Chapter 106 : နစ်နာသူ
ကျင်းယွင်ကျောင်းသည် ဂျင်ဆင်းအား ချောင်ဟုန်ယဲ့၏ ရှေ့တွင် ထုတ်ပြလိုက်သည်။ လက်တစ်လှမ်းစာသာ ကွာခြား၍ ချောင်ဟုန်ယဲ့သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။
ပြပြီးသွားသောအခါ ကျင်းယွင်ကျောင်းသည် ပစ္စည်းအား သူမ၏ အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူမသည် ချောင်ဟုန်ယဲ့အား အေးအေးစက်စက် တစ်ချက်ပြုံးပြလိုက်ပြီးနောက် ကန်ကျင်းချန်၊ စူးချူ တို့နှင့်အတူ အပေါ်ထပ်သို့တက်ရန် လှည့်ထွက်သွားတော့၏။
ချောင်ဟုန်ယဲ့သည် သူမ၏ မျက်လုံးနှစ်ဖက်လုံး ဝိုင်းစက်နေသည်အထိ စူးစူးနစ်နစ် စိုက်ကြည့်နေသည်။ ကျင်းယွင်ကျောင်းက ဂျင်ဆင်းအား မျက်နှာတွင် ဘယ်လိုအသုံးပြုမည်ဟု ပြော၍ သူမအား အမှန်တကယ် အရှက်ခွဲရဲသည်အား သူမ, မယုံကြည်နိုင်သေးပေ။ တစ်နေ့တာလုံး စုပုံလာသော ထိတ်လန့်အံသြမှုများနှင့် ပေါင်းလိုက်သောအခါ ချောင်ဟုန်ယဲ့ သူမ၏ဦးနှောက်က ပေါက်ကွဲတော့မလို ခံစားနေရလေသည်။
သူမသည် ဂျင်ဆင်းကို မခိုးယူနိုင်ရုံသာမက ကောင်းရှင်း ကိုပါ အပြစ်ပြုမိခဲ့ပြီဖြစ်သည်။ ကောင်းရှင်းအား လှုပ်ရှားခိုင်းခဲ့သည့် အကြောင်းကို သူမ၏ အဖေအား ဖုံးကွယ်ထားခဲ့၏။ သို့သော် မနက်ဖြန်၌ သူမသည် အဖေဖြစ်သူအား ပြန်လည်တင်ပြရဦးမည်။ အကယ်၍ သူမ၏ အဖေသာ ကိုယ်တိုင်လှုပ်ရှားပြီး ဂျင်ဆင်းအား ခိုးယူရန် ကြိုးစားခဲ့ပါလျှင်...
သူသာ ခိုးယူရန် အစီအစဥ် အောင်မြင်ခဲ့ပါက အရာအားလုံး အဆင်ပြေသွားမည်ဖြစ်သော်လည်း အကယ်၍ မအောင်မြင်ခဲ့ပါလျှင် ... သူမသည် ဤရုတ်တရက်ကံဆိုးမိုးမှောင်ကျမှုကို ခံနိုင်ရည်မရှိမည်အား ကြောက်ရွံ့မိ၏။
ထို့အပြင် ကျင်းယွင်ကျောင်းသည် ကြိုတင်ပြင်တင် တွက်ဆမှုများ ပြုလုပ်ထားပြီးဖြစ်သည်။ အကယ်၍ သူမ၏ အဖေ လွှတ်လိုက်သောသူများလည်း ဤသို့အဖမ်းခံရပါက ထိုအချိန်တွင် သူမသည် သေချာပေါက် အဆုံးသတ်သွားလိမ့်မည်။
ချောင်ဟုန်ယဲ့၏ နှလုံးသားသည် အလွန်အမင်း ဗြောင်းဆန်နေ၍ ထိုအကြောင်းနှင့်ပတ်သတ်ပြီး သူမ ဘာလုပ်နိုင်မှန်း မသိတော့ချေ။
သူမသည် တိုက်ခန်းအိမ်ရာအား တစ်ချက်ကြည့်လိုက်ရင်း ထွက်လာခဲ့သည်။ လမ်းဘေးမှ ငြိမ်သက်နေသော မီးရောင်များက သူမ၏ အရိပ်အား အတော်လေး အထီးကျန်သည့်ပုံပေါ်နေစေ၏။ တိုက်ခန်းအိမ်ရာနှင့် တည်းခိုခန်းသည် လမ်းကျဥ်းလေးအနည်းငယ်သာ ခြားသော်လည်း ညအချိန်၌ ထိုလမ်းကျဥ်းလေးများတွင် လူများများစားစားမရှိချေ။ ချောင်ဟုန်ယဲ့သည် တည်းခိုခန်းအား လှမ်းမြင်လိုက်စဥ်မှာပင် စက္ကန့်ပိုင်းအတွင်း ဘေးသို့ဆွဲချခံလိုက်ရ၏။
"နင်တို့တွေ ဘာလုပ်တာလဲ"
ချောင်ဟုန်ယဲ့က သူမ၏ နောက်ရှိ ယောက်ျားသားအနည်းငယ်ကို ကြည့်၍ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူမ၏ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာသည်။
သူတို့အား ဦးဆောင်လာသည့်သူမှာ အမှန်ပင် ဟွားဇယ်ဖြစ်၏။ သူ၏ မျက်လုံးများက ချောင်ဟုန်ယဲ့အား တစ်ကိုယ်လုံး စုံချည်ဆန်ချည် ကြည့်လိုက်ပြီး မရိုးသားသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။
"ကောင်မလေး၊ မင်းက တကယ်ပဲ အတော်လေး လုပ်တတ်ကိုင်တတ်တာပဲကို။ ကောင်းရှင်းကိုတောင် လှည့်စားပြီး ထောင်ထဲ ထည့်ဖို့ တကယ်ကြီး စီစဥ်ခဲ့တာပဲ။ မင်းက ဒီလိုအကျင့်စရိုက်တွေနဲ့ ငါတို့လုပ်ငန်းထဲကသူ မဟုတ်တာ နှမြောစရာပဲ"
သူသည် ချောင်ဟုန်ယဲ့အား အချိန်တစ်ခုကြာအောင် နောက်ယောင်ခံလိုက်နေခဲ့သည်။ ထို့ကြောင့် အလိုအလျောက်ပင် သူသည် ယခုဖြစ်ပျက်ခဲ့သော ကိစ္စများအားလုံးကို မြင်တွေ့ခဲ့၏။
သူသည် ကျင်းယွင်ကျောင်းဟုခေါ်သော မိန်းကလေးသည် အတော်လေး ထက်မြက်သည်ဟု ဝန်မခံဘဲ မနေနိုင်သော်လည်း ဤချောင်ဟုန်ယဲ့သည်လည်း အများကြီး နောက်ကောက်ကျ မနေပေ။ ဤမတိုင်ခင်က သူမသည် ကောင်းရှင်းအား ကိစ္စများစွာ လုပ်ဆောင်ရန် အယုံသွင်းခိုင်းစေနိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။
မမျှော်လင့်ဘဲ သူမသည် အတော်လေး ငယ်ရွယ်သေးရာ ဤကဲ့သို့သော ကြောက်ရွံ့မှုလေးတစ်ခုတည်းကြောင့် ကောင်းရှင်းအား ရောင်းစားလိုက်၏။ ထို ကောင်းရှင်း ဆိုသည့်ကောင်သည် ရန်ငြိုးအာဃာသများကို ဆုပ်ကိုင်ထားတတ်သော အဆိပ်ပြင်းသည့် မြွေတစ်ကောင်ဖြစ်သည်။ ဤကဲ့သို့သော အမှုအသေးစားလေးအတွက် သူသည် အများဆုံး ဆယ်ရက်ခန့်သာ အချုပ်အနှောင်ခံရမည် ဖြစ်၏။ သူ၏ ထိန်းသိမ်းခံရသော ကာလပြီးဆုံးသောအခါ ချောင်ဟုန်ယဲ့သည် ငိုချိန်ပင် ရှိမည်မဟုတ်တော့ချေ။
"ရှင်ပြောနေတာတွေ ကျွန်မ မသိဘူး"
ချောင်ဟုန်ယဲ့က ခေါင်းယမ်းလိုက်၏။ သူမ၏ မျက်နှာသည် ဖြူဖျော့နေလေသည်။
ဟွားဇယ်က သလိပ်များကို တစ်ချက် ထွေးထုတ်လိုက်၏။
"မစိုးရိမ်ပါနဲ့...ငါတို့ ဒီနေရာမှာ စိတ်ဝင်စားစရာလေးတွေ နည်းနည်း လုပ်ကြည့်ရုံပါ"
သူသည် ဟိုးအရင်ကတည်းက ကောင်းရှင်း၏ နည်းလမ်းများကို အလွန်အထင်သေးခဲ့သည်။ နောက်ဆုံးအကြိမ် အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီးနောက် ဟွားဇယ်သည် ကောင်းရှင်း၏ လွှမ်းမိုးသော နယ်ပယ်နှင့်အတူ ဝေစုများနှင့် အခွင့်အရေးများကို သိမ်းပိုက်နိုင်ခဲ့၏။ သို့သော် မမျှော်လင့်ဘဲ ကောင်းရှင်းက လုံလုံခြုံခြုံ ပုန်းရန် စီစဥ်နိုင်ခဲ့၍ အဖမ်းမခံခဲ့ရပေ။ သို့ရာတွင် ယခုအချိန်၌ သူ အဖမ်းခံလိုက်ရခြင်းသည် ကိစ္စကောင်းတစ်ခုဖြစ်သော်လည်း ခြေတစ်ဖက်တည်းနှင့် ရပ်တည်နေရသည့် ဒုက္ခိတတစ်ယောက်ကဲ့သို့ အချိန်အတော်ကြာကြာ ထိုအကောင် ဒုက္ခရောက်ပုန်းအောင်းနေသည်ကို မြင်ရခြင်းကလည်း အတော်လေး ပျော်စရာကောင်း၏။
"နင်တို့တွေ ဘာလိုချင်တာလဲ။ ငါ နင်တို့ကို လုံးဝမသိဘူး။ ကောင်းရှင်းနဲ့ ငါက လုံးဝပတ်သတ်မှုမရှိဘူး။ ငါလည်း နစ်နာသူတစ်ယောက်ပဲ"
ချောင်ဟုန်ယဲ့က ကတိုက်ကရိုက် တုံ့ပြန်လိုက်သည်။
သူတို့သည် ကောင်းရှင်း ရန်စခဲ့ဖူးသည့်သူများ ဖြစ်ရမည်။ သို့သော် အဘယ်ကြောင့် သူတို့က သူမ၏ခေါင်းပေါ် လွှဲချချင်နေသနည်း။ အား..
"ဟေး...ညီအစ်ကိုတို့၊ သူက သူ့ကိုယ်သူ နစ်နာသူလို့ စောဒကတက်နေတယ်"
ကောင်းရှင်းသည် ထိုမိန်းကလေးအား ပို၍ပင် အထင်သေးသွားသည်။ သူမသည် ရှိသင့်ရှိထိုက်သည့် သတ္တိပင် မရှိချေ။ သူက သရော်လိုက်ပြီး ဆက်ပြောလာ၏။
"ကောင်းရှင်းက မင်းကို သုံးနှစ်နီးပါး ကူညီခဲ့တာ မဟုတ်လား။ သူက မင်းအတွက် လူနည်းနည်းကို သီးသန့် ခြောက်လှန့်ပေးခဲ့တယ်။ သူတို့အားလုံးက အရွယ်မရောက်သေးဘူး။ အဆိုးဝါးဆုံးကတော့ တစ်ယောက်ကို သူ့ရဲ့ခြေထောက် ကျိုးသွားတဲ့အထိ ရိုက်ပစ်ခဲ့တာပဲ၊ အဲဒီသူက နောက်ဆက်တွဲ ဆိုးကျိုးတွေကို အခုထိတောင် ခံစားနေရတုန်း။ အဲဒီ မင်းရဲ့အစ်မဆိုရင်လည်း သူ့ဆီကနေ မုဒိမ်းကျင့်ခံရလုနီးပါးပဲ။ ဒါတောင်မှ မင်းရဲ့အစီအစဥ်က အပြစ်အနာအဆာမရှိဘူးလို့ မင်း တကယ်ကြီး တွေးနေသေးတာလား"
ဟွားဇယ်၏ စကားများကြောင့် ချောင်ဟုန်ယဲ့သည် ထိတ်လန့်လွန်းသဖြင့် စကားပင်မပြောရဲတော့ချေ။
သူမ, မနှစ်သက်သောသူများမှာ ကျင်းယွင်ကျောင်းတစ်ယောက်တည်း မဟုတ်ပေ။ ယခင်က သူမသည် ကျင်းယွင်ကျောင်းနှင့် တစ်အိမ်တည်း နေခဲ့သည်။ ထို့ကြောင့် သူမသည် ကျင်းယွင်ကျောင်း၏ ဘဝအား အချိန်တိုင်း ခက်ခဲအောင် လုပ်နိုင်ခဲ့သော်လည်း အခြားသူများကိုမူ ထိုသို့ မလုပ်နိုင်ပေ၊ ထို့ကြောင့် သူမ ကောင်းရှင်းအား အကူအညီသွားတောင်းခဲ့ရခြင်းဖြစ်၏။ သူသည် သူမ၏ တောင်းဆိုမှုကြောင့် လူအနည်းငယ်အား လျှို့ဝှက်၍ ရိုက်နှက်ပေးခဲ့သော်လည်း အရိုက်ခံခဲ့ရသူ တစ်ယောက်မှ သူမသည် တာဝန်ရှိသူဖြစ်ကြောင်းကို မသိခဲ့ပေ။
ကောင်းရှင်းနှင့် မိတ်ဆွေဖြစ်ပြီးနောက် သူမသည် သူမ ဆန္ဒရှိသမျှ အရာအားလုံးကို လုပ်နိုင်သည်ဟု ခံစားခဲ့ရသည်။ သူမ, မနှစ်သက်သူမှန်သမျှ ကံဆိုးမိုးမှောင်ကျလိမ့်မည်ပင်။ သူမသည် ဘေး၌ ထိုအကြောင်းကို သတိပြုမိနေသူများရှိနေလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပေ။ ကောင်းရှင်းက သူမ၏ လျှို့ဝှက်ချက်ကို ထိန်းပေးထားသရွေ့ ပြဿနာမရှိဟုသာ သူမ ယူဆခဲ့သည်။