Chapter 168
အတိတ်မှာပဲဖြစ်စေ၊ယခုပစ္စုပ္ပန်မှာဖြစ်ဖြစ်စေ၊ သူ့idol က သူ့ပါတနာဖြစ်ရန် ဆန္ဒရှိလိမ့်မည်ဆိုသည်က ချီရှင်းချန်း ဘယ်တုန်းကမှ တွေးဝံ့မှာမဟုတ်သည့်အရာဖြစ်လေသည်။
ချီရှင်းချန်စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"နောက်တစ်ခါ ထပ်ပြောပါဦး"
ပိုင်ရဲ့က ထပ်ပြောသည်။
"ကိုယ် မင်းရဲ့ ဇာတ်ပို့ဖြစ်ပေးမယ်"
"အဲဒါက မသင့်တော်ဘူး…"
"ဘာက မသင့်တော်လဲ"
ပိုင်ရဲ့ ရယ်ရမလား ငိုရမလားမသိ။ "ကိုယ်က ဇာတ်ပို့လုပ်လို့မရဘူးလို့ ဘယ်စည်းမျဉ်းက ပြောထားလို့လဲ"
ထိုကဲ့သို့သော ရယ်စရာကောင်းသည့် စည်းမျဉ်းက တကယ်တမ်းမှာ မရှိပါချေ။ချီရှင်းချန် ခဏလောက်ကြောင်အနေ သွားသည်။ပိုင်ရဲ့ သည်းမခံနိုင်တော့ဘဲ သူ့နဖူးကို ပုတ်လိုက်ပြီးပြောလိုက်သည်။
"ဒါရိုက်တာကို မြန်မြန်ဆက်သွယ်လိုက်လေ... လနည်းနည်းကြာသွားပြီဆိုတော့ ဒါရိုက်တာက ရလားမရလားမသေချာဘူး"
"… ဟုတ်"
ချီရှင်းချန် ကြောင်နေရာကနေ နောက်ဆုံးတွင် အသိစိတ်ဝင်လာသည်။ သူက ဒါရိုက်တာနှင့် မက်ဆေ့ခ်ျမှတ်တမ်းများကို အမြန်ရှာပြီး နံပါတ်ကို ခေါ်လိုက်သည်။
ကံကောင်းစွာပဲ ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းကို လက်လွှတ်မခံခဲ့ပါချေ။
ချီရှင်းချန်ငြင်းပြီးနောက် သူတို့က ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုတောင်းခံခဲ့ကြသေးသည်။ ကံမကောင်းစွာဖြင့်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား၏ ဆောင်းရာသီ၏ လွှမ်းမိုးမှုအောက်တွင် ကုမ္ပဏီများအားလုံးသည် လူကြိုက်များပြီး ဇာတ်ညွှန်းက အများ၏အကြိုက်နှင့် ကိုက်ညီသည့်စာအုပ်ဇာတ်ညွှန်းများကိုသာ ရွေးချယ်ချင်ကြသည်။
ရိုက်ကူးရေး၏ရည်ရွယ်ချက်က ပိုက်ဆံရှာရန်ဖြစ်၏။ပြီးလျှင် ပိုက်ဆံက ဘယ်ကလာသနည်း။ပရိသတ်ထံမှဖြစ်၏။
ဆက်ကပ်တွေက ကျဆင်းလာသည်မှာ ကြာပြီဖြစ်၏။၎င်းကို ကြည့်ချင်သူတွေက လူကြီးမျိုးဆက်တွေ၊ ရည်းစားတွေကို လက်မှတ်ဝယ်ခိုင်းရုံကလွဲပြီး ရွေးချယ်စရာမရှိသည့် ကောင်လေးတွေပဲ ဖြစ်လေသည်။
ရင်းနှီးမြုပ်နှံသူတွေက နိုင်ငံတစ်ဝှမ်းလုံးတွင် ယောက်ျားလေး သန်း ၂၀၀ သို့မဟုတ် သန်း ၃၀၀က အူကြောင်ကြောင် အမှားများပြုလုပ်ရန်ကို မျှော်လင့်နိုင်ပါသလား။
ဘယ်ဟုတ်မလဲ...
ရည်းစားထားဖူးတဲ့ ယောက်ျားလေးက သန်း ၂၀၀ လောက်တောင် ရှိမှာမဟုတ်...
သို့ပေမဲ့ "ကျိုရဲ့ရှင်းချန်"ကမတူပေ။ "ကျိုရဲ့ရှင်းချန်"သည် စတင်မွေးဖွားလာကတည်းက လူကြိုက်များသည့် အတွဲဖြစ်သည်။ ၎င်းနှင့်အတူဆိုလျှင် ဆောင်ပုဒ်ကို လုံးဝလျစ်လျူရှုနိုင်သည်။
ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာက City H မှမဟုတ်ပါချေ။အတိုချုံးစကားပြောပြီးနောက်၊ ချီရှင်းချန်က ၎င်းတို့အား မနက်ဖြန်မတိုင်မီ လေယာဥ်စီးလာရန် တောင်းဆိုခဲ့သည်။ သဘောတူညီချက်ကို ရရှိပြီးနောက် ပိုင်ရဲ့နှင့် ချီရှင်းချန် နော်ရာသို့ ချက်ချင်း မောင်းသွားခဲ့သည်။
ရုပ်ရှင်ရိုက်ရန် ပြင်ဆင်သည်က ယခုမှပထမဆုံးအကြိမ်ဖြစ်သဖြင့် သူတို့ဘာမှမသိပေ။ချန်နော်ရာ နှင့် စကားပြောပြီးနောက်တွင် ပရောဂျက်ကို ဦးစွာအတည်ပြုရမည်ဟု သိရှိခဲ့ကြသည်။ပရောဂျက်အတည်ပြုချက်က အစီအစဥ်အဆိုပြုချက်တစ်ခု လိုအပ်လေသည်။
ချီရှင်းချန် ပိုင်ရဲ့ကို ကြည့်လိုက်သည်။ "ကျွန်တော်က သိပ္ပံကျောင်းသား"
ပိုင်ရဲ့က မတတ်နိုင်စွာပြောလိုက်သည်။ "ကိုယ်လည်း သိပ္ပံကျောင်းသားပဲ"
ချန်နော်ရာ : "ထားလိုက်ပါ...ငါပဲ တစ်ခုလောက်ရေးကြည့်လိုက်မယ်"
နာရီဝက်အကြာတွင် သူတို့နှစ်ဦးသည် အဆိုပြုချက်အကြမ်းဖြင့် နော်ရာမှ ထွက်ခွာလာကြသည်။ ဒါရိုက်တာနှင့် ကျန်သည့်သူတွေက ရောက်သည်နှင့် အသေးစိတ် အချက်အလက်တွေ ဖြည့်ပေးကြသည်။
.......
သူတို့ထွက်လာပြီးနောက် ချီရှင်းချန်က ပိုင်ရဲ့ကို မမှောင်ခင် ဆေးရုံကိုလိုက်ပို့ခိုင်းလိုက်သည်။
ချီရှင်းချန် နှစ်သစ်ကူးပြီးနောက် လမ်းခွဲပြီးကတည်းက ထောင်ရွှမ်နှင့် မတွေ့ရသေးပေ။သူ ထိုကလေးကို အနည်းငယ်လွမ်းနေပြီး ပြောစရာအချို့လည်းရှိသည်။
ဆေးရုံကိုရောက်သည့်အခါမှာ ထောင်ရွှမ်က ယောဂခါးပတ်ကြိုး၏ အလယ်မှာ ရပ်နေသည်။ချီရှင်းချန်က ပြောလိုက်၏။
"ဝိုး... မင်းက ပစ္စည်းတွေတောင် သုံးနေပြီလား"
"ရှင်းရှင်းကော"
ထောင်ရွှမ်က သူ့ယောဂ ခါးပတ်ကို လွှတ်ချလိုက်ပြီး ပြေးလာသည်။
"နောက်လ ခွဲစိတ်ဖို့ ပြင်ဆင်နေတာ"
သူ၏တိုက်ခိုက်မှုက ချီကျားကျစ်နှင့် အတော်လေး ဆင်တူ၏။ချီရှင်းချန် အနည်းငယ် စိတ်ဆိုးသွားသည်။ချီကျားကျစ်ဆီက ကောင်းတာတွေမသင်ဘဲ ဘာလို့မကောင်းတာတွေသင်ထားတာလဲ...
ထို့နောက် ပိုင်ရဲ့က သူ့ကို ချီရှင်းချန်၏ ခန္ဓာကိုယ်ပေါ်မှ ခွာချလိုက်သည်။ချီရှင်းချန် စိတ်အေးလက်အေးဖြစ်သွားပြီး ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
"မင်းပုံစံကြည့်ကောင်းနေတယ်... ကျောက်ကပ်အလှူရှင်ကို ရှာတွေ့ပြီလား"
"ဟုတ်တယ်...ပါမောက္ခက ကျွန်တော့်ကို ရှာတွေ့အောင် ကူညီပေးခဲ့တာ"
ထောင်ထောင်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။
"ကော...ကျွန်တော့်ကို လာမတွေ့တာကြာပြီနော်...နောက်ကလူက ကျားကျစ်ပြောခဲ့တဲ့ယောက်ဖလား"
ချီရှင်းချန် : "...အင်း"
"မင်္ဂလာပါ ယောက်ဖ"
ထောင်ရွှမ်က ခပ်ပြတ်ပြတ် အော်လိုက်သည်။
သူ့အမူအရာကိုပဲကြည့်ကြည့်၊ သူ့အပြောအဆိုကိုပဲ ကြည့်ကြည့် သူအလွန်ပျော်နေမှန်း ထင်ရှားလေသည်။ချီရှင်းချန်လည်း မပြုံးဘဲမနေနိုင်။
ထောင်ရွှမ်အတွက် ကျောက်ကပ်အလှူရှင်ကို ရှာဖွေနိုင်ခဲ့သည်မှာ အခုတလောသူကြားခဲ့သည်ထဲမှာ တစ်ခုတည်းသော သတင်းကောင်းဖြစ်သည်။
ထောင်ရွှမ်ကို လူနာဆောင် အတွင်းရှိ ကုလားထိုင်တစ်ခုသို့ ခေါ်ဆောင်ပြီးနောက် ချီရှင်းချန် သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ထောင်ရွှမ်က အကဲဆတ်သည်။ သူ့တုံ့ဆိုင်းနေသည်ကိုမြင်သောအခါ သူကမေးသည်။
"ရှင်းရှင်းကော... ကျွန်တော့်ကိုပြောစရာရှိလို့လား"
ချီရှင်းချန် သူ့ကို ပြောစရာတစ်ခုရှိပေမဲ့ ဘယ်လိုပြောရမှန်းမသိပေ။
"အဆင်ပြေပါတယ်... ကျွန်တော့်ကို ကျားကျစ်လို့ သဘောထားပြီး ပြောလိုက်ပါ"
ထိုစကားကြောင့် ချီရှင်းချန် တုံ့ဆိုင်းမနေတော့ပေ။ သူ့စကားကို သေချာ ရွေးပြီးပြောလိုက်သည်။
"ရှောင်ရွှမ် တစ်နေ့မှာ မင်းအစ်မနဲ့ ငါက ဆန့်ကျင်ဘက်ဖြစ်နေရင် မင်းဝမ်းနည်းမှာလား"
"ဆန့်ကျင်ဘက်ဘက်လား..."
ထောင်ရွှမ်က ခဏရပ်လိုက်သည်။
"ကျဲက... မကောင်းတာလုပ်ထားလို့လား"
သူတို့၏ ထုံးစံအတိုင်း အပြန်အလှန် တုံ့ပြန်မှုများမှ ချီရှင်းချန်က တတ်နိုင်လျှင် ရန်သူများ မဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားမည့် လူစားမျိုးဖြစ်သည်ကို ထောင်ရွှမ်က သိမြင်လာခဲ့သည်။
ချီရှင်းချန်က တစ်စုံတစ်ဦးနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါက တစ်ဖက်လူက ခွင့်မလွှတ်နိုင်သောအဆင့်သို့ ရောက်ရှိနေ၍ဖြစ်မည်။
ထောင်ရွှမ်က ဤမျှထိတွေးတတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ချီရှင်းချန်၏ ရင်ဘတ်ထဲ ရုတ်တရက် ဆို့နင်သွားသော်လည်း ထောင်ရွှမ်ကို အမှန်အတိုင်း ပြောပြရန် မကြံစည်ခဲ့ပေ။မည်သို့ပင်ဖြစ်စေ ထောင်ရွှမ်က မသက်သာသေးပါချေ။ သူ့စိတ်ခံစားချက်ကို ထိခိုက်ပြီး သူ့အခြေအနေ ပိုဆိုးလာလျှင် ကောင်းကျိုးထက်ဆိုးကျိုးကပိုကဲလိမ့်မည်။
ထို့အပြင်၊ ထောင်ရွှမ် နှင့် ချီကျားကျစ် တို့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို အတူတူဖြေဆိုရန် ကတိပြုထားခဲ့သည်။ ကျောင်းသားများအတွက် စာမေးပွဲများသည် အရေးကြီးဆုံးဖြစ်သည်။ သူတို့၏ရလဒ်များကို နှောင့်နှေးစေ၍မဖြစ်ပေ။
"တစ်ချိန်က မင်းအစ်မက သူရဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ လူတချို့ကို နာကျင်အောင်လုပ်ဖို့ ကြံစည်ခဲ့တယ်...ငါ့နဲ့ ငါ့ပတ်ဝန်းကျင်က လူတွေကိုလည်း ထိခိုက်စေခဲ့တယ်.. ရလဒ်အနေနဲ့ ချီမိသားစုလည်း ဆုံးရှုံးခဲ့ရတယ်...ငါ ဒီအတွက် လက်စားချေရမယ်"
၎င်းကိုကြားသောအခါ ထောင်ရွှမ်၏ အမူအရာက ခဏတာ ရုန်းကန်နေရပုံဖြစ်ပေမဲ့ ယင်းက မြန်မြန်ဆန်ဆန် မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။
"ကောနဲ့ ကျွန်တော့်အစ်မ ဆန့်ကျင်ဘက်ဖြစ်နေလို့ ကျွန်တော်ဝမ်းနည်းနေမှာ မဟုတ်ဘူး...သူ့ပန်းတိုင်ရောက်ဖို့ တခြားသူတွေကိုထိခိုက်အောင်လုပ်ဖို့ ရွေးချယ်ခဲ့တာ ပိုဝမ်းနည်းမိတယ်"
ဤကလေးက ဉာဏ်ကောင်းလွန်းသည်။ချီရှင်းချန်၏နှလုံးသား နာကျင်သွားပြီး နူးညံ့သောဆံပင်များကို ပွတ်သပ်လိုက်သည်။
"ကော"
ထောင်ရွှမ်၏ အသံက အထိန်းအကွပ်မရှိ တုန်ယင်သွားသည်။
"ကောပြောတဲ့ထိခိုက်အောင်လုပ်တာဆိုတာက... လူသတ်တာကို ဆိုလိုတာလား"
ချီရှင်းချန် မည်သို့ဖြေရမည်ကို မသိသောကြောင့် မေးခွန်းကို ရှောင်လိုက်သည်။
"ငါ့ မိသားစု အသက်ရှင်နေပါသေးတယ်"
ထောင်ရွှမ်က "ဟုတ်"ဟု တိုးတိုးလေး ပြန်ဖြေပေမဲ့ ဆက်မေးရန်သတ္တိမရှိခဲ့ပါချေ။ ထိုအချိန်တွင် ချီကျားကျစ် ဝင်လာသည်။ချီရှင်းချန်က သူ့ကို ထောင်ရွှမ်ကိုပျော်အောင်ထားရန် ညွှန်ကြားပြီး သူ၏စာအခြေအနေအကြောင်း မေးခဲ့သည်။ ထို့နောက် ပိုင်ရဲ့ နှင့်အတူ ထွက်ခွာသွားခဲ့သည်။
အပြန်လမ်းမှာ လိမ္မာရေးခြားရှိသော ကလေးတစ်ယောက်က သူ့အစ်မ လူငါးဆယ်ကျော်ကို မီးရှို့သတ်လိုက်သည်ကို သိလိုက်ရသည့်အခါ ဘယ်လိုခံစားရမလဲ ဆိုသည်ကို သူတွေးနေခဲ့၏။
ဘယ်လောက် အဆင်မပြေဖြစ်လိုက်မလဲ...
.......
နောက်တစ်နေ့တွင် နှစ်ဦးနှစ်ဘက်က သီးခြားစီလုပ်ဆောင်နေကြဆဲဖြစ်သည်။ချီယွီကျီးက ကုမ္ပဏီသို့သွားခဲ့ပြီး ချီရှင်းချန် နှင့် ပိုင်ရဲ့က အဆိုပြုချက်ကို ယူကာ အန်းရန်၏ ယာယီအိမ်သို့ သွားကြသည်။
သူတို့ရောက်သည့်အခါမှာ ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာက အန်းရန်နှင့် ခဏလောက် စကားပြောနေပြီဖြစ်၏။ချီရှင်းချန်ကိုမြင်သောအခါ ဒါရိုက်တာ၏ ပထမဆုံးစကားမှာ "ကျေးဇူးတင်ပါတယ်"ဖြစ်၏။
သူကစကားပြောရင်းနှင့် ငိုပါတော့သည်။
"မင်းကြောင့်သာမဟုတ်ရင် ငါလက်လျော့မိမှာ..."
အန်းရန် သူ၏ ငိုရှိုက်သံကြောင့် လန့်သွားသည်။
ချီရှင်း သူ့ကို တစ်ရှူးတစ်ရွက် ပေးလိုက်သည်။
ဇာတ်ညွှန်းရေးဆရာက ချီရှင်းချန်ထက် သူ့ကိုယ်ပိုင်ဇာတ်ညွှန်းကို သဘာဝအတိုင်း ပိုသိသည်။ ဒါရိုက်တာ ငြိမ်သွားပြီးနောက် အဆိုပြုချက်တွင် အသေးစိတ်အချက်အလတ်အချို့ကို ဖြည့်စွက်ဆွေးနွေးကြသည်။
အားလုံးအတည်ပြုပြီးနောက်၊ချီရှင်းချန်က"ထုတ်လုပ်သူ" ဟူသောစကားလုံးနေရာတွင် လေးနက်စွာလက်မှတ်ရေးထိုးခဲ့သည်။
ထို့ကြောင့် ရဲ့ရှင်းမီဒီယာ၏ပထမဆုံးပရောဂျက်ဖြစ်သော ချီရှင်းချန်၏ပထမဆုံးရုပ်ရှင်သည် ဤမထင်ရှားသောအိမ်ငယ်လေးတွင် တိတ်တဆိတ်မွေးဖွားခဲ့သည်။
ပရော်ဖက်ရှင်နယ် အေးဂျင့်တစ်ဦးအနေဖြင့် အန်းရန်က ချီရှင်းချန်ထက် သဘာဝအားဖြင့် အဆက်အသွယ်များ ပိုမိုရရှိခဲ့သည်။ အဆိုပြုချက်ကို အကြမ်းဖျင်းရေးဆွဲပြီးနောက်၊ အန်းရန်က အဓိက ရုပ်ရှင်ကုမ္ပဏီများကို ချက်ချင်းဖုန်းဆက်ခဲ့သည်။
"ကျိုရဲ့ရှင်းချန်၏ပထမဆုံးပူးပေါင်းဆောင်ရွက်မှု"ဟူသော ထွင်လုံးကြောင့် ရုပ်ရှင်ကုမ္ပဏီများအားလုံး စိတ်ဝင်စားခဲ့ကြသည်။ ရုပ်ရှင်၏ သဘောတရားနှင့် ဇာတ်ကွက်အကြောင်း မေးရန်ပင် သူတို့ စိတ်မ၀င်စားပါပေ။ သူတို့က တိုက်ရိုက်ဈေးမေးသည်။
သို့သော် အန်းရန် သူမ ယွမ်ငွေ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံမှု လိုအပ်ကြောင်း ပြောကြားသောအခါ ကုမ္ပဏီအများစုက တုန့်ဆိုင်းသွားကာ စဉ်းစားရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
ယွမ် သန်း၈၀၀သည် သေးငယ်သောပမာဏမဟုတ်ပေ။ လက်ရှိရုပ်ရှင်ဈေးကွက်ကိုကြည့်ရင် တစ်နှစ်ကို ဇာတ်ကားဘယ်နှစ်ကားလောက်က ယွမ်ငွေ ၁ ဘီလီယံကျော် ရနိုင်လို့လဲ...
စာပေဇာတ်ကားလေးတစ်ကားမှာ ယွမ်ငွေ သန်း၈၀၀ ရင်းနှီးမြှပ်နှံမှုလိုအပ်နေသည်။သူတို့က ရင်းနှီးမြှပ်နှံမှုမပြုခြင်းကြခြင်း မဟုတ်ပေမဲ့ စျေးနှုန်းလျှော့ချရန် "စဉ်းစားခြင်း" ဆိုသည့် အကြောင်းပြချက်ကို အသုံးပြုချင်ကြသည်။
သို့သော် ချီရှင်းချန်က ယွမ်ငွေ သန်း ၈၀၀ ရရှိရန် ဆုံးဖြတ်ထားခဲ့သည်။ သူက အန်းရန်ကို လက်ဟန်ပြပြီး "ဆက်ခေါ်ပါ" ဟု ပြောလိုက်သည်။
"ကောင်းပြီ...နောက်ရုပ်ရှင်ကုမ္ပဏီရဲ့ သူဌေးက လူကြီးမင်းချီရဲ့ သူငယ်ချင်း...စကားပြောရတာ ပိုလွယ်လောက်တယ်"
အစ်ကိုကြီးရဲ့သူငယ်ချင်းလား...
ချီရှင်းချန်က မေးလိုက်သည်။
"ဘယ်ကုမ္ပဏီလဲ"
"တုန်ဖန်ယင်ယဲ့"
"အိုး…"
ချီရှင်းချန် "My Time" ကို တုန်ဖန်ယင်ယဲ့၏ လုပ်ငန်းခွဲဖြစ်သော တုန်ချန်တီဗွီမှ စီစဉ်ခြင်းဖြစ်ကြောင်း သတိရမိသည်။
အန်းရန် မျှော်မှန်းထားသည့်အတိုင်း ငွေပမာဏကို သူမပြောသောအခါ တုန်ဖန်ယင်ယဲ့၏ ဥက္ကဋ္ဌ ကျိယွီတုန်က မည်သည့်ကွေ့ပတ်သည့်နည်းဗျူဟာကိုမျှ အသုံးမပြုခဲ့ပေ။ထိုအစား သူကတည့်တိုးပြော၏။
"ငါက ရူးနေရင်သာမဟုတ်ရင် 2D စာပေဇာတ်ကားတစ်ကားမှာ ရင်းနှီးမြှုပ်နှံမှု ယွမ်သန်း ၈၀၀ လိုအပ်တယ်ဆိုတာ ယုံမှာမဟုတ်ဘူး"
"ကျွန်မတို့ပြောတာ အဲဒီအဓိပ္ပါယ်မဟုတ်ပါဘူး"
အန်းရန်က တောင်းပန်စကားဆိုပြီး ပြုံးလိုက်သည်။
"အဓိကကတော့ ကြော်ငြာတွေမှာ ပိုပြီး ရင်းနှီးမြှပ်နှံချင်တာ…"
"မပြောနဲ့တော့"
ကျိယွီတုန်က အန်းရန်ကို ဖြတ်ပြောလိုက်၏။
"ငွေကို ရင်းနှီးမြုပ်နှံနိုင်ပေမဲ့ မသေချာတဲ့ တိုက်ပွဲတွေကို တိုက်ရတာ မကြိုက်ဘူး... ဒါကို ဘယ်လို အလောင်းအစားလုပ်ကြမလဲ...တုန်ဖန်ရဲ့အရင်းအနှီးစတော့ရှယ်ယာကို ယွမ်သန်း ၈၀၀အထိ တိုးမြှင့်နိုင်တယ်...ရဲ့ရှင်းရဲ့ ရှယ်ယာစျေးနှုန်းက ဒီနှစ်ကုန်မှာ 1.5 ဆအထိ မတက်ရင် မင်းတို့က ငါရဲ့ရှယ်ယာတွေကို စျေးနှုန်းနှစ်ဆနဲ့ ပြန်လည်ဝယ်ယူရမယ်"
တစ်နည်းဆိုရသော် တုန်ဖန်က ယခု ရဲ့ရှင်းတွင် ယွမ်သန်း ၈၀၀ ရင်းနှီးမြုပ်နှံနိုင်သည်။ သို့သော်လည်း လိုအပ်ချက်မှာ ယွမ်ငွေ သန်း ၈၀၀ ကို ယခုနှစ်ကုန်တွင် ယွမ် ၁.၂ ဘီလီယံသို့ နှစ်ဆတိုးရန် လိုအပ်သည်။ မဟုတ်ပါက ချီရှင်းချန်က တုန်ဖန်မှ ရှယ်ယာများကို ပြန်လည်ဝယ်ယူရန် ယွမ် ၁.၆ ဘီလီယံ သုံးစွဲရမည်ဖြစ်သည်။
"ဘယ်လိုလဲ"
ကျိယွီတုန်ကဆိုသည်။
"ငါ မင်းကို စဉ်းစားဖို့ တစ်ပတ်လောက် အချိန်ပေးမယ်"
အန်းရန်က ချီရှင်းချန်ကို မှင်တက်စွာ ကြည့်နေသည်။
"မဟုတ်ဘူး...တစ်ပတ်လောက်တော့ ကြာမှာမဟုတ်ဘူး"
ချီရှင်းချန် အံကြိတ်ကာဆိုလိုက်၏။
"ခင်ဗျား အားနေသရွေ့ ကျွန်တော်က အချိန်မရွေး လက်မှတ်ထိုးလို့ရတယ်"
နှစ်ကုန်အထိရောက်ရန် ခုနစ်လပဲ ကျန်တော့သည်။ ဇာတ်ကားကို ယခုစတင်ရိုက်ကူးပြီး ပြန်လည်သုံးသပ်ရန် အဆက်အသွယ်အချို့ကို အသုံးပြုပါက ဒီဇင်ဘာလရောက်သည်နှင့် ထွက်ရှိနိုင်မည်ဖြစ်သည်။
ကံကောင်းထောက်စွာဖြင့် ရသဇာတ်ကားများကို လျင်မြန်စွာရိုက်ကူးနိုင်ခဲ့ပြီး ထုတ်လုပ်မှုနောက်ပိုင်းတွင် ရိုးရှင်းလေသည်။ အချိန်အများကြီးမယူရပေ။အကယ်၍ အခြားတစ်ဖက်လူက ယခုနှစ်ကုန်အတွက် တောင်းဆိုမှုတစ်ခု ပြုလုပ်နိုင်လျှင် ၎င်းတို့က ၎င်းကို တွက်ချက်ထားပြီးသားဖြစ်ရမည်ဖြစ်သည်။
ချီရှင်းချန် ပြောပြီးသည်နှင့် ဖုန်း၏တစ်ဖက်က ရုတ်တရက်ကြီး သဘောတကျ ရယ်သည်။
"ကောင်းပြီ ...မင်းတကယ်ကိုယွမ်ရှောင်ရဲ့ညီပဲ"
ကျိယွီတုန်က ခဏရပ်လိုက်သည်။ "မင်းက ဒီလောက်တည့်တိုး ဆန်နေမှတော့ ငါက ပိုတည့်တိုးဆန်ရတာပေါ့... အကောင့်နံပါတ်ကို ပို့ပေးလိုက်...ငါ ငွေလွှဲပေးမယ်"
ဘာ... အခု ငွေလွှဲပေးမှာလား...
ချီရှင်းချန် အံ့အားသင့်သွားသည်။
"ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုကရော"
"ဘဏ္ဍာရေးဌာန တာဝန်ခံက မင်းကို ဆက်သွယ်လိမ့်မယ်... လုပ်စမ်းပါကွာ... မင်း ယွမ်ရှောင်ကို အပြင်ခေါ်ထုတ်နိုင်မယ်လို့ ငါယုံကြည်တယ်"
..........
ချီရှင်းချန် တစ်ဖက်လူ၏ရင်းနှီးမြုပ်နှံမှုကအတုဖြစ်ပြီး ချီကော်ပိုရေးရှင်းကိုကူညီလိုခြင်းကြောင်းကို သူဖုန်းချမှသာသတိထားမိခဲ့သည်။
လျန်ကျင်းပြောခဲ့သည့်စကားကိုလည်း အတည်ပြုနိုင်ခဲ့သည် —
ထိုသို့သောအခြေအနေမျိုးတွင် ချီမိသားစုကို ကူညီလိုသည်မှာ ကြင်နာမှု သို့မဟုတ် အခြားအရာကြောင့်မဟုတ်ဘဲ ချီမိသားစုက ကောင်းမွန်သောအလုပ်နှင့် ကုသိုလ်ကောင်းမှုများစွာပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။
ထိုမှသာ သူတို့ ဒုက္ခရောက်နေချိန်မှာ ချီမိသားစုကို ကူညီလိုစိတ်ရှိနေမှာဖြစ်သည်။
ဆယ်မိနစ်လောက်ကြာသောအခါ ပိုင်ရဲ့၏ ဖုန်းက တုန်ခါသွားသည်။တစ်ဖက်က ယွမ် သန်း၈၀၀ကို သူ့အကောင့်သို့ လွှဲပြောင်းပေးခဲ့သည်။ယခုအချိန်မှာ ဒဏ်ငွေ ယွမ် ၅.၂ ဘီလီယံကို နောက်ဆုံးမှာ ဖြည့်သွင်းပြီးပြီဖြစ်၏။
ချီရှင်းချန် မစောင့်နိုင်တော့ပေ။ ဒါရိုက်တာကို အဖွဲ့သားကူရှာရန် အန်းရန်ကို ပြောပြီး ပိုင်ရဲ့ကို ဒဏ်ကြေးပေးဆောင်ရန် ဆွဲခေါ်ခဲ့သည်။
ဒဏ်ကြေးငွေပေးဆောင်ပြီးနောက်၊ သူ၏ ချုပ်နှောင်မှုကာလ အဆုံးကိုရောက်ရှိသွာသော အဖေချီ ပြန်လည်လွတ်မြောက်လာနိုင်သည်။ မှတ်ပုံတင်သည့် လုပ်ငန်းစဉ်က အတော်လေးရှည်လျားသည်။ချီရှင်းချန် ထိန်းသိမ်းရေးစခန်းအ၀င်ဝတွင် ယောင်လည်လည် လမ်းလျှောက်နေခဲ့သည်။
နောက်ဆုံးမှာ သူ့အဖေ ပေါ်လာသည်ကို မြင်လိုက်ရပြီး သူမနေနိုင်ဘဲ ရှေ့ကို အပြေးအလွှားသွားပြီး အဖေချီကို ဖက်ထားလိုက်၏။
"အဖေ-"
အဖေချီက နှစ်ကြိမ် ချောင်းဟန့်ပြီး သူ့ကျောကို ပုတ်ပေးသည်။
"ဒီအရွယ်ရောက်နေပြီ... ဘာလို့ ကလေးလို လုပ်နေသေးတာလဲ...မငိုနဲ့ အဖေအဆင်ပြေနေတယ်မဟုတ်ဘူးလား"
"ကျွန်တော်... ကျွန်တော် အဖေ့ကို အရမ်းစိတ်ပူခဲ့နေတာ"
ချီရှင်းချန် ဆို့နင်နေသည်။
"ကောင်းကောင်းစားရဲ့လား...အိပ်လို့ရောပျော်ရဲ့လား...အထဲကလူတွေက အဖေ့ကို အနိုင်ကျင့်သေးလား...အဖေ့ခန္ဓာကိုယ်မှာ အဆင်မပြေတဲ့ နေရာ ရှိလား"
"ဘာမှမဖြစိဘူး... အကုန်လုံးအဆင်ပြေတယ်"
အဖေချီ၏ မျက်လုံးများ နီရဲလာသည်။ "အဆင်မပြေတာရှိရင်လည်း အဲဒါမင်းတို့ကို မတွေ့ရတာကြာလို့ပဲ...အဖေသားကိုအရမ်းလွမ်းနေတာ"
"ရွှတ် ရွှတ်… သားလည်း အဖေ့ကို လွမ်းတယ်…"
သူမိဘမဲ့ဂေဟာကထွက်လာပြီးကတည်းက ချီရှင်းချန်သိပ်မငိုခဲ့သလိုပင်။အဖေချီက သူ့နောက်ကျောကို ပုတ်ပေးရင်း သူ့နောက်ကလူကို ကြည့်လိုက်သည်။
"မင်းက ပိုင်ရဲ့လား"
"ဟုတ်ကဲ့ပါ ဦးလေး"
"ရှင်းရှင်းနဲ့ အတူတူလိုက်လားပေးလို့ ငါအရမ်းကျေနပ်တယ်...လာ သူ့ကိုတွဲ အိမ်ပြန်ကြရအောင်"
......
အဖေချီက နောက်ပိုင်း အဖြစ်အပျက်ကို ဘာမှမသိခဲ့ပေ။ အိမ်ပြန်ရောက်ပြီးနောက် ချီရှင်းချန် သူ့ကို အတိုချုံးရှင်းပြလိုက်သည်။
သူ့သားကြီးကိုလည်း ခေါ်သွားကြောင်း ကြားသိရသောအခါတွင် ဒေါသတကြီးဖြင့် ချိုင်းထောက်ကို လွှင့်ပစ်ခဲ့သည်။ချီယွီကျီးက ကုမ္ပဏီကို တစ်ယောက်တည်း စီမံခန့်ခွဲနေကြောင်း သူကြားသောအခါ ကျေနပ်သွားသည်။ အမျိုးသမီးတွေက အမျိုးသားတွေထက် နိမ့်ကျတယ်လို့ ဘယ်သူပြောလဲ...
ထိန်းသိမ်းရေး စခန်းမှာ အချိန်အတော်ကြာနေခဲ့ရပြီးနောက် သူ့ခန္ဓာကိုယ် ထိခိုက်မှု မရှိဘူးဟု ပြော၍မရပါချေ။ ထိန်းသိမ်းရေးစခန်းမှာ အေးသောကြောင့် အဖေချီမှာ ချောင်းဆိုးရောဂါပေါ်လာသည်။သားအဖနှစ်ယောက် သူချောင်းဆိုး ပိုဆိုးလာမည်စိုး၍ အချိန်အကြာကြီး စကားမပြောခဲ့ပေ။
သူလွတ်လာပြီးပြီးချင်း ဆေးရုံတက်လျှင် မသင့်တော်သည့်အတွက် ချီရှင်းချန် သူ့အတွက် ဆေးတချို့ရှာပေးပြီး အနားယူရန် သူ့အခန်းကိုပြန်မည်ကို စောင့်နေခဲ့သည်။
သူ့အဖေ အိပ်ပျော်သွားသည်ကိုမြင်ပြီးနောက်မှ ချီရှင်းချန် အောက်ထပ်ကိုဆင်းလာခဲ့ပြီး ဆိုဖာပေါ်မှာပိုင်ရဲ့ကိုတွေ့လိုက်ရသည်။ သူ့ပါးပြင်များ ချက်ချင်း နီမြန်းလာသည်။
"ငိုတဲ့အခါ ကျွန်တော်ဘယ်လောက်ရုပ်ဆိုးနေလဲဆိုတာ ကောမမြင်လိုက်ဘူးမလား"
ပိုင်ရဲ့က လျင်မြန်စွာ ခေါင်းယမ်းလိုက်သည်။
"မမြင်လိုက်ဘူး"
"အဲဒါကောင်းတယ်"
ချီရှင်းချန် သက်ပြင်းအရှည်ကြီးချပြီး ပိုင်ရဲ့အနားမှာ ဝင်ထိုင်လိုက်သည်။၎င်းနောက် ပိုင်ရဲ့၏လက်မောင်းကို ပွေ့ဖက်လိုက်သည်။
"အဖေက ကောကို အရမ်းသဘောကျတယ်လို့ ပြောနေတာ"
ပိုင်ရဲ့က ရယ်ရွှန်းဖတ်ရွှန်းဖြင့် သူ့လက်ဆစ်များကိုချိုးလိုက်သည်။
"အခု ကိုယ်က ကိုယ်ယောက်ဖကို စောင့်နေရုံပဲကျန်တော့တာပေါ့"
ခေတ္တနားပြီးနောက် ပိုင်ရဲ့ကပြောလိုက်သည်။
"ရှင်းရှင်း...ကိုယ် မင်းကို မေးစရာရှိတယ်"
ချီရှင်းချန်: "ဘာလဲ"
"ကိုယ်တို့ စာအုပ်ထဲမှာပဲနေမှာလား ဒါမှမဟုတ် လက်တွေ့ကမ္ဘာကို ပြန်သွားမလား မင်းစဉ်းစားဖူးလား"
ချီရှင်းချန်၏အမူအရာ အေးခဲသွားသည်။
ပိုင်ရဲ့ အဘယ်ကြောင့် ဤမေးခွန်းကို မေးသည်လဲ သူသိ၏။ အဘယ်ကြောင့်ဆိုသော် ပိုင်ရဲ့က ယခင်က ချီမိသားစုအပေါ်ထားသည့် သူ့ခံစားချက်ကို မသိခဲ့သော်လည်း ယခုအခါ သိသွားလောက်သည်။
စာအုပ်ထဲမှာ ဆက်နေမလား သို့မဟုတ် လက်တွေ့ကမ္ဘာကို ပြန်သွားမလား ဆိုသည်ကို သူ စဉ်းစားခဲ့ဖူးသည်။ဟုတ်သည်၊ သူစဉ်းစားဖူးသည်။
"... ရဲ့ကော"
ချီရှင်းချန်က တိုးတိုးလေးပြောသည်။
"ဘယ်မှာနေချင်လဲ"
"ကိုယ်...ကိုယ်က မင်းနောက်လိုက်ခဲ့မယ်"
ချီရှင်းချန်က မျက်လွှာချလိုက်သည်။ "ဒါဆို အိမ်မှာ အလုပ်တွေပြီးရင် ဒီအကြောင်းပြောရအောင် အဆင်ပြေလား"
"ကောင်းပြီ"
ပိုင်ရဲ့က ပြုံးလိုက်သည်။
"ကိုယ် မင်းစကား နားထောင်မယ်"
"ဒွီ… ဒွီ…"
နှစ်ယောက်သား တီးတိုးပြောနေကြစဉ် ချီရှင်းချန်၏ ဖုန်းက ရုတ်တရက် မြည်လာသည်။ ခေါ်ဆိုသူ ID က ရှုချန်လင်းဖြစ်ကြောင်းပြသခဲ့သည်။ချီရှင်းချန် ပိုင်ရဲ့ဆီမှထကာ ဖုန်းကို ချက်ချင်းပြန်ဖြေသည်။
"ဟဲလို ဦလေးရှု"
"ရှောင်ချီ...ထောင်ထောင်က မီးရှို့ဖို့ တစ်စုံတစ်ယောက်ကို ငှားခဲ့တဲ့ အထောက်အထားကို ငါတွေ့ခဲ့တယ်"