အပိုင်း ၁၆၉
Viewers 29k

Chapter 169





"ရှောင်ချီ ထောင်ထောင်က လူသတ် မီးရှို့မှုလုပ်ဖို့ တစ်ယောက်ယောက်ကို ငှားတဲ့ အထောက်အထားကို ငါတွေ့ခဲ့တယ်"


ချီရှင်းချန် ဤစကားကိုကြားသောအခါ ခဏတာ အံ့အားသင့်သွားသည်။ ထို့နောက် ဆိုဖာပေါ်မှ ခုန်ဆင်းလိုက်သည်။


ထောင်ထောင်က ထျန်ချန်းစျေးဝယ်စင်တာကို မီးရှို့သည်ပဲဖြစ်စေ၊ ထောင်ထောင်က ဒါရိုက်တာလီကို ပိုက်ဆံနှင့် ထွက်ပြေးရန် သွေးထိုးလှုံ့ဆော်ခဲ့သည်ပဲဖြစ်စေ သို့မဟုတ် စာရင်းအတုလုပ်ပြီး ငွေလက်ခံဖြတ်ပိုင်းတွေကို အတုလုပ်ရန် လက်ထောက်ဘဏ္ဍာရေးမှူးကို လာဘ်ထိုးသည်ပဲဖြစ်စေ၊မည်သည့်အချက်အလက်ကမဆို ထောင်ထောင်၏ ရာဇ၀တ်မှုကို လုံးလုံးလျားလျား တားဆီးနိုင်သည်။


မီးရှို့မှု စွဲချက်သာ အတည်ပြုပြီးပါက ထောင်ထောင်ကို ထောင်ထဲသို့ ကျိန်းသေ ပို့နိုင်သည်။


ရှုချန်လင်းက သဲလွန်စတစ်ခုကို အမြန်ရှာတွေ့ခဲ့သည်မှာ မယုံနိုင်စရာပင်။ချီရှင်းချန် ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ပြီး စပီကာကိုဖွင့်ကာ ပိုင်ရဲ့နှင့်အတူ နားထောင်သည်။


"ငါ့သူငယ်ချင်း အင်ဂျင်နီယာရဲ့ နာမည်က လီ...လီကုန်းကို ထောင်ထောင်နဲ့ မိတ်ဆက်ပေးပြီးတဲ့နောက် လီကုန်းက ထျန်ချန်းရဲ့ ဆောက်လုပ်ရေးအစီအစဉ်ကိုရေးဆွဲဖို့ အချိန်အများကြီး ကြိုးစားအားထုတ်ခဲ့တယ်...ဒါပေမဲ့ထျန်ချန်းကို အစောပိုင်းမှာ တည်ဆောက်ခဲ့တော့ ပတ်လမ်းဒီဇိုင်းက ရှုပ်ထွေးတယ်... ပရော်ဖက်ရှင်နယ်မဟုတ်သူတွေက ဝိုင်ယာကြိုးတွေကို ဘယ်လိုလည်ပတ်ရမယ်ကို နားမလည်နိုင်ဘူး...ဒါ့ကြောင့် လီကုန်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြီးကြပ်နေရင်း သူသိတဲ့ လျှပ်စစ်ပညာရှင်ကို ထောင်ထောင်နဲ့ မိတ်ဆက်ပေးခဲ့တယ်"


"အဲဒီတုန်းက ပရောဂျက်က အလုပ်ရှုပ်နေတယ်... မိတ်ဆက်အပြီးမှာ လိီကုန်းကို ဘာဖြစ်တာလဲလို့ ငါမမေးခဲ့မိဘူး... သိပ်မကြာခင်မှာပဲ ကျေးလက်က လျှပ်စစ်ပညာရှင်က မြို့ထဲမှာ အိမ်တစ်လုံး ရုတ်တရက် ဝယ်လိုက်တယ်... ဗီဒီယိုအတိုလေးကိုလည်း တင်ထားသေးတယ်...လီကုန်း အဲဒါကိုကြည့်ပြီးနောက် နည်းနည်း ထူးဆန်းသလို ခံစားခဲ့ရပေမဲ့ သူ သိပ်ပြီး မစဉ်းစားခဲ့ဘူး... တစ်သက်တာလုံး ကြိုးစားအားထုတ်မှုရဲ့ ရလဒ်လို့ သူထင်ခဲ့တယ်"


ချီရှင်းချန် နှင့် ပိုင်ရဲ့ တစ်ယောက်ကို တစ်ယောက် ကြည့လိုက်ကြသည်။


အိမ်ဝယ်ဖို့ တစ်သက်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရတယ်ပေါ့...ဒါက လူတစ်ဦးရဲ့ ကံကြမ္မာကို မိမိလက်နဲ့ ပြောင်းလဲခြင်းအတွက် လှုံ့ဆော်ပေးတဲ့ ဇာတ်လမ်းလည်းမဟုတ်ဘးး...


ဤသည်မှာ သောက်ကျိုးနည်း ရာဇ၀တ်မှုဇာတ်လမ်းဖြစ်သည်။


ရှုချန်လင်း လီကုန်းကို သတင်းပေါက်မှာစိုး၍ စုံစမ်းမေးမြန်းရသည့် ရည်ရွယ်ချက်ကို မပြောပေမဲ့ လျှပ်စစ်ပညာရှင်၏ပို့စ်စခရင်ရှော့ကို တောင်းခဲ့သည်။ချီရှင်းချန်ကပြောလိုက်၏။ "ဦးလေး...ကျွန်တော်တို့ဆီပို့ပေးပါ"


ရှုချန်လင်းက ချက်ချင်းပို့လိုက်သည်။ချိရှင်းချန်က တစ်ချက်ကြည့်လိုက်သည်။ကောင်းပြီ၊ သူသတိမထားမိခဲ့သောကြောင့်ဖြစ်နိုင်သည်၊ လျှပ်စစ်ပညာရှင်၏သူငယ်ချင်းအသိုင်းအဝိုင်းထဲတွင် သူ၏ကိုယ်ပိုင်အချက်အလက်များရှိရုံသာမက သူနာမည်ကနျေးတဝေဖြစ်သည်နှင့် ဖူချမ်းကလာသည်ကိုသိခဲ့ရသည်။သူတို့ သူအိမ်၏တည်နေရာကိုပင် သိခဲ့ရသည်။


၎င်းသည် H City ရှိ အသစ်တည်ဆောက်ထားသော လူနေရပ်ကွက်တစ်ခုတွင်ဖြစ်သည်။


သံဖိနပ်ကိုစီး၍သွားလျှင်ပင် ထိုနေရာကိုရောက်ရန် ဘာအားစိုက်ထုတ်မှုမှမလိုခဲ့ပေ။


စခရင်ရှော့များကို ကြည့်ပြီးနောက် ပိုင်ရဲ့၏ မျက်နှာက ရှားရှားပါးပါး စိတ်လှုပ်ရှားမှုကို ပြသခဲ့သည်။ 

"ဆယ်ပုံ ကိုးပုံက နျေးတဝေ မီးရှို့ခဲ့တာဖြစ်နိုင်ပေမဲ့ ထောင်ထောင်ကို လက်မလွှတ်ဝံ့မှာ သေချာတယ်...ထောင်ထောင်ကို လက်လွှတ်လိုက်တာက သူကမီးရှို့သူပါလို့ဝန်ခံလိုက်တာနဲ့အတူတူဖြစ်ပြီး သူသေဒဏ်အကျခံရလိမ့်မယ်"


"ဟုတ်တယ်...ကျွန်တော်တို့ ရဲကို ဖုန်းဆက်လို့ မရဘူး... တိုက်ရိုက် သက်သေ မရှိဘူး"


ချီရှင်းချန်က ခဏလောက် စဉ်းစားလိုက်သည်။

"ကျွန်တော်တို့ သူ့ကို ဝန်ခံခိုင်းချင်ရင် ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေကို သုံးရမှာ"


သူဘာကိုသုံးနိုင်သလဲ...

ချီရှင်းချန် ရေရွတ်လိုက်သည်။

"ကျွန်တော့်တို့ သူ့မိန်းမနဲ့ ကလေးတွေကို ပြန်ပေးဆွဲ ကြိုးနဲ့တုပ်ပြီး အတင်းအကြပ်ဝန်ခံခိုင်းလို့မရဘူး...ဒါသူ့မိသားစုရဲ့ အပြစ်မဟုတ်ဘူး..."


"ကြိုးတုပ်" ဆိုသည့် စကားလုံးကိုကြားသောအခါ ပိုင်ရဲ့ ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။ သူက လှည့်ကြည့်လိုက်ပြီး ချီရှင်းချန်၏ မေးစေ့လေးကို ဆွဲလိုက်သည်။ 


"ကိုယ်နဲ့တစ်ခုခုဝယ်ဖို့ လိုက်ခဲ့... မနက်ဖြန် မကောင်းတာတစ်ခုခုလုပ်ဖို့ မင်းကို ခေါ်သွားပေးမယ်"


......


အရင်တုန်းက ပိုင်ရဲ့က "မကောင်းတာတစ်ခုခုလုပ်"ဟုပြောလျှင် ချီရှင်းချန် သေချာပေါက် အတွေးမှားမှာဖြစ်၏။သို့ပေမဲ့ ယခုအခြေအနေက ထူးခြားသည်။ခုနက သူမေးစေ့ကိုဆွဲလိုက်သည့် ပိုင်ရဲ့၏ ရိသဲ့သဲ့လုပ်ရပ်ကြောင့် သူ အံ့အားသင့်သွားခါစဖြစ်၍ မသိလိုက်ပါဘဲ ပိုင်ရဲ့နောက်ကနေ ကြိုးတွေ၊ အနက်ရောင်အဝတ်အစားတွေ၊ ဦးထုပ်တွေ၊ ဖိနပ်တွေနှင့် တခြားပစ္စည်းတွေဝယ်ရန် ကုန်တိုက်ကို လိုက်သွားခဲ့သည်။


ညနေပိုင်းတွင် ချီရှင်းချန် သူ့အစီအစဉ်အတွက် စိတ်ပူနေခဲ့သည်။သူမနေနိုင်ဘဲ မေးလိုက်၏။


"ကောရဲ့အစီအစဥ်ကို ပြောပြပါလား" 


ပိုင်ရဲ့: "နိုး"


ချီရှင်းချန် : "ပြောပြပါနော် နော်"


ပိုင်ရဲ့က ရှက်ဟန်ဆောင်သည်။

"ဒါဆို ခေါက်ဆွဲနှစ်ပန်းကန်သွားယူချေ... အဲဒါကို ကိုယ်နဲ့အတူတူစားပြီးရင် ပြောပြမယ်"


ချီရှင်းချန်က သူ့မိသားစုအရေးကို စိုးရိမ်နေသဖြင့် အခုတလော သူ တစ်နေ့ကို ထမင်းတစ်နပ်ပင် မှန်အောင် မစားခဲ့ပေ။ တစ်ခါတစ်ရံ စားဖိုမှူးက ချက်ပြုတ်ပြီး သူ့အခန်းကို ပို့လိုက်သည့်အခါ စားချင်စိတ်မရှိသည့်အတွက် အလုတ်အနည်းငယ် စားပြီးဘေးဖယ်ထားပးတတ်သည်။


သို့သော် လူတစ်ယောက်က အစာမစားဘဲ မည်သို့ရပ်တည်နိုင်မည်နည်း။ပိုင်ရဲ့အနေဖြင့်အခါအားလျော်စွာ ပုံမှန်မဟုတ်သော အစီအမံများကိုသာ အားကိုးနိုင်သည်။


သိချင်စိတ်ကြောင့် ချီရှင်းချန် ခေါက်ဆွဲချက်ပြုတ်ရန် မီးဖိုချောင်သို့ ပြေးသွားခဲ့သည်။ ခေါက်ဆွဲကို ကုန်အောင် ချော့စားခိုင်းပြီးနောက် ပိုင်ရဲ့က နောက်ဆုံးတွင် ကျေနပ်စွာ ပြောပြလိုက်သည်။


ထိုစကားကိုကြားသောအခါ ချီရှင်းချန်အံ့အားသင့်သွားသည်။ 

"ဒါက တကယ်အလုပ်ဖြစ်ပါ့မလား"


"ဘာပဲဖြစ်ဖြစ် ရန်သူကို တပ်လှန့်သလိုဖြစ်မှာ မဟုတ်ဘူး...စမ်းကြည့်ရအောင်...အဆင်မပြေရင် ကိုယ်တို့ပြောင်းကြမယ်လေ"


ဟုတ်တယ် ...အမှန်ပဲ...


"စကားမစပ် ကိုယ်တို့မှာ လူအင်အား မလုံလောက်ဘူး" 

ပိုင်ရဲ့က ပြောသည်။ 

"မနက်ဖြန် ကိုယ် အားလွင်ကို ခေါ်သွားမယ်... မင်းရဲ့ညီကိုလည်း ခေါ်လို့ရတယ်"


ချီရှင်းချန် သူပြောသည့်အတိုင်း လုပ်ခဲ့သည်။


......

သူ့အဖေအိမ်ပြန်ရောက်လာသည်ကိုမြင်သောအခါ ချီယွီကျီးတစ်ယောက် ညကြီးမင်းကြီး ချီရှင်းချန်ထက် ဆယ်ဆပိုပြီး သနားစရာကောင်းလောက်အောင် ငိုကြွေးခဲ့သည်။ သူမ၏ ငိုကြွေးသံများက အိမ်ကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ချီရှင်းချန် သူတို့အတွက် ခေါက်ဆွဲနှစ်ပန်းကန် ပြုတ်ပေးပြီး ပိုင်ရဲ့ကို သူ့အခန်းထဲ အမြန်ပြန်ခေါ်သွားခဲ့ရသည်။


အဖေချီက သူ့သားက သူ့ရည်းစားကို အိမ်ပြန်ခေါ်လာပြီး ရည်းစားနှင့် တစ်ခန်းတည်းနေသည်ကို ကျေနပ်နေခဲ့သည်။ပိုင်မိသားစု၏သားကို အနိုင်ကျင့်ရန် သူ့သားက အခွင့်ကောင်းယူလိမ့်မည်ဟု အမြဲခံစားရသော်လည်း ချီယွီကျီး ပြဿနာရှာသောကြောင့် အားလုံးကို မေ့သွားခဲ့သည်။


ချီရှင်းချန် ပိုင်ရဲ့ နှင့် နောက်ထပ်တစ်ညအတူနေခဲ့သည်။


ရှုချန်လင်းမှာ သတင်းကောင်းရှိရုံသာမက အမေပိုင်မှာလည်း သတင်းကောင်းတစ်ခု ရှိနေသည်။ နံနက် ၈း၃၀ အချိန်တွင် ပုဂ္ဂလိကစုံထောက်က လျှို့ဝှက်ဆန်းကြယ်သောသူ ငွေထုတ်ယူသည့် ဘဏ်ကို တွေ့ရှိခဲ့သည်။အမေပိုင်၏ အဆက်အသွယ်များမှတစ်ဆင့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသား၏ သက်သေခံကတ်ပြား အချက်အလက်ကို ရရှိခဲ့သည်။


သူ့ဇာတိကH City ကဖြစ်ပြီး ထောင်ထောင်၏ လက်အောက်ခံဖြစ်နိုင်ချေများ၏။ ထို့နောက် အဆိုပါလူကို ရှာပြီး ငွေစာရင်းအတုပြုလုပ်ရန် ယခင်လက်ထောက်ဘဏ္ဍာရေးမှူးဟောင်းကို လာဘ်ထိုးခဲ့ကြောင်း အထောက်အထားများ ရှာဖွေနိုင်သရွေ့ အခွန်တိမ်းရှောင်မှု သံသယကို ရှင်းနိုင်မည်ဖြစ်သည်။


ထိုလူကို ရှာဖွေရန် တာဝန်မှာ သဘာဝအတိုင်း လျှို့ဝှက်စုံထောက်အပေါ်တွင် ကျန်ရစ်ခဲ့သည်။


စုံထောက်ကို အကျဉ်းချုံးပြောပြပြီးနောက် သူတို့နှစ်ဦး အဖေချီအား ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးရန်အတွက် ဆေးရုံသို့ လိုက်ပို့သွားခဲ့သည်။ ရလဒ်တွေက ကျေနပ်စရာဖြစ်၏။အဖေချီ ချောင်းဆိုးသည်က အအေးမိသွားသည့်အတွက်ကြောင့်ဟု ဆရာဝန်က ပြောသည်။ တရုတ်ဆေးဘူးအနည်းငယ်ကို ညွှန်ကြားပြီး ခဏလောက် အနားယူပြီးနောက် မကြာမီ ပြန်လည်သက်သာလာလိမ့်မည်ဟု ဆိုခဲ့သည်။


သူ့မိသားစု၏ ကျန်းမာရေးက တခြားအရာတွေထက် ပိုအရေးကြီးသည်။ ကြီးကြီးမားမားပြဿနာမရှိဟုကြားလိုက်ရသဖြင့် ချီရှင်းချန်၏စိုးရိမ်သောကရောက်နေသောနှလုံးသား နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။


အဖေချီကို အိမ်ပြန်ပို့ပြီးနောက် သူတို့နှစ်ဦး ရဲ့ရှင်းမီဒီယာ၏ ယာယီနေထိုင်ရာဖြစ်သည့် အိမ်ငယ်လေးဆီသို့ တိုက်ရိုက်သွားခဲ့ကြသည်။


တံခါးဖွင့်လိုက်သောအခါ အခန်းထဲက မီးခိုးငွေ့တွေကြောင့် သီးလုနီးပါး ဖြစ်သွား၏။


"အဟွတ်...ခင်ဗျားတို့ အိမ်ကို မီးရှို့နေတာမဟုတ်ပါဘူးနော်"


"တောင်းပန်ပါတယ် ပရိုဂျူဆာချီ" ဇာတ်ညွှန်းရေးဆရာက အမြန်ထလိုက်သည်။ 

"တလော့နဲ့ ငါက ဆေးလိပ်သမားတွေ... မနေ့ညက တစ်ညလုံး ဆေးလိပ်သောက်ပြီး ဒီမနက် အခန်းလေဝင်လေထွက်ကောင်းအောင်လုပ်ဖို့ မေ့သွားတယ်...ပြတင်းပေါက်အခုဖွင့်လိုက်မယ်"


တစ်ညလုံး ဆေးလိပ်သောက်တယ်...


"ရပါတယ်"

ပြတင်းပေါက်က ပိုင်ရဲ့၏နောက်မှာရှိနေသည်။ချီရှင်းချန် ပိုင်ရဲ့၏ ကျောကို ပုတ်ပြီး ဘေးသို့ ရွှေ့ရန် လက်ဟန်ပြလိုင့သည်။ ပြတင်းပေါက်ကိုဖွင့်ရင်း သူမေးလိုက်သည်။

"မနေ့ညက မအိပ်ဘူးလား"


"အချိန်က အရမ်းကြပ်တယ်...မိန်းကလေးအန်းက တစ်ညလုံး ငါတို့ကို အဖော်ပြုပြီး နေရာသုံးနေရာအတွက် ရိုက်ကူးရေး လျှောက်လွှာတွေ ပို့ခဲ့တယ်...ကံကောင်းစွာနဲ့ပဲ ရိုက်ကူးနိုင်ရင် ဘယ်မှာ ရိုက်ကူးမယ်ဆိုတာကို ငါတို့ စိတ်ကူးထားပြီးသားဖြစ်နေလို့..." ဒါရိုက်တာက သက်ပြင်းချလိုက်သည်။


 "အစကဖြစ်ချင်တာတွေကို စိတ်ကူးယဥ်ခဲ့တာက အခု အချိန်ကုန်သက်သာတဲ့ ကိရိယာတစ်ခု ဖြစ်လာပြီ"


"မင်း မှားနေပြီ...ဒါက စိတ်ကူးယဥ်တာမဟုတ်ဘူး... အချိန်တိုင်း ပြင်ဆင်နေတာလို့ ခေါ်တယ်"


ချီရှင်းချန် ပြတင်းပေါက်ကိုဖွင့်ပြီးနောက် ပြန်လာခဲ့သည်။ပိုင်ရဲ့က လေတိုက်၍ ရှုပ်ပွနေသည့် သူ့ဆံပင်တွေကို သပ်ပေးသည်။


သူတို့ အမှုမဲ့အမှတ်မဲ့ဖော်ပြလိုက်မိသော သူတို့နှစ်ယောက်ကြားက ရင်းနှီးကျွမ်းဝင်မှုကို မြင်လိုက်ရသည့် ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာ:"..."


တစ်ညလုံး မအိပ်ဘဲ အလုပ်လုပ်ခဲ့ရပြီး မနက်ခင်းကျဆော့ ခွေးစာစားရပြန်တယ်... သူတို့ အရမ်းစိတ်ပျက်ပြီး ဒေါသဖြစ်ရပါတယ်... ဝုတ် ဝုတ် ဝုတ်...


တကယ်တမ်းတွင် ဤရုပ်ရှင်က သူ့ကုမ္ပဏီက ထုတ်လုပ်သည့် ပထမဆုံးဇာတ်ကားဖြစ်၏။ချီရှင်းချန် သူ့ဝန်ထမ်းတွေ အလုပ်နေသည်ကို ကြည့်ပြီး မနေနိုင်တော့ဘဲ ချက်ချင်းထိုင်ပြီး သူတို့နှင့်လေ့လာခဲ့သည်။အရေအတွက်အားဖြင့် အားကောင်းခဲ့သည်။ တစ်ရက်အကြာတွင် ပိုင်ရဲ့၏အကူအညီဖြင့် သရုပ် ဆောင်များနှင့် ဇာတ်ပို့ကဏ္ဍအများစုကို အပြီးသတ်နိုင်ခဲ့သည်။


ထို့အပြင်၎င်းသည်အလွန်စျေးသက်သာခဲ့သည်။ချီရှင်းချန်နှင့် ပိုင်ရ ကြောင့် လူတော်တော်များများ ရောက်လာကြ၏။


မမျှော်လင့်ဘဲ လျိုကျီယုက ရုပ်ရှင်တွင် အခမဲ့ပါဝင်ရန် ဆန္ဒရှိခဲ့သည်။ ယင်းက ဇာတ်ပို့မင်းသမီး၏ ပြဿနာကို တိုက်ရိုက်ဖြေရှင်းပေးသည်။ ဇာတ်ကားတွင် အမျိုးသမီးဇာတ်လိုက်မပါပေ။


သူတို့ ညပိုင်းအထိ အလုပ်ရှုပ်နေကြသည်။ပိုင်ရဲ့က ချီရှင်းချန်ကို တစ်ချက်ကြည့်လိုက်၏။ချီရှင်းချန်က ချက်ချင်းနားလည်သဘောပေါက်ပြီး ရေချိုးခန်းထဲသွားကာ အနက်ရောင်အဝတ်အစားအပြည့်လဲလိုက်သည်။


ဇာတ်ညွှန်းရေးဆရာက သံသယဖြစ်သွား၏။

"ပရိုဂျူဆာချီ...မင်း ဘဏ်သွားဓားပြတိုက်မလို့လား"


သန်း ၈၀၀ ရင်းနှီးမြုပ်နှံမှုရခဲ့တယ်မဟုတ်ဘူးလား... ငါတို့ ဒီလောက် အပင်ပန်းခံစရာ မလိုပါဘူး...


"မဟုတ်ဘူး"


ချီရှင်းချန်က ကိုးရိုးကားယားပြောလိုက်သည်

"ကျွန်တော်တို့... ဈေးဝယ်ထွက်ချင်နေတာ... ကျွန်တော်တို့ကိုမြင်သွားမှာ ကြောက်လို့ တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားရတာ"


"အိုး"

ဇာတ်ညွှန်းရေးဆရာက နားလည်ပြီး ခေါင်းညိတ်ပြသည်။


ဇာတ်ညွှန်းရေးဆရာက ထပ်မတုံ့ပြန်နိုင်မီ ချီရှင်းချန်က ပိုင်ရဲ့ကို ကားဆီသို့ အမြန်ဆွဲခေါ်လာခဲ့သည်။


........


တနေကုန် နေသာပေမဲ့ ညက မှောင်နေသည်။ တိမ်ထူတို့က လငယ်ကို ဖုံးလွှမ်းသွားပြီး မှောင်မိုက်နေသော တိမ်တိုက်များကြားတွင် ကြယ်အနည်းငယ် သနားစရာကောင်းလောက်အောင် နစ်မွန်းနေလျက် တစ်ဝက်တစ်ပျက် မှိတ်တုတ်မှိတ်တုတ်လင်းနေသည်။


H City ရှိ အသစ်တည်ဆောက်ထားသော ရက်ကွက်တစ်ခု၏ အပြင်ဘက်တွင် အနက်ရောင်အင်္ကျီ၊ ဘောင်းဘီအနက်၊ ဦးထုပ်အနက်နှင့် ဖိနပ်အနက်ရောင်ဝတ်ထားသည့် လူလေးဦးသည် နံရံနောက်ကွယ်တွင် ပုန်းကွယ်နေပြီး အမှောင်ထုထဲသို့ ရောထွေးနေသည်။ သေသေချာချာ မကြည့်ဘူးဆိုလျှင် ထူးထူးခြားခြား ဘာမှ မြင်ရမှာမဟုတ်ပေ။


သူတို့ထဲက တစ်ယောက်က တိုးတိုးတိတ်တိတ်ဆိုသည်။

"ဘော့စ် ...ကျွန်တော်တို့ ခေါင်းကြီးပိုင်းတွေမှာ ပါလာမှာတော့ မဟုတ်ပါဘူးနော်"


"ဘော့စ်"က မဖြေခင်မှာ သူ့ဘေးနားက ခပ်ပွပွဝတ်ထားသည့်ကောင်လေးကဆိုသည်။

"လွင်ကော...သတ္တိလေးပိုရှိလို့မရဘူးလား... ဒီလို့စိတ်လှုပ်ရှားစရာကောင်းတဲ့ တစ်ခုခုကို လုပ်နိုင်ရင် အရင်တစ်ခေါက်ကလို ခေါင်းကြီးပိုင်းမှာပါမှာ မဟုတ်ပါဘူး"


"မင်း ကောင်စုတ်လေး... မင်းက ဂရုမစိုက်ပေမဲ့ ငါတို့က အများသိ ပုဂ္ဂိုလ်တွေ ... ဟေး ကျားကျစ်မင်းရဲ့ ဖုန်းက ဘာလို့ လင်းနေသေးတာလဲ"


"ကျွန်တော် ထောင်ရွှမ်နဲ့ တည်နေရာမျှဝေနေတာ... စိတ်ဝင်စားစရာ တစ်ခုခုလုပ်တော့မယ်လို့ နေ့ခင်းဘက်တုန်းက သူ့ကို ပြောထားတာ... သူက ကျွန်တော့်ကို စိတ်ပူပြီး အိပ်မပျော်မှားစိုးလို့ သူ့ဆီ တိုက်ရိုက်တည်နေရာ မျှဝေထားလိုက်တယ်"


"ရှူး အသံမထွက်နဲ့" 

ပိုင်ရဲ့က သူတို့နှစ်ယောက်ကို တားလိုက်သည်။ 

"သူ ရောက်နေပြီ"


၎င်းကိုကြားသောအခါ နှစ်ယောက်သား စကားများ နေကြသည်က ချက်ချင်းရပ်သွား၏။ချီရှင်းချန် ပိုင်ရဲ့၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။


ဘယ်ဘက်လက်မှာ ထမင်းဘူးနှင့် ညာဘက်လက်က ဘီယာဘူးကိုင်ထားသည့် လျှပ်စစ်ပညာရှင် နျေးတဝေဖြစ်၏။


မှောင်လွန်းသောကြောင့် နျေးတဝေက ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ပစ်မှတ်ပေါ်လာသည်ကိုမြင်သောအခါ သူတို့လေးယောက်က အစမ်းလေ့ကျင့်ထားသည့်အတိုင်း နောက် လိုက်ကာ နျေးတဝေကို လေးဘက်လေးတန်ကနေ ချဉ်းကပ်ကြသည်...


ထို့နောက် ပိုင်ရဲ့က အလျင်အမြန်ပြေးသွားကာ နျေးတဝေ၏ ပါးစပ်ကို သူ့လက်နှင့် အုပ်ထားလိုက်သည်။ချီရှင်းချန်၊အားလွင်နှင့် ချီကျားကျစ်တို့က သူ့ခါးနှင့် ခြေထောက်များကို အသီးသီး ဖက်ထားလိုက်ကြပြီး အချိန်အနည်းငယ်အတွင်းမှာပင် သူတို့က သူ့ကို လမ်းဘေးတွင် ရပ်ထားသော ကားပေါ်သို့ ခေါ်သွားကြသည်။


ရုတ်တရက်ကြီးဖြစ်သဖြင့် ကားပေါ်စတက်ချိန်အထိ ပြန်ပေးဆွဲခံရသည်မှန်း နျေးတဝေတစ်ယောက် မသိလိုက်ဘဲ ကားစက်နှိုးကာ မျက်လုံးများ အစည်းခံလိုက်ရကာမှ သူသိသည်။


"အား အား " 


အကူညီတေ

ာင်းရန် ပါးစပ်ကိုဖွင့်လိုက်သော်လည်း အော်နေစဥ်တွင်ပင် ပါးစပ်ထဲသို့ ချဥ်စော်နံနေသော အလုံးတစ်ခု ဝင်လာသည်။ ထို့နောက် သူ၏လက်များ ကြိုးဖြင့် တင်းတင်းကြပ်ကြပ် ချည်နှောင်ခြင်းခံလိုက်ရသည်။