102
Viewers 14k

Chapter 102 : ရေခရားထဲရှိ လိပ်ကို ဖမ်းရန်


ဘဝသက်တမ်းတစ်ခုစာ နေထိုင်ခဲ့ပြီးနောက်၌ပင် ကျင်းယွင်ကျောင်း၌ ဤကိစ္စနှင့်ပတ်သတ်၍ သံသယအချို့ ကျန်ရှိနေသေးသည်။ သို့သော် ယခုအချိန်တွင် သူမသည် သူမ၏ သံသယစိတ်များက ယခင်ကထက်ပို၍ ခိုင်မာလာသည်ဟု ခံစားနေရ၏။ စင်စစ် ယခုအချိန်၌ သူမသည် ဆေးပညာကို လေ့လာနေသည်ဖြစ်ရာ သူမ ကျရောက်ခဲ့သည့် သေရေးရှင်ရေးတမျှ အရေးကြီးသော အခြေအနေတွင် သူမသည် တစ်စုံတစ်ယောက်အား သတ်နိုင်မည်မဟုတ်ဟု ခိုင်ခိုင်မာမာ ယုံကြည်သည်။ ချောင်ဝေ့မင် သေရသည့်အကြောင်းအရင်းက ကောင်းရှင်းကြောင့်ဆိုသည်မှာ အသေအချာပင်။ အဆုံး၌ အပြစ်အား သူမအပေါ် လွှဲချခဲ့ကြသည်။ ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့က ကောင်းရှင်း၏ လုပ်ရပ်အား သိသလားဆိုသည်ကိုတော့ မသေချာပေ။


ယခုအချိန်တွင် သူတို့သုံးယောက်သည် ကျသင့်ငွေကို ပေးချေ၍ ကျင်းယွင်ကျောင်း၏ နောက်သို့ အမြန်လိုက်သွားကာ တိုက်ခန်းအိမ်ရာလေး (ဝမ်ရှင်းဟွားယွမ့်) ဆီသို့ ပြန်သွားကြသည်။ သို့သော် သူတို့ ခြေလှမ်းအနည်းငယ်ပဲ လှမ်းရသေးချိန်တွင် ကျင်းယွင်ကျောင်းသည် သူတို့အား နောက်ယောင်ခံလိုက်နေသည့် ချောင်ဟုန်ယဲ့ ပုန်းနေသည်အား မြင်လိုက်ရ၏။


"ချူချူ၊ အရှေ့ပေါက်ကနေ သွားကြစို့"


ကျင်းယွင်ကျောင်းက စူးချူကို ဆွဲ၍ ဝင်ပေါက်ဆီသို့ ဦးတည်လိုက်သည်။


ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့ သူတို့အား စောင့်မကြည့်နိုင်တာ သေချာစေရန် ရည်ရွယ်ချက်ရှိရှိ မှောင်ရိပ်ထဲမှ လမ်းလျှောက်လိုက်၏။ သို့ရာတွင် ချောင်ဟုန်ယဲ့သည်လည်း အချဥ်တစ်ယောက် မဟုတ်ရာ သူမ၌ အမှားအယွင်းမရှိခဲ့ပေ။ အကယ်၍ ကျင်းယွင်ကျောင်းသည်သာ နိုးနိုးကြားကြားမရှိဘဲ သူမအား သတိဖြင့် ဆက်၍ စောင့်ကြပ်မနေပါက သူမ၏ တည်နေရာကို သေချာပေါက် သတိပြုမည်လိမ့်မည် မဟုတ်ပေ။


သုံးယောက်သား တိုက်ခန်းအိမ်ရာလေးထဲသို့ အရှေ့ဘက်ဝင်ပေါက်မှ ဖြတ်၍ ဝင်သွားလိုက်သည်။ အပေါ်မော့ကြည့်လိုက်ရာ သူတို့၏ အခန်းအတွင်းမှ မီးမှိန်မှိန်လေး လင်းနေသည်ကို သုံးယောက််လုံး မြင်လိုက်ကြရ၏။


"ပြောင်ကော..ကျွန်မတို့အိမ်ထဲကို ဓါးပြတစ်ယောက် ဝင်နေတာလား"


စူးချူက ချက်ချင်းပင် ထိတ်ပျာသွားသည်။ ဤဓါးပြသည် အမှန်တကယ်ပင် ရဲတင်းလှ၏၊ သူတို့ ထွက်သွားသည်မှာ အချိန်ခဏလေးသာ ကြာသေးသော်လည်း လုယက်မှု ကျူးလွန်ရန်အတွက် သူတို့၏ တိုက်ခန်းအား ဖျက်ဝင်ရန် သတ္တိရှိလှသည်။


"ချူချူ၊ အိမ်ရာစီမံခန့်ခွဲရေးကို သွားရှာကြည့်ရအောင်"


ကန်ကျင်းချန်သည် စိတ်လိုက်မာန်ပါလုပ်တတ်သော အရူးတစ်ယောက် မဟုတ်ရာ သူသည် အလောတကြီး မစဥ်းစားခဲ့။


သူတို့၏ အိမ်တွင် ပိုက်ဆံအနည်းငယ်ရှိလျှင်တောင် သူနှင့် ချူချူသည် ကလေးအရွယ်သာရှိသေး၏။ သူတို့၏ ပိုင်ဆိုင်မှုများ အားလုံးကို ပေါင်းလိုက်ပါက ယွမ်ထောင်ဂဏန်း အနည်းငယ်သာ ရှိပေသည်။


"ချူချူ၊ နင် ချောင်ဟုန်ယဲ့ကို သိတယ်မဟုတ်လား"


ကျင်းယွင်ကျောင်းက မေးလိုက်၏။


"ကျွန်မ သူ့ကို တွေ့ဖူးတယ်။ ဒါပေမယ့် သူ့ကို သိတယ်လို့တော့ တကယ်ကြီး မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲ"


ကျင်းယွင်ကျောင်း၏ စကားခေါင်းစဥ်က အဆက်အစပ်မရှိ ထွက်ပေါ်လာသည်ကို မြင်လိုက်ရာ စူးချူသည် အနည်းငယ် ရှုပ်ထွေးသွားသည်။


"ချောင်ဟုန်ယဲ့ ကလည်း ကြံရာပါနဲ့တူတယ်။ အခု သူက ငါတို့တိုက်ခန်းအိမ်ရာနဲ့ မျက်နှာချင်းဆိုင်က သုံးခုမြောက် လမ်းကြားထဲမှာ ငါတို့ကို စောင့်ကြည့်နေတယ်။ တကယ်လို့ နင်တို့ အိမ်ရာစီမံခန့်ခွဲရေးကို ဖုန်းဆက်ခေါ်လိုက်ရင် သူက ချက်ချင်း သိသွားလိမ့်မယ်။ ဒါဆိုရင် သူက အထဲမှာရှိတဲ့ ဓါးပြကို လွတ်သွားအောင် အကြောင်းကြားလိမ့်မယ်၊ အဲဒီအချိန်ကျရင် ငါတို့လည်း တရားခံကို မဖမ်းနိုင်မှာ အသေအချာပဲ။ ငါပြောတာကို နားထောင်ပြီး နင်တို့နှစ်ယောက်က ချောင်ဟုန်ယဲ့ကို အချိန်ဆွဲထားဖို့၊ ပြီးရင် နင်တို့က သူ့ကို ရင်းနှီးနေတဲ့သူတစ်ယောက်ကို မှတ်မိသွားတဲ့ပုံ ဟန်ဆောင်ရမယ်။ ဒါက သူ ဓါးပြဆီကို သတင်းပို့တာကို တားနိုင်လိမ့်မယ်။ ငါက ဒီဘက်ကနေ ဓါးပြကို စောင့်ကြည့်နေပြီး ရဲတွေအလာကို စောင့်နေမယ်"


ကျင်းယွင်ကျောင်းက ညွှန်ကြားလိုက်သည်။


သူမ စကားဆုံးသောအခါ စူးချူသည် အလွန်အံ့သြသွား၏။


"ချောင်ဟုန်ယဲ့က ကြံရာပါလား။ မဖြစ်နိုင်ပါဘူး"


သူမသည် ချောင်ဟုန်ယဲ့နှင့် အဆက်အဆံများစွာ မရှိလျှင်တောင်မှ အခြားကျောင်းသားများအားလုံးက သူမသည် အလွန်သိမ်မွေ့သူဟု ဆိုကြ၏။ သူမက ဘယ်လိုလုပ် ကြံရာပါဖြစ်နိုင်မည်နည်း။


ကျင်းယွင်ကျောင်းက ဤနှစ်ယောက်သည် သူမအား မယုံကြမှန်းသိသောကြောင့် သူတို့အား ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်သည်။


"ခုနက ငါမြင်လိုက်တဲ့သူက ကောင်းရှင်းလို့ခေါ်တယ်။ သူက လမ်းသရဲတစ်ယောက်ပဲ။ အရင်တုန်းက ငါ့ကို လူတစ်စုက ကျောင်းပေါက်ဝမှာ ပိတ်ပြီး နှောက်ယှက်ဖို့ ကြိုးစားတာကို မှတ်မိတယ် မဟုတ်လား။ သူတို့ ခြောက်ယောက်မှာ ငါးယောက်ကိုတော့ ဖမ်းပြီးပြီ၊ ကောင်းရှင်းက အဲဒီလမ်းသရဲအုပ်စုရဲ့ ခေါင်းဆောင်ပဲ၊ သူကတော့ လွတ်သွားတယ်"


ထိုစကားများက စူးချူအား ပို၍ပင် ထိတ်လန့်အံ့သြစေသည်။


ချောင်ဟုန်ယဲ့က ဤကဲ့သို့သော လူမျိုးမှန်း သူမ တစ်ခုမှ မထင်ခဲ့ပေ။


စူးချူသည် ချောင်ဟုန်ယဲ့အား သဘောကျနှစ်သက်သည့် ထင်မြင်ချက်တစ်ခုမှ မရှိသော်လည်း သူမအပေါ် မကျေနပ်ချက်မရှိသလို မုန်းတီးမှုလည်း မရှိပေ။ ထို့ကြောင့် သူမသည် ချောင်ဟုန်ယဲ့အား အမှန်တကယ် စိတ်ဝင်စားမှုမရှိခဲ့ခြင်းပင်။ သို့ရာတွင် နှိမ့်ချတတ်သော မိသားစုတစ်ခုမှလာသည့် မိန်းမလှလေး၏ မျက်နှာဖုံးအောက်တွင် ဤကဲ့သို့ သူတစ်ပါးအပေါ် ယုတ်မာစွာကြံစည်တတ်သော အကြံများနှင့်ပြည့်နေသည့် မိန်းကလေးတစ်ယောက်ရှိနေခြင်းက စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေသေးသည်။


"နင် ဆိုလိုတာက ချောင်ဟုန်ယဲ့က နင့်ကို အဲဒီလမ်းသရဲတွေ လိုက်နှောင်ယှက်အောင် နောက်ကွယ်ကနေ ကြိုးကိုင်ညွှန်ကြားခဲ့တဲ့သူပေါ့"


ကန်ကျင်းချန်သည်လည်း သူ၏ စကားလုံးများက အထက်အောက် ပြောင်းပြန်ဖြစ်နေသလို ခံစားလိုက်ရ၏။


သူနှင့် ချောင်ဟုန်ယဲ့သည် ကျောင်းကောင်စီ အဖွဲ့ဝင်များဖြစ်ကြသောကြောင့် များသောအားဖြင့် အချင်းချင်း မကြာခဏ အပြန်အလှန် အဆက်အဆံရှိကြသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် ချောင်ဟုန်ယဲ့အား တကယ်ပင် မနှစ်သက်ချေ။ သူသည် အမြဲတမ်း သူမနှင့်ပတ်သတ်၍ ဆိုးဝါးသော ခံစားချက်ရှိ၏။ သူမ၏ အမူအယာများသည် သူ့အား မကြာခဏ စိတ်မသက်မသာဖြစ်စေသောကြောင့် သူသည် အမြဲတမ်း သူကိုယ်တိုင် သူမနှင့် အကွာအဝေးတစ်ခုခြား၍ နေခဲ့ခြင်းဖြစ်သည်။ သူသည် သူမနှင့် အမြဲ ပူးပူးကပ်ကပ်နေသည့် အခြားသူများကိုလည်း ဘယ်တော့မှ မနှစ်သက်ခဲ့ချေ။


"အမှန်ပဲ၊ ငါ့ကို လမ်းသရဲတွေနဲ့ နှောက်ယှက်တဲ့အပြင် ဒီတစ်ကြိမ် ကောလဟာလတွေကလည်း သူ့ဆီကနေ စတာပဲ"


ကျင်းယွင်ကျောင်းက သူတို့အား အမှန်အတိုင်း ပြောပြလိုက်၏။


"ဒါပေမယ့်....သူက ဘာလို့ ငါတို့ဆီကနေ တစ်ယောက်ယောက်ကို ပစ္စည်းခိုးခိုင်းဖို့ လိုတာလဲ။ အဲလိုလုပ်လို့ သူ့မှာ ဘာကောင်းကျိုးမှ မရှိဘူး မဟုတ်လား"


စူးချူက နားမလည်နိုင်တော့ပေ။


"အမှန်က ဒီလိုပါ၊ ငါ့လက်ထဲမှာ ပိုက်ဆံပမာဏ တော်တော်များများတန်တဲ့ ဂျင်ဆင်းမြစ်တစ်ခုရှိတာကို မကြာသေးခင်က သူသိသွားတယ်။ ဒီနေ့မနက်က ငါ သူ ဒီနားပတ်ဝန်းကျင်မှာ ထောက်လှမ်းနေတာကို မြင်ခဲ့တယ်၊ ဒါကြောင့် ငါ နင်တို့ကို ဒီနေ့ည ညစာစားဖို့ ခေါ်ထုတ်လာတာ။ ပြိုင်ဘက်က ကိုယ့်ကို အံသြအောင် ရုတ်တရက်ထလုပ်တာကို စောင့်နေတာထက်စာရင် သူတို့ ရာဇဝတ်မှုကျူးလွန်နေတာကို ဖမ်းဖို့ အခွင့်အရေးတစ်ခု ဖန်တီးလိုက်တာက ပိုမြန်တယ်။ ငါ အများကြီး တောင်းပန်ပါတယ်။ တကယ်တော့ ဒီတစ်ကြိမ် နင်တို့ကို ညစာလိုက်ကျွေးတာ ဒီကွယ်ဝှက်ထားတဲ့ မျှားခေါ်မှုတွေနဲ့ ရောသွားတယ်"