အပိုင်း ၁၆၄
Viewers 29k

Chapter 164



သူရုတ်တရက် ရန်လိုစိတ်ပြောင်းသွားသည်ကို မြင်လိုက်ရသောအခါ ဒါရိုက်တာကျန်း၏ အမူအရာက ချက်ချင်းအေးခဲသွားပြီး သူ့ရင်ထဲမှာ ရေရွတ်စပြုလာသည်။


ဒီကလေးက သူ့အိမ်အခြေအနေကို မသိဘူးလား...ရန်ရှာရဲ့သေးတယ်ပေါ့သူက...


ဖြစ်နိုင်တာက... ချီမိသားစုက အဘိုးကြီးချီကို ပြန်ရအောင်ထုတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတာများလား...


သူ့မျက်လုံးများ လှည့်ပတ်လာသည်ကို မြင်လိုက်ရသောအခါ ချီရှင်းချန်သူ့လှည့်စားမှု အောင်မြင်ကြောင်း သိလိုက်သည်။ သူ့လေသံ ပျော့သွားပြန်သည်။ 


"ဦးလေး...ကျွန်တော် ဦးလေးကို ခက်ခဲအောင် မလုပ်ဘူးလို့ ပြောခဲ့တယ်နော်...ဦးလေး သူ့ကို အကြောင်းပြချက်ရှာပြီ ရဲစခန်းကို ခေါ်ပေးသရွေ့ ဦးလေးကို မတော်တဆ တွေ့ဖူးသလိုမျိုး ဟန်ဆောင်ပေးမယ်...ဦးလေးကို မထိခိုက်စေရဘူး"


"အိုကေ …"


ချီရှင်းချန်ဘက်က အလျော့ပေးလာပြီဖြစ်သောကြောင့် ဒါရိုက်တာကျန်းလည်း အသာစီးယူမနေတော့ပေ။

"ဒါဆို ငါမင်းကိုထပ်ပြီးကူညီမယ်

.... မင်းအပြင်ထွက်တဲ့အခါ အဓိပ္ပါယ်မရှိတဲ့စကားတွေမပြောနဲ့"


"အဓိပ္ပါယ်မရှိတဲ့စကားတွေပြောတာ မကောင်းမှန်း ကျွန်တော်သိပါတယ်"

ချီရှင်းချန်က ဆိုလိုက်၏။


ဤကိစ္စနှင့် ပတ်သက်၍ သဘောတူညီချက်တစ်ခုရရှိပြီးနောက်၊ချီရှင်းချန် ကြာကြာမြင်ရလျှင် မျက်စိသနသဖြင့် ထွက်ခွာရန် အကြောင်းပြချက်ကို အမြန်ရှာဖွေခဲ့သည်။ အိမ်အပြန်လမ်းမှာ သူ စတော့ဈေးကိုကြည့်လိုက်သည်။ချီယွမ်ရှောင် မျှော်မှန်းထားသည့်အတိုင်း ချီအုပ်စု၏စတော့စျေးက မျဉ်းဖြောင့်အတိုင်း ကျသွားသည်။


ထို့အပြင် ၎င်းတို့ကို ပြေစာ 300,000 ကျော်က ဖိနှိပ်ထားသဖြင့် မနက်ဖြန်တွင် ထရန် မဖြစ်နိုင်တော့ပေ။


သို့ပေမဲ့ ဆွဲဆောင်မှုရှိသော ဈေးနှုန်းနိမ့်နိမ့်တွေ ရှိနေသရွေ့ ဝယ်မည့် သူတွေ အမြဲရှိနေမှာပင်။ အချိန်အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားပြီးနောက် အင်စတီကျူးရှင်းများနှင့် တစ်ဦးချင်းရင်းနှီးမြုပ်နှံသူများသည် ၎င်းတို့၏ စိတ်နှလုံးထဲရှိ စျေးနှုန်းကိုရောက်လျှင် အောက်ခြေတွင် ဝယ်ယူရန် စျေးကွက်ထဲသို့ ဝင်ရောက်လာကြသည်။ ငွေရေးကြေးရေးဆိုင်ရာ ဗဟုသုတအချို့ကို နားလည်ပြီးနောက် ဤကိစ္စကို သူ အထူးစိုးရိမ်ခြင်းမရှိပါချေ။


မည်သူကထင်မည်နည်း၊ဤတစ်ခါ သူ လုံးဝမှားသွားခဲ့သည်။


ထိုညတွင်၊ ချီအုပ်စု၏ ထုတ်ကုန်များ စံနှုန်းမပြည့်မီသော သတင်းများ၊ ကုမ္ပဏီခွဲများက စျေးနှုန်းအမှားများဖြင့်လေလံဆွဲသည်ဟု သံသယရှိကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများသက အတုအယောင်များဖြစ်ကြောင်း တစ်ညလုံး အင်တာနက်ပေါ်တွင် ရုတ်တရက်ပျံ့နှံ့သွားခဲ့သည်။


...........


မြစ်ကမ်းမှာ ခဏခဏ လမ်းလျှောက်လျှင် ဖိနပ်က ဘယ်လိုမှ ရေမစိုဘဲမနေပေ။ချီအုပ်စုသည် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ကိုင်လာခဲ့ပြီး အချို့သော ကဏ္ဍများတွင် အမှားအယွင်းများ အမြဲရှိနေကာ ထုတ်ကုန်များ၏ အရည်အသွေး စံချိန်စံညွှန်းကို မရောက်နိုင်ပေ။ ဘဏ္ဍာရေးအစီရင်ခံစာများတွင် လွဲချော်မှုများနှင့် အမှားအယွင်းများ ရှိလာမည်မှာ မလွဲမသွေပင်ဖြစ်သည်။ အဆိုပါပြဿနာများနှင့်ပတ်သက်၍ ချီအုပ်စုမှ ၎င်းတို့ကို အခင်းဖြစ်ပွားပြီးနောက် တတ်နိုင်သမျှ အမြန်ဆုံး ပြုပြင်ပေးခဲ့သည်။ သို့သော်လည်း ယခုအခါ ၎င်းတို့ဖြစ်လာသည့်အခါ ရင်းနှီးမြှုပ်နှံသူ အများစုသည် သတင်းအစစ်နှင့် အတုအယောင်များ ရောနှောနေခြင်းကြောင့် သံသယဖြစ်ဖွယ် ရှိလာမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။


ထို့အပြင် ဥက္ကဋ္ဌချီကပြန်ထွက်မလာပေ။ချီမိသားစုက "အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး ကုမ္ပဏီ၏ အရွယ်အစားကြောင့် အချိန်များစွာ ယူရကြောင်း"တရားဝင် ကြေညာထားသော်ငြားလည်း ရင်းနှီးမြှုပ်နှံသူများကို ထိတ်လန့်စေဆဲဖြစ်သည်။


ရင်းနှီးမြှုပ်နှံသူများ၏ ထိတ်လန့်မှုသည် စျေးကွက်၏ ကျဆင်းနေသော အလားအလာကို တိုးလာစေပြီး ကျဆင်းနေသော အလားအလာ တိုးလာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ထိတ်လန့်မှုကို တိုးလာစေသည်။ ဆိုးရွားသောစက်ဝန်းအောက်တွင် ရင်းနှီးမြှုပ်နှံသူများသည် စတော့ အမြောက်အမြားရောင်းချခဲ့ပြီး ချီအုပ်စု၏စတော့စျေးနှုန်းများ ဆက်လက်ကျဆင်းခဲ့သည်။


ပိုကြောက်စရာကောင်းသည်ကချီယွမ်ရှောင်က နောက်ဆုံးမှာ ပါးစပ်ပေါက်တွေအားလုံးကို ပိတ်ဆို့ရန် ပိုက်ဆံသုံးပြီးနောက် အခွန်အာဏာပိုင်တွေက အမည်မသိ အစီရင်ခံစာကို ရုတ်တရက် လက်ခံရရှိခဲ့သည်။ အီးမေးလ်ထဲတွင်၊ ချီအုပ်စု၏ လုပ်ငန်းခွဲများစွာက အခွန်ရှောင်မှုရှိနေပြီး အကောင့်အတုများနှင့် အီလက်ထရွန်နစ်ကူပွန်များ၏ အထောက်အထားအချို့ရှိကြောင်း၊ အခွန်စနစ်နှင့် မကိုက်ညီကြောင်း တစ်ဖက်လူက ပြောကြားခဲ့သည်။


အခွန်ကိစ္စက ပြဿနာကြီးပင်။ အစီရင်ခံစာကို သူတို့လက်ခံရရှိချိန်တွင် အခွန်ဗျူရိုက ချီအုပ်စု၏အဝင်ပေါက်ဆီသို့ မောင်းသွားခဲ့သည်။ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် CBRC မှ ဥက္ကဋ္ဌအား ဖယ်ရှားခဲ့ပြီးဖြစ်သောကြောင့် ချီမိသားစု၏ တာဝန်ခံ အခြားသူတစ်ဦးဖြစ်သော ချီယွမ်ရှောင် ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

(T/N—CBRC=တရုတ်ဘဏ်လုပ်ငန်းစည်းကြပ်ရေးကော်မရှင်)


အခွန်အာဏာပိုင်များ၏ကားအုပ်လိုက်ကြီး အာရုံစူးစိုက်မှုကို မဆွဲဆောင်ရန် မဖြစ်နိုင်ပေ။ သူတို့က ချီရှောင်မင်ထက်ပင်ပိုမြန်သည်။ တစ်ချိန်တည်းမှာပဲ ချီယွမ်ရှောင်၏ ရုပ်ပုံက အမျိုးမျိုးသော ဘဏ္ဍာရေးသတင်းတွေ၏ ခေါင်းစီးမှာ ပေါ်လာသည်။


စီးပွားရေးအင်ပါယာတစ်ခု တည်ထောင်ရန် အချိန်ကြာမြင့်ခဲ့သော်လည်း ပြိုလဲသွားရန် အချိန်တိုလေးသာကြာခဲ့သည်။


အဖြစ်အပျက် ရုတ်တရက်ဆိုဖြစ်လာခဲ့၍ ချီရှင်းချန် နှင့် ချီယွီကျီးတို့ အငိုက်မိသွားခဲ့သည်။အစ်ကိုဖြစ်သူကို စစ်ဆေးမေးမြန်ရန်ဖမ်းခေါ်သွားသည့် သတင်းကိုပင် ငွေကြေးသတင်းမှ သိခဲ့ရသည်။ချီကော်ပိုရေးရှင်းကို ရောက်ရှိလာချိန်မှာ တံခါးပေါက်နားက ဧည့်သည်အနည်းငယ်ကလွဲ၍ ချီယွမ်ရှောင်နှင့် အခွန်ဌာနက ပျောက်ကွယ်သွားခဲ့သည်မှာကြာပြီဖြစ်၏။


ဤအချိန်မှာ သူတို့ ထိတ်လန့်နေ၍မဖြစ်ပေ။အထိတ်တလန့်ဖြစ်လျှင် ပိုပိုပြီး စိတ်တွေ ရှုပ်ထွေးလာပေလိမ့်မည်။ချီရှင်းချန် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထားပြီး မေးလိုက်၏။

"ကျဲ...ကျွန်တော်တို့မိသားစုရဲ့ အခွန်က တကယ်မသန့်ရှင်းဘူးလား"


"ကျိုးကြောင်းဆီလျော်တဲ့ အခွန်ရှောင်မှု အခြေအနေတွေ ရှိတယ်" 


ချီယွီကျီ၏ အသံ အနည်းငယ် တုန်ခါသွားသည်။ 

"ဒါပေမဲ့ လုံးဝကြီး တရားမ၀င်တဲ့ အခြေအနေမျိုးတော့ မရှိပါဘူး...ချီမိသားစုရဲ့ ရည်မှန်ချက်တွေက အရမ်းကြီးတယ်...သူတို့ သိသွားရင်တော့ ကြီးကြီးမားမား ဖြစ်သွားလိမ့်မယ်...အစ်ကိုကြီးတို့တွေ ဒါကို မလုပ်ရဲကြဘူး"


ကုမ္ပဏီခွဲများ ပိုမိုဖွင့်လှစ်ခြင်း၊ ကုန်ကျစရိတ်များ တိုးမြှင့်ခြင်း၊ ကုမ္ပဏီကို နိုင်ငံရပ်ခြားတွင် မှတ်ပုံတင်ခြင်းစသည်များက အခွန်ရှောင်ရန် ကျိုးကြောင်းဆီလျော်သော နည်းလမ်းများဖြစ်သည်။ချီရှင်းချန်က မျက်မှောင်ကြုတ်လိုက်သည်။ 

"ဒါဆို အစီရင်ခံစာပါ ပြေစာက ဘယ်ကလာတာလဲ"


"မသိဘူး...ကုမ္ပဏီခွဲတစ်ခုကနေ ထွက်လာတာ"


ကုမ္ပဏီက ကြီးလွန်းနေလျှင် ထိန်းချုပ်ရခက်သည်။ အဝေးဌာနခွဲတစ်ခုက ဖြတ်ပိုင်းကို ကောင်းစွာမသိမ်းဆည်းနိုင်ခဲ့လျှင် ခိုးယူခံရနိုင်ခြင်းဖြစ်ရန် များသည်။


ယင်းအခြေအနေတွင် ၎င်းတို့သည် အကြောင်းပြချက်ကို ဆက်လက်မစုံစမ်းမီ ပြေစာက မည်သည့်နေရာမှ ထွက်လာသည်ကို ရှာဖွေရမည်ဖြစ်သည်။ အကောက်ခွန်ဗျူရိုကို ရောက်သည့်အခါ တစ်စုံတစ်ယောက်က သက်သေအထောက်အထားနှင့် သတင်းပို့သည်ဟုပဲ ပြောကြသည်။ သူတို့သည် ချီကော်ပိုရေးရှင်းသို့ "အထောက်အထား" ယူမလာခဲ့ပေ။ချီရှင်းချန် ခဏလောက် စဉ်းစားလိုက်သည်။ 

"ကျွန်တော် ရာဇဝတ်မှုရဲ့ သက်သေ အထောက်အထားလို့သူတို့ပြောတဲ့ဟာတွေ ရနိုင်မရနိုင်သိရအောင် အခွန် ဗျူရို ကို သွားလိုက်မယ်...ကောရဲ့ အခြေအနေကိုလည်း စစ်ဆေးလိုက်မယ်...ကျဲအိမ်ပြန်နားလိုက်ဦး"


"မဟုတ်ဘူး...တစ်ဖက်လူက မင်းတစ်ယောက်တည်း မြင်ရင် မင်းအတွက် ခက်ခဲအောင်လုပ်လိမ့်မယ်"

ချီယွီကျီးက ငြင်းလိုက်သည်။ 

"ငါ မင်းနဲ့လိုက်ခဲ့မယ်"


ယခုန သိပ်နောက်ကျနေခြင်းမဟုတ်သဖြင့် အတူတူသွားကြသည်။ချီရှင်းချန် အခွန်ဗျူရိုသို့ ချက်ချင်း မောင်းသွားခဲ့သည်။သူ ခရိုင်ဗျူရိုအဝင်ဝမှာ ရပ်လိုက်သည့်အခါ လိုင်စင်နံပါတ်ပြား အနီပါသော ပုံမှန်မဟုတ်သည့် ကားတစ်စီးကို မြင်လိုက်ရသည်။


"ကျဲ ဘယ်ဘက်ထောင့်ကိုကြည့်" 

သူကပြောလိုက်သည်။

"စုံစမ်းစစ်ဆေးရေးမှာ အခွန်အာဏာပိုင်တွေက သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်လို့လား"


ချီယွီကျီးက တချက်ကြည့်လိုက်ပြီး အံ့အားသင့်နေပုံရသည်။ 

"ယေဘုယျအားဖြင့် အခွန်အာဏာပိုင်တွေ ကိုယ်တိုင် မကိုင်တွယ်နိုင်ရင် ပြည်သူ့လုံခြုံရေးဌာနကို ရှာလိမ့်မယ်... တရားခံက ခုခံဖို့ လူစုရင် လက်နက်ကိုင်ရဲတွေကို စည်းရုံးဖို့ လိုလိမ့်မယ်... အခု တစ်ယောက်တည်းလေ... သူတို့ကို လွှတ်ဖို့ မလိုဘူး"


ဒါဆို ဒီကားက ဘာလို့ ဒီမှာပေါ်လာတာလဲ...


သက်သေအထောက်အထားတွေရရန်နှင့် သူ့အစ်ကိုကို ကြည့်ရန်က ပိုအရေးကြီးသည်။ချီရှင်းချန် သံသယစိတ်ဖြင့် ချီယွီကျီးနှင့်အတူ ကားထဲမှ ထွက်လာခဲ့သည်။ သူ့ကို စိတ်မသက်မသာဖြစ်စေခဲ့သည်က သူ့အစ်ကိုတုန်းကလိုပါပင်၊ အခွန်ဗျူရိုက ချီယွမ်ရှောင်ကို လုံးဝတွေ့ခွင့်မပေးပေ။


အဆုံးတွင်၊ သူတို့ စည်းရုံးမှုများစွာပြုလုပ်ပြီးနောက် ပြေစာမိတ္တူကို ရနိုင်ခဲ့သည်။ သူတို့ နှစ်ယောက်က မကျေမနပ် ဖြစ်နေလျှင်ပင် ပြန်သွားပြီး ရေရှည်ကိုတွေးရုံတတ်နိုင်ခဲ့သည်။


သူထွက်မသွားခင် ချီရှင်းချန်က ဘယ်ဘက်ထောင့်ကို ထပိကြည့်လိုက်သည်။ဤနေရာမှာမရှိသင့်သည့်ကား မရှိတော့ပေ။


သူ့အကြည့်တွေကို ပြန်ရုတ်လိုက်ပြီးနောက် သူ့ဖုန်းက ရုတ်တရက်မြည်လာသည်။ ဖုန်းခေါ်ဆိုသူမှာ ဒါရိုက်တာကျန်းဖြစ်သည်။ရှုချန်လင်းက တစ်နာရီအတွင်း မြို့တော်ဗျူရိုသို့ သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သော အစီအစဉ်များ ပြုလုပ်ရန် သူ့ကို ပြောလာသည်။


ချီရှင်းချန်က သူ့ကို ကျေးဇူးတင်လိုက်သည်။ အိမ်မပြန်မရောက်သေးသောကြောင့် ကားကိုလှည့်ကာ မြူနီစီပယ်ပြည်သူ့လုံခြုံရေးဌာနသို့ မောင်းသွားခဲ့သည်။


အလုပ်ဆင်းချိန်ရောက်နေပြီဖြစ်၍ တာဝန်ကျ ရဲအရာရှိများ မှလွဲ၍ အချိန်ပိုလုပ်သော ဝန်ထမ်း အနည်းငယ်သာ ရှိသည်။ရှုချန်လင်းကမရောက်သေးပေ။ချီရှင်းချန် နှင့် ချီယွိကျီးတို့သည် ဓာတ်လှေကား ထောင့်စွန်းတွင် စောင့်နေကြသည်။


ဤသည်က အပေါ်ထပ်တက်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ပင်။ ဆယ်မိနစ်လောက်စောင့်ပြီးမှ သားရေဖိနပ်သံက အဝေးကနေ ထွက်လာသည်။ချီရှင်းချန်က ရှေ့ကို မော့ကြည့်လိုက်သည်။


တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလူက ရှုချန်လင်းဖြစ်သည်ကို သူသိလိုက်သည်။ သားအဖနှစ်ယောက်က အလွန်တူသည်။


ရှုချန်လင်းက ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။ချီရှင်းချန်က ချီယွီကျီးကို ခေါင်းညိတ်ပြလိုက်သည်။ နှစ်ယောက်သား ထောင့်စွန်းမှ ထွက်လာပြီး တံခါးမပိတ်မီ ဓာတ်လှေကားထဲသို့ အလျင်အမြန် ဝင်လိုက်သည်။


ချီရှင်းချန်ကဲ့သို့ပင် ရှုချန်လင်းက သူ့ကိုတစ်ချက်ကြည့်ရုံနှင့် မှတ်မိသည်။


သူ့သားကို ရဲစခန်းကို အပို့ခံပြီးနောက် ရှုချန်လင်း သူ့ကို အပြင်ထုတ်နိုင်ရန် မရေမတွက်နိုင်သော နည်းလမ်းတွေ စဉ်းစားခဲ့သည်။ ကံမကောင်းစွာပဲ၊ ချီမိသားစု၏ လွှမ်းမိုးမှုအောက်မှာ သူဘာမှ မလုပ်နိုင်ခဲ့ပါချေ။သူပိုးမွေးသလိုမွေးထားသည့် သားဖြစ်သူ ထောင်ထဲမှာ အချိန်ကုန်နေရသည်ကိုပဲ ကြည့်နေခဲ့ရသည်။


ပို၍ပင်တောင်မုန်းစရာကောင်းသည်က...


ကမ္ဘာပေါ်တွင် ဤမျှလောက် တိုက်ဆိုင်မှုများ မည်သို့ရှိနိုင်မည်နည်း။ သူတို့အားလုံးဟာ ဉာဏ်ကောင်းသူတွေပင်။ ထုံးစံအတိုင်း၊ ရှုချန်လင်း ချီရှင်းချန်က ရည်ရွယ်ချက်တစ်ခုဖြင့် ရောက်လာသည်ကို ခံစားနိုင်သည်။ဓာတ်လှေကား တံခါးရှိ လူငယ်၏ ရောင်ပြန်ဟပ်မှုကို ကြည့်ကာ သူဘာမှ မပြောခဲ့။ချီရှင်းချန်လည်း ဓာတ်လှေကားတံခါးရှိ သူ၏ ရောင်ပြန်ဟပ်မှုကို ကြည့်ကာ တိတ်ဆိတ်မှုကို ဦးစွာ ချိုးဖျက်လိုက်သည်။ 

"ဦးလေးရှု ကောင်းသောနေ့လည်ခင်းပါ"


"အိုး..."

ရှုချန်လင်းက ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။

"မင်းငါ့ကိုသိလို့လား"


"ဟုတ်...ကျွန်တော်က ရှုရှန့်နဲ့ တစ်လကျော်လောက် အလုပ်တွဲလုပ်ခဲ့တယ်...သူဦးလေးအကြောင်း ပြောတာ ကြားဖူးတယ်"


ရှုချန်လင်း မထိန်းနိုင်ဘဲ နှာမှုတ်လိုက်သည်။ရှုရှန့်က သူက ချီရှင်းချန်နှင့်အမြဲ မတည့်ကြောင်းတစ်ခါ ပြောဖူးသည်။ မိသားစုအကြောင်းပြောအောင်ထိ သူတို့ဘယ်လိုလုပ်ရင်းနှီးနိုင်မှာလဲ...


ဤလူငယ်လေး၏ စကားပြောစွမ်းရည်က သူ့ကို အမြင်သစ်တစ်ခုနှင့် မြင်စေသည်။


"မင်းတို့ ဒီလောက်ရင်းနှီးခဲ့တာ ငါမသိဘူး" 

ရှုချန်လင်းက အတုအယောင် ပြုံးပြလိုက်သည်။ 

"ဒါကြောင့် မင်းသူ့ကို ထောင်ထဲပို့လိုက်တာလား"


ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။ "ကျွန်တော် သူ့ကို မပို့ဘူး...အဲဒါ သူ့ကိုယ်သူ မလေးစားလို့ဖြစ်သွားတာ"


ဤဂျူနီယာလေးက သူ့အိမ်တံခါးကို လာခေါက်ပြီး တစ်ခုခုကို လိုချင်နေသည်က သေချာ၏။ရှုချန်လင်း၏ မျက်နှာ မည်းမှောင်သွားသည်။ 

"ရှုရှန့်က မိန်းကလေးတွေကို အနိုင်ကျင့်တာ မှားတယ်လို့ ငါဝန်ခံပါတယ်... ဒါပေမဲ့ မင်းကအရမ်းလွန်တယ်"


"ဥပဒေကို ချိုးဖောက်ရင် ထောင်ကျသင့်တယ်...ကျွန်တော်လုပ်တာမှန်တယ်လို့ ကျွန်တော်ထင်တယ်"


"မင်းလုပ်တာမှန်တယ်ပေါ့..."


ရှုချန်လင်းက ဒေါသထွက်သွားသည်။ သူက ချီရှင်းချန်ဘက်လှည့်လိုက်သည်။


"မင်းက ကြေးပြောင်းလိုက်တာမှန်တယ်လို့ထင်တယ်ပေါ့"


ချီရှင်းချန်က လုံးဝမကြောက်ပေ။ 

"ခင်ဗျားရဲ့သားအတွက် မုဒိမ်းကျင့်ဖို့ ကြံစည်တာထက် တခြားဘယ်ပြစ်မှုကမဆို ပိုကြားကောင်းတယ် မဟုတ်ဘူးလား"


"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ..." 

ရှုချန်လင်း၏ အသံကကျယ်ကျယ်လာသည်။ 

"အဲတော့ မင်းက သူ့စီရင်ချက်ထဲကို လေးနှစ်ထပ်ထည့်လိုက်တယ်ပေါ့"


"ကျွန်တော်-" 

ချီရှင်းချန်၏ အသံက သူပါးစပ်ကထွက်လာသည်နှင့် တပြိုင်နက် ရုတ်တရတ်ရပ်သွားသည်။


ခဏလေး...


သူနားကြား မှားတာလား...


ချီရှင်းချန် မျက်မှောင်ကြုတ်လိုက်သည်။ 

"ဘယ်ကလေးနှစ်လဲ"


"မုဒိမ်းမှုကျူးလွန်ဖို့ ကြိုးစားမှုက တစ်နှစ် အများဆုံးပဲ...မင်းက ငါးနှစ်အထိ တိုးလိုက်တယ်" 


ရှုချန်လင်းက မထီမဲ့မြင်ပြုကာပြောဆိုသည်။ 

"ငါ့ရှေ့မှာ ရူးချင်ယောင်လာမဆောင်နဲ့"


ချီရှင်းချန် ရူးချင်ယောင်ဆောင်နေခြင်းမဟုတ်ပေ။လေးနှစ်ဆိုသည်က ဘယ်ကနေရောက်လာမှန်း သူတကယ်မသိပါချေ။ရှုရှန့်နှင့် အဖြစ်အပျက်အပြီးတွင် ချီရှင်းချန် ဒါရိုက်တာရှန့်က ချီကျားကျစ်ကို တောင်းပန်ပြီး ချီကျားကျစ်၏နာမည်ကို လုံးဝရှင်းလင်းပေးလျှင် ရှုရှန့်အတွက် စီရင်ချက်ကို ပြောင်းလဲပေးမည်ဟု ကတိပြုခဲ့သည်။


သူက သူ့စကားကို ဘယ်တော့မှ ပြန်မပြင်တတ်ပေ။ သူ့အစ်ကိုကြီးကိုလည်း ထိုအတိုင်းပဲပြောခဲ့သည်။ချီယွမ်ရှောင်က သူ့ဆန္ဒကို လွန်ဆန်မှာမဟုတ်ပေ။


တစ်ခုခုတော့ မှားနေလေပြီ။


ထိုအချိန်တွင် ဓာတ်လှေကားက သက်ဆိုင်ရာ အထပ်တွင် ရပ်တန့်သွားသည်။ရှုချန်လင်းက ဒေါသတကြီး ထွက်သွားသည်။ချီရှင်းချန်က ဓာတ်လှေကားထဲကနေ သူ့နောက်ကို လိုက်သွားပြီးရှင်းပြခဲ့သည်။


"ငါးနှစ်က ကျွန်တော်လုပ်ခဲ့တာမဟုတ်ဘူး" 


ရှုချန်လင်းက သူ့ကို မယုံမှန်းသိသာ၏။


"ရှုရှန့်ကို ထောင်ထဲပို့လိုက်တာကို ကျွန်တော် ဝန်ခံနိုင်တဲ့အတွက် တခြားကိစ္စတွေကိုလည်း လိမ်စရာလုံးဝ မလိုဘူးလေ"


ရှုချန်လင်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။


ချီမိသားစုက လိမ်ပြောစရာ မလိုအပ်ပါချေ။ထို့အပြင် ချီရှင်းချန်၏ သဘောထားက အလွန်အကျွံ နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလည်းမရှိပေ။ လိမ်မည့်သူနှင့် မတူပေ။


သူစိတ်ပြောင်းလဲသွားပုံရသည်ကိုမြင်ပြီး ချီရှင်းချန်ကပြောလိုက်သည်။

"ပြီးတော့ ဒီကိစ္စက တစ်နှစ်တောင် မပြည့်သေးဘူး... ကိစ္စအသေးစိတ်အကြောင်း သိတဲ့သူကို မေးလို့ရတယ်... ကျွန်တော့်မိသားစုရဲ့ လက်ရှိအခြေအနေနဲ့ တစ်ဖက်လူက ပြောချင်စိတ်မရှိမှာကို မကြောက်ပါနဲ့…"


ချီရှင်းချန်က ခါးသီးစွာ ပြုံးလိုက်သည်။ 

"ကျွန်တော်တို့မိသားစုရဲ့ လက်ရှိအခြေအနေအရ တဖက်လူက ကျွန်တော်တို့ကိုကာကွယ်ဖို့အတွက် ဦးလေးကိုစော်ကားချင်စိတ်ရှိမှာမဟုတ်ဘူး"


ရှုချန်လင်းက ခေတ္တရပ်ပြီး ချီရှင်းချန်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် လှည့်ကြည့်ကာ စင်္ကြံထဲသို့ လျှောက်သွားသည်။


ချီရှင်းချန်က ရှုချန်လင်းနှင့် ဆက်လိုက်ပြီးအငြင်းမပွားခဲ့ပေ။ သူ့အစ်မနှင့်အတူ မြို့တော်ဗျူရိုမှ ထွက်လာခဲ့သည်။


"ရှင်းရှင်း" 

ချီယွီကျီးက စိုးရိမ်စွာပြောသည်။

"ကျဲတို့ မပြန်ခင် သူ့ထွက်လာအောင် စောင့်ပြီး အကုန်လုံးရှင်းပြကြမလား"


ချီရှင်းချန်က သူမအတွက် ကားတံခါးကို ဖွင့်ပေးသည်။

"မလိုဘူး...အချိန်တန်ရင် သူကျွန်တော့်ကို ဆက်သွယ်လိမ့်မယ်"


"... သူ မင်းကို ဆက်သွယ်မယ်လို့ ဘာလို့ သေချာနေတာလဲ"


"ကျွန်တော်တို့နဲ့ ယှဉ်ရင် သူ့သားကို ဘယ်သူက ဒုက္ခပေးနေလဲဆိုတာ သူကပိုသိချင်လိမ့်မယ်..." 

ချီရှင်းချန်က ဆိုလိုက်၏။


"ရှုရှန့်က ဘယ်တုန်းကမှ အခွင့်ကောင်းအယူမခံတဲ့ သူမျိုး...သူ့အဖေက ပိုပြီးတောင်ဆိုးလိမ့်မယ်... သူ့သားကို ကိရိယာတစ်ခုအနေနဲ့ အသုံးချနေတယ်ဆိုတာ သူသိရင် ဒီအကြောင်းကို သေချာပေါက် ကျွန်တော့်ဆီ လာမေးလိမ့်မယ်"


အကြောင်းတစ်ခုခုကြောင့် ချီယွီကျီ သူမ၏မောင် ယခုအချိန်မှာ အလွန်ယုံကြည်စိတ်ချရသလို ခံစားကသည်။ သူမက ခေါင်းညိတ်ပြပြီး ခရီးသည်ထိုင်ခုံတွင် နာခံစွာထိုင်လိုက်သည်။ အိမ်အပြန်လမ်းမှာ သူတို့သိသည့် လူထုဆက်ဆံရေးနှင့် မီဒီယာတွေကို ဆက်သွယ်ခဲ့သည်။ချီယွမ်ရှောင်လည်း အဖမ်းခံရသည်ဆိုသည့် သတင်းကို နှိမ်နင်းရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ စတော့ဈေးက တစ်ပြားမှ ထပ်မကျသွားလျှင် ပိုကောင်းမည်။


အရင်တစ်ခေါက်က အိမ်တံခါးဝတွင် ယင်ကောင်များဝဲနေသည့် မြင်ကွင်းသည် သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။ အခြေအနေကို စောင့်ကြည့်ရန်အတွက် ချီရှင်းချန် အိမ်အပြန်လမ်းတွင် ဖြည်းညှင်းစွာ မောင်းနှင်ခဲ့သည်။ ရုတ်တရက်ပင် သူ့ရှေ့တွင် ရင်းနှီးသော ကားတစ်စီးကို မြင်လိုက်ရသည်။


ပိုင်ရဲ့ G City မှာရှိသည့် သူ့အိမ်မှာ မောင်းသည့်ကားဖြစ်ပုံရ၏။


သူပိုကြည့်လေ ပိုရင်းနှီးလေပါပင်။သူမနေနိုင်ဘဲ ဘေးချင်းယှဥ် မောင်းလိုက်သည်။ သူ ကားမရပ်ခင် ပိုင်ရဲ့က သူ့ကို လှမ်းပြောလာသည်။

"တံခါးနားမှာ သတင်းထောက်တွေရှိတယ်...ကိုယ်လမ်းပြမယ်...ကိုယ့်နောက်ကို လိုက်ခဲ့"


ထိုသို့ဖြင့် ပိုင်ရဲ့က လီဗာကို ပြင်းပြင်းထန်ထန် နင်းလိုက်သည်။ ကားက ဘေးချင်းကပ်ရပ်ထားသော ဗင်ကားနှစ်စီးဆီသို့ ဝူးခနဲပြေးဝင်သည်။ ဗင်ကားပေါ်ရှိ သတင်းထောက်များက ကား ထိန်

းမနိုင်ဖြစ်နေသည်ဟု ထင်သွာယကြသည်။ ကြောက်လွန်း၍ ကားတံခါးကို အမြန်ပိတ်လိုက်ကြသည်။


သူတို့ မတုံ့ပြန်ခင်မှာ ပိုင်ရဲ့က လမ်းကြောင်းပြောင်းသွားသည်။သူက ချီရှင်းချန်၏ကားကို ချီမိသားစု၏ အိမ်ဝင်းထဲကို ခေါ်သွားခဲ့သည်။


.