Chapter 38
(ပြစ်မှုမြင်ကွင်း)
ပြိုင်ပွဲဝင်ရှစ်ဦးကို အိမ်ရှင်က ဦးဆောင်ပြီး လေးထပ်တိုက်ငယ်တစ်ခုသို့ ပို့ဆောင်ခဲ့သည်။ အဆောက်အဦးကို လူတစ်ရပ်စာမရှိသော ခြံစည်းရိုးဖြင့် ဝန်းရံထားပြီး တော်တော်ကို ယိုယွင်းနေပုံရကာ အနီရောင် အုတ်နံရံများမှာလည်း ကျိုးပဲ့နေကြသည်။ ထို့ကြောင့် အဝေးမှ ကြည့်လျှင် ကျက်သရေရှိပုံမပေါက်ဘဲ ကြောက်မက်ဖွယ်ကောင်းနေလေသည်။
အောက်ထပ်တွင် ပန်းခင်းငယ်တစ်ခုရှိသည်။ နှင်းဆီနီများကို ထိုပန်းခင်းထဲမှာ စိုက်ထားသည်။ ပန်းခင်းကလွဲ၍ တခြားနေရာများက ဟာလာဟင်းလင်းဖြစ်ကာ ပေါင်းပင်တစ်ပင်မှ မရှိချေ။
စုမုန့် လှည့်ကြည့်လိုက်သည်။ နေရာတိုင်းမှာ ကင်မရာတွေရှိပြီး အိမ်ကလည်း လူချမ်းသာများနေထိုင်ရာနေရာမျိုးပင်။ထို့နောက် အိမ်ရှင်သည် မိုက်ခရိုဖုန်းကို ကိုင်ကာ ဒုတိယပွဲစဉ်၏ စည်းမျဉ်းများကို ပြိုင်ပွဲဝင်များအား မိတ်ဆက်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ ဒုတိယပွဲက အရုပ်တစ်ရုပ်ကို ရှာဖို့ပါ...ဒီအရုပ်က ဘယ်မှာ ရှိမှန်း ဘယ်သူမှမသိပါဘူး...ဒါပေမယ့် ဖုန်းရွှေပညာရှင်တွေကတော့ အရုပ်ရဲ့ တည်နေရာကို သိရှိနိုင်ရပါမယ်. အဆုံးမှာ ဘယ်သူမှ ရှာမတွေ့ရင် ဒီပွဲကို သရေပွဲလို့ သတ်မှတ်ရပါမယ်”
“လူတိုင်း ဒီခြံစည်းရိုးအတွင်း လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ပါတယ်... မြေကြီးထဲကို သုံးပေအထိတူးရင်တောင် အရေးမကြီးပါဘူး... အဆောက်အဦးကိုလည်း ကြိုက်သလို ရှာဖွေနိုင်ပါတယ်...တစ်ခုပဲရှိတယ်...စတုတ္ထထပ်က ကန့်သတ်ဧရိယာဖြစ်လို့ ဘယ်သူမှ သွားခွင့်မရှိပါဘူး...စတုတ္ထထပ်မှာ ကင်မရာလည်းမရှိလို့ အန္တရာယ်တစ်ခုခုကြုံရင် အကျိုးဆက်ကို ခံရမှာပါ”
"မစခင် ဒီပြိုင်ပွဲရဲ့ နောက်ခံအကြောင်းကို မိတ်ဆက်ပေးပါရစေ"
“ဒါက တစ်ကယ့်ဖြစ်ရပ်ပါ…” ထို့နောက် အိမ်ရှင်က ပြိုင်ပွဲဝင် ရှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး “ဒါက လူသတ်မှု ဖြစ်ပွားရာနေရာပါပဲ” ဟု ဆက်ပြောသည်။
“အဲဒီတုန်းက ဒီအဆောက်အအုံမှာ မိသားစုလေးယောက်နေတယ်...လင်မယားနှစ်ယောက်နဲ့ ကလေးနှစ်ယောက်ရှိတယ်...တစ်ညမှာ မိသားစုတစ်စုလုံး ပုံမှန်မဟုတ်ဘဲ သေဆုံးသွားကြတယ်…လူသတ်သမားကိုလည်းမတွေ့သေးဘူး”
“ကံကောင်းတာက၊ရဲတွေက အငယ်ဆုံးသမီးလေးရဲ့နေ့စဉ်ဘဝတွေကို မှတ်တမ်းတင်ထားတဲ့ သူမရဲ့ ဒိုင်ယာရီကို တွေ့ခဲ့ပါတယ်... ဒိုင်ယာရီ မှတ်တမ်းထဲက တစ်ခုမှာတော့ သူမရဲ့ အမေဟာ အရုပ်မျက်လုံးထဲကို တောက်ပတဲ့ပစ္စည်းတစ်ခုကို ထည့်တယ်လို့ ပါတယ်..အဲ့ဒီအချိန်ကစပြီး ညတိုင်း အရုပ်ရဲ့ မျက်လုံးတွေက တောက်ပလာတယ်လို့ ဆိုတယ်”
“ဒိုင်ယာရီမှာ မှတ်တမ်းတင်ထားတဲ့ အရာဝတ္ထုဟာ ကင်မရာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သူ့အမေက တစ်ခုခုကို ခံစားမိပြီး အရုပ်မျက်လုံးထဲမှာ ကင်မရာ ထည့်ထားနိုင်တယ်လို့ ရဲတွေက မှန်းတယ်...ဒါပေမယ့် နောက်ပိုင်းမှာ ရဲတွေက အရုပ်ကို ရှာကြည့်ခဲ့တော့ ဘယ်ရောက်သွားလဲ မသိကြဘူး”
“အရုပ်တွေရဲ့ ဓာတ်ပုံတွေက အဆောက်အဦးထဲမှာ ရှိတယ်... ဘယ်လိုပုံစံလဲဆိုတာ လူတိုင်းသွားကြည့်လို့ရတယ်"
သူပြောပြီးနောက် ရှန့်ကျန်း နှင့် စုမုန့် မှလွဲ၍ အခြားပြိုင်ပွဲဝင်များသည် တည်ငြိမ်မနေနိုင်တော့ပေ။ စုမုန့် သည် ဤမြင်ကွင်းကို အကြိမ်များစွာမြင်ဖူးသောကြောင့် ငြိမ်သက်သွားသည်။ သူမသည် သင်္ချိုင်းထဲ၌ပင် တစ်ယောက်တည်း နေခဲ့ဖူးသည်။ယခု ဤနေရာသည် လူသတ်မှုတစ်ခု ဖြစ်ပွားရာမျှသာဖြစ်ပြီး လူသတ်သမားလည်း မရှိပေ။ ထို့အပြင် ပတ်ဝန်းကျင်မှာ နေထိုင်သူတွေ အများကြီးရှိနေ၏။
သူမသည် အကြိမ်များစွာ ကြုံခဲ့ဖူးသောကြောင့် ငြိမ်သက်သွားသည်။ဤအိမ်ကြီး၏ နောက်ခံဇာတ်လမ်းကို သူသိပြီးသားပင်။ပထမအကြိမ် ကြုံတွေ့စဉ်က တုန်လှုပ်သွားသော်လည်း အကြိမ်အနည်းငယ်ကြာပြီးနောက် ထုံကျင်နေပြီဖြစ်သည်။
"ဘာလဲဟ...ပြိုင်ပွဲပါဆို သူတို့က ငါတို့ကို လူသတ်မှုအခင်းဖြစ်ရာဆီ လာခိုင်းတာလား"
"ဒီအိမ်က ကျိုးမိသားစု မဟုတ်ဘူးလား…ဒီမှာ လုံခြုံရေးက အရမ်းကောင်းတယ်.ဒါပေမယ့် တစ်ကယ်ကို လူသတ်မှုအကြီးစား ထပ်ဖြစ်သွားနိုင်တယ်”
ပြိုင်ပွဲဝင်များက တီးတိုးပြောကြသည်။
“ဒါက တစ်ကယ့် လူသတ်မှုဖြစ်ခဲ့တဲ့နေရာနော်...သက်သက် ပြင်ထားတာမဟုတ်ဘူး...မင်း ကြောက်နေသလား…မင်းကြောက်ရင် ငါ့ဘေးမှာနေပါလား... ငါ မင်းကို ကာကွယ်နိုင်တယ်"
ရှန်းကျန့်သည် စုမုန့်လည်း ကြောက်လိမ့်မည်ဟု ထင်ခဲ့သည်။ သူမက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူမသည် မိန်းမတစ်ယောက်သာ ဖြစ်၏။ သူ့အမြင်မှာတော့ အမျိုးသမီးများသည် ယေဘုယျအားဖြင့် ရှက်တတ်ကြသဖြင့် သူမ ကြောက်ပါက သူ့နောက်မှာနေစေလိုသည်။
သို့သော်၊စုမုန့်က သူ့ကို ဂရုမစိုက်သလိုမျိုး ကြည့်နေပြီး မျက်နှာထားက လုံးဝပြောင်းလဲမသွားပေ။
"ရှင် မကြောက်ရင်ပြီးတာပဲ"
စုမုန့် သည် ဝင်လာကတည်းက ယင်စွမ်းအင်ကို ခံစားလိုက်ရသည်။ ဤနေရာနှင့် အပြင်က ရာသီဥတု နှစ်ခုလိုမျိုးပင်။ အပြင်မှာ အလွန်ပူလောင်သော်လည်း ဤနေရာ၌ နေရောင်ခြည်သည် အလှဆင်မှုတစ်ခုလိုပင်။လုံးဝမပူဘဲ လေအေးပေးစက်ခန်းထဲမှာ ရှိနေသလိုမျိုး အေးဆေးနိုင်လှသည်။
သို့သော်၊ အခြားသူများမှာ အလွန်ပူနေပြီး နဖူးတွင် ချွေးသီးများပင် ရှိနေသည်ကို စုမုန့် သာ သတိပြုမိပေမည်။
တစ်စုံတစ်ယောက်က ကြောက်ရွံ့နေသည်ကို အိမ်ရှင်က မြင်သောအခါ ပြုံးလိုက်သည်။
“ဒီပြိုင်ပွဲမှာ မပါချင်တဲ့သူတွေက ထွက်နိုင်တယ်နော်...ဘာမှမဖြစ်ပါဘူး... ကြောက်ပြီး မပါချင်ဘူးဆိုရင် အခုပဲ ပြောပြပေးပါ...မဟုတ်ရင် နောင်တရဖို့ အခွင့်အလမ်း ရှိလာမှာ မဟုတ်ပါဘူး”
အိမ်ရှင်က ပြောပြီးနောက်မှာ အားလုံးက ကြိတ်ဆွေးနွေးနေပြီးနောက် သူတို့၏ အကြည့်တွေက စုမုန့် ကို တစ်ခဲနက် စိုက်ကြည့်နေကြသည်။
(ဘယ်သူမှ နောက်ပြန်မဆုတ်ကြ...)
"မစ္စစု... မင်းကြောက်ရင် နောက်ဆုတ်လို့ရတယ်...အမှန်တော့၊ မင်းက ဒီမှာ မိန်းကလေးလေ ..မင်း ထွက်ရင်လည်း ဘယ်သူမှ မင်းကို လှောင်ရယ်မှာမဟုတ်ဘူး”
စုမုန့် ပြောသူကို မှတ်မိသည်။ မနေ့က စာရင်းသွင်းစဥ်က သူမနောက်မှာ ရပ်နေသည့်လူပင်။ သူနှင့်စကားပြောရန် စိတ်မဝင်စားဘဲ သူမ ခေါင်းခါပြလိုက်သည်။ သူမမှာ နှုတ်ထွက်ရန် ရည်ရွယ်ချက်မရှိပေ။သူမ မထွက်သည်ကို မြင်သောအခါ အားလုံးက ယောက်ျားသားများဖြစ်၍ မိန်းမဖြစ်မည့်သူမအား အရှုံးမပေးလိုကြချေ။ထို့ကြောင့် မည်သူမှ နုတ်ထွက်လိုခြင်း မရှိပေ။
ဖုန်းရွှေပညာရှင်များသည် ယင်နှင့်ယန်နည်းစနစ်ကို မကြာခဏ ကိုင်တွယ်လေ့ရှိသော်လည်း ထိုသို့သော ကိစ္စများကို လက်မခံဝံ့သူများလည်း ရှိသေးသည်။ သူတို့က ဖုန်းရွှေကိုသာကြည့်တတ်သဖြင့် ကြောက်နေမိသည်က မဆန်းပေ။
အိမ်ရှင်က မြင်သည့်အခါ… သူက ဆက်ပြောသည်။
“ဟုတ်ပါတယ်၊ ကင်မရာပါတဲ့ အရုပ်ကို ရှာရတာ နည်းနည်းတော့ ခက်တယ် ဘာလို့လဲဆိုတော့ အရုပ်က ဒီမှာရှိသေးလားဆိုတာ ကျွန်တော်တို့ သေချာမသိဘူး...ဒီပြိုင်ပွဲဟာ ပြိုင်ပွဲများစွာထဲက တစ်ခုဖြစ်ပါတယ်... "
“ဒါပေမယ့် ကျွန်တော်တို့ ဝန်ထမ်းတွေက အရုပ်တစ်ရုပ်ကို ဖွက်ထားတယ်… ပြီးခဲ့တဲ့လက သုသာန်တစ်ခုမှာ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ရှာဖွေတွေ့ရှိခဲ့တယ်...အဲ့ဒါက လက်ဖဝါးအရွယ် ကြွေရုပ်ပါ... ဒါကိုရှာတွေ့ဖို့ဆိုတာ လူတိုင်းအတွက် သိပ်ပြီးမခက်ခဲဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်"
လျှို့ဝှက်ပြိုင်ပွဲပုံစံ မဟုတ်သဖြင့် လူတိုင်း အနည်းငယ် သက်တောင့်သက်သာရှိခဲ့ကြသည်။ကံကောင်းထောက်မစွာ၊နုတ်မထွက်ခဲ့ခြင်းက တော်သေးသည်။ သို့မဟုတ်ပါက၊ သူတို့တကယ်ဆုံးရှုံးသွားလိမ့်မည်။
လူတချို့က စိတ်မရှည်ကြပေ။ အိမ်ရှင်က အခုမှ ရှင်းရှင်းလင်းလင်း မပြောသဖြင့်သူတို့က
“ဘာလို့ အခုမှ လာပြောတာလဲ...တစ်ကယ်လို့ စောစောကသာ ထွက်မိခဲ့ရင် ဒီအခွင့်အရေးကြီးကို လွတ်သွားတော့မှာပေါ့"
အမေးကိုကြားလျှင် အိမ်ရှင်က ပြုံးပြီးပြောသည်။
"အရမ်းလေးစားရတဲ့ ဖုန်းရွှေပညာရှင် ဖြစ်ချင်ရင် သတ္တိဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အခြေအနေတစ်ခုပါ... ဒီလိုအသေးအမွှားကိစ္စတွေကို ကြောက်နေရင် နောက်ဆို လူတိုင်းကို ဘယ်လိုဆွဲဆောင်နိုင်မှာလဲ”
ယခု အိမ်ရှင်၏ စကားကို ကြားပြီးနောက်တွင် လူအုပ်ကြီးက ကန့်ကွက်ခြင်း မရှိတော့ပေ။ တစ်ကယ်တော့ လျှို့ဝှက်ထားသည့် အရုပ်တစ်ရုပ်ကို ရှာဖို့က သိပ်လည်းမခက်ပေ။ထို့ကြောင့် ပြိုင်ပွဲဝင်များထံမှ မေးခွန်းများ ထပ်မမေးတော့ဘဲ အိမ်ရှင်က အချိန်ကို ကြည့်ရှုကာ ပြိုင်ပွဲစတင်ကြောင်း ကြေညာသည်။
မူလက ခြံဝင်းထဲတွင် စုဝေးခဲ့ကြသော ပြိုင်ပွဲဝင်များသည် လူစုခွဲကာ အရုပ်ရှာဖွေရန် သွားခဲ့ကြသည်။စုမုန့်သည် အဆောက်အဦးအတွင်းမှ အေးစက်ပြီး အုံ့မှိုင်းသော ရောင်ဝါကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သောကြောင့် အဆောက်အဦးအတွင်းမှာ စတင်ရှာရန် ဆုံးဖြတ်ခဲ့သည်။
ရှန့်ကျန်း သည် စုမုန့် အဆောက်အဦးထဲသို့ ဝင်လာသည်ကို မြင်သောအခါ တခြားဘာမှ မတွေးဘဲ လိုက်သွားခဲ့သည်။ ဤခံစားချက်က ဘယ်ကလာမှန်း မသိသော်လည်း စုမုန့် က ထိုလူတွေကြားထဲမှာ အားအထားရဆုံးသူဟု သူခံစားရသည်။ပထမထပ်ရှိ ဧည့်ခန်းတွင် အလှဆင်ခြင်း မရှိဘဲ အလယ်တွင် ဆိုဖာတစ်လုံးနှင့် ကော်ဖီစားပွဲတစ်ခုသာရှိပြီး အရုပ်များဖြင့် ပြည့်နေသော ပြခန်းတစ်ခုရှိသည်။
“အထဲမှာ အရုပ်တွေအများကြီးရှိတယ်... ဘယ်လိုရှာရမှာလဲ"
ရှန့်ကျန်း သည် စုမုန့် နောက်သို့ အနီးကပ်လိုက်လာပြီး ပြခန်းထဲရှိ အရုပ်များကို မြင်သောအခါ အော်ဟစ်လိုက်၏။
"တစ်ချက်ကြည့်ရုံနဲ့မရဘူး"
စုမုန့် လျှောက်လာပြီး ဗီဒိုတံခါးကို ဖွင့်လိုက်၍ တစ်ရုပ်မှမချန်ဘဲ အကုန်ကြည့်လိုက်သည်။အရုပ်အချို့ကို ချည်ထည်များဖြင့် ပြုလုပ်ထားပြီး အချို့မှာ အမည်မသိပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ မသိပါက၊တစ်ကယ့် လူအစစ်နှင့်ပင် တူလှသည်။ သူတို့မျက်လုံးတွေကတောင် လက်တွေ့ဆန်လွန်းပြီး လူအစစ်လိုမျိုးပင်။
ထို့အပြင် အဆိုပါ အရုပ်များသည် အဆစ်များကို လှုပ်ရှားနိုင်ပြီး ခန္ဓာကိုယ်သည် အမျိုးမျိုးသော ကိုယ်ဟန်အနေအထားများကို ပြုလုပ်နိုင်သည်။သို့သော် ဤအရုပ်များသည် အသစ်ဖြစ်သည်။ လူတွေကို စိတ်ရှုပ်ထွေးစေဖို့အတွက် ခေတ္တထားခြင်းဖြစ်၏။ သူတို့ထဲမှတစ်ခုမှာ ကြွေရုပ်တစ်ရုပ်ဖြစ်ပြီး ကျန်တစ်ဦးမှာ မျက်လုံးထဲတွင် ကင်မရာအသေးစားတစ်ခု ရှိသည်။
အောက်ထပ်မှာမရှိသဖြင့် အပေါ်ထပ်ကိုတက်ကြည့်ရသည်။ စုမုန့် အပေါ်ထပ်မတက်ခင် ဟိုးအပေါ်ထပ်အထိ တခြားသူများက တက်နေပြီဖြစ်သည်။ စတုတ္ထထပ်မှလွဲ၍ အထပ်တိုင်းတွင် လှုပ်ရှားမှုရှိသည်။သူမသည်ယင်စွမ်းအင် အပြင်းထန်ဆုံးရှိရာ နေရာတွင်နေ၍ သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်သည်။
ရှန့်ကျန်း သည် သူမ၏ လုပ်ရပ်များကို မြင်လိုက်ရပြီး စိတ်ရှုပ်ထွေးစွာဖြင့်
“မင်းက ဘာလို့ အိမ်မြှောင်ကို သုံးတာလဲ...ငါတို့က ဖုန်းရွှေ မဟုတ်ဘဲ အရုပ်ရှာနေတာလေ...ပြီးတော့ တစ်ခုခုရှာဖို့ သံလိုက်အိမ်မြှောင်ကို သုံးချင်တယ်ဆိုရင် သံလွန်စတော့ ရှိမှရမယ်မလား...အခု ငါတို့မှာ ဘာသဲလွန်စမှ မရှိဘူး..."
တခြားသူတွေက စုမုန့်လုပ်ရပ်ကို မြင်သည့်အခါ ခေါင်းယမ်းလိုက်ကြသည်။ သူတို့သည် သံလိုက်အိမ်မြှောင်ကို စမ်းသုံးကြည့်ချင်သော်လည်း ပင်အပ်မှာ အရူးအမူး လည်နေသောကြောင့် ဘာမှ အတည်မပြုနိုင်ပေ။
စုမုန့် လည်း သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်သည်နှင့် ပင်အပ်သည် ရုတ်တရက် အလုပ်မလုပ်တော့သကဲ့သို့ အတင်း လည်ပတ်နေတော့သည်။
xxxxxx