Chapter 163
သူ၏ ကောင်းမွန်သော စိတ်ထားက ဒေါသထွက်နေသည့် ကြောင်လေး၏ လေသံကို အနည်းငယ် ပိုကောင်းလာစေခဲ့သည်။ အတန်ကြာ စကားစမြည်ပြောပြီးနောက် နှစ်ယောက်သား အိပ်ချိန်နီးနေပြီကို တွေ့လိုက်ရသည်။ဖုန်းချပြီး အတူတူ ရေချိုးရန် သွားခဲ့ကြသည်။
အိပ်ရာမဝင်ခင် နှုတ်ဆက်ရန် ဖုန်းထပ်ခေါ်ကြသည်။သူတို့၏ အိပ်ချိန်ကို ချိန်ကိုက်နိုင်ရန် မကြာခဏ ရေအတူချိုးပြီး အဝတ်အစားတွေကို တစ်ချိန်တည်း လျှော်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦးကြားတွင် တိတ်တဆိတ် နားလည်မှုတစ်ခု ဖြစ်လာခဲ့သည်။
ရေချိုးခန်းထဲဝင်မသွားခင် ချီရှင်းချန် သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ဒါရိုက်တာကျန်းထံမှ မက်ဆေ့ချ်ကို မတွေ့ရပေ။ထိုအစား ပိုင်ရဲ့၏ ပို့စ်အသစ်ကို သူတွေ့လိုက်ရသည်။
— — ပိုင်ရဲ့ : မင်းကိုယ့်ကို နက်နက်ရှိုင်းရှိုင်းချစ်မိနေချိန်မှာ ကိုယ်လည်း မင်းကို ရူးရူးမူးမူးစွဲလန်းနေတာပါပဲလေ
ချီရှင်းချန် မပြုံးဘဲ မနေနိုင်။
Weibo မှာရှိသည့် "မင်း" က ဘယ်သူလဲဆိုသည်ကို သူသိသည်။
ချီရှင်းချန်က သူ့နာမည်ကို ဘယ်တော့မှ မပြောင်းခဲ့ပေ။ထိုတစ်စုံတစ်ယောက်က ချီရှင်းချန်ဖြစ်ပြီး ချီရှင်းချန်က သူဖြစ်သည်။
ဟီးဟီး...
သူ့မျက်နှာကို ပွတ်သပ်ပြီး သူ့အဝတ်အစားတွေကို ရေချိုးခန်းထဲ သွင်းလိုက်သည်။ ရေချိုးနေရင်း တစ်ဝက်လောက်မှာ သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။ သူ ဒါရိုက်တာကျန်း ဖြစ်မည်စိုး၍ ရေချိုးပဝါကို ခါးတွင်ပတ်ကာ ပြေးထွက်လာခဲ့သည်။
သို့သော် ၎င်းသည် သူစောင့်နေသောလူမဟုတ်ပေ။ချီယွီကျီးဖြစ်၏။
အမြဲတမ်း နူးညံ့သိမ်မွေ့သော သူ့အစ်မက အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
"ရှင်းရှင်း အိမ်ပြန်လာခဲ့ဦး... အဖေ့ကို... လက်ဖက်ရည်သောက်ဖို့ CSRC က ဖိတ်သွားတယ်"
"လက်ဖက်သောက်ဖိတ်ခြင်း"ဆိုသည်က ပြုပြင်မွမ်းမံထားသောအခေါ်အဝေါ်ဖြစ်သည်။ချီရှင်းချန် ခဏလောက် ကြက်သေသေနေပြီးမှ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် အဖေချီကို CSRC သို့ ဆင့်ခေါ်ခြင်းခံရသည်ကို ရိပ်မိသွားသည်။
(T/N-CSRC=တရုတ်ဘဏ္ဍာစည်းကြပ်ရေးကော်မရှင်)
စာရင်းဝင်ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌအနေဖြင့် ဆင့်ခေါ်မေးမြန်းခံရခြင်းတွင် အန္တရာယ်ရှိနေသည်။ထို့ကြောင့်သာမဟုတ်လျှင် ချီယွီကျီး အထိတ်တလန့်ဖြစ်မှာမဟုတ်ပေ။
ကိစ္စတွေက သူထင်ထားသည်ထက် ပိုလေးနက်နေခြင်းဖြစ်ရမည်။
ဖုန်းထဲကနေ ဘာမမေးဘဲ ချီရှင်းချန် သူအစ်မကို နှစ်သိမ့်ပေးလိုက်ပြီး ဒါရိုက်တာကျန့်ဆီက အမြန်ထွက်ခွာခွင့် တောင်းဆိုလိုက်သည်။အရန်အကောင့်အဖော်ခံရမှုက "နေဝန်းနီနီ"အတွက် လူကြိုက်များမှုလှိုင်းကို ဖန်တီးပေးခဲ့သည်။ ဒါရိုက်တာကျန့်က ဝမ်းသာအားရနှင့်ချက်ချင်း ခွင့်ပြုလာသည်။
"မင်းသွားချင်ရာကို သွားလို့ရတယ်... လဝက်အတွင်းသာ ပြန်လာခဲ့... ဇာတ်ပို့နဲ့ မင်းသမီးရဲ့ဇာတ်ကွက်တွေကို အရင်ရိုက်လိုက်မယ်"
သူ၏စကားတွေက အမှန်တကယ်ဖြစ်လာမည်ဟု မည်သူထင်မည်နည်း။ ချီရှင်းချန်က တကယ်ပဲလဝက်လောက် ထွက်သွားခဲ့သည်။
အိမ်တွင်းအခြေအနေက အရေးတကြီးဖြစ်နေသည်။ သူ့ပစ္စည်းတွေ ယူရန် အချိန်မရှိဘဲ လေဆိပ်ကို အမြန်သွားခဲ့သည်။ အိမ်ပြန်ရောက်သောအခါ မိုးလင်းခါနီးပြီဖြစ်၏။ ကြီးမားသော ဧည့်ခန်းကြီးမှာ ဆိုဖာပေါ်တွင်ထိုင်နေသော ချီယွီကျီးအပြင်ဘယ်သူမှရှိမနေပေ။မျက်လုံးများ မှိတ်ထားသော်လည်း သူမ၏ မျက်ခုံးများကို တင်းတင်းကျပ်ကျပ်ကြုံ့ထားသည်။ သူမက အိပ်နေသည့်အချိန်မှာပင် သိပ်ပြီး စိတ်မအေးဖြစ်နေပုံရသည်။
ချီရှင်းချန် သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး သူ့အစ်မပေါ် ညင်သာစွာ ခြုံပလိုက်သည်။ ဖုန်းကိုထုတ်ကာ သူ့အစ်ကို့ကို ခေါ်ခါနီးတွင် သူ့လက်ကို အေးစက်သောလက်တစ်ဖက်က ဆုပ်ကိုင်လာသည်။
"ရှင်းရှင်း ပြန်လာပြီလား...ကျဲကို ဘာလို့မနှိုးတာလဲ"
ချီရှင်းချန်က သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
"ကျွန်တော် အခုမှ ရောက်တာ...ကျဲ ဒီမှာ တစ်ညလုံး စောင့်နေတာလား"
"ဟုတ်တယ်"
ချီယွီကျီးက ထထိုင်လိုက်ပြီး ရှုပ်ပွနေသော ဆံပင်များကို သပ်လိုက်သည်။
"မင်းနဲ့အစ်ကိုကြီးပြန်မလာမချင်း ငါအိပ်လို့ရမှာမဟုတ်ဘူး"
အစ်ကိုကြီး…ချီရှင်းချန် မျက်မှောင်ကြုတ်လိုက်သည်။
"အစ်ကိုကြီးကို ခေါ်သွားတာလား"
"မဟုတ်ဘူး...သူကအဖေ့သတင်း သွားမေးတာ...တကယ်တော့ သူဆီကအကြောင်းပြန်မလာလို့မဟုတ်ရင် မင်းကိုငါပြန်လာခိုင်းမှာ မဟုတ်ဘူး"
ချီယွီကျီးက ကုမ္ပဏီ၏လုပ်ငန်းနှင့် အနည်းငယ်အဆက်အဆံရှိသော်လည်း အထက်ပိုင်းစီမံခန့်ခွဲမှုအကြောင်း သူမမသိပေ။မိသားစုရဲ့ မဏ္ဍိုင်နှစ်ခုက မရှိတော့သည့်အတွက် သူမမောင်ကို ပြန်လာခိုင်းရန်ပဲ တတ်နိုင်ခဲ့သည်။
သူ့အစ်မ၏ ဖြူဖျော့သောမျက်နှာကို မြင်သဖြင့် ချီရှင်းချန် သူမကို ကျောပေးကာ ရေနွေးတစ်ခွက်ငှဲ့ရန် ထလိုက်သည်။
"အဲ့လို မပြောပါနဲ့...ကျွန်တော်လည်း ချီမိသားစုထဲက လူပဲလေ... အဖေ့ရဲ့ အခြေအနေကို ပြောပြပါ"
ချီယွီကျီးက ရေကိုယူကာ သူမ၏လက်ထဲတွင် ကိုင်ထားသည်။
"လွန်ခဲ့တဲ့ရက်နည်းနည်းလောက်က တချို့သောရင်းနှီးမြုပ်နှံသူတွေက CSRCကို ချီကော်ပိုရေးရှင်းက မလိုတမာ short-sellingတွေလုပ်ပြီး အချက်အလက်အတုတွေကို ထုတ်ပြန်ခဲ့တယ်ဆိုပြီး သတင်းပို့ခဲ့တယ်... သတင်းကြားပြီးတဲ့နောက် စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး ငါတို့ ချက်ချင်းပြင်ဆင်ခဲ့တယ်... CSRCကလူတွေက ရောက်လာပြီးတဲ့နောက် အဖေ့ကို တိုက်ရိုက် မစစ်ဆေးဘဲ ခေါ်သွားလိမ့်မယ်လို ဘယ်သူသိမှာလဲ ...ပြည်သူ့ လုံခြုံရေးဗျူရိုက ဥပဒေအရာရှိတွေလည်း သူတို့နဲ့ အတူ တူ ပါလာတယ်"
ပြည်သူ့လုံခြုံရေးဗျူရို…
သူတို့က အမှုတွဲတင်ခဲ့တာလား...
Short-sellingဆိုသည်က အနာဂတ်တွင် စျေးကွက်ကျလာရန် မျှော်လင့်ပြီး လက်ရှိပိုင်ဆိုင်ထားသည့် စတော့ရှယ်ယာများကို ရောင်းချသည့် ရှယ်ယာရှင်များ၏ အပြုအမူကို ရည်ညွှန်းသည်။ သူတို့က စျေးကျမည်ကို စောင့်ဆိုင်းပြီး ဈေးနှုန်းကွာခြားမှုကနေ အမြတ်ရရန် စတော့ရှယ်ယာတွေကို ထပ်ဝယ်ကြသည်။မလိုမမာ short-sellingသည် ယေဘုယျအားဖြင့် ကျဆင်းနေသောမျှော်လင့်ချက်များကို ချဲ့ထွင်ရန်အတွက် မှားယွင်းသောအချက်အလက်များကို ဖန်တီးကာ ဖြန့်ခြင်းဖြင့် စျေးကွက်ခြယ်လှယ်မှုကို ရည်ညွှန်းသည်။
Short-sellingနှင့် မလိုတမာshort–sellingကြား တစ်ခုတည်းသော ခြားနားချက်မှာ "မလိုတမာ" ဖြစ်သည်။ ၎င်းသည် မလိုတမာစိတ်ဖြင့် အရောင်းအ၀ယ်ပြုလုပ်ခြင်းဖြစ်မဖြစ် ဆုံးဖြတ်ရန်၊ စတော့ရောင်းသူ၏ ရည်ရွယ်ချက်ကို ဆုံးဖြတ်ရန် လိုအပ်သည်။
သို့ပေမဲ့ ထိုသို့လုပ်သူ၏ ရည်ရွယ်ချက်ကို မည်သို့ဆုံးဖြတ်မည်နည်း။ လုပ်ကြံဖန်တီးထားသည့် အချက်အလက်တွေ အထောက်အထားတွေ ရှိလာသည့်အခါ ဆုံးဖြတ်၍ရသည်။ အထောက်အထားမရှိသည့်အခါ စုံစမ်းစစ်ဆေးသူ၏ အတွေးပေါ်တွင်သာ မူတည်လေသည်။
ချီရှင်းချန်က ထပ်မေးလိုက့သည်။
"အဖေ့ကို ဘယ်အချိန်က ခေါ်သွားတာလဲ"
"မနေ့ညက ငါးနာရီလောက်က အလုပ်မပြီးခင်"
ထိုအချိန်မှစ၍ ဆယ့်နှစ်နာရီနီးပါး ရှိနေပြီဖြစ်သည်။
ယေဘုယျအားဖြင့် တရားဝင်စစ်ဆေးမေးမြန်းမှုကို တစ်နာရီ သို့မဟုတ် နှစ်နာရီအတွင်း ပြန်လွှတ်ပေးမည်ဖြစ်သည်။အဖေချီက တစ်ညလုံး ပိတ်လှောင်ခံထားရသည်။ ထင်ရှားသည်မှာ၊ တစ်ဖက်လူက ချီကော်ပိုရေးရှင်းက မလိုတမာကာလတိုရှယ်ယာရောင်းခြင်းလုပ်နေသည်ဟု သံသယရှိထားပြီးဖြစ်သည်။
ချီရှင်းချန်၏နှလုံးသား ချက်ချင်းပင် တင်းကျပ်လာသည်။အဖေချီက အသက်ကြီးပြီဖြစ်၍ မီးလောင်ပြီးကတည်းက ပြင်းထန်သော အာရုံကြေယိုယွင်းမှုကို ခံစားခဲ့ရသည်။ အေးစက်စက် စစ်ဆေးမေးမြန်းခန်းမှာ နေနေသာ ည၌ ကောင်းကောင်းအိပ်မပျော်ရှာပေ။
ချီးယွမ်ရှောင်က သတင်းမေးရန် ညတွင်းချင်း အပြင်ထွက်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
ချီယွမ်ရှောင်၏စွမ်းရည်ဖြင့် CSRCတွင် အခြေအနေအကြောင်းမေးရန်မှာ သူ့အတွက် ပြဿနာမဟုတ်ပေ။ချီရှင်းချန် ချီယွီကျီးကို ကူတွဲလိုက်သည်။
"ကျဲ... အခန်းထဲပြန်သွားပြီး ခဏအိပ်လိုက်ပါ...လက်ရှိအခြေအနေကို သိရဖို့ ကျွန်တော် ပြည်သူ့လုံခြုံရေးဗျူရိုကို ဆက်သွယ်လိုက်မယ်"
ချီယွီကျီးက ခေါင်းယမ်းလိုက်သည်။ "အဖေပြန်မလာမချင်း ငါအိပ်လို့မရဘူး"
"အဖေက အဆင်ပြေတယ်...ကိုယ့်ကိုကိုယ် နေမကောင်းဖြစ်အောင်မလုပ်နဲ့"
"ရပါတယ်"
ချီယွီကျီးက ဘေးနားကို လျှောက်သွားသည်။
"မင်းအပြည်သူလုံခြုံရေးဗျူရိုကို ဆက်သွယ်လိုက်...ငါ ရှန်ကျန်းစတော့အိတ်ချိန်းကငါ့သူငယ်ချင်းကို ဆက်သွယ်ကြည့်မယ်"
ထိုအခြေအနေတွင် ချီရှင်းချန် သူမအား အနားယူရန် အတင်းအကြပ်မလုပ်ခဲ့ပေ။ နှစ်ယောက်သား ဖုန်းခေါ်ရန် လမ်းခွဲလိုက်ကြသည်။ သို့သော် ထူးဆန်းသည်မှာ သူ၏ဖုန်းခေါ်ဆိုမှုကို ချက်ချင်းဖြေကြားတတ်သည့် ဒါရိုက်တာကျန်းက သူ့ဖုန်းကိုမကိုင်ပေ။
အကြိမ်အနည်းငယ် ထပ်မံခေါ်ဆိုသော်လည်း မအောင်မြင်သေးပါချေ။
အိပ်ဖို့စောလွန်းနေသလား...
ချီရှင်းချန် သူ့နားထင်များကို ပွတ်သပ်လိုက်သည်။
ချီယွီကျီးကဲ့သို့ပင် ချီယွီကျီး၏ဖုန်းကလည်း မကိုင်ပေ။ဘာအချက်အလက်မှ မရလိုက်သဖြင့် သူတို့နှစ်ဦး ဆိုဖာပေါ်တွင်သာ ထိုင်ကာ အစ်ကိုဖြစ်သူထံမှ သတင်းရရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
မနက်ဆယ်နာရီမှာ ချီယွမ်ရှောင် ပြန်ရောက်လာသည်။ချီရှင်းချန်နှင့် ချီယွီကျီးက သူ့နောက်ကို လှမ်းကြည့်လိုက်ကြသည်။
အဖေချီ၏ အရိပ်အယောင် မတွေ့ရပေ။
"ကော"
ချီရှင်းချန်၏နှလုံးသား နစ်မြုပ်သွားသည်။
"အဖေ အချုပ်ချခံထားရတုန်းပဲလား"
"ရှင်းရှင်း ဘာလို့ပြန်လာတာလဲ"
ချီယွမ်ရှောင်က အနည်းငယ် ပင်ပန်းနေပုံရသည်။
"ယွီကျီး ပြန်လာခိုင်းတာလား"
"ကံကောင်းလို့ ကျဲက ကျွန်တော့်ကိုပြောတယ်... မဟုတ်ရင်ကျွန်တော်သိမှာ မဟုတ်ဘူး... ကော အဖေ့ အခြေအနေ ဘယ်လိုရှိလဲ"
"ဇာတ်လမ်းက အရှည်ကြီး"
ချီယွမ်ရှောင်က သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
"အဖေ့ကို သွားတွေ့ချင်တယ်လို့ ပြောတော့ သူ့ကို ဆက်သွယ်တဲ့ တာဝန်ခံ ဝန်ထမ်းတွေက ငါ့ကို ခွင့်မပြုဖို့ အကြောင်းပြချက် မျိုးစုံ ရှာခဲ့တယ်... ဘာဖြစ်နေတာလဲလို့ မေးချင်ပြန်တော့လည်း တစ်ဖက်က အကြောင်းပြချက်တွေ ဆက်ရှာတယ်...ပြန်လာချိန်အထိ အဖေ့ကို မတွေ့ခဲ့ရဘူး"
စက်မှုလုပ်ငန်းခေါင်းဆောင်နှင့် H ပြည်နယ်တွင်အကြီးဆုံးကုမ္ပဏီအနေဖြင့် ချီအုပ်စုသည် H ပြည်နယ်တည်ဆောက်ရေးအတွက် နှစ်စဉ် လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်များစွာကို ပံ့ပိုးပေးခဲ့ရသည်။ စာသင်ကျောင်းအချို့ ဆောက်လုပ်ရန်အတွက်လည်း အလှူငွေများ လှူဒါန်းခဲ့သည်။ H City ရှိ လေဆိပ်၊ရင်ပြင်နှင့် အခြားသော အဆောက်အဦးများကို ချီအုပ်စုမှ အမည်ပေးထားခြင်းဖြစ်သည်။ချီအုပ်စုသည် နှစ်များအတွင်း ပြည်တွင်းအေဂျင်စီများနှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားသည်ဟု ဆိုနိုင်သည်။ သူတို့အကူအညီလိုပါက ဥပဒေမချိုးဖောက်သရွေ့ အေဂျင်စီတွေက ကူညီပေးရန် ဆန္ဒရှိနေကြသည်။
ယခုမူ သူမ အဖေချီကိုပင် သွားမကြည့်နိုင်တော့ပေ။ တကယ်ကို ထူးဆန်းပြီး စကားလုံးအနည်းငယ်နှင့် ရှင်းပြရခက်လေသည်။
၎င်းကိုကြားသောအခါ ချီယွီကျီးမျက်နှာက ဖြူဖျော့သွားသည်။ချီရှင်းချန်ခဏလောက်စဉ်းစားပြီး မတ်တပ်ရပ်လိုက်သည်။
သူ့လုပ်ရပ်ကိုမြင်သောအခါ ချီယွီကျီးကမေးလိုက်သည်။
"ရှင်းရှင်း ဘယ်သွားမလို့လဲ"
"ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေပြီ...ကျွန်တော် ပြည်သူ့လုံခြုံရေး ဗျူရိုကို သွားမလို့"
သူ ဗျူရိုအကြီးအကဲကိုမေးကာ ရှုချန်လင်းကိုအမြန်ရှာခိုင်းမည်။ အဖြစ်အပျက်နှစ်ခုက တစ်ခုနှင့်တစ်ခု အလွန်နီးကပ်သောကြောင့် ဆက်စပ်မှုရှိနိုင်သည်။
သို့ပေမဲ့ ချီယွမ်ရှောင်ကဆိုလာသည်။
"အပြင်မထွက်သေးနဲ့ဦး"
ချီရှင်းချန် ခြေလှမ်း ရပ်သွားသည်။
"အဖေ့ကို ခေါ်သွားခံရတဲ့ ဓာတ်ပုံတွေ ထွက်လာတယ်...မနေ့ညကတည်းက ချီအုပ်စုက စုံစမ်းစစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းတွေ မီဒီယာနဲ့ အများပြည်သူပလက်ဖောင်းတွေမှာ ပျံ့နှံ့လာခဲ့တယ်...အခုန ပြန်ရောက်တော့ ငါ့နောက်မှာ သတင်းထောက်တွေ အများကြီးပါလာတယ်... အပြင်မှာ စောင့်နေလောက်တယ်... နောက်မှသွား"
ချီရှင်းချန် TV၊ Weibo၊ Zhihu၊ Toutiao နှင့် အခြားသော မီဒီယာနှင့် အများပြည်သူ ပလက်ဖောင်းများကို ကြည့်ရှုနေရင်း ဒါရိုက်တာကျန်းဆီသို့ဖုန်းခေါ်ရုံသာတတ်နိုင်သည်။မှန်ပေသည်၊ချီယွမ်ရှောင် ပြောသလိုပင်၊ အဖေချီ၏ဓာတ်ပုံတွေက နေရာတိုင်းမှာ ပြန့်နှံ့နေပြီး ချီအုပ်စုကို လူတချို့က စတင်ဝေဖန်နေကြပြီဖြစ်၏။သူတို့သည် "ချီအုပ်စု နိဂုံးချုပ်ပြီ" ကဲ့သို့သော မှတ်ချက်များကို ဆက်တိုက်ရေးသားခဲ့ကြသည်။
အချို့သော ငွေကြေးဆိုင်ရာ ဘလော့ဂါများနှင့် ဖြေကြားသူများပင်လျှင် ချီအုပ်စု၏ လက်ရှိအခြေအနေကို အကောင်းမြင်စိတ်မရှိဟု ဆိုလာကြသည်။
ဖျော်ဖြေရေးနယ်ပယ်တွင်းက တစ်စုံတစ်ယောက်အနေဖြင့်၊ချီရှင်းချန်
အင်တာနက်ရေတပ်၏ ပါဝင်ပတ်သက်မှု သဲလွန်စများကို ချက်ချင်းတွေ့မြင်ခဲ့သည်။ မဟုတ်လျှင် လူတိုင်းက ဤအကြောင်းကို တစ်ညတည်းနှင့် သိရန် မဖြစ်နိုင်ပါချေ။
သိုပေမဲ့ အင်တာနက်ရေတပ်ကိုမည်သူဝယ်ထားမှန်း မခန့်မှန်းနိုင်သောကြောင့် သူတို့အကူအညီမဲ့နေသည်။
စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ပြီးနောက် ချီမိသားစုသည် မရေမတွက်နိုင်သော ရန်သူများကို ဖန်တီခဲ့သည်။ချီအုပ်စုကို ဖျက်ဆီးရန် အခွင့်အရေးက သူတို့ရှေ့မှာ ရောက်နေပြီဆိုကတည်းက လူတိုင်းက ရေနစ်သူဝါးကူထိုးချင်ကြသည်။ပိုင်မုန့်တစ်ဖဲ့ကို မည်သူက မလိုချင်ဘဲနေမည်နည်း။
လူအများကြားတွင် ပထမဆုံး သွေးထိုးလှုံ့ဆော်သူကို ရှာရန်ကြိုးစားခြင်းသည် စိတ်ကူးယဉ်မှုတစ်ခုနှင့် တူညီသည်။
ချီရှင်းချန် ခြောက်ကပ်နေသော မျက်လုံးများကို ပွတ်သပ်လိုက်သည်။
"ဘယ်ကုမ္ပဏီကသတင်းပွအောင်လုပ်ထားလဲဆိုတာ သိဖို့ အန်းရန်ကို ကျွန်တော်မေးလိုက်မယ်"
"မလိုဘူး...ငါဒါတွေအကုန်ကြိုးစားကြည့်ပြီးပြီ"
ချီယွမ်ရှောင်က အေးဆေးတည်ငြိမ်စွာပြောသည်။
"မီဒီယာက အခကြေးငွေမယူထားဘူး... ဖောင်ဒေးရှင်းကို ဖန်တီးတဲ့ ကုမ္ပဏီကို တွေ့ပြီးပြီ၊ ဒါပေမဲ့ ပရိုမိုးရှင်းလုပ်ပြီးသွားပြီ...အဲဒါကို ပြန်သိမ်းလို့ မရဘူး"
ချီယွီကျီး ခေါင်းကွဲမတတ်ကိုက်နေခဲ့သည်။
"ဒါတွေအကုန်လုပ်ရခြင်းရဲ့ သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ... ငါတို့မိသားစုက ဘာအမှားမှမလုပ်ထားဘူး... ဥပဒေနဲ့မညီတာ ဘာမှမလုပ်ဘူး...အဖေ့ကို စုံစမ်းစစ်ဆေးပြီးတဲ့နောက် အမှန်တရားကို သိသွားတဲ့အခါ သူတို့ရဲ့အားထုတ်မှုက အလကားဖြစ်သွားမှာမဟုတ်ဘူးလား"
"ဒီကြိုးစားအားထုတ်မှုက အလဟသတော့ မဟုတ်ဘူး"
ချီယွမ်ရှောင်က ပြောခဲ့သည်။
"ချီအုပ်စုရဲ့ စတော့ဈေးက ဒီမနက်ဖွင့်တုန်းက ခြောက်မှတ်အထိ ကျသွားတယ်...အခုထိ ဆက်ကျနေတုန်းပဲ
...နေ့လည်လေးစျေးကွက်မပိတ်ခင်မှာ လစ်မစ်ထိ ကျသွားမယ်လို့ ခန့်မှန်းရတယ်"
ချီရှင်းချန် နှင့် ချီယွီကျီး ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
ဤဘေးအန္တရာယ်သည် သိပ်မလွယ်ကူနိုင်ကြောင်း သူတို့ ခံစားမိလိုက်ကြသည်။
.
နေ့ခင်းဘက်တွင် အပြင်မှ သတင်းထောက်များ၏ ထက်ဝက်ကျော် ထွက်ခွာသွားပြီးနောက် ချီရှင်းချန် ကားဂိုဒေါင်ထဲသို့ ခိုးဝင်ပြီး အနိမ့်ဆုံး ကားကို ရွေးချယ်ခဲ့သည်။ တစ်နာရီကျော်လောက် ဘယ်ညာ လှည့်ပြီးနောက် နောက်ဆုံးတွင် သူ့နောက်မှ ယင်ကောင်များကို ဖယ်ရှားပြီး မြူနီစီပယ်ရုံးသို့ ရောက်ရှိခဲ့သည်။
သူသည် ဗျူရိုအကြီးအကဲရုံးခန်းထဲသို့ ဝင်ရောက်လာသောအခါ ဒါရိုက်တာကျန်းအံ့အားသင့်သွားသည်။
"ရှင်းချန် မင်းက အပြင်ရောက်နေတာ မဟုတ်ဘူးလား"
သူတို့နောက်ဆုံးတွေ့သည့် အချိန်မှာ တစ်ဖက်က သူ့ကို "တူလေး"ဟု စိတ်ထက်သန်စွာ ခေါ်ခဲ့ပေမဲ့ ယခု "ရှင်းချန်" သွားသည်။ချီရှင်းချန် ဖုန်းခေါ်၍မရသည့် အကြောင်းရင်းကို ချက်ချင်း တွေးမိသွား၏။
သူအိပ်နေ၍မဟုတ်သလို လိုင်းမမိ၍လည်း မဟုတ်ဘဲ ချီမိသားစုက အခြေအနေဆိုးနေပြီး သူနှင့် ပတ်သက်လာမှာကို ကြောက်သောကြောင့် သူ့ကိုယ်သူ ကာကွယ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်၏။
ချီရှင်း ကြိတ်ပြီး နှာခေါင်းရှုံလိုက်မိသော်လည်း တိတ်တဆိတ်ပဲပြုံးလိုက်သည်။ ထို့နောက် သူ၏ပုံမှန်အမူအရာအတိုင်း ပြန်ရောက်သွားကာ ဒါရိုက်တာကျန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"ရှင်းချန် မင်း-"
"မကြောက်ပါနဲ့...ကျွန်တော့်အဖေအကြောင်းကို မမေးပါဘူး"
ချီရှင်းချန်က ဆိုလိုက်သည်။
"ပြောရတာ အဆင်မပြေဘူးဆိုတာ ကျွန်တော်သိတယ်...ကျွန်တော်တို့က တူဝရီးတွေမို့လို့ ဦးလေးအတွက် အခက်အခဲဖြစ်အောင် ကျွန်တော် လုပ်မှာမဟုတ်ဘူး...ကျွန်တော် ဒီနေ့ ရှုချန်လင်း အကြောင်းမေးဖို့ ရောက်လာတာ...သူ့ကိုရှာပြီးသွားပြီလား"
"အိုက်ယိုး"
ဒါရိုက်တာကျန်းက သူ့နဖူးသူ ရိုက်လိုက်သည်။
"ငါ့ဦးနှောက်ကို ကြည့်စမ်း...မနေ့ညက အလုပ်များလွန်းလို့ မေ့သွားတယ်... နောက်မှ မင်းအတွက် တစ်ခုခုစဉ်းစားပေးမယ်လေ
"
အခုချက်ချင်းမဖြေရှင်းလျှင် သူ့နောက်ဘဝအထိ စောင့်ရဦးမည်မှန်း ချီရှင်းချန်သိသည်။ သူ့မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။
"ဦးလေး...ကျွန်တော့်ကို ဒီလို ကိစ္စသေးသေးလေးမှာတောင် ကူညီဖို့ ဆန္ဒမရှိဘူးလား"