Chapter 101 : ဆံပင်အဝါနဲ့ယောက်ျား
စူးချူက နှုတ်ခမ်းစူလိုက်ပြီး သူမ၏ မျက်လုံးများ၌ မကျေနပ်မှုများ ပြည့်နေသည်။ သို့ရာတွင် ကျင်းယွင်ကျောင်း၏ အေးစက်သော စိတ်ထားကို မြင်ပြီးနောက် သူမ၏ ငယ်ရွယ်သော နှလုံးသားလေးက တစ်ဖန်ဆွဲဆောင်ခံလိုက်ရပြန်ပြီး ကျင်းယွင်ကျောင်းထံတွင် တစ်ဖန်ပြန်၍ ပိတ်မိသွားပြန်၏။ သူတို့၏ အမူအကျင့်များသည် သွေးသားရင်းညီအစ်မများကဲ့သို့ပင်။
ဤဆိုင်လေးတွင် ဧည့်သည်များစွာမရှိသောကြောင့် အစားအသောက်များက ခပ်မြန်မြန်ပင် ရောက်လာပြီး မကြာမီမှာပင် သူတို့၏ အစားအသောက်များကို စတင်စားသောက်ကြတော့သည်။ ကျင်းယွင်ကျောင်း၏ ထိုင်ခုံနေရာသည် အနည်းငယ် ကောင်းမွန်၍ အပေါ်စီးမှ တစ်ချက်ကြည့်ရုံနှင့်ပင် သူမသည် ဝင်ပေါက်၏ အနီးအနားပတ်ဝန်းကျင်မှ အခြေအနေကို လွယ်ကူစွာ စစ်ဆေးကြည့်ရှုနိုင်၏။
မိနစ်သုံးဆယ်နီးပါးကြာအောင် စောင့်နေပြီးနောက် ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့၏ အရိပ်အခြည်ကို မမြင်ရသေးပေ။ သူမသည် အခြေအနေအား လွဲမှားကောက်ချက်ချမိပြီဟုပင် ထင်လာမိ၏။
ထိုအချိန်မှာပင် စီးကရက်သောက်နေသော အမျိုးသားတစ်ယောက် ပေါ်ထွက်လာရာ မှတ်ဉာဏ်တစ်ခုက သူမ၏စိတ် အပေါ်ယံမျက်နှာပြင်အား ရိုက်ချိုး၍ ထွက်ပေါ်လာသကဲ့သို့ သူမ၏ စိတ်ထဲ၌ ဆတ်ခနဲ နာကျင်မှုတစ်ခုက ရုတ်ချည်း ဖြတ်ပြေးသွားလေသည်။ သူမသည် အသွေးအသားထဲမှ တုန်လှုပ်သွား၏။
(T/N: ရုတ်တရက်ကြီး ခေါင်းထဲမှာ တစ်ခုခုကို ပြန်ပြီးသတိရသွားလို့ ခေါင်းကိုက်သွားပေမယ့် ဟန်မပျက် ဒီအတိုင်း ဆက်နေလိုက်တဲ့ သဘောပါ)
"ဘာဖြစ်လို့လဲ"
စူးချူက သင်္ကာမကင်းဖြစ်သွားပြီး ခေါင်းမော့ကာ သူမအား ကြည့်လာသည်။ ကျင်းယွင်ကျောင်း၏ ကြောက်စရာကောင်းနေသော အသားအရောင်က သူမအား ရင်ဆောင့်ခုန်သွားစေပြီး သူမအား ထိန်းပေးရန် ခပ်မြန်မြန်ပင် ထလာ၏။
"ပြောင်ကျဲ၊ အစ်မရဲ့မျက်နှာက တကယ်ကို ဖျော့တော့နေတာပဲ။ နေမကောင်းဘူးလားဟင်"
သူမ၏ မျက်နှာကသာ ဖြူဖျော့နေသည်မဟုတ်ဘဲ သူမ၏ ငေးစိုက်ကြည့်နေသော အကြည့်များကလည်း လူသတ်ချင်နေသည့်အလားပင်။ နူးညံ့သိမ်မွေ့သူ စူးချူအား ကျင်းယွင်ကျောင်း၏ မျက်နှာထားက ကြောက်ရွံ့သွားစေသည်မှာ သဘာဝပင်။
ကျင်းယွင်ကျောင်းက သူမ၏ ခြောက်သွေ့နေသော ပါးစပ်ကို ဖွင့်လိုက်သည်။
"ငါ ရင်းနှီးနေတဲ့ လူတစ်ယောက်ကို မြင်လိုက်လို့"
"ရင်းနှီးတဲ့သူ၊ သူငယ်ချင်းလား"
သိပ်များများစားစား မစဥ်းစားဘဲ ကန်ကျင်းချန်က မေးလိုက်၏။
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက တွန့်သွားပြီး ရက်စက်သည့် အငွေ့အသက်များ သယ်ဆောင်လာသည့် အပြုံးတစ်ခုကို ပြုံးလိုက်ကာ ထိုနှစ်ယောက်အား ပြောလိုက်သည်။
"ကျင်းချန်၊ ချူချူ၊ နင်တို့နှစ်ယောက် ငါ့ကို ခဏလောက် စောင့်နေကြဦး။ တစ်ခုခုဖြစ်လည်း ငါ မကြာခင် ပြန်လာခဲ့မယ်"
"မဟုတ်ဘူး။ ငါ အခု နင့်ရဲ့အခြေအနေက သက်တောင့်သက်သာ ရှိတယ်လို့ မခံစားရဘူး။ ငါ နင်နဲ့ လိုက်ခဲ့မယ်။ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မှာ မဟုတ်လား။ ငါတို့နှစ်ယောက် နင့်နောက်က လိုက်ခဲ့မယ်။ ငါတို့ နင့်ကို မျက်နှာမပျက်စေရပါဘူး"
ကန်ကျင်းချန်က တုံ့ပြန်လိုက်သည်။
(T/N: သူတို့နှစ်ယောက် တူတူလိုက်လာလို့ ကျင်းယွင်ကျောင်းကို အရှက်မရစေပါဘူးလို့ ပြောတာပါ။)
သူတို့၏ စိုးရိမ်ပူပန်နေသော အကြည့်များကို မြင်သောအခါ ကျင်းယွင်ကျောင်းသည် ကြက်သေသေသွား၍ သူမ၏ နှလုံးသားလေးကလည်း အနည်းငယ် နူးညံ့သွား၏။ သူမက ထိုအကြောင်းကို စဥ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဒါက.....ကောင်းပါပြီ"
သူမသည် ယနေ့ လွတ်မြောက်နေသည့် အတိတ်ဘဝက လမ်းသရဲလေး၏ အမည်ကို သတိရသွား၏။
ကောင်းရှင်း။
သူမ၏ ယခင်ဘဝတွင် ကောင်းရှင်းသည် လွတ်မြောက်သွားခဲ့သည်။ သူမသည် တစ်ဖက်လူ၏ မျက်နှာအစိတ်အပိုင်းများကို မှတ်မိလျှင်တောင်မှ ကောင်းရှင်း၏ မျက်နှာသည် သာမန်ဆန်လွန်းပြီး မေ့ပျောက်လွယ်သည်ဖြစ်ရာ ရှင်းရှင်းလင်းလင်း မမှတ်မိမည်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေခဲ့၏။ ထို့အပြင် သူမ ရဲများကို ခေါ်လျှင်တောင်မှ သူမ၏ အခြေအနေများကို သူတို့အား မည်သို့ရှင်းပြရမည်ကို မသိသောကြောင့် အခြားလမ်းသရဲများသည် အဖမ်းမခံရပေ။ ထို့ကြောင့် ဆန့်ကျင်ဘက်အနေနှင့် သူမသည် ကျောင်းထွက်ခဲ့ရပြီး အိမ်ပြန်ခဲ့ရကာ ၎င်းက ချောင်မိသားစုအတွက် ငွေရှာပေးရသူတစ်ယောက်ဖြစ်ခဲ့ရသည်၊ ဒါက သူမ၏ ဘဝအစပင်။
ထို့နောက် ကောင်းရှင်းသည် အချိန်အတော်ကြာအောင် သူမ၏ ရှေ့တွင် ပေါ်မလာခဲ့ပေ။ သို့ရာတွင် အတိတ်ဘဝ၌ သူမ ချောင်ဝေ့မင်အား သတ်လိုက်သောအချိန်တွင် ချောင်ဟုန်ယဲ့နှင့် ယောက်ျားတစ်ယောက်သည် တံခါးဖျက်၍ ဝင်လာခဲ့သည်။
ချောင်ဟုန်ယဲ့က ကျင်းယွင်ကျောင်းသည် ပထွေးဖြစ်သူအား မြူဆွယ်သည့် မြေခွေးမတစ်ယောက်ဖြစ်ကြောင်း ထပ်ခါထပ်ခါ ပြောခဲ့၏။ အခြားတစ်ဖက်တွင် သူမသည် ထိုယောက်ျားအား သူမ၏ အဖေကို အမြန်ကယ်ရန် ပြောခဲ့သည်။ ထိုအချိန်၌ တစ်ဖက်လူ၏ ခန္ဓာကိုယ်က သူမ၏ မြင်ကွင်းအား ပိတ်နေခဲ့ပြီး ချောင်ဝေ့မင်၏ နောက်ဆုံးထွက်သက်အခိုက်အတန့်အား သူမ အမှန်အကယ်ပင် သက်သေမပြုနိုင်ခဲ့ပေ။
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လူသတ်ပြီးနောက် သူမသည် ထူးထူးခြားခြား စိတ်လွတ်သွားခဲ့သဖြင့် ဤလူနှစ်ယောက်က ဤသည်မှာ လူသတ်မှုတစ်ခုဖြစ်ကြောင်း ဆုံးဖြတ်ပစ်ခဲ့သည်။ ထိုအချိန်က ပေါ်လာသော ယောက်ျားမှာ အမှန်တကယ်ပင် ကောင်းရှင်းဖြစ်၏။ ထိုအချိန်က သူ၏ ပုံပန်းသွင်ပြင်မှာ သပ်ရပ်ပြီး စနစ်ကျနေသည်။ အနောက်တိုင်းဝတ်စုံတစ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်များကလည်း ထူထဲနက်မှောင်နေရာ သူမသည် သူ့အား လွန်ခဲ့သည့် နှစ်များက လမ်းသရဲနှင့် လုံးဝတွဲ၍ မမြင်နိုင်ခဲ့ပေ။
သို့ရာတွင် ယခုအချိန်၌ သူတို့သည် အကွာအဝေးတစ်ခု အတော်လေး ကွာခြားနေလျှင်တောင်မှ သူမသည် သူ၏ ကောက်ကြောင်းမှတဆင့် သူဖြစ်ကြောင်း ပြောနိုင်၏။ တစ်ဖန် ထိုရွှေအိုရောင်ဆံပင် ထူထူပွပွများအား ကြည့်ရင်း ပုံစံနှစ်ခုသည် တစ်ချိန်တည်းမှာပင် အတူတကွ ပေါင်းစပ်သွားသည်။
အကယ်၍ ယခင်ဘဝ၌ ချောင်ဟုန်ယဲ့မှ လွဲ၍ သူမ အမုန်းဆုံးသူအား နာမည်ပြောပြပါဆိုပါက ဤကောင်းရှင်းပင်ဖြစ်၏။ တစ်ဖက်ကလည်း အဘယ်ကြောင့် သူမအား သူစိမ်းတစ်ယောက်က ဒုက္ခပေးချင်နေမှန်း ထိုအချိန်က သူမ နားမလည်ခဲ့သောကြောင့်ပင်။ သူက သူမသည် ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် လူသတ်ခဲ့ကြောင်းကို ရှင်းရှင်းလင်းလင်းသိသော်လည်း သူသည် တရားရုံး၌ သက်သေတစ်ယောက်အဖြစ် ချောင်ဝေ့မင်အား ကာကွယ်ချင်နေဆဲပင်။
အခြားတစ်ဖက်တွင်လည်း သူမ ထောင်ကျနေခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမ လုံးဝနားမလည်နိုင်သည့် ကိစ္စများစွာ ရှိနေဆဲ။
ထိုအချိန်အတောအတွင်းတွင် သူမသည် ချောင်ဝေ့မင်၏ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများစွာကို ခံစားခဲ့ရသောကြောင့် သူမသည် ဓါးမြှောင်တစ်ချောင်းကို ဝယ်ခဲ့ပြီး သူမကိုယ်သူမ ကာကွယ်ရန်အတွက် သူမ၏ အိပ်ယာဘေး စားပွဲတွင် သိမ်းထားခဲဲ့သည်။ သို့မှသာ တစ်ခုခု ဖြစ်လာပါက သူမသည် ချောင်ဝေ့မင်အား ခြောက်လှန့်ရန် ၎င်းကို သုံးနိုင်မည်ဖြစ်၏၊ အမှန်တကယ်ပင် ထိုအချိန်က သူမသည် လူမသတ်ချင်ခဲ့ပေ။ ထို့ကြောင့်လည်း ချောင်ဝေ့မင်က သူမသည် လူသတ်နိုင်လိမ့်မည် မဟုတ်ဟု အသေအချာ ထင်မြင်ခဲ့၍ ချောင်ပိတ် ဖိအားပေးခဲ့ခြင်းဖြစ်ရာ သူမက သူ၏ နှလုံးသားထဲသို့ ဓါးဖြင့် တည့်တည့် ထိုးခဲ့သည်။
သို့ရာတွင် သူမ၏ အတိတ်ဘဝနှင့် လက်ရှိဘဝ၏ ခွန်အားမှာ ကွာခြားလှ၏။ ထိုအချိန်က သူမသည် နှစ်ပေါင်းများစွာ အာဟာရချို့တဲ့ခဲ့၍ သူမ၏ ခန္ဓာကိုယ်က အမြဲတမ်း အားနည်းနေခဲ့သည်။ လူတစ်ယောက်အား တစ်ချက်တိုက်ခိုက်ရုံနှင့် အသက်ပါနှုတ်ယူနိုင်သည်မှာ မဖြစ်နိုင်ပေ။ အထူးသဖြင့် သူမ ဓါးနှင့်ထိုးပြီးနောက် ချောင်ဝေ့မင်က အသက်ရှင်နေသေးသည်မှာ သိသာ၏။ မမျှော်လင့်ဘဲ ကောင်းရှင်းက ကယ်သောအခါတွင်မှ ချောင်ဝေ့မင် သေသွားသည်။
ဤအခြေအနေက သူမအား အချိန်အတော်ကြာအောင် သံသယဖြစ်စေခဲ့သော်လည်း ထို့နောက်တွင် သူမ၏ အသက်ရှင်ချင်စိတ်က ပျောက်ဆုံးနေခဲ့ပြီဖြစ်၏။ သူမ တွေးသောအခါတိုင်း အမြဲတမ်း အိပ်မက်နေသကဲ့သို့သာ ထင်ခဲ့၍ အမြဲ ခေါင်းရှုပ်ခဲ့ရသည်။ သူမ သေသည့်အချိန်အထိပင် သူမ၏ သံသယများကို မဖြေရှင်းနိုင်သေးပေ။