Chapter 100
Viewers 14k

Chapter 100 : ထမင်းတစ်နပ် လိုက်ကျွေးခြင်း 


စူးချူ၏ မျက်လုံးထဲတွင် ကျင်းယွင်ကျောင်းသည် လုံးဝ အိမ်တွင်းပုန်းတစ်ယောက်ဖြစ်သည်။ သူမသည် များသောအားဖြင့် စနေနေ့များတွင်သာ အချိန်တိတိကျကျ အိမ်က ထွက်သွားလေ့ရှိပြီး ပြန်ရောက်လာပြီးနောက် သူမ၏ အခန်းထဲတွင်သာ သော့ပိတ်၍ နေလေ့ရှိ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းက ယနေ့ သူတို့အား အပြင်ထွက်ရန် ခေါ်သည်မှာ တကယ်ပင် ရှားပါးသော ဖြစ်စဥ်ဖြစ်၍ စူးချူးက အများကြီးတွေးနေခြင်းမရှိဘဲ ၎င်းကို လက်ခံလိုက်သည်။ ကန်ကျင်းချန်က အနည်းငယ် တွန့်ဆုတ်နေသော်လည်း သူသည် စူးချူကို မနိုင်ပေ။ ထို့ကြောင့် သူသည် အဝတ်အစားလဲ၍ ထွက်လာလိုက်ရတော့သည်။


"ပြောင်ကျဲ၊ ဒီနေ့ နေက အနောက်ကများ ထွက်တာလား။ အစ်မ အိမ်မှာပဲ စာမလုပ်တော့ဘူးပေါ့"


စူးချူက ကျင်းယွင်ကျောင်း၏ လက်မောင်းအား မှီတွယ်လိုက်ရင်း သူမ၏ မျက်နှာက စိတ်လှုပ်ရှားမှုအပြည့်နှင့်။


"ကျွန်မတို့ ဘယ်သွားမှာလဲဟင်"


ကျင်းယွင်ကျောင်းက ပြုံး၍ ပြန်ဖြေလိုက်သည်။


"ငါ နင်တို့ကို ထမင်းတစ်နပ်လောက် လိုက်ကျွေးမလို့"


ထမင်းတစ်နပ်စားချိန်က မကြာသော်လည်း ချောင်ဟုန်ယဲ့ ငါးစာကို လာဟပ်သည်အား မြင်ရရန်ဖြစ်၏။


"ကျွန်မလည်း အခု ဗိုက်ဆာနေတာ။ ဒါဆို ကျွန်မ ကြက်သားစတူးနဲ့ ငါးကင်စားချင်တယ်။ ဟို လမ်းဘေးက ဆိုင်ကို သွားကြစို့။ အဲဒီက တကယ်စားကောင်းတာ"


စူးချူက အစားမက်သော မျက်နှာလေးဖြင့် ပြောလိုက်သည်။ ထို့နောက် လက်တစ်ဖက်က ကျင်းယွင်ကျောင်အား ချိတ်ထားပြီး ကျန်တစ်ဖက်က ကန်ကျင်းချန်အား ဆွဲကာ ထိုဆိုင်လေးဆီသို့ ပြေးသွားလေ၏။


သူတို့အား တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်ကို ခံစားလိုက်ရသော်လည်း ကျင်းယွင်ကျောင်းသည် မပြုံးမိဘဲ မနေနိုင်ချေ။ သူမသည် ခေါင်းလှည့်မကြည့်ဘဲ စူးချူ၏ နောက်သို့သာ လိုက်သွားလိုက်သည်။


"နင် ဘာလို့ ရုတ်တရက် ငါတို့ကို လိုက်ကျွေးဖို့ ဆုံးဖြတ်လိုက်တာတုန်း"


စားစရာများ မှာပြီးနောက် သူတို့သည် ထိုင်စောင့်နေကြ၏။ ကန်ကျင်းချန်၏ မျက်နှာက သံသယများ ပြည့်နေသည်။ သူသည် ကျင်းယွင်ကျောင်း၏ မျက်နှာက အနည်းငယ် ထူးခြားနေသကဲ့သို့ ခံစားလိုက်ရ၏။ အကယ်၍ ဤသည်မှာ ယခင်ကသာ ဖြစ်ပါက (သူ ကျင်းယွင်ကျောင်း၏ မကောင်းသော ကောလဟာလများကို ယုံကြည်နေသည့်အချိန်ကသာ ဆိုပါက) သူမ၌ ကောင်းသော ရည်ရွယ်ချက်မရှိဟု သူ ထင်မိလိမ့်မည်ပင်။


သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်က ပေါ်ထွက်လာသည့် ကောလာဟလများကြောင့် ကန်ကျင်းချန်သည် ထူးဆန်းသော အကြည့်များကို လက်ခံရရှိခဲ့ပြီး ဒေါသထွက်ခဲ့ရသည်။ ဤကဲ့သို့သော အခြေအနေမျိုး၌ သူမသည် အေးအေးချမ်းချမ်း စာလုပ်နိုင်သည်ဟုပင် သူက တွေးမိလိုက်၍ သူမသည် အမှန်တကယ် ထူးခြားဆန်းပြားသည့် သက်ရှိတစ်ဦးဖြစ်သည်ဟု ထင်မိလိုက်သေး၏။ သူ အထင်မကြီးဘဲ မနေနိုင်ချေ၊ အဘယ်ကြောင့်ဆိုသော် ထိုကောလာဟလများ စတင်ထွက်ပေါ်လာသည့်အချိန်မှစ၍ သူသည် စာသင်ချိန်များတွင် စာတစ်လုံးကိုမှမှတ်မရတော့သောကြောင့်ဖြစ်သည်။


"အခု ငါ နင်တို့အိမ်မှာနေတာ အချိန်အတော်ကြာနေပြီ၊ ဒါပေမယ့် နင်တို့နဲ့အတူ ထမင်းတစ်နပ်လောက် ကောင်းကောင်းမွန်မွန် တစ်ခါမှ မစားရသေးဘူးလေ။ ဒီတစ်နပ်ကို ငါတို့ရဲ့တွေ့ဆုံမှုအတွက် တရားဝင် ကျင်းပတာအဖြစ် မှတ်လိုက်လေ၊ ဘယ်လိုလဲ။"


ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်သည်။


ကျန်ကျင်းချန်က ပါးစပ်တွန့်လိုက်ရင်း ...


"နင်နဲ့ စူးချူနဲ့က အသက်တူတူပဲကို။ နင် ဘာလို့ အမြဲတမ်း တအား ဖော်မယ်ကျကျ (ယဥ်ကျေးသမှုနှင့်) ပြောနေတာတုန်း။ ကလေးတစ်ယောက်နဲ့ လုံးဝမတူဘူး။ ဒါပေမယ့် ငါ့အဖိုးနဲ့တော့ နည်းနည်းတူတယ်"


သူမ၏ စကားပြောပုံတင်သာ မဟုတ်ပေ။ သူမ၏ အမူအယာများနှင့် အကျင့်စရိုက်များကလည်း အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်နှင့် ချွတ်စွပ်နီးပါးတူနေ၏။ သူမက လုံးဝ ဒေါသမထွက်တတ်ပေ။


အကယ်၍ ကျင်းယွင်ကျောင်း၌ အသက်ဆယ့်ငါး၊ဆယ့်ခြောက်အရွယ် မျက်နှာလေးသာ မရှိပါက ကန်ကျင်းချန်သည် သူမအား လူကြီးတစ်ယောက်ကဲ့သို့ ဆက်ဆံမိပေလိမ့်မည်။


"ပြောင်ကော မှန်တယ်"


စူးချူက သူမ၏ တူများကို ဘမ်းခနဲ ရိုက်လိုက်သည်။


"ကန်ပြောင်ကျဲ၊ အစ်မကလေ မပြုံးတဲ့အချိန်မှာဆို ကြည့်ရတာ တအားကို အေးစက်နေရောပဲ။ ကျွန်မတို့ရဲ့ အတန်းဖော်တွေအားလုံးက အစ်မနဲ့သူတို့ကြားမှာ အကွာအဝေးတစ်ခု ရှိနေတယ်လို့ ခံစားရတယ်တဲ့။ ပြီးတော့ အစ်မက ပေါင်းရသင်းရခက်တဲ့ ပညာရေးမှူးလိုပဲ"


(T/N : ယွင်ကျောင်းက အဖိုးကန်ရဲ့ မွေးစားမြေးမို့လို့ မြေးအရင်းဖြစ်တဲ့ စူးချူနဲ့ကျတော့ မွေးစားအစ်မဝမ်းကွဲတော်ပါတယ် ၊ ဒါကြောင့် ကန်ပြောင်ကျဲ(မွေးစားအစ်မဝမ်းကွဲ)လို့ခေါ်တာပါနော်။ ဒီ [ကန်]က တစ်ခါပြောပြဖူးတဲ့ [မွေးစား]လို့ အဓိပ္ပါယ်ရတဲ့ ကန်ပါ၊ မျိုးရိုးနာမည်မဟုတ်ပါဘူးနော်။ အသံထွက်တူတာပါ။)


ကျင်းယွင်ကျောင်းက ပါးစပ်တွန့်လိုက်သည်။ ပညာရေးမှူးလား။ ထို သူတို့၏ ပညာရေးမှူးသည် ခက်ထန်၍ စကားများများ မပြောသော်လည်း ကျောင်းသားများအား မည်သို့ကိုင်တွယ်ရမည်မှန်း သိသည်။ ဘယ်လိုပဲ ကြည့်ကြည့် သူတို့က မတူဘူး မဟုတ်ဘူးလား။


"ပညာရေးမှူး ငယ်ငယ်တုန်းက နင်ထက်တော့ နည်းနည်းပိုပြီး ရုပ်ဆိုးမှာ သေချာတယ်"


ကန်ကျင်းချန်က ထပ်ပြောလိုက်သည်။


စူးချူက ထိုစကားအား ကြားသောအခါ စားပွဲခုံကိုရိုက်၍ ကျယ်လောင်စွာ ရယ်မောလိုက်၏။


"ဟုတ်တယ်၊ ဟုတ်တယ်။ ကောင်းတာတစ်ခုက ပြောင်ကျဲက လှတာပဲ။ အဲလိုမှမဟုတ်ရင် ပညာရေးမှူးက အစ်မရဲ့အနာဂတ် ဖြစ်လာလိမ့်မယ်။ အစ်မ လှလှပပ ဝတ်စားပြင်ဆင်ဖို့ သင်ယူသင့်တယ်။ အစ်မက ဒီလောက် အခြေအနေကောင်းတွေနဲ့ မွေးဖွားလာတာကို ဘာလို့များ မပြင်ဆင်ရတာတုန်း။ အစ်မက အစ်မရဲ့ပုံစံကို ဂရုမစိုက်လို့သာ မဟုတ်ရင် ကျောင်းရဲ့အလှအပ အဆင့်သတ်မှတ်ချက် ထိပ်ဆုံးနေရာက အစ်မအတွက်ပဲဆိုတာ သံသယဝင်စရာတောင် မလိုဘူး"


ကျင်းယွင်ကျောင်းက မျက်လုံးပြူးပြလိုက်ပြီး ...


"နင်တို့နှစ်ယောက် ငါ့ကို ဝေဖန်နေကြတာလား"


"ဟီးဟီး၊ ဒါက ရှားရှားပါးပါး အခွင့်အရေးမို့လို့ပါ။ ကျွန်မရဲ့ အတန်းဖော်တွေရဲ့အမြင်တွေကို အစ်မကို ပြောပြရုံပါနော်။ ပြောင်ကျဲ၊ အစ်မ ပြောင်းလဲမယ် မဟုတ်လား။ အစ်မ ပိုပြီးတော့ သိမ်မွေ့မယ်၊ ပိုပြီးတော့ ပြုံးမယ်၊ အဲဒါဆို ပိုပြီးတော့ ချစ်စရာကောင်းလာမယ် မဟုတ်လား"


စူးချူက မျက်လုံးမှေးကာ နောက်ပြောင်လိုက်သည်။


ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးညွတ်သွား၏။ သူမက ခဏကြာအောင် တိတ်နေပြီးနောက် ပြောလာ၏။


"အဲ့ဟာကို ငါ တကယ် ဘယ်လိုမှန်းမသိတာ"


အခြားသူများနှင့် သူမ၏ ကြား၌ ထားသော အကွာအဝေးသည် သူမ၏ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်မှုကြောင့် မဟုတ်သော်လည်း ယခင်ဘဝ၏ ထိုနှစ်ကာလများကို ဖြတ်သန်းခဲ့ရပြီးနောက် သူမကိုယ်သူမ မသိစိတ်အလျောက် ကာကွယ်နေမိခြင်းဖြစ်သည်။ သူမ၏ကိုယ်ကျင့်သိက္ခာကောင်းမွန်မှုဟု ခေါ်မည့်အစား သူမ၏ ဂရုစိုက်၍ သတိကြီးမှုဟုခေါ်ပါက ပို၍ တိကျရှင်းလင်းပေသည်။ ပြန်လည်မမွေးဖွားခင်က သူမ၏ အကျင့်စရိုက်သည် အလွန့်အလွန် နှိမ့်ချတတ်၏။ ထို့ကြောင့် ယခုအချိန်၌ ထိုအရိုးစွဲနေသော အမူအကျင့်များကို ထိန်းချုပ်ရခက်နေခြင်း ဖြစ်သည်။ အကယ်၍ သူမသာ ရုတ်တရက် ချစ်စရာကောင်း၍ ကြင်နာတတ်သောသူအဖြစ် ပြောင်းသွားပါက အခြားသူများက ထိတ်လန့်ကြောက်ရွံ့သွားကြလိမ့်မည်လား။