Chapter 104 : အလိမ်အညာများ
စိတ်လိုက်မာန်ပါ ဖြစ်သွားသောအချိန်တွင် စူးချူသည် အခြေအနေမှန်အား ပြောမိသွား၏။ ကန်ကျင်းချန်က ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်၏။ ကံကောင်းသည်မှာ ချောင်ဟုန်ယဲ့သည် ဤအကြောင်းကို အမှန်အတိုင်း သိသွားလျှင်တောင်မှ ဘာကိုမှ မလုပ်နိုင်ခြင်းပင်။
မျှော်လင့်ထားသည့်အတိုင်း စူးချူ၏ ပေါက်ကွဲသံစဥ်ပြီးဆုံးသည်နှင့် ချောင်ဟုန်ယဲ့သည် မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွား၏။
"နင်...နင်တို့ ရဲခေါ်ပြီးသွားပြီပေါ့"
ချောင်ဟုန်ယဲ့က ရေရွတ်လိုက်သည်။ ချက်ချင်းပင် သူမ၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာ၏။ သူမသည် ဘာလုပ်ရမှန်းမသိဘဲ သူမလုပ်နိုင်သမျှက စူးချူ၏ လက်မောင်းကိုသာ တင်းတင်းကြပ်ကြပ် ဖမ်းဆွဲထားရုံသာ ဖြစ်သည်။ သူမ၏ စိတ်သည် လုံးဝ ကစဥ့်ကလျားဖြစ်နေ၏။
ရဲခေါ်လိုက်ပြီလား။ ဒါကြောင့် စူးချူနဲ့ ကျန်တဲ့သူက သူမကို လာရှာတာလား။ သူတို့က သူမ လွတ်သွားမှာကို ကြောက်လို့လား၊ ဒါမှမဟုတ် သူမ ကောင်းရှင်းကို သတင်းပို့မှာကို ကြောက်လို့လား။
ဒါပေမယ့် သူတို့ ဘယ်လိုသိသွားတာလဲ...
ချောင်ဟုန်ယဲ့၏ စိတ်သည် ယနေ့ ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်စဥ်းစားနေ၏။ သူမ၏ စိတ်က ဤမနက် ကျင်းယွင်ကျောင်း ထွက်သွားသည့် အကြောင်းအား အာရုံစိုက်မိသွားသောအခါ သူမ၏ မျက်နှာက ဖျော့တော့သွားသည်။ ကျင်းယွင်ကျောင်းက သူမကို မြင်သွားတာ ဖြစ်နိုင်မလား။ ဒါက သူမ ကျန်တဲ့သူတွေနဲ့အတူ တိုက်ခန်းကနေ ထွက်သွားရတဲ့ အကြောင်းရင်းလား။ ငါတို့ ထွက်လာအောင် ငါးစာချတာလား။
ထိုအချက်ကို တွေးလိုက်ရင်း ချောင်ဟုန်ယဲ့က သူမ၏ စိတ်ထဲမှ ထင်မြင်ယူဆချက်အား ချက်ချင်းပင် ပယ်ချလိုက်၏။
'မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲလိုမဖြစ်နိုင်ဘူး။ တကယ် ဒီလိုဖြစ်တယ်ဆိုရင်တောင်မှ ငါက အရူးကွက်နင်းပြီးတော့ ကျင်းယွင်ကျောင်းဆီက အထင်လွဲခံရသလို လုပ်လို့ရတာပဲ'
ချောင်ဟုန်ယဲ့ သိသိသာသာ ထိတ်လန့်ကြောက်ရွံ့နေသည်ကို မြင်သောအခါ စူးချူသည် သူမ၏ နှလုံးသားထဲတွင် ကောင်းသောကိစ္စတစ်ခုကို လုပ်ဆောင်ပြီးသကဲ့သို့ ခံစားလိုက်ရသည်။
"နင် အခုမှ ကြောက်နေတာလား။ ချောင်ဟုန်ယဲ့ နင်က ဘာလို့ ဒီလောက် ဆိုးယုတ်ရတာလဲ။ တကယ်တမ်း ငါ့ပြောင်ကျဲရဲ့ ပစ္စည်းတွေကိုကျ ခိုးရဲပြီးတော့ ပြောင်ကျဲမှာ ကိုယ်ဝန်ရှိနေတယ်လို့တောင် စွပ်စွဲလိုက်သေးတယ်"
ကောလာဟလဖြန့်ဖို့ ကိုယ်ဝန်ရှိတယ်ဆိုတဲ့ အကြောင်းအရာကို သုံးတာ ဘယ်လောက်တောင် ရွံဖို့ကောင်းလိုက်သလဲ။
ချောင်ဟုန်ယဲ့က နှုတ်ခမ်းကိုက်လိုက်၏။ သူမသည် ချက်ချင်းပင် မျက်ရည်များ စီးကျလာသည်။
"ငါ မဟုတ်ပါဘူး၊ ငါ တကယ် ငါ့အစ်မဆီကိုပဲ လာတာပါ။ နင်ပြောနေတဲ့ ဓါးပြလားဘာလားလည်း ငါ ဘာတစ်ခုမှ မသိပါဘူး"
"အို...ဟုတ်သားပဲ...နင်ပြောနေတာ ကောင်းရှင်း အကြောင်းလားဟင်။ ငါ သူ့ကို တိုက်ခန်းအိမ်ရာဝန်းထဲဝင်သွားတာ မြင်လိုက်တယ်။ ကောင်းရှင်းက သူ့အတိုင်းအတာ သူမသိတဲ့ လမ်းသရဲတစ်ယောက်ဆိုတာ ငါ့သူငယ်ချင်း ပြောတာကို ငါ အရင်က ကြားဖူးတယ်။ သူဝင်သွားတော့ သူက ငါ့ကို မသိချင်ယောင်ဆောင်နေဖို့တောင် ခြိမ်းခြောက်သွားသေးတယ်။ အဲဒါကြောင့် အခုထိ ငါ နည်းနည်းစိတ်ရှုပ်သလို ခံစားနေရတုန်းပဲ"
ချောင်ဟုန်ယဲ့၏ ဦးနှောက်က တစ်ဖန်ပြန်၍ အလုပ်လုပ်လာပြီး အခြားဆင်ခြေတစ်ခုအား အလျင်အမြန်ပင် ရှာတွေ့သွားပြန်သည်။
အကယ်၍ ကောင်းရှင်းသာ ဖမ်းမိပါက သူက သူမအား သက်သေမခံပေးဖို့ အခွင့်အရေးများရှိသေး၏။
သို့သော် သူမကိုယ်တိုင်လည်း လွတ်လမ်းတစ်ခုရှာရန် လိုအပ်သည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် သူမက အံကြိတ်လိုက်ပြီး ဟန်မပျက် လိမ်ညာလိုက်၏။
ချောင်ဟုန်ယဲ့သည် သူမ၏ ခေါင်းထဲတွင် ထပ်ခါထပ်ခါ လိမ်ညာဖြီးဖြန်းနေသောကြောင့် သူမကိုယ်တိုင်ပင် ထုံထိုင်းလာသည်။ ချောင်ဟုန်ယဲ့အတွက် ကံကောင်းသည်မှာ သူမသည် ကောင်းရှင်းနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံစဥ်က ထိတ်လန့်ကြောက်ရွံ့နေသေးသည်ဖြစ်ရာ သူမ၏ မျက်နှာပေါ်တွင် အကြောက်တရားများ စွဲထင်နေသေးခြင်းက သူမ၏ အလိမ်အညာများအား ပုံဖော်နေခြင်းကို ပို၍ စစ်မှန်သည်နှင့်တူတောင် ကူညီပေးနေ၏။
ချောင်ဟုန်ယဲ့၏ သရုပ်ဆောင်မှုများနှင့် မျက်နှာချင်းဆိုင် ကြုံတွေ့လိုက်သောအခါ စူးချူသည် ကြောင်အမ်းအမ်းပင် ဖြစ်သွားသည်။
သူမသည် ချောင်ဟုန်ယဲ့ကဲ့သို့ အရေထူသော မိန်းမမျိုးကို တစ်ခါမှ မမြင်ဖူးပေ၊ အရေထူလွန်း၍ ကမ္ဘာအထူဆုံးနံရံသည်ပင် သူမ၏အသားအရေ မည်မျှထူသည်အား မျှမျှတတ ဆုံးဖြတ်ပေးနိုင်မည် မဟုတ်ချေ။ အခြားသူများအား အလေးထား ထည့်တွေးခြင်းမရှိဘဲ တစ်ကိုယ်ကောင်းဆန်၍ အမူအယာများ ပြောင်းသည်ကလည်း စာအုပ်တစ်အုပ်၏ စာမျက်နှာများကို လှန်သည်ထက်ပင် ပို၍ မြန်သေး၏။
ကန်ကျင်းချန်သည်လည်း အရှုံးကို လက်ခံ၍ မသိစိတ်အလျောက်ပင် ဝမ်းကွဲညီမဖြစ်သူအား သူ၏ အနောက်သို့ ဆွဲလိုက်သည်။ ဤကဲ့သို့သော မိန်းကလေးမျိုးနှင့် ဝေးဝေးနေခြင်းက ပိုကောင်း၏၊ သူမရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ရောဂါက ကူးစက်တတ်ရင်ရော။
သို့သော် ကိစ္စများက သိပ်မဆိုးသေးသည့် အခြေအနေ မဟုတ်လား။ ပုံပန်းသဏ္ဍာန်ကိုကြည့်ပါက ချောင်ဟုန်ယဲ့သည် ခိုးခိုင်းမည့်သူတစ်ယောက်နှင့် မတူပေ။ ထို့အပြင် ယခုအချိန်၌ သူမသည် ဤကဲ့သို့သော ဆင်ခြေများအား ရှာနိုင်သေးရင် နောက်ပိုင်းတွင်လည်း ရဲက သူမအား ကြံရာပါတစ်ယောက်အဖြစ် မဆက်ဆံလောက်ဘူး မဟုတ်လား။ ဒီလိုပုံစံနဲ့သာဆို သူမက အပြစ်ပေးမခံရဘဲ လွတ်မြောက်သွားနိုင်လား။ ဥာဏ်နီဥာဏ်နက် များလွန်းလိုက်တာ။
မကြာမီမှာပင် ကျင်းယွင်ကျောင်းသည် အိမ်ရာစီမံခန့်ခွဲရေးမှ လူတစ်ယောက်နှင့်အတူ သူတို့ရှိရာသို့ ဦးတည်လာနေသည်အား မြင်လိုက်ရပြီး ရဲတစ်ယောက်ကလည်း သူတို့၏ နောက်မှ လိုက်လာသည်။
သူတို့အား မြင်သောအခါမှ ကန်ကျင်းချန်သည် စိတ်သက်သာရာ ရသွား၏။ သူက ချောင်ဟုန်ယဲ့ကို အားဖြင့် ဆွဲဖယ်လိုက်သည်။
ထိုအခိုက်တွင် ကောင်းရှင်းသည် ချောင်ဟုန်ယဲ့က ကျန်သောသူများနှင့်အတူ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရရာ သူသည် စတင်၍ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့၏။
"အပျက်မ၊ နင်က ငါ့ကို ရောင်းစားတာလား"
ချောင်ဟုန်ယဲ့...ဒီစျေးပေါတဲ့ အပျက်မကတော့။ ဖြစ်ပျက်သွားသမျှ အရာအားလုံးသည် သူ့အား သွေးဆောင်၍ ထောင်ထဲသို့ ထည့်ရန် ရည်ရွယ်ချက်ဖြင့် သူမ အစီအစဥ်ဆွဲထားသည်များသာ ဖြစ်ရမည်။
ချောင်ဟုန်ယဲ့၏ ခေါင်းသည် နောက်သို့ ကျုံ့သွား၏။ သူမ မလုပ်ခဲ့လျှင်တောင်မှ ယခုအချိန်တွင် သူမသည် အခြေအနေနှင့်အညီ ကောက်ကာငင်ကာ ကြံဖန်လိုက်ရုံသာ တတ်နိုင်တော့သည်။
"ရဲအရာရှိကြီး၊ ကျွန်မ သူ့ကို သိတယ်။ သူက ကျွန်မတို့ ကျောင်းပေါက်ဝမှာ မကြာခဏ ရစ်သီရစ်သီလုပ်နေတတ်တဲ့ လမ်းသရဲပါ။ သူ အထဲကို ဝင်သွားတုန်းက ကျွန်မကို မြင်သွားတော့ ကျွန်မကသာ ရဲကို အကြောင်းကြားရင် သတ်ပစ်မယ်လို့တောင် ပြောသွားပါတယ်။ ကျွန်မ ကြောက်လို့ ရဲတွေကိုလည်း မရှာရဲဘူး။ ဒါပေမယ့် ကျွန်မ သူ တစ်ခုခု မကောင်းတာလုပ်မှာ စိုးရိမ်နေသေးတော့ ပုန်းနေပြီး အဝေးကနေ လျို့ဝှက်စောင့်ကြည့်နေတာပါ"