အပိုင်း ၁၆၆
Viewers 29k

Chapter 166



သူတို့စဥ်းစားနေစဉ်တွင်၊ ချီရှင်းချန် ရှုရှန့်၏အဖေက မိုင်းတွင်းတစ်ခုပိုင်ဆိုင်သော သူဌေးလက်သစ်တစ်ယောက်ဖြစ်ကြောင်း သတိရလိုက်သည်။ ယေဘုယျအားဖြင့်ပြောရလျှင် သူလိုလူတွေက ဒေါသကြီးသည်။ချီရှင်းချန်က အခွင့်ကောင်းယူပြီးမေးလိုက်သည်။


"ဦးလေးမှာသံသယရှိတာမျိုးရှိလား... ဥပမာ... ဒါရိုက်တာလီကို ပိုက်ဆံနဲ့ထွက်ပြေးအောင်သွေးထိုးဖို့ ဦးလေးကို ဘယ်သူကခိုင်းတာလဲ"


"ဟုတ်တယ်... ရယ်စရာကောင်းတယ်" ရှုချန်လင်းက အံကြိတ်လိုက်သည်။ 


"အဲဒါက တကယ်တော့ ငါ့ရဲ့မသိတတ်တဲ့သား အနိုင်ကျင့်ချင်တဲ့ မိန်းမပဲ"


ရှုရှန့် အနိုင်ကျင့်ချင်တဲ့ အမျိုးသမီး...


ထိုစကားများကို သူကြားလိုက်သည်နှင့် ချီရှင်းချန် မျက်မှောင်ကြုတ်သွားသည်။ မယုံနိုင်စရာကောင်းသည်၊သို့ပေမဲ့လည်း ကျိုးကြောင်းဆီလျော်သည်ဟု သူခံစားရ၏။


—— တကယ်ကို သူမပဲ


ချီရှင်းချန် ခဏငြိမ်သက်သွားသည်။ "ဦးလေးက ထောင်ထောင်အကြောင်းပြောနေတာလား"


"ဟုတ်တယ်"


"ဒါဆို ဦးလေးကိုမေးစရာရှိတယ်... ကျေးဇူးပြုပြီး အမှန်အတိုင်းဖြေပါ"


ချီရှင်းချန်က ခက်ခက်ခဲခဲ ပြောလိုက်၏။

 "ထျန်ချန်း မီးအကြောင်း ဦးလေးသိလား"


ထောင်ထောင်က ရှုချန်လင်းကို ခိုင်းခဲ့လားဟု သူမမေးခဲပေ။ထိုသို့ဆိုလျှင် ရှုချန်လင်းက ဝန်ခံမှာ မဟုတ်ပေ။


ဝန်ခံခြင်းက သူ မီးရှို့မှု ကျူးလွန်သူဖြစ်ကြောင်းပြောသည်နှင့် ညီမျှပြီး ဥပဒေ အရ အရေးယူခံရမည်ဖြစ်၏။


ရှုချန်လင်းက မဆိုင်းမတွပြန်ဖြေ၏။


"ငါ့တွင်းမှာ အင်ဂျင်နီယာသူငယ်ချင်းတွေ အများကြီးရှိတယ်...သူငါ့ကိုလာတွေ့ပြီးတဲ့နောက် ပထမဆုံးလုပ်ခိုင်းတာက ထျန်ချန်းစျေးဝယ်စင်တာရဲ့ ပတ်လမ်းပုံစံနဲ့ မီးဘေးကာကွယ်ရေးပရောဂျက်ရဲ့ အထွေထွေအစီအစဥ်ကို တွက်ချက်ဖို့ပဲ...အဲဒီတုန်းက သူဘာလို့ဒီလိုခိုင်းတာလဲ ငါနားမလည်ခဲ့ဘူး... မင်းရဲ့စျေးဝယ်စင်တာမှာ တစ်ခုခုဖြစ်သွားမှ ငါသိလိုက်တာ"


မူလဇာတ်ကြောင်းအတိုင်းပြန်ဖြစ်ရန်အတွက် သူမက ယခုလို အကြင်နာမဲ့သည့် လုပ်ရပ်ကိုပင် လုပ်ခဲ့သည်။ချီရှင်းချန် ဒေါသထွက်လွန်း၍ သူ့လက်တွေ တုန်နေသည်ကို မရပ်နိုင်။


သို့မဟုတ်ပါက ၎င်းသည် ဇာတ်ကြောင်းကို နောက်ကြောင်းပြန်ဆွဲရန် သက်သက်မဟုတ်ဟု ဆိုနိုင်သည်။မယ်ရီဆူးအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည့် "ည၏မက်မွန်" ၏ လမ်းမှားသွားဆုံးအပိုင်းက အချစ်ဇာတ်လမ်းဖြစ် သည်။


ထောင်ထောင်က ချီမိသားစုကို ဖျက်ဆီးလိုရုံမျှတင်မကပေ။သို့သော် အသိုက်မှောက်သောအခါတွင် မည်သည့်ဥသည် ကျန်ရှိနိုင်မည်နည်း။ချီမိသားမိသားစု ပြိုလဲလျှင် သူလည်းထူးပြီး ပိုကောင်းမှာ မဟုတ်ပေ။


ထောင်ထောင်က သူ့ကို သည်ထက်ပိုပြီး ရှင်းပစ်ချင်နေခြင်း ဖြစ်နိုင်သည်။


ချီရှင်းချန် ခဏလောက်ကြောင်အသွားပြီး သူ့နှလုံးသားထဲတွင် ဖော်မပြနိုင်သော ခံစားချက်တစ်ခု တိုးလာသည်။


သူ့ဖြစ်တည်မှု ကြောင့် ဖခင် နှင့်အစ်ကို ကြီးတို့က မဖြစ်သင့်သော ဒုက္ခများစွာ ခံစားခဲ့ရသည်။


ယခုအချိန်သည် ဤအရာများကို စဉ်းစားရမည့်အချိန်မဟုတ်ပေ။ချီရှင်းချန် အသက်ပြင်းပြင်းရှူလိုက်သည်။ "ဦးလေး အခု ဘယ်လိုထင်လဲ"


"ဘယ်လိုထင်ရမှာလဲ" 

ရှုချန်လင်းက အံကြိတ်လိုက်သည်။ 

"ငါ့သားအတွက် ကလဲ့စားချေရမယ်"


ယခုလိုဆိုလျှင် ကိုင်တွယ် လွယ်ပေလိမ့်မည်။ချီရှင်းချန်ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အတူတူပဲ...ဦးလေးမှာထောင်ထောင်နဲ့ အဆက်အသွယ်လုပ်ထားတဲ့ အထောက်အထားရှိရမယ် မဟုတ်လား... အဲဒါကို ပြပြီး ဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးလို့ရတယ်"


"အထောက်အထား…"

 ရှုချန်လင်း၏ မျက်နှာမှာ ပိုဆိုးလာသည်။

"ငါ့မှာ ဘာအထောက်အထားမှ မရှိဘူး"


ဤသည်ကလည်း သူ ဒေါသထွက်ရသည့်အကြောင်းရင်းတစ်ခု ဖြစ်၏။


အထောက်အထား မရှိဘူးလား...

ချီရှင်းချန်က ခဏရပ်လိုက်သည်။

"ဦးလေးတို့က အချင်းချင်း မဆက်သွယ်ဘူးလား"


"မဟုတ်ဘူး... သူက အရမ်းသတိကြီးတာ... တစ်ယောက်နဲ့တစ်ယောက် အချက်အလက်တွေအလဲအလှယ်မလုပ်ရုံတင်မကူဘူး... သူငါ့ကို ဖုန်းဆက်တိုင်းလည်း သူက နံပါတ်အတုကိုသုံးတယ်... ငါတို့တွေ့ရင် သူနေရာရွေးတယ်...နောက်မှမေးကြည့်တော့ သူရွေးချယ်တဲ့ နေရာတွေအနီးနားမှာ ကင်မရာတွေ မရှိဘူး"


ကစားပွဲကိုပြောင်းပြန်လှန်ရန် အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်မည်ဟု သူထင်ခဲ့ပေမဲ့ သည်ထက်ပိုပြီး စိတ်ဓာတ်ကျရရန် သူမမျှော်လင့်ထားခဲ့ပေ။ချီရှင်းချန် ခဏလောက် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ သူ့ပခုံးများလျှောကျသွားသည်။


ထို့နောက် ရှုချန်လင်းကဆိုလာသည်။ "ဒါပေမဲ့ နောက်ဆုံးဆုံတွေ့ပြီးတဲ့ နောက်မှာတော့ သူ လိုင်စင်နံပါတ်ပြားအနီနဲ့ အဖြူရောင်ကားတစ်စီးထဲကို ၀င်သွားတာတွေ့လိုက်ရတယ်...လိုင်စင်နံပါတ်က..."


.


ချီရှင်းချန် အစက ထောင်ထောင် ရှုရှန့်၏ စီရင်ချက်ကို သူမ၏ စွမ်းအားတစ်ခုတည်းဖြင့် မည်သို့ တိုးမြှင့်ခဲ့သည်ကို နားမလည်ခဲ့သလို သက်ဆိုင်ရာ ဌာနများသည် ချီမိသားစုကို မည်သို့ အာရုံစိုက်လာသည်ကို နားမလည်ခဲ့ပေ။ရှုချန်လင်းနှင့် စကားပြောပြီးနောက် အရာအားလုံးကို သူနားလည်လာခဲ့သည်။


ခု သူတို့ နှစ်ယောက်က လှေတစ်စင်းတည်းစီးနေကြသည်။အတူတကွ ပူးပေါင်းလုပ်ဆောင်မှသာလျှင် ထောင်ထောင်ကို အနိုင်ယူနိုင်မည်ဖြစ်သည်။ချီရှင်းချန် ရှုချန်လင်းကို ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို အတုဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ပေးပို့ရန် တောင်းဆိုခဲ့သည်။ ထို့နောက် ထောင်ထောင် မီးရှို့လူသတ်ရန်ခိုင်းသည့် အထောက်အထားများ ရှာဖွေရန် ၎င်း၏ အင်ဂျင်နီယာ သူငယ်ချင်းထံ ဆက်သွယ်ခဲ့သည်။ထောင်ထောင် ဝင်သွားသည့်ကားကို စုံစမ်းစစ်ဆေးရန် သူတာဝန်ယူခဲ့သည်။ 


သူတို့ စားသောက်ဆိုင်မှ ထွက်သွားသောအခါ သတင်းထောက်များ နောက်ကလိုက်လာပြီး သူတို့ တွေ့ဆုံမှု သတင်းကို မတော်တဆ ဖော်ပြခြင်းမှ တားဆီးရန်အတွက် ရှုချန်လင်းက ဦးစွာ ထွက်ခွာသွားပြီး ချီရှင်းချန်က အပြင်မထွက်မီ မိနစ် 20 ကျော် စောင့်ခဲ့သည်။ပိုင်ရဲ့က သူ့ကို ကားထဲက ဆီးကြိုလိုက်ပြီးမေးသည်။


"ဘယ်လိုလဲ...အဆင်ပြေသွားပြီလား"


ချီရှင်းချန်: "ချောချောမွေ့မွေ့ဖြစ်မသွားပါဘူး...ကောင်းတဲ့ကိစ္စက..."


ငါးမိနစ်လောက်ကြာသောအခါ ပိုင်ရဲ့လည်း မယုံကြည်နိုင်ဖြစ်သွားသည်။


"ဇာတ်ကြောင်းတစ်ခုအတွက်၊ သူက အသက်တစ်ဒါဇင်ကျော်ကို စတေးနိုင်တယ်...သူက လူရောဟုတ်သေးရဲ့လား"


"ထားလိုက်ပါ...သူ့ကို ပြောမနေနဲ့...ရဲ့ကော အဖေ့ကိုတွေ့ဖို့ ကျွန်တော်နဲ့လိုက်ခဲ့ပါ"


ပိုင်ရဲ့က ခေါင်းညိတ်ပြပြီး ထိန်းသိမ်းရေးစခန်းကို မောင်းသွားခဲ့သည်။ စားသောက်ဆိုင်၏ ကားရပ်နားခပေးချေရာဂိတ်ကိုရောက်သောအခါ ချီရှင်းချန် သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ ကုဒ်ကို စကင်န်ဖတ်လိုက်သည်။


စက္ကန့်အနည်းငယ်ကြာပြီးနောက် စာမျက်နှာတွင် ငွေပေးချေမှု မအောင်မြင်ကြောင်း ပြသခဲ့သည်။


စတိုးဆိုင်တွင် ငွေပေးချေသောအခါ သူဌေးက သူ၏ ငွေပေးချေမှုကုဒ်ကို စကင်န်ဖတ်ခဲ့ပြီး ယင်းက ကွန်ရက်ချိတ်ဆက်မှု ညံ့ဖျင်းခြင်း သို့မဟုတ် ငွေပေးချေမှုကုဒ်တွင် ချို့ယွင်းချက်ရှိခြင်းစသည့်ပြဿနာများစွာဖြစ်နိုင်သည်။သို့သော်၊ သူ ကားပါကင်နံပါတ်ကို စကင်န်ဖတ်ပြီး ငွေမချေနိုင်ပါက သူ၏ဘဏ်ကတ်တွင် တစ်ခုခု မှားယွင်းနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။


ပိုင်ရဲ့၏payဖြင့်ငွေချေပြီးနောက် ရှက်ရွံ့စွာဖြင့် ပိုင်ရဲ့ကိုကြည့်ပြီး ထိန်းသိမ်းရေးစခန်းသို့ဆက်သွားခဲ့သည်။ လမ်းမှာ ချီရှင်းချန် ဘဏ်အကောင့်မန်နေဂျာကို ဖုန်းဆက်ပြီး သူ့ဘဏ်ကတ်မှာ ဘာဖြစ်နေလဲ မေးခဲ့သည်။ ငွေမရှိလျှင် အပြင်မှာ ဘာမှ လုပ်မရပေ။


အကောင့်မန်နေဂျာက သူ့ကို ကူစစ်ဆေးမည်ဟု ကတိပေးခဲ့ပြီး မကြာခင်မှာ အကြောင်းပြန်လာသည်။

"လူကြီးမင်းချီ...မင်းအကောင့်က တရားစီရင်ရေးရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်... အခု ငွေတွေထည့်လို့ရပေမဲ့ ထုတ်လို့ရမှာမဟုတ်ပါဘူး"


... တရားစီရင်ရေးထိန်းချုပ်မှု


ချီရှင်းချန် အံ့အားသင့်သွားပြီး သူ့အစ်မ၏အခြေအနေကို မေးတော့မည်ပြု၏။နောက်အခိုက်အတန့်တွင် ချီယွီကျီးဆီမှ အဝင်ကောလ်က ပထမဆုံးရောက်လာသည်။


"ရှင်းရှင်း ကိစ္စနှစ်ခုရှိတယ်... ပထမတစ်ခု ပြေစာတွေကို S ပြည်နယ်က ကုမ္ပဏီခွဲတစ်ခုကနေ ပေါက်ကြားခဲ့တာ ဗီဒီယိုကို စစ်ဆေးဖို့ ဒေသခံတာဝန်ရှိသူကို ငါအကြောင်းကြားပြီးပြီ...ရလဒ်တွေက တစ်ရက် ဒါမှမဟုတ် နှစ်ရက်အတွင်း ထွက်လာလိမ့်မယ်"


"ဒုတိယအနေနဲ့ ကုမ္ပဏီက CSRCဆီကနေ ဒဏ်ကြေးပေးဆောင်ဖို့ အကြောင်းကြားစာ အခုလေးတင်မှ ရထားတယ်...CSRCက ချီကော်ပိုရေးရှင်းက မလိုတမာshort-sellingအတွက် သံသယဖြစ်စရာကောင်းတယ်လို့ ယုံကြည်တယ်... အခု လူတိုင်းရဲ့ ကိုယ်ရေးကိုယ်တာအကောင့်တွေ၊ ငွေချေးစာချုပ်တွေ၊ ပုံသေပိုင်ဆိုင်မှုစတာတွေက အေးခဲ့နေပြီး ဒဏ်ငွေ ယွမ် ၈.၃ ဘီလီယံ ဒဏ်ရိုက်ခံရတယ်... ကုမ္ပဏီရဲ့စာအုပ်တွေက ရရှိတဲ့ငွေတွေနဲ့ငါတို့ရဲ့အကောင့်တွေမှာရှိတဲ့ ငွေအားလုံးကိုလွှဲပြောင်းပြီးပြီး... စုစုပေါင်း ယွမ် ၃.၁ ဘီလီယံ"


"ငါတို့ ယွမ် ၅.၂ ဘီလီယံ လိုအပ်နေသေးတယ်"


ဤနံပါတ်အတန်းလိုက်ကိုကြားရသောအခါ ချီရှင်းချန် ထောင်ထောင်ကဒါရိုက်တာလီကို ပိုက်ဆံယူပြီး ထွက်ပြေးခိုင်းရန် အဘယ့်ကြောင့် ညွှန်ကြားခဲ့သည်ကို နောက်ဆုံးမှာ နားလည်သွားခဲ့၏။ 


ဒါရိုက်တာလီ ထွက်ပြေးသွားပြီးနောက် ကုမ္ပဏီခွဲ၏ လိုငွေပြမှုကို ရုံးချုပ်ကပဲ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ရုံးချုပ်က ကွက်လပ်ကို ဖြည့်ပြီးနောက် စာအုပ်များပေါ်ရှိ ရနိုင်သော ငွေဖြစ်လွယ်မှုမှာ ကျိန်းသေ လျော့ကျသွားမည်ဖြစ်သည်။


ဒဏ်ကြေးငွေ ပေးဆောင်ရသည့်အခါတွင် ဤမျှလောက်သော ငွေကြေးကို ခွဲထုတ်နိုင်မည်မဟုတ်ပေ။


အကယ်၍ ကုမ္ပဏီတစ်ခုသည် အဆိုပါစစ်ဆေးမှုကို ကျရှုံးလျှင် ဒဏ်ငွေ ယွမ်သန်းအနည်းငယ် ပေးဆောင်သည်က နှစ်တိုင်းနီးပါး ဖြစ်ပွားနေသည်။ ဥပမာအားဖြင့်၊ ယခုနှစ်အစတွင် ထျန်ချန်ဈေးဝယ်စင်တာမီးလောင်မှုအတွင်း ချီကော်ပိုရေးရှင်းသည် ယွမ်သန်းအနည်းငယ် ဒဏ်ရိုက်ခံခဲ့ရပြီး ကုန်သည်များ၏ဆုံးရှုံးမှုအတွက် ယွမ်ဆယ်သန်းနီးပါး လျော်ကြေးပေးခဲ့ရသည်။


သို့သော်လည်း မိုးလောက်မြင့်သော ယွမ်ဘီလီယံအနည်းငယ်ဒဏ်ငွေသည် ငွေဖြစ်လွယ်သောအခြေအနေတွင်ရှိမနေသည့် ချီကော်ပိုရေးရှင်းအတွက် ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရာမဟုတ်ပေ။


ချီရှင်းချန် အသက်ပြင်းပြင်းရှူလိုက်သည်။

"ကျဲ...ကျွန်တော်တို့က အဲဒါတွေ မလုပ်ခဲ့ဘူးလေ... ဘာလို့ ဒဏ်ရိုက်တာလဲ"


"ရှင်းရှင်း... ဒါက မင်းလုပ်သည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကိစ္စမဟုတ်တော့ဘူး"


"… ကျွန်တော်နားလည်ပါတယ်"

ချီရှင်းချန်ကခဏရပ်လိုက်သည်။ "ငွေအတွက် စိတ်ပူစရာ မလိုပါဘူး...ကျွန်တော် ရှေ့နေကို သွားမေးလိုက်မယ်...ပေးရမယ်ဆိုရင် ကျွန်တော် ပေးလိုက်မယ်"


ချီယွီကျီး: "အမ်"


သူမမောင်ကို ဒီလောက်ကြီးတဲ့ ပိုက်ဆံပမာဏကို သူတစ်ယောက်တည်း ဘယ်လိုလုပ် ရှာခိုင်းရက်မှာလဲ...


ချီယွီကျီး၏ဖုန်းကို ချပြီးနောက် ချီရှင်းချန် ထိန်းသိမ်းရေးစခန်းသို့ မသွားခဲ့ပေ။ထိုအစား သူက ပိုင်ရဲ့ကို ဥပဒေရုံးကို တိုက်ရိုက်သွားခိုင်းခဲ့သည်။ချီကော်ပိုရေးရှင်းတွင် ပရော်ဖက်ရှင်နယ် ရှေ့နေတစ်ဦးရှိသော်လည်း ချီရှင်းချန် သူ့ကို အိမ်တွင် တွေ့ဆုံရန် မစောင့်နိုင်ပေ။ သူ့ကိုရှာရန် ဥပဒေရုံးကို တိုက်ရိုက်သွားခဲ့သည်။


အဆုံးတွင် သူ ခွဲခြမ်းစိတ်ဖြာမှုကို ကြားပြီးနောက် ပို၍ပင် စိတ်တိုလာသည်။


ဒဏ်ကြေးငွေကို မကျေနပ်ပါက စီမံခန့်ခွဲရေးဆိုင်ရာ ပြန်လည်စစ်ဆေးရန် လျှောက်ထားနိုင်ကြောင်း ရှေ့နေက ပြောသည်။ သို့သော်လည်း သူ အုပ်ချုပ်ရေးပိုင်းကို ပြန်လည်သုံးသပ်ရန် လျှောက်ထားပြီး တရားစီရင်ရေး လုပ်ငန်းစဉ်ကို လျှောက်လှမ်းလိုက်သည်နှင့် အမှုကို ပိုမိုကြာရှည်လာစေမည်ဖြစ်သည်။


တစ်နည်းဆိုရသော် ချီကော်ပိုရေးရှင်း၏ ပိုင်ဆိုင်မှုများကို ဆက်ချိတ်ပိတ်ထားပြီး အဖေချီကိုလည်း ထိန်းသိမ်းထားမည်ဖြစ်သည်။


ချီရှင်းချန် အခြားအရာများကို ခံနိုင်ရည်ရှိသော်လည်း သူ့အဖေအိုကြီးကို ဆက်လက်၍ ဒုက္ခမခံခိုင်းရက်ပေ။


ထို့ကြောင့် သူတို့လုပ်သည်ဖြစ်စေ မလုပ်ခဲ့သည်ဖြစ်စေ ငွေကို ပေးဆောင်ရမည်ဖြစ်သည်။


ပိုင်ရဲ့က သူနှင့်ချီယွီကျီးအကြား စကားပြောဆိုမှုကို အနည်းနှင့်အများကြားခဲ့ရသည်။ အိမ်ပြန်ရောက်ပြီးနောက် ချီရှင်းချန်ရေချိုးခန်းထဲသို့သွားစဉ် ပိုင်ရဲ့က သူ၏ဘဏ္ဍာရေးအကြံပေးနှင့် အမေပိုင်ကိုဖုန်းဆက်ခဲ့သည်။


ချီရှင်းချန် ထွက်လာသောအခါ၊ ပိုင်ရဲ့က သူ့ကိုခေါ်လိုက်၏။  

"ပေါင်ပေ့ ဒီကိုလာခဲ့"


ချီရှင်းချန်က သူ့အနားတွင် နာခံစွာဝင်ထိုင်လိုက်သည်။


"မျက်နှာသစ်ပြီး ဘာလို့ မျက်နှာမသုတ်တာလဲ"



"… ကျွန်တော်မေ့သွားတယ်" 

ပိုက်ဆံကိစ္စကို အာရုံရောက်နေသောကြောင့် မျက်နှာကိုသုတ်ရန် မေ့သွားခဲ့သည်။


ပိုင်ရဲ့က တစ်ရှုးနှစ်ပိုင်းကို ဆွဲထုတ်လိုက်ပြီး "မင်းဘယ်လောက်တတ်နိုင်လဲ" ဟုမေးရင်း သူ့မျက်နှာကို သုတ်ပေးလိုက်သည်။


၎င်းကိုကြားသောအခါ ချီရှင်းချန်က သူ့မျက်လုံးတွေကို မှိတ်ချလိုက်သည်။


ချီယွီကျီးနှင့် ပြောသောအခါတွင် ပိုင်ရဲ့ မကြားစေရန် အသံကို တမင်လျော့ချခဲ့သည်။ပိုင်ရဲ့ သိလိမ့်မည်ဟု သူမ မမျှော်လင့်ထားပါချေ။


"… ကျွန်တော် နိုင်ငံခြားကို လွှဲတဲ့ငွေနဲ့ အန်းရန်ဆီက မထုတ်ရသေးတဲ့ ပိုက်ဆံက သန်းနှစ်ရာအောက်ပဲ ရှိတယ်..ကျွန်တော့်ကား၊ လေယာဉ်နဲ့ ရွက်လှေတွေကို ရောင်းပြီး ပိုက်ဆံနည်းနည်းလောက် ရှာနိုင်လောက်တယ်"


ဤသည်က 5.2 ဘီလီယံ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်လေသည်။ 


သူက သူ၏လုပ်ငန်းကို စတင်ခဲ့သည်မှာ တစ်နှစ်ပင်မပြည့်သေးလေရာ ယွမ်သန်း ၂၀၀ ခန့်ကို သတိရှိရှိ စုဆောင်းနိုင်သည်က ကောင်းမွန်နေပြီဖြစ်သည်။ပိုင်ရဲ့က ခေါင်းညိတ်လိုက်သည်။


"ကိုယ့်ရဲ့ငွေကို တွက်ချက်ဖို့ ဘဏ္ဍာရေးအကြံပေးကို ခိုင်းခဲ့တယ်...အဲဒီတော့ ယွမ် သန်း ၇၀၀ လောက်အထိ တိုးသွားတယ်... ကိုယ့်အမေရဲ့ ပစ္စည်းပိုင်ဆိုင်မှုက သန်း ၅၀၀အောက်ရှိတယ်… ကိုယ့်အဖေရဲ့ အဆင့်အတန်းအရ ကိုယ့်မိသားစုမှာ ပိုက်ဆံအများကြီးရှိဖို့ မသင့်တော်ဘူးလေ...ကိုယ့်မှာ အိမ်နည်းနည်းရှိသေးတယ်...ခုနကအားလွင်ကို ရောင်းခိုင်းလိုက်တယ်... ယွမ် သန်း၃၀ဝကနေ ၄၀၀အထိရနိုင်တယ်... စိတ်မပူပါနဲ့...ပြီးရင် ကိုယ့်သူငယ်ချင်းတွေကို ထပ်ပြောလိုက်မယ်"


ချီရှင်းချန် ပိုင်ရဲ့က သူ့အတွက် သူ့အိမ်ရောင်းလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက အမြန်ငြင်းလိုက်၏။ 

"မလိုပါဘူး...ရပါတယ်...ကျွန်တော့်ဘာသာ ပိုက်ဆံရှာနိုင်တယ်"


"ခေါင်းမာမနေနဲ့... ပိုက်ဆံအများကြီး ဘယ်ကသွားရမှာလဲ" 

ပိုင်ရဲ့က တစ်ရှူးကို အမှိုက်ပုံးထဲကို ပစ်ချလိုက်ပြီး အေးစက်နေသည့်မျက်နှာလေးကို လက်နှင့်အုပ်လိုက်သည်။ "နောက်ပြီး ကိုယ်ပြန်ရှာလို့ရတာပဲကို… နောင်မှာ မျက်နှာနဲ့လက်ကို ရေအေးနဲ့ မဆေးနဲ့... ကျန်းမာရေးအတွက် မကောင်းဘူး"


"ဒါပေမဲ့" 


ချီရှင်းချန် ဘာပြန်ပြောရမှန်းမသိ။

"ကောမှာ ကျွန်တော့်ကို ကူညီဖို့အကြောင်းပြချက်ရှိပေမဲ့ ဒေါ်လေးပိုင် ကိုကျ ဒုက္ခပေးလွန်းရာကျလိမ့်မယ်..."


"ရပါတယ်...မင်းရဲ့ကိစ္စက ကိုယ့်ကိစ္စပဲ" 

ပိုင်ရဲ့က အခိုင်အမာပြောလိုက်သည်။

"ဘာမှ မပြောနဲ့တော့..ကိုယ့် စကားကိုနားထောင်... တစ်ခုခုစားပြီး ခဏလောက် အနားယူ... နေ့ခင်းမှာ နည်းလမ်းရှာကြမယ်"


ဤအချိန်မှာ ချီရှင်းချန် မငြင်းနိုင်တော့ပါချေ။ အသံတိုးတိုးဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။ပိုင်ရဲ့ သူမည်မျှ အားကိုးရာမဲ့နေသည်ကို မြင်လိုက်ရသောအခါတွင် သူ့နှလုံးသားနာကျင်သွားရသည်။ သူ့ကို ညင်သာစွာ ဖက်ထားလိုက်သည်။ 

"ကိုယ်တို့ သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ"


အချိန်တိုင်း ယခုလိုမျိုးပါပင်။ပိုင်ရဲ့က "မင်းလုပ်နိုင်တယ်" သို့မဟုတ် "မင်းလုပ်နိုင်မှာကိုယ်ယုံတယ်"ဟု ပြောနေသရွေ့ သူတကယ်လုပ်နိုင်မည်ဟု သူထင်ခဲ့ပြီး တကယ်လည်းလုပ်နိုင်ခဲ့သည်။


သူက ပိုင်ရဲ့ကို ပွေ့ဖက်လိုက်သည်။ "ကျွန်တော်ရဲ့အကြီးမားဆုံးယုံကြည်မချက်က ချီမိသားစုက သန့်ရှင်းတယ်... အပြစ်မဲ့သူတွေက သူတို့အပြစ်ကင်းတယ်ဆိုတာကို သိကြပါလိမ့်မယ်...ကျွန်တော်တို့ သေချာပေါက် ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်လည်းထင်တယ်"


.....


သူတို့က ထမင်းစားမည်ဟုပြောပေမဲ့ ဘယ်သူမှ စားချင်စိတ်မရှိကြပေ။ စားဖိုမှူးက ဟင်းနည်းနည်းချက်ထားသည်။ချီရှင်းချန်က သူတို့ကို မဖြုန်းတီးချင်သောကြောင့် ဒရိုက်ဘာကို ချီယွီကျီဆီ ပို့ပေးခိုင်းလိုက်၏။


ညစာစားပြီးနောက် သူနှင့် ပိုင်ရဲ့တို့သည် တတ်နိုင်သမျှ ပိုက်ဆံရှာရန် ကြိုးစားရင်း ရင်းနှီးသောသူငယ်ချင်းများကို သီးခြားစီဖုန်းခေါ်ခဲ့သည်။ လမ်းတစ်ဝက်မှာ အန်တီကျန်း၏အော်သံကို အဝေးကနေ ကြားလိုက်ရသည်။


"သခင်လေး ဖြေးဖြေး... "


ချီရှင်းချန် သခင်လေးကဘယ်သူလဲဟု သိချင်နေစဥ် ချီကျားကျစ်က ဖိနပ်ကြီးစီးလျက် ပြေးလာသည်ကို တွေ့လိုက်ရသည်။ သူက သူ့အိတ်ကို ဆိုဖာပေါ်ပစ်ချလိုက်ပြီး ချီရှင်းချန်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။


ပိုင်ရဲ့က သူ့လက်ကို ဆွဲဖြုတ်လိုက်ပြီး ချီရှင်းချန်ကို သူ့ဘေးသို့ ဆွဲခေါ်လိုက်သည်။ သူကမေးသည်။

"ဒါကဘယ်သူလဲ"


"ကျွန်တော်က သူ့ညီပါ" 

ချီကျားကျစ်က ချီကျားကျစ်အစား ဖြေလိုက်သည်။ 

"ခင်ဗျားက ကျွန်တော််ယောက်ဖ ဟုတ်တယ်မလား"


ငါ့ညီရေ… ဒီဘွဲ့နာမည်တွေက ဘယ်ကရောက်လာတာလဲ...


ချီရှင်းချန် ရယ်ချင်လာသည်။ သူမော့ကြည့်လိုက်သောအခါ ချီကျားကျစ်၏ဆံပင်တွေက အနက်ရောင်ဆိုးထားသည်ကို တွေ့လိုက်ရသည်။ သူက ပိုပိန် ပိုဖြူဖျော့သွားပြီး အခုလေးတင်မှ ငိုထားသကဲ့သို့ မျက်လုံးများက နီရဲနေသည်။


"...သူက ငါ့ရည်းစား" 

ချီရှင်းချန်က တိုးတိုးလေးပြောလိုက်သည်။"

"ကောင်လေး မငိုနဲ့...တိတ် တိတ် ဘာလို့ငိုနေတာလဲ"


"ငါ တံခါးပိတ်လေ့ကျင့်ရေး စခန်းကို သွားခဲ့တာ...ငါ့မှာ ဖုန်းနဲ့ ကွန်ပြူတာ မရှိဘူး...ငါတို့ မိသားစုအကြောင်းကို ဒီမနက်မှပဲ သိခဲ့ရတယ်" 


ချီကျားကျစ်က ရှိုက်လိုက်သည်။ "ကော ငါ မင်းကို ကူညီနိုင်တာ တစ်ခုခုရှိလား"


အထက်တန်းကျောင်းပင် မပြီးသေးသည့်ကလေးဆီက ဘာအကူအညီရနိုင်ပါမည်နည်း။ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။

"ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ပြီး ထောင်ရွှ

မ်ကို ဂရုစိုက်"


"မဟုတ်ဘူး... ငါ့ကိုစောင့်နေ... ငါပြန်သွားပြီး တစ်ချက်ကြည့်လိုက်ဦးမယ်"


ထိုသို့ဖြင့် ချီကျားကျစ်က ပြေးထွက်သွားပြန်သည်။ လေပြင်းတစ်သုတ်တိုက်သကဲ့သို့ ရောက်လာပြီး ထိုကဲ့သို့ပင် လျင်မြန်စွာ ထွက်သွားလေ၏။