Chapter 105
Viewers 14k

Chapter 105 : အပြစ်တင်ခြင်း


ကျင်းယွင်ကျောင်းက မျက်လုံးစွေ၍ ကြည့်လိုက်သည်၊ အနည်းဆုံးတော့ ချောင်ဟုန်ယဲ့ကြောင့် သူမ မအံ့သြသွားမိပေ။


ချောင်ဟုန်ယဲ့သည် အသက်ငယ်သေး၍ အတွေ့အကြုံနည်းသော်လည်း သူမသည် ငယ်စဥ်ကပင် အမြဲ ဉာဏ်ကောင်း၏။ ထို့အပြင် ချောင်ဝေ့မင်နှင့် ယဲ့ချင်တို့အား သူမ၏ စံပြပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားရာ သူမသည် ပို၍ပင် ကလိမ်ကကျစ်ကကျတတ်လာခဲ့သည်။


အကယ်၍ ချောင်ဟုန်ယဲ့က သူမ၏ အပြစ်များကို ချက်ချင်းလက်ငင်း ဝန်ခံလိုက်မှသာ ကျင်းယွင်ကျောင်းသည် သူမနှင့်ပတ်သတ်၍ တစ်ခုခုမှားနေသည်ဟု အမှန်တကယ် ခံစားရလိမ့်မည်။


သို့ရာတွင် ချောင်ဟုန်ယဲ့၏ စကားဆုံးသည့်နောက် ကောင်းရှင်း၏ မျက်လုံးများက ဒေါသတကြီးဖြင့် သူမအား ကြည့်လာ၏။


"သူ ပေါက်ကရပြောနေတာတွေကို နားမထောင်နဲ့။ သူက ကျုပ်ရဲ့ လူစောင့်လုပ်ပေးဖို့ ကျုပ်ကို အယုံသွင်းခဲ့တာ။ အရင်က သူက ဒီကျင်းယွင်ကျောင်းကို ဆွဲချတဲ့နေရာမှာ ကူညီဖို့ ကျုပ်ကို ပိုက်ဆံတောင် ပေးခဲ့သေးတယ်"


ချောင်ဟုန်ယဲ့က မျက်ရည်ကျရမည့် အခွင့်အရေးကို လက်လွှတ်မခံပေ။


"ရှင်...ရှင် ဘယ်လိုများပြောလိုက်တာလဲ။ ဒီမတိုင်ခင်က ကျွန်မ ရှင့်ကို တစ်ခါပဲမြင်ဖူးတာ သေချာပါတယ်။ ကျွန်မက ရဲခေါ်တဲ့သူ မဟုတ်ဘူး။ ရှင် ကျွန်မကို မှားပြီး စွပ်စွဲလို့မရဘူး။ ရဲအရာရှိကြီးရှင့်။ ရှင်တို့ ရှင်းရှင်းလင်းလင်း စုံစမ်းရပါမယ်။ ကျင်းယွင်ကျောင်းက ကျွန်မရဲ့အစ်မပါ၊ ပြီးတော့ ဒီနှစ်ယောက်ကလည်း ကျွန်မနဲ့ တစ်ကျောင်းတည်းသားတွေပါ။ ကျွန်မက သူတို့ကို ဘာကြောင့် ဆန့်ကျင်ရမလဲ"


စူးချူ၏ ပါးများက အစွမ်းကုန် ဖောင်းကားနေ၏။ သူမသည် ဒေါသထွက်လွန်းသဖြင့် ဒေါသရေချိန်မှတ်ကိုပင် ကျော်သွားကာ သူမ၏ မျက်နှာက နီရဲမွန်းကြပ်နေသည်။


ချောင်ဟုန်ယဲ့ စိတ်ပျက်လက်ပျက် ငိုနေသည်အား မြင်သော ရဲအရာရှိအနည်းစုက သူမသည် နုနယ်၍ သိမ်မွေ့ရုံသာမကဘဲ သနားစရာကောင်း၍ နာခံမှုရှိသည်ဟု ခံစားသွားကြရသည်။ သူမက လိမ်ပြောနေသည်ဆ်ိုသော ဖြစ်နိုင်ချေအား သူတို့ အဘယ်သို့ တွေးလိမ့်မည်နည်း။


သူတို့သည် ဤလမ်းသရဲ ကောင်းရှင်းအား ပို၍ပင် မကျေမနပ်ဖြစ်လာကြ၏။ သူသည် အမှန်တကယ်ပင် မုန်းတီးမှု အာဃာသများစွာအား ဆုပ်ကိုင်ထားသည်။ ဤမိန်းမငယ်လေးသည် သူမ ရောက်လာချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဤအရှုပ်ထဲ ရောပါသွားသော်လည်း သူက သူမအား သူ၏ လူစောင့်ဖြစ်သည်ဟု ခေါင်းမာမာ ပြောဆိုနေ၏။ ဤသည်မှာ တိုင်းပြည်၏ ပန်းဖူးပန်းငုံလေးများအား လက်တွေ့ကျကျ ဖျက်ဆီးနေခြင်းပင်။


(T/N : တိုင်းပြည်၏ပန်းဖူးပန်းငုံလေးများ ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ် ကလေးသူငယ်တွေပါ။)


"မိန်းကလေး၊ မင်း စိတ်ချပါ။ ငါတို့က သေချာပေါက် ဘယ်သူ့ကိုမှ မှားယွင်းစွပ်စွဲမှာ မဟုတ်ဘူး။ ဒါပေမယ့် နောက်တစ်ခါ မင်း ဂရုစိုက်ဖို့လိုတယ်။ မင်း ဒီလိုလူဆိုးတွေနဲ့တွေ့ရင် ပထမဆုံး ရဲကို ဖုန်းခေါ်လိုက်တာက ပိုကောင်းတယ်။ ဒီနည်းနဲ့ နားလည်မှုလွဲတာကိုလည်း ရှောင်ရှားနိုင်တယ်"


အရာရှိက စကားပြောပြီးသည်နှင့် ကောင်းရှင်းအား ရဲကားထဲသို့ အတင်းထိုးထည့်လိုက်သည်။


ကောင်းရှင်း၏ နှလုံးသားထဲတွင် ခါးသီးမှုများပြည့်နှက်နေ၏။ ဤလူမိုက်အလုပ်အား လုပ်ကြသူများအတွက် ထောင်ထဲသို့ တစ်ခါမှ မဝင်ဖူးသူဆိုသည်မှာ တစ်ဆုပ်စာသာ ရှိသော်လည်း ယခုတွင်မူ သူသည် အထဲသို့ တည့်တည့်ကြီး လမ်းလျှောက်ဝင်မိခြင်း ဖြစ်သည်။ ရှက်စရာကောင်းလိုက်တာ။


ချောင်ဟုန်ယဲ့...ဤအပျက်မသည် အမှန်တကယ်ပင် သူ့အား လှည့်စားရဲသည်။ အချိန်ကုန်သက်သာစေရန် သူသည် ကျင်းယွင်ကျောင်း၏ အခန်းအား ပထမဆုံး အတည်ပြုခဲ့၏။ ဤမိနစ်အနည်းငယ်အတွင်း သူသည် ကျင်းယွင်ကျောင်း၏ အခန်းထဲရှိ အရာအားလုံးအား မြေလှန်၍ ရှာခဲ့သော်လည်း ဂျင်ဆင်းဟု ခေါ်သည့် အမှုန်ကလေးတစ်မှုန်ကိုပင် မမြင်ခဲ့ရချေ။ ထို့အပြင် သူသည် ပိုက်ဆံတစ်ပြားတောင်မှ မတွေ့ခဲ့ပေ၊ သူမသည် ပိုက်ဆံတစ်ပြားမှ မရှိသည့် သရဲတစ်ကောင်သာ ဖြစ်ရမည်။


ဤမိန်းမ (ချောင်ဟုန်ယဲ့) သည် သူ့ကို လိမ်ညာ၍ ကြိုးကိုင်ရန် ဂျင်ဆင်းအား ရည်ရွယ်ချက်ရှိရှိ သုံးခဲ့သည်။


ကောင်းရှင်းအား အဝေးသို့ ခေါ်သွားမှ ချောင်ဟုန်ယဲ့သည် စိတ်သက်သာရာ ရသွား၏။ သူမ ဤကဲ့သို့ ဖြစ်နေသည်အား မြင်သောအခါ ကျင်းယွင်ကျောင်းသည် အခြေအနေအား ရုတ်တရက် ရယ်ချင်သွားသည်။


ကောင်းရှင်း တစ်ယောက်တည်းကိုပဲ အပြစ်တွေပုံချလိုက်ရုံနဲ့ အရာအားလုံး အဆင်ပြေသွားပြီလို့ သူမက ထင်နေတာလား။ သူမသည် ထက်မြက်ကောင်း ထက်မြက်နိုင်သော်လည်း ကိုယ်ပိုင် စိတ်ကူးယဥ်ကမ္ဘာထဲတွင်သာ မွေ့လျော်နေခြင်းဖြစ်သည်။


အတိတ်ဘဝက ထောင်ထဲတွင် နှစ်အနည်းငယ်ကြာအောင် နေခဲ့ရစဥ်က သူမသည် အမှန်တကယ်ပင် ဥပဒေနှင့် ပတ်သတ်သည့် လူသိများသည့် ဗဟုသုတအချို့ကို သင်ယူခဲ့၏။ ကောင်းရှင်းမှာ မအောင်မြင်သော ဖောက်ထွင်းမှုအား ကြံစည်ခဲ့ခြင်းဖြစ်ရာ ကြီးမားသော ဆုံးရှုံးမှုကို လုံးဝမဖြစ်စေခဲ့ပေ။ ထို့အပြင် အိမ်ထဲ၌လည်း လူမရှိရာ သူသည် တစ်စုံတစ်ယောက်၏ အသက်ကိုလည်း မခြိမ်းခြောက်ခဲ့ပေ။ ထိုကဲ့သို့ အခြေအနေများအောက်တွင် သူ့အား ပြစ်ဒဏ်ချမှတ်ရန် မဖြစ်နိုင်ပေ။


အများဆုံးအနေဖြင့် သူသည် အချိန်တစ်ခုကြာအောင်သာ ထိန်းသိမ်းခံရလိမ့်မည်။ သူမအား လမ်းပိတ် နှောက်ယှက်ခဲ့သည့် ယခင်အမှုနှင့် ဆိုလျှင်တောင်မှ လုံးဝ မဖြစ်နိုင်သေးချေ။


ယခင်က သူမသည် ကောင်းရှင်း ပုန်းနေနိုင်သည့်အကြောင်းရင်းအား နားမလည်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အခြားလမ်းသရဲများကသာ ကောင်းရှင်း၏ တည်နေရာကို ရောင်းစားခဲ့ပါက သူတို့ ယခုအချိန်ထိတိုင်အောင် စောင့်နေရမည် မဟုတ်ပေ။


ကောင်းရှင်းက အရာအားလုံးကို တစာစာ ငြင်းပယ်နေသရွေ့ အမှုနှင့်ပတ်သတ်သော အခြားသူများ သို့မဟုတ် သက်သေများက သူ့ကို အတည်ပြုနိုင်မည် မဟုတ်ပေ။ သူ့အတွက် ထင်ရှားသော သက်သေမရှိ။ ထို့ကြောင့် သူမ၏ တင်သွင်းချက်သည် ခိုင်လုံပြည့်စုံသော အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။ အခြားတစ်နည်းဆိုရလျှင် ကောင်းရှင်းသည် အများဆုံးအနေဖြင့် ရဲများ၏ ထပ်ဆောင်း မှုခင်းများမှ အရံ သံသယရှိသူသာ ဖြစ်နေလိမ့်မည်။ ထို့ကြောင့် သူသည် သိပ်မကြာမီအချိန်၌ ပြန်လွတ်လာလိမ့်မည်သာ။


ထိုအချိန်ကျ ချောင်ဟုန်ယဲ့ ပျော်နိုင်ဦးမည်လား။


ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အား ထိုအကြောင်းနှင့် ပတ်သတ်၍ သတိပေးရအောင်အထိ ရက်ရောလွန်းမနေပေ။ သူမသည် ချောင်ဟုန်ယဲ့ဆီသို့ လျှောက်လာလိုက်ပြီး သူတို့ရှာနေသည့် ဂျင်ဆင်းမြစ်အား သူမ၏ အိတ်ထဲမှ ထုတ်ယူလိုက်သည်။


"ချောင်ဟုန်ယဲ့၊ ငါက စကားကို လှည့်ပတ်မပြောတတ်တဲ့ ပွင့်ပွင့်လင်းလင်းသမား တစ်ယောက်နော်။ နင် ဒါကို ရှာနေတာ မဟုတ်လား။ သနားစရာကောင်းတာက ငါက... နင်ကို မပေးချင်ဘူး"


ကျင်းယွင်ကျောင်းက သူမအား လှောင်ပြောင်ပြီးသည်နှင့် ဆက်ပြောလိုက်၏။


"ဒီလိုဂျင်ဆင်းအကြီးကြီးကို ငါ ဒီည ပြန်ရောက်တာနဲ့ တစ်ခုလုံးကို မီးအေးအေးနဲ့ နှပ်မယ်။ သူ့ရဲ့အရည်က အလှအပအတွက် အကောင်းဆုံး ပါဝင်ပစ္စည်းပဲ။ ငါက ဒီဟာနဲ့ ငါ့ရဲ့မျက်နှာကို ပွတ်ပြီး အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းအနေနဲ့ သုံးမယ်ဆိုရင်တောင်မှ နင့်ကိုတော့ အမြစ်မွေးလေးတစ်မွေးကိုတောင် ထိခွင့်မပြုနိုင်ဘူး။ ကျေနပ်ရဲ့လား"