှုပေးသော စာအုပ်များသည် အခက်အခဲမရှိလှပေ။
သို့ရာတွင် ယနေ့ တံခါးဝသို့ ခြေချလိုက်သောအခါ မြင်ကွင်းက အနည်းငယ် ထူးခြားနေ၏။
ဟိုတယ်ပိုင်ရှင် လီရှောက်ယွင်သည်လည်း ထိုနေရာတွင် ရှိနေ၍ သူက အံသြတကြီး ရေရွတ်လိုက်သည်။
"အကြီးအကဲရှု၊ အကြီးအကဲပြောနေတဲ့ မိန်းကလေးက သူ့အကြောင်းလား"
"အမှန်ပဲ"
အကြီးအကဲရှုက ခေါင်းငြိမ့်ပြလိုက်၏။ ကျင်းယွင်ကျောင်းအား ကြည့်နေသော သူ၏ မျက်ဝန်းများထဲတွင် ချီးကျူးခြင်းများ ရှိနေ၍ သူမအား သူတို့ဆီသို့ လာရန် လက်ယမ်းပြလိုက်သည်။
"ဒါက မိတ်ဆွေဟောင်းရဲ့မြေးပဲ။ မင်း တစ်ခုခုလိုအပ်ရင် သူ့ဆီကနေ အကူအညီတောင်းလို့ရတယ်"
လီရှောက်ယွင်သည် အခြေအနေကို နားမလည်နိုင်သေးပေ။ အကြီးအကဲရှု၏ အကျင့်စရိုက်မှာ အမြဲတမ်း တင်းကြပ်၍ မချေမငံဖြစ်ကာ အခြားသူများ၏ ကိစ္စများ၌ ဝင်ပါရသည်ကို ဘယ်တုန်းကမှ သဘောမကျခဲ့ချေ။ သူသည် ဆေးပင်များကိုသာ စိတ်ဝင်စား၍ သူနှင့် ဆွေမျိုးမတော်စပ်သောသူများကို မျက်နှာသာပေးလေ့ မရှိပေ။
ယခုအခါတွင် သူသည် ကျင်းယွင်ကျောင်း၏ အကျင့်စရိုက်နှင့် ပါရမီရှင်တစ်ဦးကဲ့သို့ ဥာဏ်ရည်ထက်မြက်ခြင်းအား ချီးကျူးအမွှမ်းတင်နေပြီး သူမအား စတင်၍ပင် မိတ်ဆက်ပေးခဲ့သည်။
"အကြီးအကဲရှု၊ ဒါက တကယ်ကို တိုက်ဆိုင်မှုပဲ။ ကျွန်တော် သူ့ကိုသိတယ်"
လီရှောက်ယွင်က သူ၏ တလက်လက်တောက်ပနေသော မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းလှလှများနှင့် ကြည့်ရင်း နှုတ်ခမ်းများကို တစ်ဝက်ကွေးညွှတ်၍ ပြုံးလိုက်ပြီး ပူပင်ကြောင့်ကြမဲ့ကာ ထိန်းချုပ်ထားခြင်းမရှိသော အမူအယာ၊ တစ်ဖက်သားအား ဆွဲငင်နိုင်သည့် ကြောင့်ကြမှုကင်း ကြည်လင်သော အသံဖြင့် ပြောလိုက်သည်။
"အို"
အကြီးအကဲရှုက အံ့အားသင့်စွာဖြင့် ခေါင်းလှည့်လိုက်ပြီး သိချင်သွား၏။ ထို့ကြောင့် လီရှောက်ယွင်က ဆက်ရှင်းပြလိုက်သည်။
"သူက ကျွန်တော့်ရဲ့ဟိုတယ်မှာ လူတစ်ယောက်ကို အသက်ကယ်ခဲ့ဖူးတာ"
"မင်းက ဆေးပညာတောင် တတ်တာလား"
အကြီးအကဲရှုက မျက်ခုံးပင့်လိုက်၏။
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။
"နည်းနည်းပါ"
အကြီးအကဲရှုက ပြန်ပြောဖို့ ကြိုးစားလိုက်သော်လည်း စကားတစ်လုံးမှ ထွက်မလာပေ။ သူသည် ဤမိန်းကလေးငယ်လေးအား ပထမဆုံးအကြိမ် တွေ့စဥ်က သူမသည် လျို့ဝှက်ဆန်းကြယ်လှ၍ သူ့အား ဆေးပင်အမြောက်အမြားကို ပြခဲ့၏။ သူမ၏ နောက်ကွယ်တွင် ရှိန်လောက်သော တစ်စုံတစ်ယောက် မရှိ ဆိုသည်က ယုံကြည်နိုင်ရန် ခက်ခဲသည်။
"အကြီးအကဲရှုက အထင်ကြီးနေပုံကိုထောက်ရင် ကျောင်းသူလေး ကျင်းမှာ တကယ်ပဲ အခြားသူတွေကို ကျော်ဖြတ်နိုင်တဲ့ စွမ်းရည်တွေ ရှိနေရမယ်။ အရင် ကျွန်တော် သူ့ကို ထမင်းတစ်နပ်ကျွေးချင်လို့ ဖိတ်တုန်းက သူက ကျွန်တော်ရဲ့ကမ်းလှမ်းမှုကို ငြင်းခဲ့တာလေ၊ ကျွန်တော့်နှလုံးသားတွေ နာကျင်လိုက်တာဗျာ"
လီရှောက်ယွင်က အရွှန်းဖောက်၍ ပြောလိုက်၏။
အကြီးအကဲရှုက ရှားရှားပါးပါး ပြုံးလိုက်သည်။
"လူငယ်တွေ (ယွင်ကျောင်း) က ဘယ်လို အလိုက်အထိုက်နေရမလဲဆိုတာကို မသိကြဘူး။ ရှောက်ယွင်၊ သူ့ကို စိတ်ထဲမထားပါနဲ့။ ငါ့ကို မင်းကို ဒီဆေးဝိုင်နှစ်ပုလင်းနဲ့ နှစ်သိမ့်ခွင့်ပေး"
အဖိုးအို၏ ကာကွယ်ပေးသော စကားများကို ကြားလိုက်သောအခါ လီရှောက်ယွင်သည် မျက်လုံးများကိုပင် ကျဥ်းလိုက်မိ၏။ သူက ပြုံး၍ ပြန်ဖြေလိုက်သည်။
"ဒါဆိုရင်တော့ ကျွန်တော် အကြီးအကဲရှုကို ကျေးဇူးတင်ရတော့မှာပဲ။ ကျွန်တော့်အဖိုးက တစ်နေကုန် ဝိုင်အကြောင်းပဲ တွေးနေတော့တာ"
ကျင်းယွင်ကျောင်းသည် ဤလူကြီးနှင့် လူငယ်ကြားရှိ ပတ်သတ်မှုကို ပဟေဠိဖြစ်သွား၏၊ သို့သော် သူမသည် လီရှောက်ယွင်အား စိတ်မဝင်စားသောကြောင့် ထပ်၍ ခန့်မှန်းချင်စိတ် မရှိပေ။
ထို့နောက် ကျင်းယွင်ကျောင်းသည် မပြန်ခင်တွင် ညနေခင်းအထိတိုင်အောင် ဆေးပင်များအား ပြင်ဆင်ပုံများကို ဆက်၍ လေ့လာနေသည်။ သူမ ထွက်လာပြီးနောက် အိမ်မပြန်ဘဲ ထိုအစား စူးချူနှင့် ကန်ကျင်းချန်အား အပြင်ထွက်ရန် ခေါ်လိုက်၏။