Chapter 40
(စုမုန့် မူးလဲသွားခြင်း)
ဖုန်းမီး အလင်းရောင်အောက်တွင် အခန်းတွင်းရှိ အရာအားလုံးကို စုမုန့်မြင်လိုက်ရသည်။သူမ ရှန့်ကျန်း ၏ အသံကို ကြားလိုက်သောအခါ အခန်းထဲကို လှမ်းကြည့်လိုက်သည်။ထိုအခါ သူမလို မကြောက်တတ်သူကတောင် နှလုံးခုန်နှုန်း မြန်သွားသည်အထိ ကြောက်လန့်နေခဲ့သည်။
ကြမ်းပြင်နှင့် နံရံအောက်ခြေမှာ သွေးစွန်းနေသည့် လက်ဝါးရာတွေ အများကြီးရှိသည်။ လက်ဝါးလေးများက ငယ်သေးသဖြင့် ကလေးတစ်ယောက် ဖြစ်ပုံရသည်။ အထူးသဖြင့် ကုတင်ဘေးမှာ သွေးစွန်းနေသော လက်ဝါးရာများအပြင် ဆွဲငင်သွားဟန်တူသော သဲလွန်စများလည်း ရှိသေးသည်။ ဤသည်မှာ လူသတ်မှု၏ သက်သေဖြစ်သည်။ ဤအချက်မှ လူသတ်သမားကို ရှောင်ရှားရန် ကောင်လေးနှင့် ကောင်မလေး နှစ်ယောက်သည် ကုတင်အောက်၌ ပုန်းအောင်းနေခဲ့သည်ဟု စိတ်ကူးကြည့်နိုင်သည်။ နောက်ဆုံးတော့ သူတို့ကို ရှာဖွေတွေ့ရှိပြီး ကုတင်အောက်ကနေ ဆွဲထုတ်ခံရခြင်းပင်။အခန်းတွင်းရှိ ပရိဘောဂများ အားလုံး ပြိုလဲနေခဲ့သည်။ ကလေးနှစ်ဦး အသက်ရှင်ရန် မည်မျှပင် ကြိုးစားအားထုတ်ခဲ့သည်ကို တွေ့မြင်နိုင်သော်လည်း လူသတ်သမားကို မနှိမ်နင်းနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူတို့သည် လူသတ်သမား၏လက်ထဲသို့ ကျရောက်သွားခဲ့သည်။
သူမ၏ နှလုံးသားအောက်ခြေမှ ထူးထူးခြားခြား ဝမ်းနည်းဖွယ် ခံစားချက်တစ်ခု ထွက်ပေါ်လာကာ မျက်ရည်များ အထိန်းအကွပ်မဲ့စွာ စီးကျလာသည်။
"သွားကြစို့၊ သွားကြစို့...ဒီမှာဆက်နေလို့မကောင်းဘူး...အရင်ထွက်ရအောင်"
ထိုအခါ ရှန့်ကျန်း က သူမကိုဆွဲပြီး အပြင်သို့ထွက်သွားရာ သူမ ကြောင်စီစီဖြင့် အလိုက်သင့်ပါလာ၏။လှေကားထစ်သို့ရောက်သောအခါ သူမ ရှန့်ကျန်း အား ပြောလိုက်၏။
"ကြွေရုပ်...ကြွေရုပ်က တတိယထပ်ရဲ့ထိပ်မှာရှိတယ်"
"အမ် ဘာလဲဟ"
ရှန့်ကျန်း က ဘာမှပြန်မပြောဘဲ သူမ လက်ကိုလွှတ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။စုမုန့်ကမူ သတိပြန်ဝင်လာပုံမရသေးဘဲ ရှန့်ကျန်းကိုကျော်ကာ ဆက်လျှောက်သွားသည်။ဒုတိယထပ်ထောင့်သို့ ရောက်သောအခါ သူမ ခေါင်းထဲတွင် မူးဝေသွားရကာ သူမ၏ ခန္ဓာကိုယ်သည် ချက်ချင်း ရှေ့သို့ လဲကျသွားသည်။
"ဟေး စုမုန့်"
ရှန့်ကျန်း လည်း ကြောင်စီစီဖြစ်နေရာမှ စုမုန့် လှေကားမှ ပြုတ်ကျတော့မည်ကို မြင်လိုက်ရလျှင် သူ ဘာမှ တုံ့ပြန်ချိန်မရပေ။ ထိုစဉ်လက်တစ်စုံက ရုတ်တရက် ထောင့်စွန်းမှ ထွက်လာပြီး စုမုန့် ၏ ခန္ဓာကိုယ်ကို ဖမ်းကိုင်လိုက်သည်။
ရှန့်ကျန်း အမြန်လျှောက်လာပြီးသူမကို ဖမ်းရန်ပြင်နေစဉ်မှာပင် စုမုန့်ကို ထူးဆန်းသည့်လူတစ်ယောက်က ဆီးဖမ်းလိုက်တာကို တွေ့လိုက်ရသည်။ ထိုလူက စုမုန့် ကိုဖမ်းပြီးနောက် သူ့ရင်ခွင်ထဲတွင် ပွေ့ချီထားသည်။ ဤလူသည် ပြိုင်ပွဲဝင်တစ်ယောက်မဟုတ်ပေ။ ရှန့်ကျန်း သူ့ကို တစ်ခါမှမမြင်ဖူးပေ။
“သူမကို ဖမ်းပေးလို့ ကျေးဇူးတင်ပါတယ်...ငါ့ကိုပေး"
ရှန့်ကျန်း ပြောရင်းဆိုရင်း သူမကို လှမ်းပွေ့ရန်ပြင်လိုက်သည် ။ မထင်မှတ်ပဲ ထိုလူက စုမုန့်ကို ပွေ့ထားရင်း နောက်ပြန်ဆုတ်သွားပြီး သူ့လက်ကို ရှောင်လိုက်သည်။
"အစ်ကိုဝေ့ထင် ဒီမှာ ဘာလုပ်နေတာလဲ...ဒီနေရာက …”
နောက်မှ အမျိုးသမီးတစ်ဦး ရောက်လာသည်။ သူမသည် သပ်သပ်ရပ်ရပ် ဝတ်စားထားသည်။ ဝေ့ရွှယ် သည် ဝေ့ထင် ၏ ရင်ခွင်ထဲရှိ စုမုန့် ကိုတွေ့လိုက်ရသောအခါ ရုတ်တရတ် စကားစ,တို့ ရပ်သွားသည်။
"မင်းကိုထားခဲ့ရမယ် ဟုတ်လား ...မင်းက ဘယ်သူလဲ"
ဝေ့ထင် သည် ဝေ့ရွှယ် ၏ စကားကို လျစ်လျူရှုကာ မျက်မှောင်ကြုတ်ပြီး ရှန်းကျန့်ကို အေးစက်သောအမူအရာဖြင့် စိုက်ကြည့်နေသည်။ ရှန့်ကျန်း က ပထမပွဲတုန်းက စုမုန့် နှင့် အမြဲစကားပြောသူမှန်း သူ မှတ်မိသည်။ ထိုလူသည် ဒုတိယပွဲတွင်လည်း စုမုန့် နှင့် ဤမျှလောက်အထိ ရင်းနှီးလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ စုမုန့် ရုတ်တရက် မူးလဲသွားခြင်းမှာ ထိုသူနှင့်သက်ဆိုင်ခြင်းရှိ၊မရှိ မသိသော်လည်း သူက ထိုသူစိမ်းကို အေးတိအေးစက် ကြည့်နေမိ၏။
ရှန့်ကျန်း သည် ဝေ့ထင် ၏ လေသံထဲတွင် ဖော်ရွေမှုမရှိခြင်းကို ခံစားမိပြီး နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။
ဒီလူ ရူးနေတာလား...
သူနှင့် ယခုမှ ပထမအကြိမ်တွေ့ဆုံခြင်း ဖြစ်သော်လည်း သူ့အပေါ် အလွန်ရန်လိုနေပြီဖြစ်သည်။ ထို့ကြောင့် စုမုန့်ကို ထိုရန်လိုနေသူ၏ လက်ထဲသို့ မထည့်ဖို့ ဆုံးဖြတ်လိုက်သည်။ယခင်က သူနှင့်စကားပြောမတည့်သူများမှာ ပြိုင်ပွဲဝင်အချင်းချင်းဖြစ်ပြီး အချင်းချင်း အနည်းငယ် ရန်စောင်ခဲ့ဖူးသည်။သို့သော်၊ရှေ့ကလူမှာ သူ့ပြိုင်ဖက်မဟုတ်ဘဲ ရန်လိုနေလေသည်။
"မင်းနဲ့ရော ဘာဆိုင်လို့လဲ"
တစ်ဖက်သားက သူ့ကို မယဉ်ကျေးသည့်အတွက် သူလည်း ယဉ်ကျေးနေဖို့ မလိုပေ။
“အစ်ကိုဝေ့ထင် ...အစ်မ စုမုန့် က ပြိုင်ပွဲမှာ ပြိုင်နေတုန်းလေ.. သူမကို အခုခေါ်သွားရင် ပြိုင်ပွဲကို နှောင့်ယှက်တယ်ဆိုပြီး သတ်မှတ်ခံရလိမ့်မယ်...ဒါဆို သူမ ပြိုင်ပွဲက နုတ်ထွက်ရမယ် ထင်တယ်...သူမကို သူ့ဆီ ပေးလိုက်တာ ပိုကောင်းပါတယ်...ပိုစိတ်ချရတယ်”
ဝေ့ရွှယ် သည် ဝေ့ထင် နှင့် စုမုန့် နီးစပ်လာသည်ကို မနာလိုသူဖြစ်၍ ယခုလို ပူးကပ်စွာရှိနေသဖြင့် အမြင်စူးနေရသည်။ စုမုန့်သာ လှေကားထစ်မှာ မူးလဲသွားမှန်း သူမ အစကတည်းက သိခဲ့လျှင် ဝေ့ထင် စုမုန့်ကို အချိန်မီ မဖမ်းမိအောင် သူမ ဝေ့ထင် အား ခဏလောက် အချိန်ဆွဲထား၍ရသည်။ဤအတိုင်းသာဆိုလျှင် စုမုန့်လည်း လှေကားကနေ
ပြုတ်ကျပြီးသေဆုံးနိုင်ခြေရှိ၏။ စုမုန့်နှင့် အစ်ကိုဝေ့ထင်တို့အား မနီးစပ်စေချင်မိပေ။ သူမ စိတ်ထဲမှာ ကျိန်စာတိုက်ဖို့ပဲ တွေးနေသော်လည်း အပေါ်ယံမှာတော့ စုမုန့် ကို ဂရုစိုက်ဟန်ဆောင်နေရသည်။
သို့သော်လည်း ဝေ့ထင် သည် ဝေ့ရွှယ် ၏စကားကို လျစ်လျူရှုခဲ့သည်။ သူက ရှန့်ကျန်း ကို အေးစက်စွာ ကြည့်လိုက်ပြီး စုမုန့် ကို အောက်ထပ်သို့ ပွေ့ချီသွားသည်။
သူမရှေ့က မြင်ကွင်းကို မြင်လိုက်ရလျှင် ဝေ့ရွှယ် လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။သူမသည် အလွန်မနာလိုဖြစ်ကာ အံကို တင်းတင်းကြိတ်ထားသည်။
"အမှိုက်"
ဝေ့ထင် ပျောက်ကွယ်သွားသောအခါမှ သူမ ရှန့်ကျန်းကို စိုက်ကြည့်ကာ ကျိန်ဆဲလိုက်ပြီးနောက် လှည့်ထွက်သွားသည်။
( ကြွေရုပ်ကို ရှာတွေ့ပြီ...)
ရှန့်ကျန်း သည် သက်သက်အဆဲခံရသည့်အတွက် လန့်သွားကာ သူ ခေါင်းကုတ်ပြီး အောက်ထပ်ကို လိုက်သွားသည်။
ဝေ့ထင် သည် စုမုန့် ကို ပထမထပ်ရှိ ဧည့်ခန်းသို့ ခေါ်သွားပြီး ဆိုဖာပေါ် တင်လိုက်သည်။ထို့နောက် အပြင်မှာ အရေးပေါ်ဆရာဝန်တစ်ယောက်ရှိသဖြင့် သူမကို စစ်ဆေးခိုင်းလိုက်သည်။
“မစ္စစုရဲ့ ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိပါဘူး...သူမ အခု အိပ်နေတာပါ... သူမ မြန်မြန်နိုးလာနိုင်ပါတယ်"
ဆရာဝန်က ဝေ့ထင်ကို ရှင်းပြလိုက်၏။
“ကောင်းပြီ”
စုမုန့် နေကောင်းသည် ဆို၍ ဝေ့ထင် သက်ပြင်းချပြီး ဆရာဝန်ကို ထွက်သွားခိုင်းလိုက်၏။သူမ နေကောင်းနေသောကြောင့် ပြိုင်ပွဲမှ ဖယ်ထုတ်ရန် မလိုအပ်တော့ေပ။ စည်းမျဥ်းများအတိုင်းသာ သူမကို ထုတ်ပစ်ပါက သူမသည် ဤပွဲမှာ ရှုံးသည်ဟု မှတ်ယူမည်ဖြစ်သည်။ ယခု သူမ နိုးလာသရွေ့ သူမရှုံးခဲ့လျှင်တောင် နောက်ပွဲတွေမှာ ဆက်လက်ပါဝင်နိုင်မှာဖြစ်သည်။
ပထမအကျော့ပွဲစဉ်များမှလွဲ၍ ကျန်ပွဲစဉ်များအားလုံးသည် ဘောနပ်စ်အမှတ်များဖြစ်သည်။ နောက်ဆုံးတွင် အမှတ်အများဆုံးရသူနှစ်ဦးသည် ပထမနေရာကို ဆုံးဖြတ်ရန် ဖိုင်နယ်သို့ဝင်ရောက်မည်ဖြစ်သည်။အိမ်ရှင်သည် ပထမထပ်ရှိ ဧည့်ခန်းထဲတွင် ရှိနေသည်ကို မြင်လိုက်ရသဖြင့် ရှန့်ကျန်း စိတ်သက်သာရာ ရသွားသည်။ ကြွေရုပ်က တတိယထပ်မှာ ရှိနေသည်ဟု စုမုန့် ပြောခဲ့သောစကားကို သူမှတ်မိ၏။
"အရုပ်က စင်္ကြံထိပ်မှာ တစ်ကယ်ရှိနေတာလား.. ဒီပရိုဂရမ်က အရမ်းကို အသေးစိတ်စီစဉ်ထားတာရော မဖြစ်နိုင်ဘူးလား...နံရံထိပ်မှာ ဘာမှလည်း ထူးခြားနေတဲ့နေရာ မရှိပါဘူး... ဒီလောက်ကြီးတဲ့ နေရာကြီးမှာ နဲနဲချင်းစီ စစ်ဆေးကြည့်ဖို့ မလိုဘူး မလား"
ရှန့်ကျန်း သည် ယခု တတိယထပ်တွင် တစ်ယောက်တည်းရှိနေသည်။ သွေးထွက်သံယိုဖြစ်ခဲ့သော နေရာက သူ့အထက်တွင်ရှိနေ၍ သူ့စိတ်ထဲမှာ အနည်းငယ် နောင်တရသလို ခံစားလာရသောကြောင့် သူ့ကိုယ်သူ မကြောက်စေရန် ကြိုးစားရင်း တိုးတိုးလေး ပြောလိုက်သည်။သူက တတိယထပ်၏ ခေါင်မိုးကို အကြာကြီး စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် ထူးခြားသောအရာတစ်ခုကို ရှာတွေ့ခဲ့၏။
နံရံနားက တစ်နေရာကိုသံသယရှိသဖြင့် ရှန့်ကျန်း ဟိုဒီခေါက်လိုက်သည်။ ထို့အပြင် ဤနေရာသည် အခြားနေရာများနှင့် အလွန်ကွာခြားသည်ဟု ခံစားရပါသည်။မျက်နှာကျက်အကွက်ငယ်လေးဘေးမှာ ဟနေသည့်နေရာရှိ၏။သူ တစ်ချက်ဖိနှိပ်ကြည့်သောအခါ မျှော်လင့်ထားသည့်အတိုင်း ပလပ်စတစ်ဖုံး တစ်ခုတွေ့ရသည်။ထို့နောက် ပလက်စတစ်ကို ဖယ်ရှားလိုက်လျှင် ကြိုးတစ်ချောင်း ထွက်လာရသည်။ သူသည် ကြိုးကို လက်နှစ်ဖက်နှင့် ကိုင်ထားပြီး အားဖြင့် ဆွဲလိုက်ရာ အဖြူရောင်သစ်သားသေတ္တာတစ်လုံး ပြုတ်ကျသွားသည်။
ရှန့်ကျန်းက ထက်မြက်သူပီပီ ချက်ချင်းတန်းမဖွင့်ခဲ့ပေ။အထဲမှာ ကြောက်စရာကောင်းသည့် အရာတစ်ခုရှိနေမှာကို သူကြောက်မိ၍ ပထမထပ်ရှိ ဧည့်ခန်းဆီသို့ ဆင်းသွားသည်။ ထို့နောက် ဆိုဖာပေါ်ထိုင်ကာ သေတ္တာကို သေချာဖွင့်လိုက်သည်။ ထိုအခါ အထဲတွင် လက်ရာသေသပ်ကာ အတင်းပြုံးရယ်နေသော ကြွေရုပ်တစ်ရုပ်တစ်ခု ရှိနေသည်။ဓာတ်ပုံထဲတွင် တွေ့ရသော အရုပ်အတိုင်းပင် အနီနှင့်အစိမ်းကို သုံးထားပြီး တစ်ပုံစံတည်းဖြစ်သည်။ သူ တစ်ချက်ကြည့်လိုက်ပြီး သေတ္တာကို အမြန်ပိတ်ကာ အိမ်ရှင်ကို ပေးလိုက်သည်။
အိမ်ရှင်က ယူကြည့်ပြီးနောက် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
“မစ္စတာရှန့်က အတွေ့အကြုံတွေများနေပြီဆိုတော့ အရမ်းကိုမြန်ဆန်နေပါလား"
“အဲဒါဆိုရင်…”
ဆိုဖာပေါ်တွင်ထိုင်နေသော စုမုန့် နိုးလာသောအခါ ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်ကြောင်း အိမ်ရှင်ကပြောလိုက်သည်။
“နေကြပါဦး”
သူမ နိုးလာပြီး အိမ်ရှင်ကို ဆက်မပြောရန် တားလိုက်သည်။
"ပျောက်နေတဲ့ အရုပ်ဘယ်မှာလဲဆိုတာ ကျွန်မသိတယ်"
သူမ ပြောလိုက်ပြီးနောက် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များနှင့် သူမဘေးတွင် ထိုင်နေသော ဝေ့ထင် ကို လျစ်လျူရှုလိုက်သည်။ ထို့နောက် သူမသည် အဆောက်အဦးငယ်လေးထဲမှ ထွက်လာပြီး အပြင်ဘက်ရှိ ပန်းခင်းလေးဆီသို့ ရောက်လာသည်။တခြားပြိုင်ပွဲဝင်တွေလည်း ထွက်လာကြသည်။အားလုံးက ခြံစည်းရိုးဘေးမှာ ရပ်နေကြသည်။
စုမုန့် က ပန်းခင်းကို လက်ညှိုးထိုးပြပြီး
"ပျောက်နေတဲ့ အရုပ်က ဒီပန်းခင်းအောက်မှာပဲ"
အိမ်ရှင်က နည်းနည်း အံ့သြသွားပုံဖြင့်
“မစ္စစု သေချာလား... ရဲတွေက အဲဒီပန်းခင်းကို လိုက်ရှာပေမယ့် ဘာမှမတွေ့ဘူး...အဲ့ဒါကို တူးဖော်ချင်တာ သေချာသလား...မင်း အလိုရှိရင် ငါတို့ဘက်က တူးဆိုတူးပေးနိုင်ပါတယ်"
အားလုံး၏မျက်လုံးတွေက သူမကို စိုက်ကြည့်နေကြသည်။ ခုနက ဧည့်ခန်းထဲမှာ သူမ အိပ်နေသည်ကို လူတိုင်းမြင်ထားကြသည်။
"သူမက နေ့တစ်ဝက်လောက်အိပ်ပြီး နိုးလာတဲ့အခါ အရုပ်ဘယ်မှာရှိတယ်ဆိုတာ သိနေတာလား... ဒီအိမ်ပိုင်ရှင်က သူမကို အိပ်မက်တစ်ခုပေးခဲ့တာ ဖြစ်နိုင်မလား..."
ထိုသို့တွေးရင်း အားလုံးတုန်လှုပ်သွားကာ ရင်ခုန်သံတွေက သူတို့တစ်ကိုယ်လုံးမှာ ပျံနှံ့လာပြီး ဤနေရာက အေးစိမ့်လာသလို ခံစားလာရ၏။ သူတို့ အကြည့်တွေက စုမုန့်ကို တစ်ချိန်လုံး စိုက်ကြည့်နေသည်။
“အစ်ကိုဝေ့ထင်… ဒီနေရာက အရမ်းကြောက်စရာကောင်းတယ်…ညီမတို့ဘာလို့မပြန်တာလဲ...ပြန်သွားရင်လည်း ဒီအခြေအနေကို မြင်နေရတယ်”
ဝေ့ရွှယ် သည် ပြောပြောဆိုဆိုအခွင့်အရေးယူ၍ ဝေ့ထင်ဘက်သို့ မှီလိုက်သည်။
"မင်းကြောက်နေရင် ပြန်သွား"
ဝေ့ထင် က သူ့နားပေါ်ရှိ bluetooth နားကြပ်ကို နှိပ်လိုက်ပြီး "ဝေ့ရွှယ်ကို ပြန်ခေါ်သွားကြ"ဟု အမိန့်ပေးလိုက်သည်။နှစ်မိနစ်လောက်ကြာလျှင် အနက်ရောင်ဝတ်စုံနှင့် နေကာမျက်မှန်တပ်ထားသည့် အရပ်ရှည်ရှည် ဘော်ဒီဂတ်တစ်ယောက် ဖြတ်လျှောက်လာသည်။သူက ဝေ့ထင်ကို တလေးတစား နှုတ်ဆက်ပြီး ဝေ့ရွှယ်အား သူနှင့်လိုက်ဖို့တောင်းဆို၏။
"အစ်ကိုဝေ့ထင်က မပြန်သေးဘူးလား…ဒါဆို ညီမလည်း မပြန်ဘူး...အစ်ကိုနဲ့လိုက်ခဲ့မယ်"
ဝေ့ရွှယ် က ညုတုတုခရာတာတာအသံနှင့်ပြောလိုက်၏။
xxxxxxx