Chapter 170
တစ်ဖက်လူက ဘယ်သူလဲ...သူ့ကိုဘာကြောင့်ဖမ်းတာလဲ...မနေ့ညက သူ့ကို မာကျောက် ရှုံးခဲ့တဲ့ လောင်ဝူက လက်စားချေဖို့ စောင့်နေတာ ဖြစ်နိုင်မလား... ဒါပေမဲ့ ယွမ်နည်းနည်းလောက် ဆုံးရှုံးဖို့တောင် မတတ်နိုင်တာမို့ တစ်စုံတစ်ယောက်ကို ဘယ်လိုလုပ်ငှားရမ်းနိုင်မှာလဲ...
ဒါမှမဟုတ် မကြာသေးခင်ကမှ သူ ချမ်းသာလာတာကို တခြားတစ်ယောက်က သိသွားပြီးသူ့ကိုလှည့်စားချင်တာလား...
ဘယ်လိုမှ မပေးနိုင်ဘူး... သူ့ဘဝတစ်သက်တာလုံး ကောင်းကောင်းနေနိုင်ဖို့ ဒီငွေလိုနေသေးတယ်...
နျေးတဝေ အထိတ်တလန့်ဖြစ်ကာ မရေမတွက်နိုင်သော အတွေးများက သူ့စိတ်ထဲတွင် ပေါ်လာသည်။ သူ တစ်ဖက်လူကို အသံဖြင့် ဖော်ထုတ်ချင်သော်လည်း တစ်ဖက်လူက သူ့ကို ကန့်လန့်တိုက်နေပုံရပြီး စကားတစ်ခွန်းမှ မပြောပေ။
ကားထဲတွင် တိတ်ဆိတ်ငြိမ်သက်မှုသာရှိသည်။တစ်ခုတည်းသောအသံကလည်း သူ၏ ညည်းသံနှင့် လေးလံသော အသက်ရှုသံများဖြစ်သည်။
အချိန်အတန်ကြာပြီးနောက် အထီးကျန်မှုကို ခံနိုင်ရည်မရှိတော့ဘဲ နောက်ဆုံးတွင် တိတ်ဆိတ်မှုကို အသံတစ်ခုက ဖြိုခွင်းလိုက်သည်။
"အစ်ကိုကြီး ငါတို့ရောက်ဖို့ ဘယ်လောက်ကြာဦးမှာလဲ"
"ပါးစပ်ပိတ်"
အစ်ကိုကြီးဟုခေါ်သောလူက အော်ဟစ်လိုက်သည်။
"ဓားစာခံက မင်းအသံကို မကြားစေနဲ့လို့ ငါပြောခဲ့တယ် မဟုတ်ဘူးလား"
"အိုက်ရား...သူက မကြာခင် ယမမင်းနဲ့တွေ့တော့မှာလေ... ကြားတော့ရော ဘာဖြစ်လဲ"
နျေးတဝေ:"..."
ဘာရယ်...ယမမင်း...
ဖြစ်နိုင်တာက ဒီလူတွေက ပိုက်ဆံအတွက် မဟုတ်ဘဲ သူ့ကိုသတ်ဖို့ လာတာ ဖြစ်နိုင်မလား...
နျေးတဝေ ပို၍ပင် ထိတ်လန့်သွားပြီး သူ့ခြေထောက်တွေ အထိန်းအကွပ်မရှိ တုန်လာသည်။ သို့သော် "အစ်ကိုကြီး" သည် လက်အောက်ငယ်သားများနှင့် စကားပြောချင်ပုံမပေါ်ဘဲ အဖြေမပေးခဲ့ပေ။
ခဏကြာသောအခါ လက်အောက်ငယ်သားက အသံနှိမ့်၍ထပ်မေးပြန်သည်။
"အစ်ကိုကြီး...သခင်မက ဘာကြောင့် သူ့ကို အကြောင်းပြချက်မရှိဘဲ သတ်ချင်ရတာလဲ...ဒီလူက သခင်မအတွက် ကိစ္စအကြီးကြီးလုပ်ဖို့ ကူညီပေးခဲ့တာမဟုတ်ဘူးလား"
သခင်မ... ဘယ်သူလဲ...
"သူက သခင်မအတွက် ကိစ္စအကြီးကြီးလုပ်ဖို့ ကူညီပေးခဲ့လို့ပဲ သခင်မက သူ့ပါးစပ်ကိုချိတ်ပိတ်ချင်နေတာ... သေတဲ့လူက စကားမပြောနိုင်ဘူးလေ"
နျေးတဝေ:"..."
'သွားပြီ...ငါထင်တာအမှန်ပဲ... သူတို့က ငါ့ကို တကယ်သတ်ချင်နေတာ'
လက်အောက်ငယ်သားက စုပ်သတ်လိုက်သည်။
"ကျစ်...သခင်မလေးက လှတယ် ဒါပေမဲ့ သူ့နည်းလမ်းတွေက ရက်စက်တယ်"
အစ်ကိုကြီးက သူ့ကိုငေါက်လိုက်ပြီး တိတ်တိတ်နေရန်ပြောသည်။
'လှပပြီး ရက်စက်တယ်'
နျေးတဝေ ယခင်က ပတ်လမ်းကို ဖျက်ဆီးရန် ပိုက်ဆံပေးခဲ့သည့် အမျိုးသမီးကို ချက်ချင်း တွေးမိသည်။
ထိုအချိန်က သူ သွေးဆောင်ဖြားယောင်းမှုဒဏ်ကို မခံနိုင်ခဲ့ပေ။ ထိုငွေသည် သူဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ရှစ်ဘဝတိုင်တိုင် အလုပ်လုပ်လျှင်ပင် မရနိုင်သည့် ငွေဖြစ်သည်။ထို့ကြောင့် သူ
မီးခိုးအချက်ပေးစက်၏ပတ်လမ်းကို ပြောင်းလဲလိုက်ပြီး ဝိုင်ယာကြိုးများကို မတော်တဆ သက်တမ်းကုန်သွားစေကာ ရှော့ဖြစ်သွားစေခဲ့သည်....
တုန်လှုပ်ချောက်ချားဖွယ်ရာ အသေအပျောက် အရေအတွက်ကို မြင်လိုက်ရသောအခါတွင် သူ မည်မျှ အမှားကြီးမှားခဲ့သည်ကို သတိပြုမိခဲ့သည်။ ညဘက်ဆို အိပ်မပျော်နိုင်ဘဲ စိုးရိမ်စိတ်တွေ အဆက်မပြတ် ခံစားနေရသည်။အခုတလောမှ သူပိုကောင်းလာခြင်းဖြစ်သည်။
အမျိုးသမီးက သူ့ကို ပိုက်ဆံပေးသည့်အခါ "ကောင်းကောင်းလုပ်ခဲ့တာပဲ" ဆိုပြီး ပေါ့ပေါ့ပါးပါးပဲ ပြောခဲ့သည်။
သူမမှာ အပြစ်ရှိသည်ဟု လုံးဝခံစားရပုံမပေါ်ပေ။
သို့သော် ဤသည်က ယခုသူ့ကို သတ်ချင်နေသော မိန်းမက သူမဖြစ်ကြောင်း နျေးတဝေကို ပို၍ပင် သေချာစေသည်။
သူမက မျက်တောင်တစ်ချက်မခတ်ဘဲ လူများစွာကို မီးရှိူ့နိုင်သည်။ သူ့ကိုသတ်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်သည်က ပိုလွယ်မှာမဟုတ်ပါလော။
"ဝူး ဝူ-"
နျေးတဝေ ချမ်းသာပေးရန်တောင်းပန်ချင်ပေမဲ့ သူ့ပါးစပ်ထဲက အနံ့ဆိုးသည့်ပစ္စည်းက သူ့ကို ညည်းတွားပြီး ငိုနေစေခဲ့သည်။ သူ ကားထိုင်ခုံကို တံတောင်ဖြင့်တွက်ကာ ခြေထောက်များကို ဆက်တိုက်လှုပ်ပြီး သူ့ ဖမ်းထားသည့်လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် ကြိုးစားရင်း ကားတံခါးကိုပင် ခေါင်းနှင့်ပင် တိုက်လိုက်သည်။
ကံမကောင်းစွာဖြင့်၊ ၎င်းသည် အသုံးမဝင်ခဲ့ပါချေ။ သူ့ကို ဘယ်သူမှ ဂရုမစိုက်ပေ။
ဤတစ်ခါတွင် ကားရပ်သည်အထိ ဘယ်သူမှ အသံမထွက်ပေ။နျေးတဝေ၏ ခြေထောက်များ ထုံကျင်လာသည်။ ထို့နောက် ကားတံခါးကို ဆွဲဖွင့်သံကြားလိုက်ရသည်။ လူနှစ်ယောက်က သူ့ကို တစ်ဖက်တစ်ချက်စီဆွဲပြီး တစ်နေရာရာကို ဆွဲခေါ်သွားသည်။
ဇွန်လအစောပိုင်းညက လေက အနည်းငယ်အေးနေသေးသည်။လေက သူ့မျက်နှာကို တိုက်ခတ်လိုက်သောအခါတွင်မှ နျေးတဝေ သူ့မျက်နှာမှာ မျက်ရည်များ နှပ်ချေးများအပြည့်ဖြစ်နေသည်ကို သိလိုက်ရသည်။ အတန်ကြာအောင် လမ်းလျှောက်ပြီးနောက် လူနှစ်ယောက်က ရပ်တန့်သွားသည်။တစ်ယောက်က သူ့ပခုံးကို ဖိချလိုက်၏။
သူ့ခြေထောက်တွေက အားနည်းနေပြီဖြစ်၍ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ရသည်။
"အစ်ကိုကြီး...ငါတို့ဘာဆက်လုပ်ရမလဲ...သူ့ကို ဓားနဲ့ထိုးသတ်ပြီး မြစ်ထဲပစ်ချရမှာလား"
"နိုး... သူ့ကို ဓားနဲ့ထိုးသတ်ရင် သွေးတွေပေကုန်လိမ့်မယ်... ရှာတွေ့သွားရင် ငါတို့ ဒုက္ခဖြစ်လိမ့်မယ်...ရှောင်စန်း ကျောက်တုံးကြီးတစ်တုံးကို သွားရှာလိုက် ...သူ့ကို ကျောက်တုံးနဲ့ တွဲချည်ပြီး မြစ်ထဲ ပစ်ချလိုက်"
ရှောင်စန်းက ရယ်မောလိုက်သည်။ "ကောင်းပြီ အစ်ကိုကြီး...ငါသွားရှာလိုက်မယ်...ဒီလိုလူတွေကို စရတာ ငါကြိုက်တယ်...သူတို့ မြစ်ရဲ့ အောက်ခြေမှာ နစ်မြုပ်နေပြီး ရုန်းထွက်ဖို့ကြိုးစားပေမဲ့ ရုန်းမထွက်နိုင်ဘဲ နောက်ကျိနေတဲ့ ရေတွေ ဖြည်းဖြည်းချင်း အဆုတ်ထဲ ပြည့်လာတာကို ထိုင်စောင့်နေရုံပဲတတ်နိုင်တာကို တွေးလိုက်တိုင်း ရင်ခုန်မိတယ်"
"ဝူးဝူး...ဝူးဝူး"
နျေးတဝေ နားထောင်လေ ပိုကြောက်လေဖြစ်၏။သူ့မျက်နှာမှာ အေးစက်နေရုံတင်မကဘဲ အေးစက်နေသည့်လေက သူ့ရင်ဘက်ကို တ်ုက်ခတ်လာသည်။
"အော့... အစ်ကိုကြီး အဲဒီ့အနံ့က ဘယ်ကလာတာလဲ... ဘုရားရေ ရှောင်စန်း မြန်မြန်ရှာစမ်း... အနံ့အရမ်းဆိုးတယ်"
ရှောင်စန်းက ပြန်ဖြေသည်။ သူ့အဖော်ကို ဂရုစိုက်၍ ဖြစ်နိုင်သည်၊ ခက်ခက်ခဲခဲ ဆွဲလာသည့် အရာဝတ္တု၏ အသံကို အဝေးကနေ ကြားနေရသည်။
နှစ်မိနစ် သုံးမိနစ်လောက်ကြာသောအခါ ထိုအရာဝတ္ထုက နျေးတဝေ၏ဘေးမှာ ရပ်သွားသည်။ သူ့ခါးမှာ ကြိုးတစ်ချောင်းရစ်ပတ်ခံလိုက်ရသလို ခံစားရ၏။ ကြိုးပတ်ပြီးသည့်အချိန်က သူ သက်ရှိလောကမှ ထွက်ခွာရမည့်အချိန်ဖြစ်သည်ကို နျေးတဝေ သိသည်။
လမ်းတစ်လျှောက်မှာ စုပြုံနေသည့် အကြောက်တရားတွေ ပေါက်ကွဲသွားသည်။ သူက ရှောင်စန်းကို တွန်းထုတ်ရန် သူ၏ ခွန်အားရှိသမျှကို အသုံးပြုကာ ရှေ့ကို ကုန်းကာ မြေပေါ်သို ပြင်းပြင်းထန်ထန် ဦးတိုက်ချလိုက်သည်။
"ဒုန်း...ဒုန်း...ဒုန်း"
ပတ်ဝန်းကျင်က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ အစ်ကိုကြီးက သူ၏ ရိုးသားမှုကြောင့် သက်ပြင်းချလိုက်သည်။
"ဟင်း... သူတော်တော်သနားစရာကောင်းတယ်...ညီနှစ် သူ့ပါးစပ်ထဲက အဝတ်စုတ်ကိုထုတ်ပြီး သူ့မှာ နောက်ဆုံးစကားရှိမရှိ ကြည့်လိုက်ပါ"
"ကောင်းပြီ"
ညီနှစ်က သဘောတူပြီး ရှေ့တိုးကာ အဝတ်စုတ်ကိုထုတ်ပေးသည်။
နျေးတဝေက စကားစပြောနိုင်ပြီဖြစ်ပေမဲ့ ဦးတိုက်နေသည်ကို မရပ်ပေ။သူက ငိုယိုကာ ဦးတိုက်ရင်း အော်သည်။
"ကျေးဇူးပြုပြီး အစ်ကိုကြီးတို့... ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပြုပါဗျာ...ကျွန်တော် အသက်ဆက်ရှင်နိုင်သရွေ့ ကျွန်တော့်ပိုက်ဆံအကုန်လုံးကို ပေးပါ့မယ်... ကျွန်တော့်အိမ်ကိုတောင် ပေးပါ့မယ်"
သို့ပေမဲ့ အစ်ကိုကြီးကဆိုသည်။
"အဲလို မလုပ်နိုင်တာကို ခွင့်လွှတ်ကွာ... သခင်မက မင်းကို သေစေချင်ရင် သေရမယ်"
လက်စသတ်သည့်အခါ ဤလူတွေက ပိုက်ဆံထက် သခင်မစကားကို ပိုနားထောင်ကြသည်။နျေးတဝေက ဉာဏ်လျင်သည်။ သူ့ဘဝတွင် ဤမျှလောက် တစ်ခါမှ ဉာဏ်မလျင်ခဲ့ဖူးပေ။
"ဒါဆို အသက်ကို ချမ်းသာပေးသရွေ့ သူ့ကို ပြန်ပေးဆပ်ဖို့ ဘာမဆို ကျွန်တော်ကျေကျေနပ်နပ်ကြီး လုပ်မှာပါလို့မိန်းကလေးထောင်ကို ပြောပြဖို့ အစ်ကိုကြီးတို့ကို ဒုက္ခပေးလို့ ရမလား... ဒီလိုအချိန်မျိုးမှာ လူဒါဇင်လောက်ကို မီးရှိူ့ဖို့မပြောနဲ့၊ လူတစ်ထောင် ဒါမှမဟုတ် တစ်သောင်းကိုတောင် မီးလောင်တိုက်သွင်းနိုင်ပါတယ်"
''မိန်းကလေးထောင်"ဟု ကြားလိုက်ရသည့်အခါ သူတို့၏ အကြည့်တွေက လေထဲမှာ ဆုံသွားသည်။
မျှော်လင့်ချက်ရှိတယ်...
"အစ်ကိုကြီး"ပိုင်ရဲ့က "ရှောင်စန်း"ချီရှင်းချန်ကို လျှာသပ်ပြလိုက်သည်။ချီရှင်းချန်က တိတ်တိတ်လေး ခေါင်းညိတ်ပြီး ခုနက ဖောက်လွဲဖောက်ပြန်လေသံအတိုင်းဆက်ပြောသည်။
"အိုး...သခင်မက မင်းကို ဘာလို့ လိုချင်တာလဲ သိချင်နေတာ...လက်စသတ်တော့ မီးရှို့မှုကိုး
... လုပ်စမ်းပါ ဘယ်လို ဖြစ်ခဲ့လဲဆိုတာ ပြောပြပါဦး... ငါပျော်ချင်လို့"
"ရှောင်စန်း"
အစ်ကိုကြီးက ဒေါသတကြီးနှင့်ပြောတသည်။
"ဒီအကြောင်း ငါသိတယ်... မင်းပြန်ရင် ငါပြောပြမယ်... မြန်မြန်လုပ်"
"မရဘူး အစ်ကိုကြီး...ငါ ဒါကို သဘောကျတယ်ဆိုတာ သိတယ်မလား...ကြားပါရစေ လုပ်စမ်းပါ"
"ကောင်းပြီ... အချိန်အများကြီးမဖြုန်းနဲ့"
အစ်ကိုကြီး၏အင်တင်တင်သဘောတူသံကိုကြားသောအခါ ရှောင်စန်းက နျေးတဝေကို ပြုံးပြီးပြောသည်။
"လာ ငါ့ကိုဒီဇာတ်လမ်းကို အစအဆုံးပြော... မင်းရဲ့ ဇာတ်လမ်းက အသေးစိပ်ပြီး လုံလုံလောက်လောက် ဖောက်လွဲဖောက်ပြန်ဖြစ်နေသရွေ့ မင်းကို ကျောက်တုံးနဲ့တွဲမချည်ဖို့ ငါစဉ်းစားပေးမယ်"
သူ့ကို ကျောက်တုံးနှင့် ချည်ပြီးပစ်ချလျှင် သေမှာ သေချာ၏။ ကျောက်တုံးနှင့် မချည်ထားလျှင် ရေကူးပြီး သူ့အသက်ကို ကယ်တင်နိုင်လောက်သည်။နျေးတဝေ ၎င်းကို နည်းနည်းလေးပင် မစဉ်းစားဘဲ ချက်ချင်းပဲ ရွေးချယ်လိုက်သည်။
ရှောင်စန်း နောင်တရမည်ကို ကြောက်သဖြင့် နျေးတဝေ လုံးဝကို မရပ်မနားနီးပါးပြောခဲ့သည်။
"လီကုန်းက ကျွန်တော့်ကို မိန်းကလေးထောင်နဲ့ မိတ်ဆက်ပေးတုန်းက ဒီကိစ္စက အစပြုခဲ့တာပါ..."
ချီရှင်းချန် တောင်းဆိုသလိုပဲ နျေးတဝေက ထောင်ထောင် သူ့ကို ဘယ်လို သွေးဆောင်ခဲ့ကြောင်း အသေးစိတ် ပြန်ပြောပြသည်။ သူပြောသည်ကို နားထောင်ရင်း တခြားသူတွေက သူတို၏ နှလုံးသားတွေကို ဓားနှင့် အကြိမ်ကြိမ် အခုတ်ခံရသလို ခံစားလိုက်ရသည်။ အလွန်အဆင်မပြေဖြစ်ခဲ့သည်။
နျေးတဝေက သေမှာကြောက်သည့်အတွက် ခပ်မြန်မြန်ပဲ ပြောလိုက်၏။ ငါးမိနစ်မပြည့်ခင်မှာပဲ ဇာတ်လမ်းတစ်ခုလုံး ပြီးသွားသည်။ချီရှင်းချန်က အသက်ပြင်းပြင်းရှူပြီး လက်ခုပ်တီးကာ ချီးကျူးဂုဏ်ပြုလိုက်၏။
"မဆိုးပါဘူး မဆိုးဘူး...ငါအရမ်းသိချင်နေတာ...ငါတို့ရဲ့သခင်မက ဘယ်သူလဲ မင်းသိလား"
"မသိဘူး...ကျွန်တော် ဘာမှ မသိဘူး"
ချီရှင်းချန်က သူ့လက်ကို မြှောက်လိုက်ပြီး မျက်နှာအနှံ့ ပိတ်ရိုက်လိုက်သည်။ "ဟန်ဆောင်တာကို ရပ်လိုက်... ငါ့ကို ပြော"
ဝူး...ဝူး...
ပါးရိုက်ခံရမှုကြောင့် နျေးတဝေ ကြက်သေသေသွားသည်။
"သိပါတယ်...ကျွန်တော် သိပါတယ်...ကျွန်တော် မိန်းကလေးထောင်ထောင်ကို တီဗီမှာတွေ့ဖူးတယ်...ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ကိုမှမပြောခဲ့ဖူးဘူး...ဒီနေ့ အစ်ကိုကြီးတို့ လုပ်ခဲ့တာတွေကိုလည်း ကျွန်တော် ဘယ်သူ့ကိုမှ ပြောမှာမဟုတ်ပါဘူး"
ချီရှင်းချန်က သူပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ဂရုမစိုက်ပေ။မတ်တပ်ထရပ်ပြီး သူ့ဘောင်းဘီပေါ်က ဖုန်မှုန့်တွေကို လက်နှင့် ခါချလိုက်သည်။အသံဖမ်းစက်ကို ပိတ်လိုက်ပြီး ကင်မရာကို ပိတ်ရန် အားလွင်ကို အချက်ပြခဲ့သည်။
.......
အရေးကြီးဆုံး သက်သေက သူတို့လက်ထဲမှာရောက်နေပြီဖြစ်၏။သူတို့ ဘယ်သူကိုမှလည်း တကယ် မသတ်ချင်ကြပေ။ချီရှင်းချန်က နျေးတဝေ၏ မျက်လုံးကိုစည်းထားသည့် အဝတ်များကို ဖယ်လိုက်ပြီး သူ့ခြေထောက်ပေါ်ရှိ ကြိုးကို ဖြည်လိုက်သည်။
"မတ်တပ်ရပ်လို့ရလား"
နျေးတဝေ ခဏလောက်ကြောင်သွားပြန်သည်။ ကင်မရာကို မြင်သောအခါ တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
သူ့အနောက်ကို လှည့်ကြည့်လိုက်သောအခါ အနက်ရောင် လယ်ကွင်းကြီးရှိနေသည်။မြစ်တစ်စင်း၏ အရိပ်အယောင်တစ်ခုမှ မရှိ။
အရာအားလုံးကို သူနားလည်သွားခဲ့သည်။
သူသည် ဤငမြောင်းငခြောက် ကောင်စုတ်လေးများ၏ လှည့်စားခြင်းကို ခံခဲ့ရသည်။
"ဖာ့ခ် ခွေးမသားတွေ...သောက်လူယုတ်မာ တစ်စု"
နျေးတဝေ မထိန်းနိုင်ဘဲ ဆဲလိုက်မိသည်။
"မင်းတို့က ငါ့ကိုအရူးလုပ်ခဲ့တာပဲ... ငါသွားတော့မယ်... အွတ်... ဝူး"
ချီကျားကျစ်က အဝတ်ကို ကောက်ယူလိုက်ပြီး သူ့ပါးစပ်ထဲသို့ ပြန်ထည့်လိုက်သည်။
"သနားပြီး ပါးစပ်ကို လွတ်လပ်ခွင့်ပေးလိုက်တာ... ဒါပေမဲ့ ခင်ဗျား တံတွေးတွေကရေပန်းသလိုဖြန်းနေတယ်... ဆက်ဆို့ထားတာပိုကောင်းတယ်"
"ဘူး ဝူး ဝူး ဝူး"
စကားမပြောနိုင်တော့သည့် နျေးတဝေက လှည့်ကာ ချီကျားကျစ်ကိုဝင်တိုက်မည်ပြုသည်။
ပိုင်ရဲ့က ချီကျားကျစ်ကို အမြန်ဆွဲပြီး နျေးတဝေ၏ ရင်ဘတ်ကို ကန်ထုတ်လိုက်သည်။
ဘုတ်ခနဲအသံနှင့်အတူ နျေးတဝေ လေးဘက်ထောက်လျက်သား မြေကြိးပေါ် ကန်ချခံခဲ့ရသည်။ဤကန်ချက်က နျေးတဝေကို နိုးထလာစေသည်။ ပြဿနာတစ်ခုကို သူစဉ်းစားမိသွားသည်။
ဒီလူတွေ ဘာကြောင့် သူ့ကို လှည့်စားဖို့ ကြိုးစားတာလဲ...
သူတို့က သေချာပေါက် ထောင်ထောင်က မီးရှို့ရန် တစ်စုံတစ်ဦးကို ငှားရမ်းထားကြောင်း အထောက်အထားများ ရရှိရန် ကြိုးပမ်းခဲ့ခြင်းမည်။
ယခု သက်သေအထောက်အထားတွေရပြီးပြီဖြစ်၍ သူ သေမှာ သေချာ၏။
ဝမ်းနည်းခြင်းရ အတွင်းမှ လှိုက်တက်လာသည်။နျေးတဝေ ယခုလောက် သူတစ်ခါမှ နောင်တမရခဲ့ဖူးပေ။ အကယ်၍ သူသာ ငွေလောဘမကြီးခဲ့ပါက၊ အစကတည်းက သွေးဆောင်မှုကို တွန်းလှန်ခဲ့မည်ဆိုပါက...
နွေးထွေးတဲ့အိပ်ယာရှေ့မှာ ဇနီး၊ သားသမီးတွေနဲ့ အရင်လို ဆင်းရဲပေမဲ့ ပျော်ရွှင်တဲ့ဘဝမှာ နေထိုင်နေရဦးမှာလား...
သူ့မျက်နှာပေါ်မှနောင်တကိုမြင်သောအခါ ချီရှင်းချန် လျှောက်သွားပြီးပြောလိုက်သည်။
"ကျွန်တော်တို့ရဲကိုခေါ်ပြီးသွားပြီ...ခင်ဗျားစုံစမ်းစစ်ဆေးမှုနဲ့ပူးပေါင်းရင် ပြစ်ဒဏ်လျှော့ပေါ့လို့ရနိုင်တယ်"
"အဲဒီတော့ ဘာအသုံးဝင်မှာလဲ"
နျေးတဝေက ခါးခါးသီးသီး ပြုံးလိုက်သည်။
"ငါက သေတော့မဲ့ဟာ"
"ဒါက မတူဘူး...ထောင်ထောင်ရဲ့ နည်းလမ်းတွေကို ခင်ဗျားသိပါတယ်...မကြာခင် ကျွန်တော်တို့ သူ့ကို ဖမ်းမမိရင် ခင်ဗျားရဲ့မိသားစုကို လက်စားချေနိုင်တယ်"
မိသားစု...
ဟုတ်တယ်... သူသေတာက အဆင်ပြေတယ်...ဒါပေမဲ့ သူ့မိန်းမနဲ့ သားသမီးတွေက ဒီဘဝမှာ သူကြောင့် အများကြီး ဒုက္ခရောက်ခဲ့တယ်...သူ့ကြောင့် သူတို့ရဲ့အသက်ကို ဆုံးရှုံးမခံနိုင်ဘူး...
နျေးတဝေ၏ မျက်နှာမှာ အုံ့မှိုင်းသွားသည်။သူက မျက်လုံးမှိတ်ပြီး ခေါင်းညိတ်ပြသည်။
နျေးတဝေ သဘောတူညီလိုက်သည်က ထောင်ထောင်ကိုဖမ်းနိုင်မည်ဟု ဆိုလိုသည်။ချီမိသားစု ဒုက္ခတွင်းထဲကနေလုံးလုံးလျားလျားကျွတ်လွတ်တော့မည်ဟုလည်း အဓိပ္ပါယ်ရသည်။ချီရှင်းချန် နှင့် ချီကျားကျစ် ခေါင်းငုံ့ကာ မျက်လုံးများကို အုပ်ထားလိုက်ကြသည်။
သို့ပေမဲ့ ဤနေရာက အောင်ပွဲခံရမည့် နေရာမဟုတ်ပေ။ သူတို့ နျေးတဝေကို ရဲစခန်းကို ပို့ရဦးမည်။ပိုင်ရဲ့ ချီရှင်းချန်၏ လက်နှစ်ဖက်ကို ဆွဲထုတ်လိုက်ပြီး နောက်ကျောကို ပုတ်ပေးလိုက်သည်။
"မငိုနဲ့...အရင်ပြန်ရအောင်နော်"
"ကောင်းပြီ"
ချီရှင်းချန်က သူ့မျက်ရည်တွေကို သုတ်လိုက်သည်။
"မြို့တော်ဗျူရိုကို သွားရအောင်"
အလုပ်က ပိုအရေးကြီးသည်ကို ချီကျားကျစ်လည်း သိသည်။ သူ နှာတရှုပ်ရှုပ်ဖြင့် နျေးတဝေကို အားလွင်နှင့်အတူတူ တွဲမသည်။ သူတို့ငါးယောက်က ကားရပ်ထားသည့်နေရာကို လျှောက်သွားကြသည်။
သို့သော် ခြေလှမ်းနှစ်လှမ်း မလှမ်းမီတွင် စူးရှသော အလင်းတန်း အနည်းငယ်က သူတို့၏ မျက်နှာကို ရုတ်တရက် ရိုက်ခတ်လာသည်။ လူတိုင်းက အလင်းရောင်၏ အရင်းအမြစ်ကို ကြည့်ရန် မသိစိတ်မှ စူးစူးစိုက်စိုက် ကြည့်နေကြသည်။
မနီးမဝေးတွင် ကားနှစ်စီးက ရုတ်တရက် ဘရိတ်အုပ်ကာ လှည့်လိုက်ပြီး ဖုန်မှုန့်များ လွင့်စင်လာသည်။
ဖုန်မှုန့်များထဲတွင်
ထောင်ထောင်နှင့် သန်သန်မာမာ လူအချို့ ကားထဲမှ ထွက်လာသည်။ သူမက ဘယ်ဘက်လက်မှာ ဓားတစ်ချောင်းကို ကိုင်ထားပြီး ညာလက်မှာ ကလေးမလေးတစ်ယောက်ကိုကိုင်ထားသည်။
နျေးတဝေ၏ မျက်လုံးများ ပေါက်ကွဲမတတ်ပြူးထွက်လာလေသည်။
အဲ့ဒါ သူ့သမီးလေးးး...