အပိုင်း၃၉
Viewers 7k

Chapter 39

( စတုတ္ထထပ်တွင် ပြဿနာတစ်ခုရှိခဲ့သည်..)


ရှန့်ကျန်းက ရေရွတ်လိုက်၏။ "ထင်ထားတဲ့အတိုင်းပဲ"


သံလိုက်အိမ်မြှောင်သည် အကြမ်းပတမ်းကို လှည့်ပတ်နေသော်လည်း စုမုန့် ဆက်လက်စောင့်ကြည့်ခဲ့သည်။သူမနှင့်အတူ ရှိနေကြသည့် ပြိုင်ပွဲဝင်များသည် သူမ၏ လုပ်ရပ်ကိုမြင်သောအခါတွင် ရုတ်တရက်စိတ်သက်သာရာရသွားကြသည်။ မျှော်လင့်ထားသည့်အတိုင်း သူမသည် ကံကောင်း၍ ပထမအသုတ်မှာ နိုင်သွားခဲ့ခြင်းပင်။


စုမုန့် သည် သူ့လက်ထဲမှ သံလိုက်အိမ်မြှောင်ကို ဂရုတစိုက် စောင့်ကြည့်နေရင်း သံလိုက်အိမ်မြှောင်မှ ပင်အပ်သည် အကြမ်းပတမ်းလှည့်ပတ်နေသော်လည်း ပုံစံတစ်ခု ရှိနေသည်ကို တွေ့ရှိခဲ့သည်။ ပင်အပ်သည် အရှေ့တောင်ဘက်သို့ ညွှန်လိုက်တိုင်း၊ နောက်ထပ် ဆက်မလှည့်မီ နှစ်ကြိမ်တုန်ခါသွားတတ်သည်။ ယင်းမှနေ၍ အိမ်၏အရှေ့တောင်ဘက်တွင် တစ်စုံတစ်ခုရှိနေရသည်ကို တွေ့မြင်နိုင်သည်။ထို့နောက် သူမ ဆက်လက်၍ သဲလွန်စများကို အသေအချာ ရှာဖွေခဲ့သည်။ အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ် ကုန်သွားသည်။ပြိုင်ပွဲတွင် တိုးတက်မှုမရှိသည်ကို တွေ့မြင်ရသဖြင့် ပြိုင်ပွဲကို ကြည့်ရှုနေကြသော ဧည့်သည်များသည် တဖြည်းဖြည်း စိတ်မရှည်ဖြစ်လာကြသည်။ထိုစဉ် စုမုန့်ကို သတိထားမိသူတစ်ချို့မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။


 "မစ္စစုကိုကြည့်စမ်း…သူမ တစ်ခုခုကို တွေ့သွားပုံရတယ်”  


ဖန်သားပြင်ကြီးသည် အပိုင်း ရှစ်ပိုင်းခွဲထားပြီး ပါဝင်သူများ၏ တိုးတက်မှုကို ပြသထားခြင်းဖြစ်သည်။ ယင်းမှနေ၍ စုမုန့် မှာ သဲလွန်စတစ်ခုရှိနေသည်ဟု အားလုံးသိလိုက်ကြရ၏။ ခဏလောက် အားလုံး၏ မျက်လုံးတွေက သူမကို ကြည့်နေကြသည်။ 


ထိုအချိန်တွင် စုမုန့် သည် မျက်မှောင်ကြုတ်ကာ တစ်နေရာရာကို ကြည့်နေသည်။ သူမ၏ မျက်နှာ အမူအရာက တည်ကြည်လေးနက်လှသည်။ 


ဝေ့ထင် သည် စုမုန့်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သဖြင့် သူမသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိကြောင်း ပထမဆုံး သတိပြုမိသည်။  တခြားလူတွေအားလုံးက ပွဲကိုသာခြုံငုံကြည့်နေကြ၍ သူမပုံစံကို သူ အရင်ဦးဆုံး သတိထားမိသည်။သူ မျက်မှောင်ကြုတ်ကာ ခဏမျှ စောင့်ကြည့်ပြီးနောက် ရုတ်တရက် မတ်တပ်ထရပ်ကာ ထွက်သွားလေသည်။


 "အစ်ကိုဝေ့ထင် ဘယ်သွားမလို့လဲ"  


ဝေ့ရွှယ် ရေချိုးခန်းထဲမှ ထွက်လာသောအခါ ဝေ့ထင် ထွက်သွားသည်ကိုမြင်လိုက်ရလျှင် သူမ မထိုင်ဘဲ ဝေ့ထင် နောက်သို့ လိုက်သွားခဲ့သည်။


 သံလိုက်အိမ်မြှောင်၏ လမ်းညွှန်မှုအောက်တွင် စုမုန့် သည် အဆောက်အဦး၏ အရှေ့တောင်ဘက်အရပ်မှ လှေကားသို့ ရောက်ရှိလာသည်။ တစ်စုံတစ်ခုက သူမကို ဆွဲငင်နေသလို ခံစားလိုက်ရသဖြင့် သူမလည်း နောက်ကို လိုက်သွားခဲ့သည်။


ရှန့်ကျန်း ဘယ်အချိန်ကတည်းက သူမ ဘေးနားမှ ထွက်သွားမှန်း မသိခဲ့သလို တခြား ပြိုင်ပွဲဝင်တွေ ဘယ်ရောက်သွားမှန်းတောင် မသိခဲ့ချေ။လှေကားတစ်ခုလုံးတွင် သူမ တစ်ဦးတည်းသာရှိသည်။ အဆောက်အဦး၏ နှစ်ဖက်စလုံးတွင် လှေကားများ ရှိနေသဖြင့် သူမ သိပ်ဂရုမစိုက်ပေ။ အခြားသူများမှာလည်း သူမနှင့်မလှမ်းမကမ်းတွင် ရှိနေနိုင်သည်လေ။သူမ ဒုတိယထပ်သို့ တက်သွားပြီး တစ်ဖန် တတိယထပ်သို့ လျှောက်သွားသည်။နောက်ဆုံး စတုတ္ထထပ်သို့ ရောက်ခါနီးတွင် နားထဲမှာ အနည်းငယ်တိုးလျသော ခေါင်းလောင်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ရှေ့တစ်လှမ်းတိုးတော့မည့် သူမ ရုတ်တရက် ခြေလှမ်းရပ်သွားမိ၏။


 သတိဝင်လာသောအခါတွင် စတုထ္ထထပ်သို့ ရောက်နေပြီဟု သူမ သိလိုက်သည်။ စတုတ္ထထပ် အဝင်ဝတွင် သံတံခါးတစ်ခုရှိသည်။ သံကြိုးတစ်ခုဆွဲထားသော်လည်း တံခါးကို သော့မခတ်ထားပေ။ သူမ တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည် ။


ထူးဆန်းသည်။စောစောကမှ သူမ အခုမှ လှေကားထစ်မှာ ရှိနေသေးသည်။သို့သော်၊  သူမ ရုတ်တရက် အသိပြန်ဝင်လာသည့်အခါ လေးထပ်ကို ရောက်လာရသည်။စတုတ္ထထပ်ရှိ စင်္ကြံတွင် မီးမရှိပေ။ ပြတင်းပေါက်တွေအားလုံးကိုလည်း အလုံပိတ်ထားသဖြင့် မှောင်မည်းနေသည်။ ထို့ကြောင့် သူမ သည် စင်္ကြံတွင် ရပ်နေသော်လည်း ဘာကိုမှ ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ ထိုစဉ် နားမလည်နိုင်သော ခံစားချက်တစ်ခု သူမ နှလုံးသားထဲကို တိုးဝင်လာသည်။ ပြိုင်ပွဲမစခင် အိမ်ရှင်ပြောခဲ့သည်များကို ပြန်သတိရလိုက်၍ သူမ စတုတ္ထထပ်ကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။


 သို့သော် သူမ လှည့်ထွက်ခါနီးတွင် စင်္ကြံအဆုံးမှ ဘုန်းကနဲ အသံတစ်ခုကိုကြားလိုက်ရသည်။ မြေပြင်ပေါ်သို့ တစ်စုံတစ်ရာ ပြုတ်ကျသွားပုံရသည်။  သူမ မျက်လုံးကို မှိတ်ထားပြီး အသံလာရာဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ အမှောင်ထဲတွင် အရိပ်မည်းတစ်ခု ရွေ့လျားနေပုံရသည်။သူမသိပ်မကြောက်တတ်သော်လည်း ဤနေရာ၌ လှုပ်ရှားမှုရှိသောကြောင့် သူမနှင့် နောက်ထပ်တစ်ယောက်ယောက်ကို ခေါ်လိုက်ခြင်းက ပို၍ယုံကြည်ရပေမည်။ထိုသို့တွေးပြီး သူမ အောက်ထပ်ကို ပြေးဆင်းသွားလိုက်၏။


"ငါ မင်းကို ရှာနေတာ…မင်းဘာလို့ရုတ်တရက်ပျောက်သွားတာလဲ...အခုဘယ်သွားလိုက်တာလဲ...ဒီတခေါက်တော့ ငါတို့စားဖို့ အသီးအနှံတွေ ထားပေးမယ်လို့ မမျှော်လင့်ထားဘူး...မင်းစားချင်လား  ငါတောင် အသီးတွေကို အကြာကြီးကြည့်ပြီး ဗိုက်ဆာလာတယ်"


စုမုန့် ပထမထပ်ရှိ ဧည့်ခန်းသို့ ပြေးသွားသောအခါ ဆိုဖာပေါ်တွင် အနားယူနေသော ရှန့်ကျန်း သည် မတ်တပ်ရပ်ကာ သူမ နံဘေးသို့ လျှောက်လာသည်။  သူက သစ်သီးကို လက်ညှိုးထိုးပြပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။


စုမုန့် သူ့မေးခွန်းကို ဂရုမစိုက်ဘဲ သူ့ကို အတင်းဆွဲခေါ်ကာ လှေကားနားကို လျှောက်သွားလိုက်သည်။ သူမ လမ်းလျှောက်လာရင်းနှင့်...


 “သွားကြရအောင်... စတုတ္ထထပ်ကို သွားကြည့်မယ်"


စုမုန့် က သူ့ကို လာဆွဲသဖြင့် ရှန့်ကျန်း ပထမတော့ နည်းနည်းရှက်သွားသည်။ သူ မငြင်းဘဲ သူမ နောက်ကို လိုက်သွားခဲ့သည်။ သို့သော် သူမက သူ့ကို စတုတ္ထထပ်သို့ လိုက်ပါစေလိုကြောင်း ကြားလိုက်သောအခါတွင် သူချက်ချင်း ရပ်လိုက်သည်။ သူ့ခေါင်းထဲမှာလည်း ခေါင်းလောင်းသံများမြည်းဟည်းလာသလိုပင်။


"ဘယ်သွားမှာလဲ...စတုတ္ထထပ် ဟုတ်လား...ငါမသွားဘူး...စတုတ္ထထပ်မှာ ကင်မရာမရှိဘူး...နောက်ပြီးတော့ အိမ်ရှင်က ငါတို့ စတုတ္ထထပ်ကို မသွားသင့်ဘူးလို့ ပြောထားပြီးသား”


ရှန့်ကျန်း ကြောက်ရွံ့နေသည်ကို မြင်လိုက်ရတော့ စုမုန့် သူ့ကို အတင်းမတိုက်တွန်းဘဲ လွှတ်လိုက်ပြီး 


"ကောင်းပြီလေ...ဒါဆို ကျွန်မနဲ့ ပူးပေါင်းဖို့နောက်တစ်ယောက်ကို ရှာလိုက်မယ်" 


ထိုစကားကို ပြောပြီးနောက် သူမသည် လှည့်၍ ထွက်သွားဟန်ပြင်လိုက်သည်။သူမ ရှန့်ကျန်း ကို ကောင်းကောင်း ဘာမှ ပြောချင်စိတ်မရှိပေ။


(စတုတ္ထထပ်ကို သွားကြည့်ခြင်း...)


ရှန့်ကျန်း သည် မူလက စုမုန့်ကို အရင်ငြင်းပြီး သူမနှင့်အတူ လိုက်သွားဖို့ဝန်လေးဟန် ဆောင်ထားသည်။

သို့သော်၊သူမက သူ မလိုက်ဘူးဆိုသည်နှင့် နောက်ထပ်မခေါ်ဘဲ ထားပစ်ခဲ့လေသည်။တခြားသူသာဆိုရင် သူလည်း လိုက်ချင်စိတ်ဖြစ်မှာမဟုတ်သော်လည်း သူမကတော့ မတူပေ။ သူမ၏ မျက်နှာကို ကြည့်ရုံဖြင့်အတွေ့အကြုံ များခဲ့ကြောင်းကို တိတိကျကျ ပြောပြနိုင်သည်။သူမလို ကျွမ်းကျင်သူမျိုးကို သူလည်း နောက်ကလိုက်ပါ တွယ်ကပ်ချင်သည်။


 "ဟေ့ ဆရာမ ခဏစောင့်ဦး"


ရှန့်ကျန်း က စုမုန့် ကို ခေါ်ပြီး  ပြေးသွားသည်။ 


"မင်း ဒီအတိုင်း ထွက်သွားမှာလား"


 "ရှင်ပဲ မသွားချင်ဘူးလို့ ပြောတယ်မလား"  


စုမုန့် သည် လက်ပိုက်ထားပြီး မှင်သေသေနှင့် ပြောလိုက်၏။


 "မင်းက ငါ့ကို ထပ်ပြီးခေါ်မလားလို့ မူနေတာပေါ့"


 “လူတွေကို အတင်းအကျပ်ခိုင်းရတာ ကျွန်မ မကြိုက်ဘူး...ရှင်က မသွားချင်ဘူးဆိုတော့ တခြားလူကို သွားမေးမလို့လေ"


ရှန့်ကျန်း သည် စုမုန့် ဒေါသဖြစ်နေသည်ဟု ထင်ကာ ဆက်လက်စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း သူမသည် သူ့ကို လုံးဝလျစ်လျူရှုထားကြောင်း သဘောပေါက်ခဲ့သည်။ ထို့ကြောင့် သူမနှင့်လိုက်ဖို့ ဆုံးဖြတ်ချက်ရဲရဲကြီးချကာ အားရပါးရ အံကြိတ်လိုက်မိသည်။  


"ဒါဆို ငါလိုက်မယ်...ဘာပဲဖြစ်ဖြစ် ဒါက ပြိုင်ပွဲပဲဆိုတော့ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး”


သူတို့နှစ်ယောက် ဆုံးဖြတ်ချက်ချပြီးနောက် စတုတ္ထထပ်ကို အတူတူ လျှောက်သွားကြသည်။ စတုထ္ထထပ်သည် စုမုန့် ရောက်သွားသည့်အချိန်နှင့် အတူတူပင်။ သံတံခါးက ပွင့်နေပြီး အတွင်းထဲမှာ မည်းမှောင်နေသည်။ စင်္ကြံသည် သူတို့နှလုံးခုန်သံကို ကြားနိုင်လောက်အောင် တိတ်ဆိတ်နေခဲ့၏။


စုမုန့် တံခါးဆီသို့ လျှောက်သွားပြီး နံရံပေါ်ရှိ ခလုတ်ကို နှိပ်သော်လည်း မီးမလင်းလာပေ။ပျက်နေခြင်းဖြစ်ရမည်။


 “ဒီမှာ အရမ်းမှောင်တယ်... ငါဘာမှမမြင်ရဘူး...ဆရာမ ဒီမှာ ဘာကိုရှာနေတာလဲ...စတုတ္ထထပ်ကို လာလို့မရဘူးလို့ အိမ်ရှင်က ပြောထားတယ် မဟုတ်ဘူးလား...ဒီပစ္စည်းက စတုတ္ထထပ်မှာ မဟုတ်တာတော့ သေချာတယ်… အရင်ကလည်း ဒီကိုလာကြည့်တုန်းက စတုတ္ထထပ်ကို မတက်ရဆိုတဲ့ စည်းကမ်း ရှိခဲ့ဖူးတယ်"


ရှန့်ကျန်း သည် 1.8 မီတာ အရပ်မြင့်သော ကောင်လေးတစ်ယောက်ဖြစ်သော်လည်း အံ့သြစရာကောင်းလောက်အောင် ကြောက်ရွံ့နေခဲ့သည်။ သူတက်လာကတည်းက တီးတိုးပြောပြီး တုန်တုန်ယင်ယင်နှင့် စုမုန့် နောက်ကလိုက်နေခဲ့၏။


စုမုန့် သည် ရှန့်ကျန်း ကို  ကြည့်လိုက်ပြီး ဖုန်းကိုထုတ်ကာ ဓာတ်မီးဖွင့်လိုက်သည်။ 


 "မီးမရှိလည် ဖုန်းရှိတယ်"


 “အိုး...ဟုတ်သားပဲ"  


ထိုအခါ ရှန့်ကျန်း လည်း သူ့ဖုန်းကို ထုတ်လိုက်ပြီး ဓာတ်မီးဖွင့်၍ သူမနောက်ကနေ လိုက်သွား၏။ ဓာတ်မီးအလင်းရောင်ဖြင့် စုမုန့် သည် စတုတ္ထထပ်ကို ကြည်လင်ပြတ်သားစွာ မြင်နိုင်သည်။ ပြိုင်ပွဲဝင်များကို ဤနေရာကိုလာဖို့ ပွဲစီစဉ်သူများက ဘာကြောင့် ခွင့်မပြုသလဲ ဆိုသည်ကိုလည်း  နားလည်သွားသည်။ဤနေရာက ပထမဆုံး မှုခင်းဖြစ်ပွားရာ နေရာဖြစ်နိုင်သည်။နံရံ၊ ကြမ်းပြင်၊ အခန်းတံခါးများနှင့် စင်္ကြံတစ်ခုလုံးက သွေးများနှင့် ဖုံးလွှမ်းနေသည်။ အခုတော့ သွေးများက နီညိုရောင်အစွန်းများဖြစ်သွားလေပြီ။ 


လေထဲတွင်လည်း သွေးနံ့သင်းပျံ့နေ၏။ သူမတို့ ဝင်လာကတည်းက သတိမထားမိခြင်းမှာ စိတ်ရှုပ်ထွေးနေတာကြောင့် ဖြစ်နိုင်သည်။ နံရံမှာ ချိတ်ဆွဲထားသည့် ဓာတ်ပုံတွေ အများကြီးရှိသည်။အားလုံးနီးပါးသည် မိသားစုလေးယောက်၏ ဓာတ်ပုံများဖြစ်သည်။ ဓာတ်ပုံထဲက လူတွေသည် တောက်ပစွာ ပြုံးနေကြသဖြင့်  အတိတ်မှာ ဘယ်လောက်ပျော်ခဲ့ကြမှန်း သိမြင်နိုင်၏။


စုမုန့် ခုနက ကြားလိုက်ရသည့် လေးလံသော အရာဝတ္ထုတစ်ခုခု ကြမ်းပြင်ပေါ် ပြုတ်ကျလာသည့် အသံက နံရံပေါ်မှာ ချိတ်ဆွဲထားသော ဓာတ်ပုံဘောင်တစ်ခုကနေ ထွက်ပေါ်လာခြင်းပင်။သူမသည် အနားတိုးပြီး နံရံပေါ်ရှိ ဓာတ်ပုံများကို ဂရုတစိုက် ကြည့်လိုက်သည်။သိပ်မကြာခင်မှာ သူမ သဲလွန်စတစ်ခုကို တွေ့ရှိခဲ့သည်။ ဓာတ်ပုံတစ်ပုံချင်းစီမှာ ကလေးမလေးက အရုပ်သေးသေးလေးကို ကိုင်ထားသည်။ အရုပ်က အလွန်အမင်း လှပနေကာ တစ်ကယ့်ကလေးတစ်ယောက်လိုမျိုးပင်။အထူးသဖြင့်


မျက်လုံးနှစ်လုံးသည် တောက်ပနေကာ ရိုက်ပေးနေသော ဓာတ်ပုံဆရာ၏ ရုပ်ကိုပင် ထင်ဟပ်နေသည်။


 နံရံပေါ်ရှိ ဓာတ်ပုံအားလုံးကို ကြည့်ပြီးနောက် သူမသည် ကြမ်းပြင်ပေါ်တွင် ကျနေသော ဓာတ်ပုံကားချပ်ဆီသို့ လျှောက်သွားသည်။ ဤဓာတ်ပုံကားမှာ ဇောက်ထိုးဖြစ်နေ၍ သူမ အောက်ကိုတစ်ဖန်ပြန်လှန်ပြီးမှ ဓာတ်ပုံကိုမြင်လိုက်ရသည်။ ထိုအခါ ဓာတ်ပုံမှာ အဖွဲ့လိုက်ဓာတ်ပုံဖြစ်သည်။


 ဤအဖွဲ့ဓာတ်ပုံသည် နံရံရှိ အခြားပုံများနှင့် မတူပေ။အားလုံးက မိသားစုလေးယာက်သာ ဖြစ်သော်လည်း  ကွာခြားချက်မှာ ကလေးမလေး ကိုင်ထားသော အရုပ်ဖြစ်သည်။ ဤဓာတ်ပုံတွင် အရုပ်၏ ဘယ်ဘက်မျက်လုံးကို ဆံပင်များဖြင့် ဖုံးအုပ်ထားကာ ညာဘက်မျက်လုံးသာ ဖွင့်ထားသည်။


သူမ ဓာတ်ပုံကို ကြည့်နေရင်း အနောက်ကနေ တံခါးဖွင့်သံ ထွက်လာသဖြင့်  လှည့်ကြည့်လိုက်သည်။ ရှန့်ကျန်း က အခန်းတံခါးတစ်ခုအား ဖွင့်နေသည်ကို သူမမြင်လိုက်ကာ သူ အထဲကို ဝင်ခါနီးတွင်


"ရှင် ဘာလို့ရုတ်တရက်ကြီး သတ္တိရှိနေတာလဲ...အခန်းထဲကို ရှင် ဝင်ဝံ့သလား"


ရှန့်ကျန်း သည် သူ မကြောက်ကြောင်း ဂုဏ်ယူစွာဖြင့် သူမအား ကြွားဝါပြလိမ့်မည်ဟု မူလက ထင်ခဲ့သဖြင့် နောက်ပြောင်လိုက်ခြင်းဖြစ်သည်။ သို့သော်၊သူက သူမ စကားကို မကြားဟန်ဆောင်လိုက်လေသည်။  


 "ရှန့်ကျန်း"


စုမုန့် သူ့ကိုကြည့်ကာ ထပ်အော်သော်လည်း တုံ့ပြန်မှု မရခဲ့ပေ။ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသဖြင့် သူမ ရှန့်ကျန်း အနားကို အမြန်လျှောက်သွားလိုက်၍ သူ့ပုခုံးကို ပုတ်လိုက်သည်။


 "ရှန့်ကျန်း သတိထားစမ်း"


 သူမ လှုပ်လိုက်သည်နှင့် သူမ၏ လက်ကောက်ဝတ်မှ ခေါင်းလောင်းသံ မြည်လာသည်။ ထိုအခါ ရှန့်ကျန်း ၏ ခန္ဓာကိုယ်သည် တစ်ခဏမျှ ရပ်တန့်သွားပြီး သတိပြန်ဝင်လာပုံဖြင့် ဆဲရေးလိုက်၏။  


“ဖာ့ခ်”




xxxxxx