Chapter 171
တိမ်မည်းများ အုံ့ဆိုင်းလာပြီး လက်ကျန်ကြယ်ရောင်အနည်းငယ်ကလည်း ဖုံးကွယ်ခံလိုက်ရသည်။ မှောင်မိုက်သောညသည် လူတို့အားအသက်ရှူရခက်စေသည်။ ဖုန်မှုန့်များနှင့်နှင်းမြူများကြားမှတဆင့် ကလေးမလေး၏ ငိုသံကိုသာ ကြားနိုင်လေသည်။
"ဖေဖေ...ဒီမှာ အရမ်းမှောင်တယ်... သမီး အရမ်းကြောက်တယ်"
"ဖေဖေ ရှိတယ်နော်... မကြောက်နဲ့ထင်ထင်"
နျေးတဝေက အံကြိတ်ကာပြောလိုက်သည်။
"ထောင်ထောင် ခွေးမ... ငါ့သမီးကို မြန်မြန် လွှတ်လိုက်စမ်း"
"ဟေး ကလေး... နားထောင်..."
ထောင်ထောင်က သူမ၏ အနီရောင် နှုတ်ခမ်းများကိုစုဝိုင်းလိုက်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။
"ထင်ထင်... သမီးအဖေက လုံးဝနာခံမှုရှိဘူး...ဒါပေမဲ့ အန်တီက သမီးကိုကြိုက်နေတုန်းပဲ"
"ဒါပေမဲ့ သမီး အန်တီကို မကြိုက်ဘူး... ဝူးဝူး... ဖေဖေ့ကို လိုချင်တယ်..."
သမီးဖြစ်သူ ငိုသံကြောင့် နျေးတဝေ၏ နှလုံးသား ကြေကွဲတော့မလိုဖြစ်နေသည်။တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ သူ့သမီးလေးကို ထောင်ထောင်ဆီကနေ ပြေးလုခဲ့သည်။
သို့သော် သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့နောက်မှ လူရမ်းကား အများအပြားက ထောင်ထောင််တွင် လျင်မြန်စွာ ပိတ်ဆို့ထားကြသည်။ လူ့နံရံ၏နောက်ဝယ် ထောင်ထောင်က တံတောင်ဆစ်ကို လှည့်ကာ ဓားဖျားကို ကလေးမလေးဆီ ညွှန်လိုက်သည်။
"နျေးတဝေ... ကျွန်မ ရှင့်ကို စိတ်မရှည်မဖြစ်ဖို့ အကြံပေးချင်တယ်...ကျွန်မက အရမ်းကြောက်တတ်တယ်...ရှင့်ကိုကြောက်ပြီး ကျွန်မလက်တွေတုန်သွားလို့ သူ့ကို မတော်တဆထိခိုက်မိရင် မကောင်းဘူး"
"သူ"ဆိုသည်က ထင်ထင်ကိုရည်ညွှန်းသည်။၎င်းကိုကြားသောအခါ နျေးတဝေ နေရာမှာတင် အေးခဲသွားပြီး မျက်လုံးတွေ နီရဲလာသည်။ချီရှင်းချန် တခြားသူတွေကလည်း မလှုပ်ရဲကြပေ။
ကြွက်တွေလိုကြောက်နေကြသည့်သူတိုကိုကြည့်ပြီး ထောင်ထောင်က တခစ်ခစ်ရယ်ကာ သူမ၏အဖြူရောင်ဝတ်စုံက ဖုန်မှုန့်တွေကို ခါချလိုက်သည်။ နီရဲရဲနှုတ်ခမ်းနှင့် အနက်ရောင်ဆံပင်များဖြင့် သူမက သရဲတစ်ကောင်းကဲ့သို့ပင်။
သူမက လက်ကို မြှောက်ပြီး နျေးတဝေကို ညွှန်ပြသည်။
"ရှင်"
ထို့နောက် သူမက ချီရှင်းချန်ကို လက်ညှိုးထိုးသည်။
"သူ့ပစ္စည်းတွေကိုယူလိုက်...ရှင့်သမီးကို လွှတ်ပေးမယ်"
နျေးတဝေက အေးခဲသွားပြီးအသံထွက်မလာတော့ပေ။
"တိုက်ပွဲဝင်ပုံစံကို ဒီလောက် မြန်မြန်ဆန်ဆန် ဖွဲ့လိုက်တယ်ပေါ့...ချီရှင်းချန် မင်းကလူတွေကိုပြုစားတဲ့နေရာမှာ တကယ်တော်တယ်ဆိုတာတော့ ငါဝန်ခံရမယ်…"
ထောင်ထောင်က ဓားဖျားကို ရှေ့သို့ ဖိချလိုက်သည်။
"နျေးတဝေ သေချာစဉ်းစားပါ...ချီရှင်းချန်ကို ကူညီချင်လား ...ရှင့်ရဲ့သမီးကို ကူညီချင်လား"
ကလေးများသည် မွေးရာပါ အန္တရာယ်ကို ခံစားရကြသည်။ ဘာဖြစ်နေမှန်း သူမ မသိသော်လည်း ဓားဖျားက သူမ၏ လည်ပင်းထက်ကသွေးလွှတ်ကြောကို ဖိလာသည်။ထင်ထင်က ပိုပိုပြီး ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးတော့သည်။
"ဖေဖေ သမီး ကြောက်တယ်...ဖေဖေ သမီး ကြောက်တယ်"
အဖေအရင်းခေါက်ခေါက်မဆိုထားနှင့်၊ နှလုံးတုန်ကြေကွဲဖွယ် အသံကို ကြားလိုက်ရသည်တွင် မည်သူမှ စိတ်မချမ်းသာကြပေ။နျေးတဝေက အံကြိတ်ကာ ချီရှင်းချန်ကို လှည့်ကြည့်လိုက်သည်။
"ငါ့ညီ ဒီတစ်ခါတော့ မင်းကိုငါဆွဲချမိပြီ"
ချီရှင်းချန်က ဘာမှ မပြောဘဲ ခေါင်းယမ်းလိုက်သည်။ သူက အသံဖမ်းဘောပင်နှင့် ကင်မရာငယ်တစ်ခုကို ထုတ်ယူလိုက်သည်။
နျေးတဝေကို လှမ်းပေးခါနီးမှာ ပိုင်ရဲ့က ရုတ်တရက် "ခဏစောင့်" ဟု ပြောလာသည်။
"ဘာကိုစောင့်နေတာလဲ"
နျေးတဝေ အထိတ်တလန့် ဖြစ်နေသည်။
"ကြာကြာစောင့်နေရင် ငါ့သမီးသေလိမ့်မယ်"
"အဲလိုဆိုလိုတာမဟုတ်ဘူး"
ပိုင်ရဲ့က တီးတိုးလေသံဖြင့်ပြောသည်။
"ထောင်ထောင်ရဲ့ စကားကို ယုံလို့ မရဘူး"
ဟုတ်သည်...ထောင်ထောင်၏ ရက်စက်ကြမ်းကြုတ်သော သနားညှာတာမှုကင်းသော အကျင့်စရိုက်ဖြင့်ဆိုပါက ပစ္စည်းများ ပေးပြီးနောက် ကလေးကို ပြန်မရရှိလျှင် ဘာလုပ်ရမှန်းမသိဖြစ်မည်ကို အားလုံးသိကြလေသည်။
ချီရှင်းချန် နှင့် ပိုင်ရဲ့က အကြည့်ချင်းဖလှယ်ကာ ထောင်ထောင်ကို လှည့်ကြည့်လိုက်သည်။
"တစ်ဖက်သတ်သဘောတူညီချက်က မရိုးသားဘူး...မင်း ထင်ထင်ကို လွှတ်ပေးမယ်ဆိုတာက မသေချာဘူး"
ထောင်ထောင်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို သဘောတူညီချက်တစ်ခု လုပ်ကြည့်လေ"
"မင်းဘက်က တစ်ယောက်လွှတ်...ကျွန်တော့်ဘက်က တစ်ယောက်လွှတ်မယ်... ဟိုနေရာမှာ လဲလှယ်ကြရအောင်"
ချီရှင်းချန်က အဖွဲ့နှစ်ဖွဲ့၏အလယ်ကို လက်ညှိုးထိုးပြသည်။
"အဲဒီနေရာ"
ထောင်ထောင်က ချီရှင်းချန်၏ အကြံအစည်ကို တွေးတောနေဟန်တူသည်။ ခဏအကြာတွင် သူမကခေါင်းညိတ်သည်။
"ကောင်းပြီ...လှည့်ကွက်သုံးဖို့မစဥ်းစားနဲ့"
ချီရှင်းချန်က စကားများများပြောရန် ပျင်းလွန်းလှသည်။
"ဒါဆို အလယ်ကို အတူတူသွားရအောင်"
ထောင်ထောင် နှာခေါင်းရှုံ့ပြီး ထင်ထင်ကို အနက်ရောင် ၀တ်လူအား ပေးလိုက်သည်။ ဓား၏ထိပ်ဖျားက ကလေးမလေး၏လည်ပင်းနှင့် ဝေးကွာသွားသည်ကို တွေ့လိုက်ရသဖြင့် ချီရှင်းချန် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက အသံဖမ်းဘောပင်နှင့် DV ကိုကိုင်ကာ ရှေ့သို့ လျှောက်လှမ်းတော့မည်ပြုသည်။
"ရှင်းရှင်း"
ပိုင်ရဲ့က သူ့ကို တားလိုက်၏။
"ကိုယ်သွားမယ်"
ချီရှင်းချန် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ အနက်ရောင်၀တ်လူများက အသင့်ပြင်လာပြီး လက်နက်များ ဆောင်ထားလောက်သည်။ပိုင်ရဲ့ ထိခိုက်သွားမှာကို သူကြောက်သည်။
သို့သော်လည်း သူ မငြင်းမီတွင် ပိုင်ရဲ့က ပစ္စည်းများကို ယူဆောင်ပြီး ကွင်းအလယ်သို့ လျှောက်သွားခဲ့သည်။ချီရှင်ချန်၏နှလုံး ရုတ်တရက် ဆောင့်ခုန်လာသည်။ မျက်တောင်မခတ်ဘဲ သူ့မျက်လုံးတွေက ပိုင်ရဲ့၏နောက်ကို လိုက်ပါသွားသည်။
နှစ်မိနစ်ခန့်ကြာသောအခါ နှစ်ဖက်စလုံးသည် သတ်မှတ်နေရာသို့ ရောက်သွားကြသည်။ထောင်ထောင်က အနက်ရောင် ၀တ်လူကို "ပစ္စည်းတွေ စစ်ဆေးဖို့ မမေ့နဲ့"ဟု သတိပေးလိုက်သည်။
အနက်ရောင်ဝတ်လူကပြန်ပြောလာမည်ကို စောင့်မနေဘဲ၊ပိုင်ရဲ့က အသံဖမ်းဘောပင်ကို တိုက်ရိုက်ဖွင့်လိုက်ပြီး စကားပြောသံ ထွက်လာသည်။
သူက DV ကိုဖွင့်လိုက်ပြီး မန်မိုရီကတ်ကို နဂိုအတိုင်း ထည့်သွင်းထားလိုက်သည်။
အနက်ရောင်ဝတ်လူက ထောင်ထောင်ကို ခေါင်းညိတ်ပြသည်။ထောင်ထောင်၏ အနီရောင်နှုတ်ခမ်းများ အနည်းငယ်ပွင့်ဟလာသည်။
"ကောင်းပြီ...အလဲအလှယ်ကို စလိုက်ရအောင်"
အမိန့်ကိုလက်ခံရရှိပြီးနောက် အနက်ရောင်ဝတ်လူက ထင်ထင်ကို ရှေ့သို့ တွန်းလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ ပိုင်ရဲ့က အသံဖမ်းဘောပင်နှင့် DV ကို ဘယ်ဘက်လက်တွင် ကိုင်ဆောင်ကာ အနက်ရောင်ဝတ်လူကို ပေးလိုက်သည်။
ညဉ့်နက်လာလေလေ လေက ပိုပြင်းလာလေလေဖြစ်သည်။ အဝတ်အစားတွေက လေထဲမှာ လွင့်နေသည်။ မရေမတွက်နိုင်သော မျက်လုံးများက ကွင်းအလယ်ရှိ လူနှစ်ယောက်၏ လက်များကို စူးစိုက်ကြည့်နေကြသည် —
နောက်ဆုံးမှာ လူနှစ်ယောက်၏လက်တွေက လေထဲထိသွားသည်။ပိုင်ရဲ့ကသူ၏ လွတ်နေသော ညာလက်ကို အသုံးပြုကာ ထင်ထင်ကိုဆုပ်ကိုင်လိုက်သည်။ အနက်ရောင်ဝတ်လူကလည်း အသံဖမ်းဘောပင်နှင့် DV ကို တစ်ပြိုင်နက်ကိုင်ရန် သူ၏လွတ်နေသောလက်ကို အသုံးပြုခဲ့သည်။
"သုံးအထိရေတွက်ပြီးရင် အတူတူလွှတ်ကြမယ်"
ပိုင်ရဲ့က ပြောလိုက်သည်။
"သုံး၊ နှစ်..."
"တစ်"ကိုရောက်သည့်က ပိုင်ရဲ့ကသူပြောသည့်အတိုင်း အရင်လွှတ်ပေးလိုက်သည်။ အနက်ရောင်ဝတ်လူကလည်း သူ့အလုပ်ကို ကောင်းကောင်း လုပ်ဆောင်ပြီးပြီဟု ခံစားရကာ လွှတ်လိုက်သည်။
ပိုင်ရဲ့က ၎င်းကိုအခွင့်အရေးယူပြီး ထင်ထင်ကို သူ့နောက် ဆွဲပို့လိုက်သည်။ အနက်ရောင်ဝတ်လူက အသံဖမ်းဘောပင်ကိုကိုင်ပြီး မပျော်နိုင်မီတွင် DV ကို မဆွဲထုတ်နိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
... သူ ဘယ်လိုဖြစ်လို့ မထုတ်နိုင်ရတာလဲ
သူ တုံ့ဆိုင်းနေချိန်မှာပဲ ပိုင်ရဲ့က ထပြီး သူ့လက်ကောက်ဝတ်ကို ကန်လိုက်သည်။ အနက်ရောင်ဝတ်လူ၏လက်သည် အကန်ခံရမှုကြောင့် ရမ်းခါသွားပြီး အသံဖမ်းဘောပင်က သူ့လက်ထဲမှ ပြုတ်ကျသွားသည်။ DVကလည်း ပိုင်ရဲ့၏လက်ထဲသို့ ပြန်ရောက်သွားသည်။
ချီရှင်းချန်ထံမှ DV ကို ရသောအခါတွင်၊ သူက လက်ဆွဲကြိုးကို သူ၏လက်ချောင်းတစ်ဝိုက်တွင် လျှို့ဝှက်စွာ နှစ်ကြိမ်ပတ်ရစ်ခဲ့သည်။အခြေအနေက ရှင်းရှင်းလင်းလင်းမမြင်ရလောက်အောင် မှောင်နေသည်။ ထို့အပြင် သူက သူ၏ လက်ချောင်းများကို အတွင်းထဲသို့ တမင်တကာကွေးထားသည်။ လူတိုင်းက သူ့ကို DV ကိုလက်ထဲမှာကိုင်ထားသည်ဟုပဲ ထင်နေကြ၏။
မစ်ရှင်က ပိုအရေးပေါ်ဖြစ်လာသည်။အသံဖမ်းဘောလ်ပင် သူ့လက်မှ ပြုတ်ကျပြီးနောက်၊ အနက်ရောင်၀တ်လူက သက်သေအထောက်အထားကို ကောက်ယူရန် ချက်ချင်းပင် အောက်သို့ ငုံ့သွားသည်။ ထိုစက္ကန့်အနည်းငယ်အတွင်း ပိုင်ရဲ့က ထင်ထင်ကိုဆွဲပြီး ပြန်ပြေးသွားခဲ့သည်။
နျေးတဝေက သူ့သမီးလုံခြုံရေးအတွက် စိတ်ပူပြီး သူ့ကို အမြန်လာကူသည်။
"ရဲ့ကော...အနောက်မှာ သတိထား"
ထိုအချိန်တွင် အနက်ရောင်၀တ်လူက သက်သေများကို ကောက်ယူပြီး ပိုင်ရဲ့၏နောက်ကျောကို လှမ်းဆွဲလိုက်သည်။ပိုင်ရဲ့က ချီရှင်းချန်၏သတိပေးချက်ကိုကြားပြီး ဘယ်ဘက်သို့ ရှောင်ထွက်သွားသည်။
သို့တိုင် သူကပရောက်ဖက်ရှင်နယ်လေ့ကျင့်ရေးဆင်းထားသူနှင့်မယှဥ်နိုင်ခဲ့ပေ။ပထမအကွက်က အလုပ်မဖြစ်သည်ကို တွေ့လိုက်ရသောအခါ အနက်ရောင်၀တ်ထားလူက ချက်ချင်းပဲ နောက်အကွက်ကို ပြောင်းသွာသည်။ သူက ပိုင်ရဲ့၏ နံဘေးသို့ ပြေးသွားပြီး ထင်ထင်ကို ဘယ်လက်ဖြင့် လှမ်းဆွဲကာ ပိုင်ရဲ့၏ ပခုံးကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
အနက်ရောင်ဝတ်လူ၏ လှုပ်ရှားမှုက ရက်စက်သည်။ ရွေးချယ်မေးခွန်းတစ်ခုဖြစ်သည်။ပိုင်ရဲ့က ရှောင်ရန် ရွေးချယ်ခဲ့မည်ဆိုလျှင် သူထင်ထင်ကို ပြန်ဖမ်းနိုင်မှာဖြစ်၏။
ပိုင်ရဲ့လည်း အခြေအနေက အရေးပေါ်ဖြစ်နေသည်ကို သဘောပေါက်၏။ သူ့မှာ စဉ်းစားရန် အချိန်မရှိပေ။ သူ မရှောင်ဘဲ ထင်ထင်လက်ထဲကို DV ကို ထည့်ပေးလိုက်သည်။ ထို့နောက် ကလေးမလေးအား လက်နှစ်ဘက်ဖြင့် ကောက်ကိုင်ကာ နျေးတဝေဆီသို့ ညင်သာစွာ ပစ်ပေးလိုက်သည်။
ထင်ထင်က သက်သေအထောက်အထားများဖြင့်အတူ နျေးတဝေ၏လက်ထဲသို့ ကျရောက်သွားသည်။
ကံမကောင်းစွာပဲ၊ ကလေးကို ကာကွယ်ပေးလိုက်သည့် အဖိုးအခအနေဖြင့် ပိုင်ရဲ့၏ပုခုံးက လူသန်ကြီး ၏ကုတ်ဆွဲခြင်းခံလိုက်ကသည်။ ထုံကျင်မှု လှိုင်းလုံးကြီးက သူ့ပုခုံးရိုးကနေ သူ့လက်မောင်းဆီကို လျင်မြန်စွာပျံ့သွားသည်။
ပိုင်ရဲ့၏ပခုံးက စိတ်စေရာမပါပါဘဲ လျောကျသွားသည်။ဤလက်မောင်းကို အချိန်တစ်ခုလောက် အသုံးမပြုနိုင်ဘူးဆိုသည်ကို သူသိသွား၏။
ပိုင်ရဲ့အထိနာသွားသည်ကိုမြင်ပြီး အနက်ရောင်ဝတ်လူက ၎င်းကိုအခွင့်ကောင်းယူကာ နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့သည်။သူက ပိုင်ရဲ့ရှေ့မှာ လျှိုဝင်ပြီး လက်သီးကို မျက်နှာနှင့်မိတ်ဆက်ပေးလိုက်သည်။ထိုအချိန်တွင် ကျန်လူမိုက်များက ထောင်ထောင်၏ အချက်ပြမှုအောက်တွင် ပြေးလာကြသည်။
အခြေအနေမကောင်းသည်ကိုမြင်သည်တွင် ချီရှင်းချန်က နျေးတဝေကို လူအုပ်ထဲကနေ တွန်းထုတ်လိုက်သည်။
"ထင်ထင်နဲ့ DV ကို ကာကွယ်...ရဲကို ချက်ချင်းခေါ်"
သူ စကားမဆုံးခင်မှာ သူကပိုင်ရဲ့ကိုကူရန် ချီကျားကျစ်နှင့်အားလွင်ကို ခေါ်ပြီးပြေးသွားခဲ့သည်။
ပိုဆိုးသည်က ချီရှင်းချန် မျှော်လင့်ထားသလိုပဲ တစ်ဖက်လူ တကယ်ပဲ လက်နက်ကိုင်ထားသည်။သူတို့က လက်ဗလာဖြင့်ရှိနေချိန်မှာ အခြားလူမိုက်များက စတီးပိုက်များနှင့် ဓားမြှောင်များကို ကိုင်ဆောင်ထားကြသည်။
နှစ်ဦးနှစ်ဖက် ထိပ်တိုက်ရင်ဆိုင်သည့်အခါ ဘယ်သူက နိုင်မလဲ ဘယ်သူက ရှုံးမလဲ ဆိုသည်ကို လွယ်လွယ်ကူကူ သိနိုင်၏။
သို့သော် သူတို့မှာ ရွေးချယ်စရာမရှိပေ။ ရဲတွေ မရောက်မချင်း တိုင်ခိုက်ရုံသာတတ်နိုင်သည်။
အားလွင်က အုတ်ခဲတစ်ခဲကို ရှာတွေ့သွားပြီး ချီရှင်းချန်ကသစ်ကိုင်းတစ်ခုကို ကောက်ယူလိုက်သည်။ချီကျားကျစ်က သူ့ခါးပတ်ကို ချွတ်ပြီး ပြိုင်ဘက်၏ မျက်နှာကို ပစ်ရိုက်လိုက်သည်။
"ဖာ့ခ်...ရန်မဖြစ်တာကြာပြီ... ဒီနေ့တော့ စိတ်ကျေနပ်လောက်အောင် ရိုက်ပေးမယ်"
ချီကျားကျစ်၏ခါးပတ်က တကယ့်ကို လူသတ်လက်နက်ဖြစ်ကြောင်း ပြောစရာပင်မလိုပါချေ။ သူက လမ်းဖွင့်ကာ ချီရှင်းချန်နှင့်အားလွင်က သူ့ကို နှစ်ဖက်စလုံးမှာ ကာကွယ်ပေးပြီး သူတို့ သုံးယောက်က အလယ်ဘက်ကို ရွေ့သွားရင်း တိုက်ပွဲဝင်ခဲ့ကြသည်။ သိပ်မကြာခင်မှာဘဲ သူတို့ပိုင်ရဲ့နှင့် အမှန်တကယ်လူချင်းပေါင်းမိခဲ့ကြသည်။
သူ့ဘယ်ဘက်လက်က မလှုပ်နိုင်သဖြင့် ပိုင်ရဲ့ အကြိမ်အနည်းငယ် အရိုက်ခံထားရသည်။သူ သူ့ပြိုင်ဘက်ကိုလည်း ညိုမဲနေအောင် ရိုက်နှက်ခဲ့သည်။
ချီရှင်းချန်၏နှလုံးသား နာကျင်သွားသည်။ သူက ပိုင်ရဲ့၏ခါးကို ပွေ့ဖက်ထားပြီး ခြေထောက်တစ်ဖက်နှင့် မြေကို ထောက်ကာ ကျန်တစ်ဖက်ဖြင့် သာမန်လူများ မရောက်နိုင်သော ထောင့်တွင် နောက်ပြန်ချိတ် လိုက်သည်။
သူတို့နောက်ကိုလိုက်နေသည့် လူမိုက်က ဤမျှလောက်မြင့်မြင့်ခြေခွဲသည်မျိုး တစ်ခါမှမမြင်ဖူးပေ။သူလန့်သွားပြီးနောက် သူ့မေးရိုး ကွဲသွားတော့မလို့ ခံစားလိုက်ရသည်။
ချီရှင်းချန်၏ဖနောင့်သည် လူမိုက်၏ မေးရိုးကို အောက်မှ အပေါ်သို့ တိကျစွာ ကန်ထုတ်လိုက်သည်။
မေးရိုးကို ခိုက်မိသည်က အဆင်မပြေလှ။လူမိုက်ခဗျာ ကြယ်တွေလတွေ မြင်သွားသည်အထိ နာကျင်သွား၏။ချီရှင်းချန်က လူမိုက်ကို မူးဝေသွားသည်အထိ ထိုးသတ်ရန် အခွင့်အရေးယူခဲ့သည်။ သူက လူမိုက်၏လက်မှ စတီးပိုက်ကို လုယူကာ ပိုင်ရဲ့လက်ထဲထည့်ပေးလိုက်သည်။
ထို့နောက် ၎င်းတို့လေးဦးသည် နောက်သို့ပြန်ရပ်ကာ စက်ဝိုင်းပုံစံလေးမျက်နှာသို့ မျက်နှာမူလိုက်ကြသည်။
ယခုလိုနည်းဖြင့်ဆိုပါက ဘယ်သူက အန္တရာယ်ရှိပါစေ သူတို့ဘေးနားကလူက ကူညီနိုင်လေသည်။
ချီရှင်းချန်နှင့် အခြားသူများ တိုက်ခိုက်နေစဉ်တ လူတစ်ဦးသည် နျေးတဝေရှိရာသို့ တိတ်တဆိတ် ချဥ်းကပ်လာခဲ့သည်။
ချီရှင်းချန်၏ တွန်းထုတ်ခြင်းကို ခံရပြီးနောက် နျေးတဝေက ထွက်ပြေးခဲ့ကာ လမ်းဘေးမှာ စွန့်ပစ်ထားသည့်အမှိုက်ပုံးကို တွေ့ခဲ့သည်။
DVကိုင်ထားသည့် ထင်ထင်ကို အမှိုက်ပုံးထဲ ထည့်လိုက်သည်။ တစ်ယောက်ယောက် သိသွားမှာကို သူကြောက်သဖြင့် ထင်ထင်ကို အသံမထွက်ရန်ပြောပြီးနောက် သူတို့ဘေးက နံရံအောက်မှာ ပုန်းနေလိုက်သည်။
သူ တုန်တုန်ယင်ယင်နှင့် ထောင့်မှာ ဝပ်နေရင်း ရဲကို ခေါ်လိုက်သည်။ ထို့နောက် သူ ခေါင်းမော့လိုက်ရာ—
သူ့တစ်ကိုယ်လုံး အရပ်ရှည်ရှည်သဏ္ဍာန်တစ်ခုဖြင့် ချက်ခြင်း ဖုံးလွှမ်းသွားသည်။
ထိုလူက သူ့လက်ထဲက ဓားကို ဝှေ့ယမ်းလိုက်သည်။
"မင်းသမီး ဘယ်မှာလဲ"
နျေးတဝေက အလွန်ကြောက်လန့်နေသဖြင့် ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။
"ငါ...မသိဘူး"
"မင်းမသိဘူးလား"
ထိုလူက အေးစက်စွာပြုံးသည်။ ဓားဖျားက အေးစက်စက်အလင်းရောင်ဖြင့်
ပြောင်လက်နေသည်။
"မင်းမသိရင် ငါ့ဘာသာငါလိုက်ရှာရမှာပေါ့"
ထိုသူက သူပြောသည့်အတိုင်း အမှိုက်ပုံးဆီသို့ လျှောက်သွားသည်။
နျေးတဝေ တစ်ဖက်လူက အဘယ်ကြောင့် သက်သေအထောက်အထားများကို ဂရုမစိုက်ဘဲ သူ့သမီးကို ရှာချင်နေသည်ကိုမသိပေ။ ထိုလူ အမှိုက်ပုံးနှင့် နီးကပ်လာသည်ကို မြင်လိုက်ရသောအခါ သူ့ဘဝတွင် တစ်ခါမှ မခံစားဖူးသော စွမ်းအားတစ်ခု ရုတ်တရက် တိုးထွက်လာသည်။ ရုတ်တရက် သူ ထခုန်လိုက်သည်—
သူ ထိုလူ၏ခြေသလုံး ပွေ့ဖက်ထားလိုက်သည်။
ထိုလူက အတားခံလိုက်ရပြီး စိတ်မရှည်စွာဖြင့် "လွှတ်" ဟု သတိပေးခဲ့သည်။
နျေးတဝေ: "မလွှတ်ဘူး"
ထိုလူက မျက်မှောင်ကြုတ်ကာ သူ့ကို ထိုးကြိတ်လာသည်။
"လွှတ်"
ဤထိုးချက်က ရက်စက်ကြမ်းကြုတ်လွန်း၍ နျေးတဝေက မူးဝေသွားသည်။သို့တိုင် သူက "မလွှတ်ဘူး"ဟုဆိုနေဆဲဖြစ်သည်။
"မလွှတ်ချင်ဘူးဟုတ်လား"
ထိုလူက စိတ်ရှည်သည်းခံမှု လုံးဝပျောက်ဆုံးသွားခဲ့သည်။ ဓားကို အိတ်ကပ်ထဲထည့်ကာ နျေးတဝေ၏ ဆံပင်ကို လက်တစ်ဖက်ဖြင့် လှမ်းဆွဲကာ ဆွဲမော့လိုက်သည်။ ကျန်လက်တစ်ဖက်က သူ့မျက်နှာကို ဆက်၍ထိုးလေသည်။
"ငါ မင်းလွှတ်ပေးလို့ပြောနေတယ်... လွှတ်မှာလား...မလွှတ်ဘူးလား...လွှတ်မှာလား...မလွှတ်ဘူးလား"
နျေးတဝေ နဖူးရိုးနှင့် နှာခေါင်းရိုးတို့သည် အချက်ရေအနည်းငယ် ထိမှန်ပြီးနောက် ကျိုးသွားခဲ့သည်။ သူ့အမြင်အာရုံတွေ မည်းမှောင်လာပြီး နာကျင်မှုကြောင့်ပင်သက်ရှိုက်မိစေသည်။သူ့ပါးစပ်က သွေးနံ့တွေနှင့် ပြည့်နေသည်။သို့သော်ငြား သူ အံကို တင်းတင်းကြိတ် ထားဆဲဲဖြစ်သည်။
"...မလွှတ်ဘူး"
"...ငါ*ိုးတဲ့မှ"
ထိုလူက ကျိန်ဆဲလိုက်သည်။ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ မြေပြင်မှ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်သည်။
သူက ထိုကျောက်တုံးဖြင့် နျေးတဝေ၏
ခေါင်းကိုထုချလိုက်၏။
ဤတစ်ခါတွင် ထိုလူက သူ့အားကို လုံးဝ ထိန်ချန်မထားခဲ့ပေ။နျေးတဝေ သူ့ဦးခေါင်းခွံကွဲသံကို ရှင်းရှင်းလင်းလင်းကြားလိုက်သည်။
သွေးတွေ ထွက်လာပြီး သူ့မျက်လုံးရှေ့မှာ အနီရောင်ပဲ ရှိတော့သည်။နျေးတဝေ မခံနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်က လှုပ်ခါသွားသည်။
ထိုလူက ၎င်းကိုအခွင့်အရေးယူပြီး သူ့ကို ကန်ထုတ်ခဲ့ပြီး အမှိုက်ပုံးဆီသို့ ဆက်လျှောက်သွားခဲ့သည်။
နျေးတဝေက မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ထိုလူ၏ တဖြည်းဖြည်း မှုန်ဝါးနေသော ပုံရိပ်ကို ကြည့်လိုက်သည်။ သူ့မှာ စဉ်းစားတွေးခေါ်နိုင်စွမ်း ဆုံးရှုံးသွားပုံရသော်လည်း တွေးတောရန် တွန်းအားဖြစ်စေသော စိုးရိမ်မှုတစ်ခုလည်း ရှိနေပုံရသည်။
——— အဲဒီလူ ဘယ်သွားနေတာလဲ...
"ဟင်း...ဟင်း…"
သူ အနည်းငယ် အသက်ရှူမဝဖြစ်လာသည်။
အဲဒီလူက အမှိုက်ပုံးဆီ သွားနေတယ်...
——— အဲဒီလူ အမှိုက်ပုံးကိုဖွင့်ရင် ဘာဖြစ်မလဲ...
"ဟောဟဲ ဟောဟဲ..."
အမှိုက်ပုံးကိုဖွင့်ရင် ထင်ထင်ကိုတွေ့လိမ့်မယ်...
——— ဒါဆို ထင်ထင်က ဘယ်သူလဲ...
ထင်ထင် ထင်ထင်…နျေးတဝေ၏ အသိစိတ် ရုတ်တရက် ကြည်လင်လာသည်။
သူ့အရိုး၊ သူ့အသွေးအသားနဲ့ သူ့အချစ်ရဆုံးသမီး...
သူသည် အမှန်တကယ်ပင် သူရဲဘောကြောင်သူဖြ
စ်သည်၊ သို့သော် သူသည် မည်သူ့ကိုမျှ ထင်ထင်၏ဆံဖျားလေးကိုပင် နာကျင်အောင် လုပ်ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
"ထင်ထင် ဖေဖေ လာနေပြီနော်..."
နျေးတဝေက ရေရွတ်လိုက်သည်။ သူ့လက်ချောင်းထိပ်တွေက မြေကြီးထဲကို တူးစိုက်ပြီး သူ့လက်တွေ ခြေတွေနှင့် တလှမ်းချင်း တွားသွားခဲ့၏။