Chapter 41
(သူနဲ့ မရင်းနှီးဘူးလား)
ဘေးမှာရပ်နေရင်း ဝေ့ရွှယ်၏ ချိုမြိန်သည့် အသံကို ကြားလိုက်ရလျှင် စုမုန့် တုန်လှုပ်သွားကာ စိတ်ထဲတွင် ရွံရှာသွားသည်။ ဤခွေးစုံတွဲမှာ ပြောင်တင်းစွာပင် သူမရှေ့မှာ လာရိုပြနေကြ၏။
ယခုအချိန်တွင် စုမုန့်သည် ဤနေရာတွင် ရှိနေသဖြင့် ဝေ့ရွှယ် မထွက်ချင်ပေ။သူမထွက်သွားလျှင် စုမုန့် ၏ဆန္ဒကို ဖြည့်ဆည်းပေးရာကျနိုင်သည်။ သူမ ထွက်သွားဖို့ ရည်ရွယ်ချက်မရှိသည်ကို မြင်လိုက်ရသော ဝေ့ထင် က
"မင်း မပြန်ချင်ဘူးဆိုရင်လည်း မြေအောက်မှာ မြှုပ်ထားတဲ့ လူသေတွေကို ကြည့်ရမှာ"
ထိုအခါ စောစောကခေါ်ထားသော ဘော််ဒီဂတ်ကလည်း
“မစ္စ ဒါက လူသတ်မှု မြင်ကွင်းပါ... သေဆုံးသူတွေကို အပိုင်းပိုင်းခွဲပြီး စွန့်ပစ်ခဲ့တာ..ပြီးတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို နေရာတိုင်းမှာ မြှုပ်ထားတယ်… နောက်ပိုင်း ဆောက်လုပ်ရေးတွေလည်း လုပ်ထားတော့ ဘယ်လိုတွေ တွေ့ရမလဲဆိုတာ မသေချာဘူး"
ဝေ့ရွှယ်သည် ငယ်စဉ်ကတည်းက အလိုလိုက်ကာ ဖူးဖူးမှုတ်ခံထားရသူဖြစ်၍ ထိုမြင်ကွင်းများကို မကြည့်ရဲချေ။သူမ အလွန်ထိတ်လန့်သွားကာ မျက်နှာကဖြူဖျော့သွားသည်။ ဝေ့ထင် နှင့်အတူလိုက်သွားချင်သည့် အတွေးကလည်း ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
“အစ်ကို ဝေ့ထင် ညီမ ပြန်သွားပြီး အစ်ကို့ကို စောင့်နေမယ်...ပြီးသွားရင်သာ ညီမကို လာရှာဖို့ မမေ့နဲ့"
ထိုသို့ပြောပြီးနောက် သူမသည် ဘော်ဒီဂတ်နှင့်အတူ ကမန်းကတန်း ထွက်သွားသည်။
တစ်ဖက်တွင် စုမုန့် သည် ပန်းခင်းကို တူးရန် ဝန်ထမ်းများအား အမိန့်ပေးခဲ့သည်။ ရှန့်ကျန်း သည် စုမုန့် ဘက်သို့ ရောက်လာပြီး လေးစားမှုအပြည့်ဖြင့် ယခင်အလုပ်၏ ရလဒ်များကို ပြောပြသည်။
“ဆရာမက အရမ်းအံ့သြစရာကောင်းတာပဲ...တတိယထပ်မှာ ကြွေရုပ်တစ်ရုပ်ကို ငါတကယ်တွေ့ခဲ့တာ.. မင်းဘယ်လိုသိတာလဲ"
"ပရော်ဖက်ရှင်နယ်လျှို့ဝှက်ချက်ပဲ"
စုမုန့် က ပြန်ပြောလိုက်သည်။ သို့သော်ရှန့်ကျန်း က လက်မခံချင်ဘဲ သူမကို ဆက်ပြောသည် ။
“ ဒါဆို ပန်းခင်းထဲမှာ အရုပ်တစ်ရုပ်ရှိတယ်ဆိုတာ ဘယ်လိုလုပ်ပြီးဆုံးဖြတ်တာလဲ...ဒီဟာက လူသတ်မှုကျူးလွန်တဲ့သူကို ဖမ်းမိနိုင်ဖို့ သဲလွန်စလေ... ပန်းခင်းထဲမှာ တစ်ကယ်မြှုပ်ထားသလား...ပြီးတော့ ရဲတပ်ဖွဲ့က ဒီအမှုကို ဖြေရှင်းချင်တဲ့အခါ ဒီလိုအသေးစိတ်အချက်အလက်တွေကို လက်လွှတ်မခံလောက်ပါဘူး”
“အဲဒီအရုပ်ကို တစ်ကယ်ရှာတွေ့နိုင်ရင် မင်း ချက်ချင်း နာမည်ကြီးလာလိမ့်မယ်...နောက်ပိုင်းပြိုင်ပွဲတွေကို ဆက်ပြိုင်ဖို့တောင် မလိုဘူး..ဒီတိုင်း မင်းက ပထမရသွားမှာ.. အဲဒီအချိန်ရောက်ရင် မင်းရဲ့အသင်းဖော်အဖြစ် ငါ့ကို မမေ့ပါနဲ့...ငါတို့က သေခြင်းတရားကိုတောင် အတူတူ ဖြတ်သန်းခဲ့ကြတယ် လို့တောင် ယူဆနိုင်တယ်မလား”
စုမုန့် သူ့စကားကို နားထောင်ရင်း ခေါင်းကိုက်နေကာ အလွန်အေးစက်နေသော်လည်း ရှန့်ကျန်း က တစ်စက်မှ စိတ်အားမငယ်ဘဲ သူမအား အတင်းပြောနေဆဲပင်။
ဝေ့ထင် ၏ မျက်လုံးထဲတွင် စုမုန့် နှင့် ရှန့်ကျန်းတို့သည် စကားစမြည်ပြောနေကြသည်ဟု သူထင်ခဲ့သည်။
" ဒီလူနဲ့ စုမုန့် ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ...သူတို့နှစ်ယောက်ဘာကြောင့်ဒီလောက်ရင်းနှီးရတာလဲ..."
ဝေ့ထင် ၏မျက်လုံးထဲမှာ မုန်းတီးမှုခံစားချက်တွေ လျှံတက်လာသည်။နောက်မှ ဤလူအကြောင်းကို စုံစမ်းရမည် ဖြစ်သည်။
ရှန့်ကျန်း တစ်ယောက်တည်း အချိန်အတော်ကြာအောင် စကားတွေပြောနေခဲ့စဉ် ရုတ်တရက် အေးစက်သောအကြည့်တစ်ခုကို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်တော့ စုမုန့် ကို ပွေ့ဖက်ခဲ့သူအား တွေ့သွားရ၏။
"မင်း အဲဒီလူကို သိလား...သူက မင်းကို အခုပဲ ကယ်ခဲ့တဲ့သူပဲ...ဒါပေမယ့် သူက ငါ့ကို သိပ်မကြည်ဘူးနော်"
ရှန့်ကျန်း က ဝေ့ထင် ကို တိတ်တဆိတ် မေးငေါ့ပြပြီး စုမုန့်အား မေးလိုက်သည်။ သူ ဘာမှအတွေးမလွန်ချင်သော်လည်း ဝေ့ထင်၏ အကြည့်များက တစ်ကယ့်ကို အေးစက်သွားစေသဖြင့် လျစ်လျူရှုဖို့ ခက်လှသည်။
“ကျွန်မတို့မှာ အငြိုးအတေးကိုယ်စီရှိတယ်...တစ်ယောက်နဲ့တစ်ယောက်လည်း မရင်းနှီးဘူး”
စုမုန့် ဝေ့ထင်ကို တစ်စက်မှသနားစိတ်မရှိပေ။ သူမ လုံးဝ အသံကို လုံးဝမလျှော့ဘဲ ပြောလိုက်သဖြင့် ဝေ့ထင် ကြားလိုက်သည်။
"မရင်းနှီးဘူး ဟုတ်လား...သူတို့လက်ထပ်ခဲ့တယ်လေ..."
သူတို့နှစ်ယောက် အိမ်ထောင်ကျတာ ကြာပြီဆိုသော်လည်း စုမုန့် ၏ နှလုံးသားထဲမှာတော့ သူက သိပ်မရင်းနှီးသည့် လူတစ်ယောက် ဖြစ်လို့နေသည်။ ဒေါသစိတ်တို့က သူ့နှလုံးသားထဲမှာ ဆူပွက်နေရသည်။သူမ သူ့ကို ဤမျှမုန်းတီးနေရအောင် သူ ဘာများလုပ်ထားရသလဲဆိုသည်ကို မေးခွန်းထုတ်ချင်နေခဲ့သည်။ စုမုန့် ကို ပျော်ရွှင်စေချင်သည့်အတွက် သူများပေးသည့်အကြံတိုင်း လုပ်ခဲ့ခြင်းပင်။သို့သော် သူမသည် ဝတ်မှုန်နှင့်မတည့်သည်ကို မသိသောကြောင့် သူမ ပို၍ ဒေါသပိုထွက်လာခဲ့သည်။
ဝေ့ထင် သည် စုမုန့် နှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းချင်သော်လည်း အမြဲမရှင်းမလင်းဖြစ်နေရလေ၏။ဤပွဲပြီးသွားတော့ ယနေ့အတွက် ပြိုင်ပွဲကို ရပ်နားခဲ့သည်။ ပြိုင်ပွဲဝင်များ အနားယူပြီး မနက်ဖြန်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
ဝေ့ထင်သည် သူ့လက်ကို မြှောက်လိုက်ပြီး သူ့လက်မောင်းပေါ်ရှိ အနီစက်များကို ကြည့်လိုက်သည်။ ဤနေရာတွင် နှင်းဆီပန်းများ ရှိနေသဖြင့် သူ့ခန္ဓာကိုယ်သည် ဓာတ်မတည့်သည့် လက္ခဏာများ စတင်ပြသလာပြီဖြစ်သည်။ စုမုန့် ထွက်သွားသည်အထိ စောင့်ချင်ခဲ့သော်လည်း အခုတော့ သူဆက်နေ၍မဖြစ်တော့။သူ သူမကို လေးလေးနက်နက်ကြည့်ကာ ထွက်သွားလေသည်။
စုမုန့် က ဆောက်လုပ်ရေးလုပ်နေသည့် ပန်းခင်းပေါ်မှာ အာရုံစိုက်နေ၍ ဝေ့ထင်၏ပြောင်းလဲမှုများကို သူမသတိမထားမိပေ။ထိုအစား ရှန့်ကျန်း မှာ ဝေ့ထင် ထွက်သွားသည်ကို မြင်သည့်အခါ မျက်လုံးပြူးသွားရသည်။
ဝန်ထမ်းတွေက စုမုန့် ပြောသည့်အတိုင်း ပန်းခင်းအောက်ခြေထောင့်ကို တူးသော်လည်း ဘာမှ မရှိခဲ့ပေ။ ကျန်ပြိုင်ပွဲဝင်တွေကလည်း စုမုန့် အရှက်ကွဲမည့်အချိန်ကို မြင်ချင်ကြသည်။ သူတို့သာ မိန်းမတစ်ယောက်ကို ရှုံးပါက ၊မျက်နှာပင် ဖော်ရဲမှာမဟုတ်တော့ေပ။ဖုန်းရွှေပညာရှင် များကြားတွင် အမျိုးသမီး ဖုန်းရွှေပညာရှင်များကို ခွင့်မပြုသော စည်းမျဉ်းတစ်ခု ရှိခဲ့သည်။ အမျိုးသမီးများသည် ယင်ဘက်ခြမ်းတွင် ပါ၀င်ကြပြီး လူများစွာ၏အမြင်တွင် သူမတို့သည် ကံမကောင်းသော တည်ရှိမှုဖြစ်သည်။
အိမ်ရှင်က ဘာမှမတွေ့ရ၍ နည်းနည်းစိတ်မချမ်းသာဖြစ်သွားသော်လည်း သူကျွမ်းကျင်သည့်အတိုင်း ချိုသာစွာ စုမုန့်ကို ပြုံးပြလေသည်။
“မစ္စစု...တောင်းပန်ပါတယ်… ဝန်ထမ်းတွေ တူးနေတာကြာပြီ၊ ဒါပေမယ့် ဘာမှမရှိဘူး”
စုမုန့် သည် မေးစေ့ကို လက်ဖြင့် ထောက်ကာ ပန်းခင်းတူးထားသော နေရာတွင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ထို့နောက် သူမက ဝန်ထမ်းကို
“မကြာတော့ပါဘူး...ကျေးဇူးပြုပြီး နည်းနည်းလေးနက်အောင် တူးပါ"
(မျက်လုံးကိုရှာဖွေတွေ့ရှိခြင်း...)
ဝန်ထမ်းတွေက အိမ်ရှင်ကို ကြည့်လိုက်လျှင် အိမ်ရှင်က ခေါင်းညိတ်လိုက်၍ သူတို့ ဆက်တူးကြသည်။ယခုတစ်ခါလည်း အနက် မီတာဝက်လောက် တူးကြည့်သော်လည်း ဘာမှ မတွေ့ သေးပေ။
ပြိုင်ပွဲဝင်တစ်ဦးသည် စိတ်မရှည်စွာ ညည်းညူရင်း
“အဆင်ပြေလို့လား...ရဲတွေတောင် ဒီကိစ္စကို ရှာမတွေ့ဘူး...ငါတို့က ဘယ်လိုရှာရမှာလဲ"
“ကြွေရုပ်ကို ရှာတွေ့ပြီဆိုတော့ မြန်မြန်အဆုံးသတ်လိုက်ကြရအောင်...ဒီနေရာမျိုးက ဖုန်းရွှေ အတွက် အရမ်းအန္တရာယ်များတဲ့ နေရာကြီးပါ…ငါတို့ဒီမှာ အကြာကြီးနေနေမယ်ဆိုရင် ငါတို့ကိုလည်း ကံဆိုးမှုတွေ စွန်းထင်းသွားလိမ့်မယ်”
စုမုန့် သည် ထိုလူများကို လျစ်လျူရှုခဲ့သည်။ ဤအချိန်မှာ သူမစိတ်ထဲဝယ် အတွေးတစ်ခုသာရှိတော့သည်။ပြိုင်ပွဲမှာ အနိုင်ရဖို့မဟုတ်ဘဲ ဤမိသားစုကို ကူညီဖြေရှင်းပေးဖို့ပင်။သူမသည် စတုတ္ထထပ်က အခန်းကို ပြန်တွေးကြည့်ရင်း ရုတ်တရက် ဝမ်းနည်းမှုတို့က ပြန်ဖြစ်တည်လာပြန်သည်။သူမသည် ဤမိသားစုကို စာနာမိသော်လည်း ပြင်းထန်သောဝမ်းနည်းမှုမှာ သူမ ကိုယ်တိုင်တင်မဟုတ်ဘဲ အိမ်၏လေထုကိုပါ ထိခိုက်ခဲ့သည်။ မိဘများ သေသွားပြီးနောက် ကလေးနှစ်ဦးသည် အသက်မသေရန် အစွမ်းကုန် ပုန်းကွယ်၍ကြိုးစားခဲ့သော်လည်း လူသတ်သမား လက်မှ မလွတ်မြောက်ခဲ့ပေ။ သူမစိတ်ထဲမှာ အိမ်တစ်ဝိုက်တွင် ရှိနေသော မကျေနပ်မှုများကို ခံစားနိုင်သည်။ မည်သို့ပင်ဖြစ် စေ၊ဤသနားစရာကောင်းသော မိသားစုကို ကူညီဖို့ ဆုံးဖြတ်ထားသည်။
“နေဦး"
ဝန်ထမ်းတွေက ဆက်တူးနေစဉ် ရုတ်တရက် စုမုန့် တားလိုက်သည်။ထို့နောက် သူမသည် ဝန်ထမ်းများတူးထားသော မြေနေရာဆီသို့ လျှောက်သွားကာ စတင်တူးလိုက်ပြန်သည်။ သူမ၏ လုပ်ရပ်က ပတ်ဝန်းကျင်က လူတွေကို စိတ်ရှုပ်စေလေ၏။
အရုပ်က ဒီတိုင်းမမြင်ရဘူးလား...
ထိုကဲ့သို့ ကြီးမားသောအရာကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။ဘာလို့ သူမကပါ တူးနေတာလဲ...
ရှန့်ကျန်း သည်စုမုန့် ၏ လုပ်ရပ်ကို မြင်သောအခါ သူမကို မေးမြန်းမနေဘဲ သူပါ လျှောက်လာပြီး စတင်တူးပေးလိုက်မိ၏။ သူမ ဘာကို ရှာနေမှန်း မသိသော်လည်း တစ်စုံတစ်ခုကို သူ မြင်ခဲ့လျှင်လည်း သူမအား အကူအညီပေးနိုင်မည်ဖြစ်သည်။ သူတို့နှစ်ယောက် အတန်ကြာအောင် တူးဖော်ပြီးနောက် စုမုန့် သည် အနက်ရောင် အရာဝတ္ထုတစ်ခုကို ကောက်ယူလိုက်သည်။ထို့နောက် သူမက အနည်းငယ် ဝမ်းသာသွားဟန်ဖြင့် အိမ်ရှင်ကို ပြောလိုက်သည်။
“ပစ္စည်းကို ရှာတွေ့ပြီ”
သူမ လက်ထဲက အရာဝတ္ထုမှ ကျောက်တုံးသေးသေးလေးလို ပုံရှိကာ အရုပ်လုံးဝမဟုတ်ပေ။ထိုအခါ အိမ်ရှင်က သူမသည် စည်းကမ်းချက်များကို နားမလည်ပုံရသဖြင့် ထပ်ရှင်းပြသည်။
သို့သော် စုမုန့်က
“စည်းမျဉ်းတွေကို သိပါတယ်...ဒါပေမယ့် အရုပ်ကိုရှာဖို့က အဓိကမဟုတ်ဘူး...အဓိကက အရုပ်ရဲ့မျက်လုံးထဲမှာ ကင်မရာအသေးလေး ရှိတယ်...ဒီဟာ…အရုပ်ရဲ့ မျက်လုံးပါ"
အိမ်ရှင်ကမယူဘဲ ဝန်ထမ်းတွေကို ယူဖို့ အချက်ပြပြီးနောက် ပြိုင်ပွဲဝင်များအား ပြောလေသညိ။
"ဒါဆိုရင်တော့ ဒုတိယပွဲပြီးပါပြီ...ဒီဟာကသာ တစ်ကယ်ပျောက်ဆုံးနေတဲ့ ကင်မရာသာဆို နောကထပ်ပွဲတွေ ပြိုင်စရာမလိုတော့ဘူး…မစ္စစုက ပထမနေရာကို တိုက်ရိုက်ရောက်သွားမှာပါ"
“ဒီလိုမှမဟုတ်ရင် အောက်ကပွဲတွေ ဆက်သွားမယ်...ကြွေရုပ်ကို ရှာတွေ့တဲ့ မစ္စတာရှန့်သည် အမှတ်နှစ်မှတ် ရမယ်...မတွေ့သူတွေက ဘာအမှတ်မှ မရဘဲ အထုတ်ခံရမှာ"
ရှန့်ကျန်း သည် ကြွေရုပ်လေးကြောင့် သူ့ကို အသိအမှတ်ပြုခံရသဖြင့် ပြောလိုက်သည်။
“ဒီကြွေရုပ်ကိုလည်း စုမုန့်က ရှာတွေ့ခဲ့တာပါ...ကျွန်တော်က သူမ ယူလာဖို့သာ ကူညီပေးတာ...ဒီတော့ ကျွန်တော့်ကိုလည်း အမှတ်မပေးလည်းရပါတယ်"
ရှန့်ကျန်း သည် ကြွေရုပ်ကြောင့် အမှတ်ရမည့်ကိစ္စကို မလိုချင်ကြောင်း ပြောသောအခါတွင် စုမုန့် မျက်ခုံးပင့်လိုက်သည်။ ရှန့်ကျန်း သည် ပြိုင်ပွဲများစွာတွင် ပါဝင်ခဲ့ပြီး သူ၏ ရည်မှန်းချက်မှာ ပထမနေရာကို ရယူရန်ဖြစ်သည်။ သို့သော် ယခုမူ အခွင့်အရေးကောင်းတွေကို သူမအား ပေးချင်စိတ်ရှိသဖြင့် သူ့စရိုက်က မဆိုးဘူးဟု ပြော၍ရ၏။သူမ၏ စိတ်ထဲတွင် ရှန့်ကျန်း ကို အသိအမှတ်ပြုနေပြီဖြစ်သည်။
"တောင်းပန်ပါတယ်…ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရ ကြွေရုပ်ကို တွေ့တဲ့သူက အမှတ်တွေ ရမှာပါ…မစ္စတာရှန့်က သေချာပေါက် အမှတ်ရမှာပါ"
ရှန့်ကျန်း ၏ စကားကို အိမ်ရှင်က ပယ်ချလိုက်၍သူက စုမုန့်ကို ရှက်ကိုးရှက်ကန်း ကြည့်လိုက်သည်။သူ့အနေနှင့် လောဘစိတ်သိပ်မများချင်ပေ။လောဘစိတ်က သူ့အတွက် ကံဆိုးမှုတွေ ယူဆောင်လာစေသည်။
“အဆင်ပြေပါတယ်...ရှင့်အတွက် ရစေချင်လို့ ကျွန်မကလည်း ပြောပြတာပါ"
စုမုန့် သည် ရှန့်ကျန်း ရှက်ရွံ့နေသည်ကိုမြင်လိုက်ရ၍ နှစ်သိမ့်လိုက်၏။ဤကြွေရုပ်သည် အဆင့်သတ်မှတ်ချက်အတွက် အလွန်အရေးကြီးသော်လည်း၊သဲလွန်စနှင့်ပတ်သက်နေသရွေ့ သူမသည် ပထမနေရာကို သေချာပေါက်ရနိုင်မည်ဖြစ်သည်။ သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိ၏။
အရုပ်မျက်လုံးတွေကို မြေကြီးထဲမှာ အကြာကြီးမြှုပ်ထားတာကြောင့် ကျောက်တုံးတစ်ခုလို ပုံပျက်နေခဲ့သည်။အတွင်းထဲရှိကင်မရာသည် ပါဝါကုန်သွားသည်မှာ ကြာပြီဖြစ်၍ ကျွမ်းကျင်ပညာရှင်ထံ လွှဲပြောင်းပေးရန်လိုအပ်သည်။
ဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် ပြိုင်ပွဲဝင်များသည် ပြန်လာပြီး ရလဒ်ကို စောင့်မျှော်နေကြသည်။ စုမုန့် သည် ရှိနေသူတိုင်းကို တစ်ချက်ကြည့်လိုက်ရာ ဝေ့ထင် ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ဝေ့ရွှယ်လည်း မရှိတော့ပေ။ မောင်နှမနှစ်ယောက်သား အတူတူ ဘာတွေ လုပ်နေလဲ သူမ မသိ။ သို့သော် သူမ မျက်စိရှေ့မှာ မဟုတ်၍ သူတို့ ကြိုက်သလို နေကြလည်း လစ်လျူရှုထားနိုင်သည်။
xxxxxx