Chapter 103 : မရိုးသားသော ဆွေမျိုးများ
ကျင်းယွင်ကျောင်းသည် အပြစ်ရှိစိတ်မကင်းသော အားနာနေသည့် အမူအယာဖြင့် ရှိနေ၏။ ကန်ကျင်းချန်သည် ပါးစပ်ဖွင့်လိုက်သော်လည်း ဘာစကားမှ ထွက်မလာချေ။ ယနေ့ ညစာစားချိန်၌ သူ မသက်မသာခံစားနေရသည်မှာ မဆန်းတော့ပေ။ ကျင်းယွင်ကျောင်းသည် ယနေ့ည ညစာစားချိန်၌ လွန်စွာ မတုန်မလှုပ်ဖြစ်နေခြင်းမှာ အမှန်တကယ်ပင် သူမ၏ စိတ်ထဲတွင် သူတို့အား အခြေအနေကို ဖုံးကွယ်ထားရခြင်းကြောင့် ဖြစ်သည်။
သူသည် ထိုမျှလောက်သော ကိစ္စသေးသေးမွှားမွှားလေးကြောင့် သူမအား ဒေါသထွက်နေခြင်း လုံးဝမဟုတ်ဘဲ သူမ၏ ခံနိုင်ရည်စွမ်း အနည်းငယ်ကြီးလွန်းသည်ကိုသာ အံသြနေခြင်းဖြစ်၏။
ထောင်ချောက်ဆင်သော အခြေအနေအား အလွယ်တကူပြုလုပ်နိုင်ခဲ့သော်လည်း တစ်ဖက်လူမှာ လမ်းသရဲအုပ်စု၏ ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ သူ ပတ်သတ်လိုသူ (သွားရှုပ်ချင်သောသူ) မဟုတ်သည်ကတော့ အသေအချာပင်။
သူမ၏ အကြံဥာဏ် မဆိုးသည်ကသာ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ အာဏာပိုင်များ ပါဝင်ပတ်သတ်ခြင်းဖြင့် သူတို့၏ လုံခြုံရေးက စိတ်ချသေချာလိမ့်မည်။ ထိုနည်းလမ်းဖြင့် သူတို့သည် သူတို့၏ အနာဂတ်ကို လုံခြုံစိတ်ချစေနိုင်၍ လမ်းသရဲများ သူတို့၏ အိမ်ကို ဖောက်ထွင်းဝင်ရောက်၍ သူတို့အား လုယက်မည်အား အမြဲသတိရှိနေရမည့်အရေးကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။
ကန်ကျင်းချန်နှင့် စူးချူ နှစ်ဦးစလုံးသည် ကျင်းယွင်ကျောင်း၏ အကြံဥာဏ်ကိုသာ လိုက်နာရ၍ တိုက်ခန်းအိမ်ရာမှ ထွက်လာကာ အိမ်ရာကို ပတ်၍ လမ်းလျှောက်လာပြီး လမ်းကြားလေးကို ဖြတ်ပြီး ချောင်ဟုန်ယဲ့၏ နောက်သို့ ရောက်လာကြ၏။
ချောင်ဟုန်ယဲ့၏ ပတ်ဝန်းကျင်အား စိုးရိမ်တကြီးဖြစ်နေသော အမူအယာကို မြင်ရခြင်းက စူးချူနှင့် ကန်ကျင်းချန်အား ကျင်းယွင်ကျောင်း၏ စကားများကို ပို၍ပင် ယုံကြည်လာစေသည်။ သူတို့၏ နှလုံးသားက အေးစက်သွားပြီး ဒေါသများ ရုတ်ချည်း တိုးပွားလာကြ၏။ သူတို့ ထိတွေ့ဆက်ဆံခဲ့သော ကမ္ဘာလောကကြီးသည် ပို၍ စစ်မှန်သည်။ သူတို့သည် ဤကဲ့သို့ အခြားလူများ၏ ပစ္စည်းများကို ခိုးယူရန် လမ်းသရဲတစ်ယောက်နှင့် ပူးပေါင်းတတ်သည့် အကြံအစည်များ ပြည့်နေသောသူကို တစ်ခါမှ မမြင်ဖူးချေ။
ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား မနှစ်သက်လျှင်တောင်မှ သူတို့သည် သူတို့သက်တမ်း၏ ဆယ်နှစ်ကျော် အမိုးအကာတစ်ခုတည်း အောက်၌ နေထိုင်ခဲ့သည့် မိသားစုများ ဖြစ်နေသေးသည်လေ။
"နင်က ချောင်ဟုန်ယဲ့ပဲ။ တိုက်ဆိုင်လိုက်တာနော်။ နင် ဒီမှာ ဘာလုပ်နေတာလဲ"
စူးချူက သူမ၏ နှလုံးသားထဲရှိ ဒေါသတရားများကို ချုပ်တည်းထား၍ အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးကာ ချောင်ဟုန်ယဲ့၏ လက်မောင်းအား ဆွဲ၍ မေးလိုက်သည်။
"အား..."
ချောင်ဟုန်ယဲ့သည် တစ်စုံတစ်ယောက်က သူမထံသို့ ရုတ်ချည်း ချဥ်းကပ်လာမည်ဟု ထင်မထားသဖြင့် ချက်ချင်းပင် ထိတ်လန့်ကြောက်ရွံ့သွား၏။
သူမသည် ခေါင်းလှည့်ကြည့်ပြီးနောက် ကြက်သေသေသွားတော့သည်။ စူးချူနဲ့ ကန်ကျင်းချန်က ဘာလို့ ဒီရောက်နေတာလဲ။
ချောင်ဟုန်ယဲ့သည် ဤအနားတစ်ဝိုက်နှင့် မရင်းနှီးသည်မှာ မငြင်းနိုင်ပေ။ ထို့ကြောင့် သူမသည် လမ်းကြားလေးများအား လမ်းကွေ့ခုနစ်ခု၊ လမ်းချိုး ဆယ့်ရှစ်ခုတို့နှင့် ချိတ်ဆက်ထားသည့်အကြောင်းကို မသိခဲ့။
"နင်...နင်တို့တွေ...နင်တို့ ဘာလို့ ဒီမှာရောက်နေကြတာလဲ"
သူမသည် ကျင်းယွင်ကျောင်းအား သူတို့နှင့်အတူ မြင်လိုက်သည်မှာ သေချာ၍ သုံးယောက်သား လမ်းဘေးဆိုင်လေးတွင် ညစာစားရန် တိုက်ခန်းအိမ်ရာမှ အတူတကွ ထွက်သွားကြခြင်းဖြစ်သည်။ သူတ်ို့ လမ်းဘေးဆိုင်က ထွက်လာလျှင်တောင်မှ အဓိကဝင်ပေါက်ကို ဖြတ်၍ အိမ်ရာဝင်းထဲသို့ မဝင်ဘဲ အဘယ်ကြောင့် အခြားဦးတည်ရာမှ လာသနည်း။
မုန်းတီးမှုနှင့် ရွံရှာစက်ဆုပ်မှုများက စူးချူ၏ မျက်ဝန်းများတွင် ခဏမျှ ဖြတ်ပြေးသွားပြီး သူမ၏ ပြုံးနေသော မျက်နှာကို ဆက်မထိန်းထားနိုင်တော့လုနီးပါးပင်။ သူမက နှုတ်ခမ်းများကို ကွေးလိုက်ပြီး
"ငါတို့က ဒီနားပတ်ဝန်းကျင်မှာပဲ နေတာဆိုတော့ ဒီလမ်းကြားကို ဖြတ်သွားတာက ပုံမှန်ပါပဲ။ နင်ကရော...ဒီလိုနောက်ကျနေတဲ့အချိန် ဒီလမ်းကြားထဲမှာ ဟိုဟိုဒီဒီလိုက်ကြည့်နေတာက နည်းနည်းလေးထူးဆန်းသလိုပဲနော်"
"ငါ...ငါကြားတာ ကျင်းယွင်ကျောင်းက နင်တို့နဲ့နေနေတာဆို။ ငါ သူ့ကို စိတ်ပူလို့ တစ်ချက်လောက် ကြည့်ဖို့ လာတာပါ"
ချောင်ဟုန်ယဲ့က ပျာယာခတ်စွာဖြင့် မုသားတစ်ခုကို ဖွင့်ထုတ်ပြောဆိုလာ၏။
ကန်ကျင်းချန်သည် ချောင်ဟုန်ယဲ့အပေါ်တွင် နက်နက်ရှိုင်းရှိုင်း မချင့်မရဲဖြစ်သွားသည်။
တစ်ချက်လောက် ကြည့်ဖို့လာတယ်တဲ့လား။ နေ့ဘက်မှာ မလာဘဲ ညဘက်ကြီးမှာ လာတယ်ပေါ့။ တိုက်ခန်းအိမ်ရာဝန်းထဲကို ဝင်မလာဘဲ ဒီမှောင်မဲနေတဲ့ လမ်းထောင့်မှာ နေနေတယ်ပေါ့။
"အဲဒီလိုဆိုရင်လည်း ငါတို့နဲ့ အပေါ်ထပ်ကို လိုက်ခဲ့လေ။ ကျင်းယွင်ကျောင်း အဲဒီမှာ ရှိတယ်"
ကန်ကျင်းချန်က သူမအား ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။
ချောင်ဟုန်ယဲ့သည် ချက်ချင်းပင် သူမ၏ စိတ်ထဲ၌ တဝီဝီမြည်သံ ဆူညံသွားသကဲ့သို့ ခံစားလိုက်ရ၏။
"ကျင်းယွင်ကျောင်းက အိမ်မှာလား"
"ဟုတ်တယ်။ သူက များသောအားဖြင့်က အရမ်းစည်းကမ်းလိုက်နာတတ်တာဆိုတော့ ဒီလိုနောက်ကျတဲ့အချိန်အထိ အပြင်မှာ နေရတာကို မကြိုက်ဘူးလေ"
စူးချူက နှုတ်ခမ်းစူ၍ ထိုသို့ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် ဒေါသနှင့် စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။ သူမ၏ စိတ်ထဲမှ ရေရွတ်လိုက်၏။
'နင် အခြားဘာဆင်ခြေတွေ ပေးနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့'
ချောင်ဟုန်ယဲ့ စိတ်ထဲတွင် တွေးနေသည်မှာ သူတို့သာ ပြန်သွားပါက ကောင်းရှင်းအား တွေ့သွားကြမည်မှာ အသေအချာပင် ဖြစ်သည်။
သို့သော် သူမက ထိုအကြောင်းကို ထပ်တွေးလိုက်၏။ အကယ်၍ ယခုအချိန်တွင် ကျင်းယွင်ကျောင်းသာ အိမ်၌ တစ်ယောက်တည်းရှိနေပါက ကောင်းရှင်းက သူမကို သေသေချာချာကိုင်တွယ်နိုင်သင့်သည် မဟုတ်လား။
ယခုအချိန်တွင် သူမလုပ်ရမည်မှာ ဤလူနှစ်ယောက်အား အချိန်ဆွဲထားရန်နှင့် သူတို့အား အပေါ်ထပ်သို့ တက်ခွင့်မပေးရန် ဖြစ်၏။ သို့မဟုတ်ပါက လူပိုများလာလျှင် ကောင်းရှင်းအား သေချာပေါက် ဖမ်းမိသွားလိမ့်မည်။
ထိုသို့တွေးလိုက်ပြီးနောက် ချောင်ဟုန်ယဲ့သည် ရုတ်တရက် စူးချူ၏ လက်အား ပြန်ဆွဲထားလိုက်၏။
"စူးချူ၊ နင် ငါ့အစ်မကို ငါလာတဲ့အကြောင်း မပြောရဘူးနော်။ သူက ငါ့ကို တကယ် မကြိုက်ဘူး။ တကယ်လို့ သူက ငါ သူ့ကို တိတ်တိတ်လေး လာကြည့်တာကို သိသွားရင် ငါ့ကိုမြင်တာနဲ့ ရိုက်လိမ့်မယ်"
"နင်က အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ။ ငါ့ရဲ့ပြောင်ကျဲက ဘယ်သူ့ကိုမှ အန္တရာယ်မပေးဘူး။ ပုံစံကို ကြည့်ရတာ နင်က စိတ်မချဖြစ်နေတဲ့ပုံပဲ။ နင် ဘာလို့ အမြဲတမ်း ပြောင်ကျဲရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးနေတာလဲ။ အိုး...ဟုတ်သားပဲ၊ ငါတို့အိမ်က ဓါးပြတစ်ယောက်ကိုတောင် ဆွဲဆောင်နိုင်တယ်နဲ့တူတယ်။ နင့်ရဲ့ ခိုးကြောင်ခိုးဝှက်အပြုအမူတွေက နင်က ဒီဓါးပြနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်မလား။ ဒါပေမယ့် နင် ဖြစ်နေရင်တောင် ကိစ္စမရှိဘူး၊ ဘာလို့လဲဆို ပြောင်ကျဲက ရဲတွေကို ဖုန်းဆက်ခေါ်ပြီးပြီလေ။ သူ မလွတ်နိုင်တော့ဘူးဆိုတာ အသေအချာပဲ"
ချောင်ဟုန်ယဲ့၏ စကားများကို ကြားလိုက်ရသော အခိုက်တွင် စူးချူသည် ဆက်၍ စိတ်ထိန်းမထားနိုင်တော့ဘဲ အကုန်ပြောချပစ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ အခြေအနေသည် နိဂုံးသို့ ရောက်နေပြီဖြစ်၏။ သူတို့နှစ်ယောက် စောင့်ကြည့်နေတာကိုမှ ချောင်ဟုန်ယဲ့က ဖုန်းခေါ်ရဲသေးရင် စူးချူ ချောင်ဟုန်ယဲ့ကို ခုန်အုပ်ပြီး သေအောင် ဆွဲကုတ်ပစ်မည်ဖြစ်သည်။ ဟမ့် ...