အပိုင်း ၁၇၃
Viewers 29k

Chapter 173




ထောင်ရွှမ်၏ထွက်ပေါ်လာမူက မထင်မှတ်စရာကောင်းလွန်း၍ ကွင်းပြင်တစ်ခုလုံးကို ခဏတာ ကြောက်စရာကောင်းသည့် တိတ်ဆိတ်မှုတစ်ခုထဲကျရောက်သွားစေသည်။စက္ကန့်သုံးဆယ်လောက်ကြာသောအခါ ချီကျားကျစ်၏ တုန်လှုပ်နေသော အသံကို ကြားလိုက်ရသည်။ 


"သွေးတွေ...သွေးတွေအများကြီးပဲ"


သူက ထောင်ရွှမ်ကို ပွေ့ဖက်လိုက်ပြီး ထောင်ရွှမ်၏ ဒဏ်ရာကို လက်နှစ်ဘက်ဖြင့် အုပ်ကာ မြေကြီးပေါ်တွင် ထိုင်လိုက်သည်။ 


"ပိတ်လို့မရဘူး...ငါ ဘာလုပ်ရမလဲ... သွေးတွေအများကြီးထွက်နေတယ်...ကော မြန်မြန်သွား... ပတ်တီးနဲ့ အနာကျက်ဆေး ရှာ... မြန်မြန်"


"မရူးစမ်းနဲ့" 


ထောင်ရွှမ်က မတတ်သာစွာ ခေါင်းယမ်းလိုက်သည်။ 

"ဒါက ဆင်ခြေဖုံး... ဘယ်လိုလုပ် ပတ်တီး ရှိမှာလဲ"


"ဒါပေမဲ့... ဒါပေမဲ့ ပတ်တီးမရှိရင်... မင်းရဲ့ဒဏ်ရာကို ငါ ဘယ်လိုလုပ်ရမလဲ... ငါ ပိတ်လို့မရဘူးလေ..."


"ကောင်းပြီ... မငိုနဲ့" 


ထောင်ရွှမ်က နှစ်ကြိမ် ချောင်းဆိုးလိုက်သည်။

"ငါ့ကို အချိန်ခဏလောက်ပေး၊ အဆင်ပြေလား... ငါပြောစရာရှိတယ်"


ချီကျားကျစ်က နာခံမှုရှိရှိဖြင့် ပါးစပ်ကို ပိတ်လိုက်သော်လည်း မျက်ရည်များကို ထိန်းမရပေ။ထောင်ရွှမ်က သူ့မျက်ရည်များကို လက်လှမ်းကာ သုတ်ပေးသော်လည်း ၎င်းတို့ကအဆုံးမရှိသည်ကို တွေ့လိုက်ရသည်။ နောက်ဆုံးမှာ သူလက်လျှော့လိုက်ပြီး ဖုန်းကိုထုတ်လိုက်သည်။


"ကျဲ"


ကြက်သေသေနေသော ထောင်ရွှမ်ကို သူခေါ်လိုက်သည်။ 


"ကျဲပြောသမျှကို ကျွန်တော် မှတ်တမ်းတင်ပြီး ရဲကို ပို့လိုက်တယ်...သူတို့က ကျွန်တော့်နောက်မှာ မဝေးဘူး...မကြာခင် သူတို့ ဒီကို ရောက်လာလိမ့်မယ်... ရပ်လိုက်ကြရအောင်...ကျွန်တော်က ကျဲ...သတ်လိုက်တဲ့နောက်ဆုံးလူဖြစ်ဖို့ ကျွန်တော် မျှော်လင့်တယ်"


ထို့နောက် သူက ချီရှင်းချန်၏လက်ကို ကိုင်လိုက်သည်။ 

"ရှင်းရှင်းကော...ကောက ကျွန်တော့်ကိူ ဂရုစိုက်ဖို့ ကျားကျစ်ကို ခိုင်းထားတာ ကျွန်တော်သိပါတယ်...ကျေးဇူးတင်ပါတယ်... ဒီဘဝမှာ ကောကို ကျွန်တော့်အစ်ကိုအဖြစ်ပိုင်ဆိုင်ခွင့်ရလို့ အရမ်းကျေးဇူးတင်ပါတယ်"


တစ်ခါတည်း စကားအများကြီးပြောမိသောကြောင့်ဖြစ်မည်။ထောင်ရွှမ်က ခဏလောက် မောဟိုက်နေပြီးမှ ချီကျားကျစ်ကိုမော့ကြည့်လိုက်သည်။


"... မင်းဘာလို့ အခုထိ ငိုနေသေးလဲ... ယောက်ျားတွေ မငိုရဘူးလို့ မင်းပဲပြောတာမဟုတ်ဘူးလား...မငိုပါနဲ့...ငါ့စကားကိုနားထောင်ပါ"


"ကျားကျစ်... ငါ အသက် 17 နှစ်ရှိပြီ၊ မင်းနဲ့အတူရှိခဲ့တဲ့နေ့ရက်တွေက ငါ့အတွက်အပျော်ဆုံးနေ့တွေပဲ...မင်းနဲ့ဆုံတွေ့ခွင့်ရခဲ့တာက ဘယ်လို ကံကြမ္မာမျိုးလဲလို့ မကြာခဏ တွေးဖူးတယ်"


"ငါမင်းကိုတောင်းပန်ချင်တာလည်း ရှိတယ်... မင်းနဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲ အတူတူဖြေမယ်လို့ ငါကတိပေးခဲ့တယ်...အခု ငါကတိကို ဖျက်ရတော့မယ် ထင်တယ်... ဒါပေမဲ့ ငါမရှိလည်း မင်း စာမေးပွဲကို အလေးအနက်ထားရမယ်နော်ဟုတ်ပြီလား...ငါ မင်းကို ကောင်းကင်ကနေ ကြည့်နေမယ်"


"... အင်း...အစ်...အစ်" 

ချီကျားကျစ်က ရှိုက်ကြီးတငင် ငိုလာပြီး ရှိုက်သံများနှင့်ဆို့နင်နေသည်။


"ဒီလိုမှပေါ့… ကြည့်ပါဦး"


ထောင်ရွှမ်က ဖုန်းကို ထုတ်ရန် ရုန်းကန်နေရသည်။ ဖန်သားပြင်တွင် ၎င်းတို့နှစ်ဦးက ၎င်းတို့၏တည်နေရာကို မျှဝေထားသည်ကို ပြသထားသည်။ 

"ကြည့်... မင်းနဲ့ငါကိုကိုယ်စားပြုတဲ့ မြှားလေးနှစ်ချောင်းက ထပ်နေတော့ ငါတို့အမြဲအတူရှိနေမယ်လို့ ဆိုလိုတာပဲ...ကျားကျစ် ငါ့ကိုမလွမ်းနဲ့...မေ့လည်းမေ့မသွားနဲ့"


"ငါတို့အမြဲအတူရှိနေမယ်..."


ဖုန်းကိုကိုင်ထားသည့်လက်က ပျော့ခွေကျသွားသည်။


ထောင်ရွှမ်က ဇွန်လ ၃ ရက်နေ့တွင် ထာဝရနေရစ်ခဲ့သည်။


ခွဲစိတ်ရန်အချိန်မရှိခဲ့သလို ချီကျားကျစ်နှင့်ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန်လည်း အချိန်မရှိခဲ့ပေ။

..........


သူမမောင်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း အနွေးဓာတ်ဆုံးရှုံးလာသည်ကို ကြည့်ပြီး ထောင်ထောင် အကြာကြီး နှုတ်ဆိတ်နေခဲ့သည်။


သူမလက်ပေါ်ရှိ အေးစက်နေသည့် လက်ထိတ်များ၏အထိအတွေ့ကို ခံစားမိပြီးနောက်မှာမှ သူမ အသိပြန်ဝင်လာပြီး ဟိုးရှေးရှေးတုန်းက နွေရာသီကို သတိရမိသွားသည်။


ထိုနွေမှာ သူမ၏မိဘများ ကားမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့သည်။ သူမ၏ ဆွေမျိုးသားချင်း တစ်ယောက်မှ နောက်ထပ် ကလေးနှစ်ယောက်ကို ထပ်ပြီး မမွေးချင်ကြပေ။ အချို့သော ဆွေးနွေးမှုအပြီးတွင် သူတို့က သူမတို့မောင်နှမငတ်မသေစေရန်အတွက် မိသားစုတစ်ခုစီမှ သူမတို့မောင်နှအား တစ်လလျှင် ယွမ်ဒါဇင်အနည်းငယ်ပေးမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။


ထောင်မိသားစုတွင် ဆွေမျိုးများစွာရှိပြီး ထောင်ထောင်က လစဉ် ယွမ် ၅၀၀ ကျော် ရရှိခဲ့သည်။ဤငွေတွေက သူတို့ ကို ငတ်သေစေမှာ မဟုတ်ပေ။သို့ပေမဲ့ သူတို့ နှစ်ယောက်လုံးက ကျောင်းတက်ရပြီး ကျောင်းလခက ကြီးကြီးမားမား ကုန်ကျသည်။နောက်ပြီး သူတို့က အဝတ်အစားတွေ ဝတ်ရသည် မဟုတ်ပါလော။ရေခ၊ မီတာခ၊ ဓါတ်ငွေ့ဖိုးတေတွေ ပေးရသည် မဟုတ်ပါလော။ မိန်းကလေးတစ်ယောက်အနေဖြင့် သူမက သက်သတ်လွတ်စား၍ရသည်။ သို့သော်လည်း ထောင်ရွှမ်က ကြီးထွားနေချိန်ဖြစ်ပြီး သူ၏ အရပ်က မိုးမခပင်ကဲ့သို့ ဖြစ်၍ သူ့အတွက် အာဟာရမလောက်ငှပေ။


ထောင်ရွှမ်က အလွန်သိတတ်ပြီး မည်သည့်အခါမျှ တောင်းဆိုမှုများ မပြုလုပ်ခဲ့သော်လည်း ကလေးများက မည်သို့ဖုံးကွယ်ရမည်ကို မသိကြပေ။ဘေးအိမ်မှ အသားဟင်းနံ့တွေ လွင့်ပျံလာတိုင်း ထောင်ရွှမ်က သူ့နှာခေါင်းနှင့် ဗိုက်ကို အုပ်ထားတတ်သည်။


၎င်းကို ထောင်ထောင် မြင်လိုက်တိုင်း သူမကိုယ်တိုင် ဗိုက်ဆာသည်ထက်ပင် ပိုဆိုးသလို ခံစားရသည်။


သူမ၏မိဘများမရှိတော့သည်ဖြစ်ရာ ထောင်ရွှမ်က သူမ၏တစ်ဦးတည်းသောမိသားစုဝင်ဖြစ်သည်။သူမမှာ ထောင်ရွှမ်ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန် တာဝန်နှင့်ဝတ္တရားရှိသည်ဟု သူမ ယုံကြည်သည်။ထောင်ရွှမ် မသိအောင် သူမ အလုပ်တွေစလုပ်ခဲ့သည်။ အသက်မပြည့်သေးသောကြောင့် တရားဝင်နေရာများသို့ မသွားနိုင်ခဲ့ပေ။သူမ စားသောက်ဆိုင်များ၊ KTVများ၊ နိုက်ကလပ်များနှင့် လူကောင်းလူဆိုးများ ရောထွေးနေသည့် အခြားနေရာများကိုသာ ရှာဖွေနိုင်ခဲ့သည်။


သူမက နူးညံ့သိမ်မွေ့ပြီး လှပသော မိန်းကလေးတစ်ဦးဖြစ်သည်။ ခြေချောင်းတွေကို အသုံးပြုပြီး တွေးနေလျှင်ပင် သူမ ကြုံတွေ့ရမည့်အရာတွေကို သူမသိသည်။သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ငြှိနေသော မသတီဖွယ် အကြည့်များကို မကြာခဏ ခံစားရနိုင်သည် ၊၎င်းတို့သည် ပိုမိုကောင်းမွန်သော ဖောက်သည်များဖြစ်သည်။


သူတို့ အရက်မူးလျှင် သူမကို တိုက်ရိုက် ပရောပရည်လုပ်မည်။ အချို့သော ဖောက်သည်များက သူမအား ၎င်းတို့နှင့်အတူ သောက်ရန် အတင်းအကျပ်ခိုင်းစေရန် ၎င်းတို့၏ သြဇာနှင့် အာဏာကိုပင် အားကိုးကြသည်။ မဟုတ်လျှင် သူတို့က သူမကိုKTV ထဲက နှင်ထုတ်ပစ်လိမ့်မည်။


အဆုံးတွင် သူမ အလျှော့ပေးခဲ့ရသည်။ သူမ ဤအလုပ်ကို အလွန်ကိုမှလိုအပ်သည်။ ထိုညက သူမမူးပြီး အိမ်ပြန်သွားခဲ့၏။ သူမ၏ အိတ်ထဲတွင် KTV သူဌေးကထိုးထည့်ပေးလိုက်သည့် ပိုက်ဆံများ ပါသွားခဲ့သည်။ သူမ ပိုက်ဆံတွေကို အိတ်ကပ်ထဲထည့်လိုက်ပြီး ဝမ်းသာအားရ ပြုံးလိုက်သည်။


"ရှောင်ရွှမ် ငါတို့ တစ်လလောက် အသားစားလို့ရပြီ"


ထိုနေ့ကစပြီး ထောင်ထောင် အပြင်ထွက်အလုပ်လုပ်တိုင်း သူမအနောက်မှာ အရိပ်တစ်ခုကို အမြဲခံစားနေရသည်။


ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ် ထောင်ရွှမ်က များစွာမသိသော်လည်း သူ့နည်းသူ့ဟန်ဖြင့် သူမကို မည်သို့ကာကွယ်ရမည်ကို သူသိသည်။


တစ်ခါတုန်းက ဖောက်သည်တစ်ယောက်က သူမကို အနိုင်ကျင့်သည့်အချိန်မှာ ထောင်ရွှမ် အပြေးထွက်လာပြီး ထိုသူ့ကို ရိုက်နှက်ခဲ့သည်။ ထိုအချိန်က သူမ ထောင်ရွှမ်၏ ဒဏ်ရာများကို ဆေးရုံတွင် ကုသပေးရင်း သူ နေမကောင်းဖြစ်နေသည်ကို သိလိုက်ရသည်။


မြင့်မားသော ဆေးဝါးစရိတ်များဖြင့် ရင်ဆိုင်နေကြရသော မောင်နှမနှစ်ယောက် တစ်ညလုံး မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။ မိုးလင်းသောအခါထောင်ရွှမ်က သူမကိုပြောသည်။


"ကျဲ ဆေးရုံမသွားချင်ဘူး...အရမ်းအေးပြီး ငြီးငွေ့စရာကောင်းတယ်...ကျွန်တော့်ဘဝရဲ့ လက်ကျန်အချိန်တွေကို ကျဲကိုဂရုစိုက်ရင်းကုန်ဆုံးချင်တယ်"


ထောင်ထောင်က ဘာမှပြန်မပြောခဲ့ဘဲ မောင်ဖြစ်သူ၏ရောဂါကို ကုသရန်အတွက် ငွေရှာရန် တိတ်တိတ်လေး ကြံရွယ်ခဲ့သည်။


ထွက်လမ်းကအမြဲရှိနိုင်သည်။ သိပ်မကြာခင်မှာပဲ သူမကို ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှ အနုပညာကင်းထောက်တစ်ယောက်က တွေ့ရှိခဲ့ပြီး ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်ရောက်ရန် ထိုကုမ္ပဏီနှင့် လက်မှတ်ရေးထိုးခဲ့သည်။ထောင်ရွှမ်က သူမ၏လျှို့ဝှက်ကိုယ်ရံတော်မဖြစ်နိုင်တော့ဘဲ နေ့တိုင်းအတန်းပြီးသောအခါ အိမ်စာလုပ်ကာ သူမအတွက် ထမင်းဟင်းချက်ပြီး ပြန်လာမည့်အချိန်ကို စောင့်ရလေသည်။


အလုပ်က ညကိုးနာရီမှာပြီးချိန်၌ ထောင်ထောင် ပူပူနွေးနွေး ထမင်းတစ်နပ် စားရသည်။


အလုပ်က ညဆယ့်တစ်နာရီမှာပြီးချိန်၌ ထောင်ထောင် ပူပူနွေးနွေး ထမင်းတစ်နပ် စားရသည်။


ညသန်းခေါင်မှာမှ အလုပ်ပြီးလျှင်လည်း ထောင်ထောင် ပူပူနွေးနွေး ထမင်းတစ်နပ်ကို စားရဆဲဖြစ်လေသည်။


ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပျက်စီးယိုယွင်းနေသည့် ရပ်ကွက်ထဲကို သူမပြန်လာသည့်အချိန်တိုင်း သူမအိမ်ပြတင်းပေါက်ကလာသည့် အလင်းရောင်ကို သူမမြင်ရ၏။


တစ်ယောက်ယောက်က သူမအိမ်ပြန်အလာကို စောင့်နေခဲ့သည်။


နောက်ပိုင်းတွင် သူမ၏ကျော်ကြားမှု တိုးလာသည်နှင့်အမျှ သူမ အလုပ်များသထက်များလာကာ ရံဖန်ရံခါ တစ်ညလုံး အပြင်မှာပဲနေရလေ့ရှိသည်။သို့သော် ညတိုင်း ထောင်ရွှမ် အိပ်မပျော်နိုင်မဖြစ်ရအောင် ထောင်ရွှမ်ကို သူမလုံခြုံကြောင်းပြောပြရန်ဖုန်းဆက်လေ့ရှိသည်။ 


သူမ ငွေပိုရလာသည်နှင့်အမျနောက်ဆုံးတွင် ထောင်ရွှမ်ကို ဆေးကုသရန် ဆေးရုံသို့ ပို့နိုင်ခဲ့သည်။ ဆေးရုံပို့ပြီးသည့်နောက် မောင်ဖြစ်သူကို "ငါအားတာနဲ့ သေချာပေါက် မင်းလာတွေ့မှာပါ"ဟု ကတိပေးခဲ့၏။


ထောင်ထောင်၏ မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်နေမှုမှာ ထင်ရှားသည်။ထောင်ရွှမ်က တငေးတမောခေါင်းညိတ်ပြခဲ့၏။


နောက်ဆုံးတွင် သူက သူ့အစ်မအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာဆဲဖြစ်သည်။


နောက်ပိုင်းမှာ...


နောက်ပိုင်းမှာ သူမ ယောက်ျားတစ်ယောက်ကို ချစ်မိသွားသော်လည်း ထိုယောက်ျားက သူမကို ပြန်မချစ်ခဲ့ပေ။ သူမ အကြောက်လွန်ကာ ထိုလူကို ရအောင်ယူရန် နည်းလမ်းအားလုံးကို အသုံးပြုခဲ့သည်။


နောက်ဆုံးတွင် သူမ သူ့ကို မဖမ်းမိရုံမက သူမကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့သည်။


ထို့နောက် သူမ ပြန်လည်မွေးဖွားလာခဲ့ပြီး အကြောင်းအရာတချို့ကိုသူမသိလာသည်။သူမက ဝတ္ထုတစ်ပုဒ်၏ ဇာတ်လိုက်မဖြစ်ကြောင်းနှင့် ထိုယောက်ျားက သူမကို ချစ်မိသွားရမှာဖြစ်သည့်အကြောင်းကိုပင်။


သူမပိုင်ဆိုင်သမျှ အရာအားလုံးကို အခြားသူတစ်ဦးက လုယူသွားခဲ့သည်။ 


သူမ ထိုသူ့ကို မုန်းသည်။


ကံကောင်းထောက်မစွာ၊ ကောင်းကင်က သူမကို ပြန်လည်မွေးဖွားရန် အခွင့်အရေးပေးခဲ့သည်။


သူမ၏မှတ်ဉာဏ်အားသာချက်ဖြင့်၊ သူမ အစကတည်းက သေသေချာချာ၊ အဆင့်ဆင့်၊ တစ်ဆင့်ပြီးတစ်ဆင့် စီစဉ်ခဲ့သည်။သို့ပေမဲ့ သူမဘာပဲလုပ်လုပ် ပိုင်ရဲ့က ချီရှင်းချန်ကို ချစ်နေဆဲဖြစ်ပြီး သူမကိုကြည့်ရန်ပင် စိတ်မ၀င်စားပါချေ။


သူမ ပိုပို၍ နာကျည်းလာကာ နည်းလမ်းအားလုံးကို စတင်အသုံးပြုလာသည်။ သူမ တွက်ချက်မှုတွေနှင့်အကြံအစည်တွေပေါ်မှာပဲ လုံးလုံးလျားလျား အာရုံစိုက်ထားခဲ့သဖြင့် ထောင်ရွှမ်ကို လျစ်လျူရှုမိခဲ့သည်။


နှစ်သစ်ကူး ပထမနေ့တွင် မန်နေဂျာ၏ သတိပေးချက်ကြောင့် သူမ ဆေးရုံသို့ သွားခဲ့သည်။ထိုနေ့မှာ ထောင်ရွှမ်က သူမကို မေးခွန်းတစ်ခုမေးခဲ့သည်။


"ကျဲ အခုပျော်နေရဲ့လား"


ထိုအချိန်တုန်းက သူမ အမုန်းတရားများကြောင့် မျက်ကန်းဖြစ်နေသဖြင့် သူမခေါင်းထဲမှာ ချီရှင်းချန်ကို ဖျက်ဆီးပြီး ပိုင်ရဲ့ကို ပြန်အရယူရန် အတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့ကို ပျော်နေတယ်ဟု သူမ ပြောခဲ့သည်။


ယခုအချိန်မှပဲ ၎င်းကို သူမ သဘောပေါက်သွားခဲ့သည်-


ဘဝနှစ်ခုတွင် လူသားတစ်ဦးအနေဖြင့် သူမ၏ အပျော်ဆုံးနေ့များသည် အဆင်းရဲဆုံးနေ့များဖြစ်သည်။ သူမမောင်က ကျေနပ်သည့်အမူအရာပြနေသရွေ့ သူမအတွက်အချိန်အကြာကြီးပျော်ရွှင်ရန် လုံလောက်လေသည်။


သူမ အလွမ်းဆွတ်ဆုံးအရာက သူမ လက်လှမ်းမမှီသော လူမဟုတ်ဘဲ အမှောင်လမ်းကြားထဲကနေ သူမကို စောင့်ကြပ်ပေးနေသော အရိပ်၊ အိုးထဲက အမြဲပူနွေးနေသော အစားအစာများနှင့်တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ပြီးနောက် မော့ကြည့်လိုက်သောအခါ မြင်လိုက်ရသည့် နွေးထွေးသောအလင်းရောင်ဖြစ်လေသည်။


ယင်းက အိမ်၏ သက်သေပါပင်။


ယခုအချိန်တွင် သူမက သူမ၏ တစ်ဦးတည်းသော မိသားစုဝင်အား သူမလက်ဖြင့် သတ်ခဲ့ပြီး သူမ၏အိမ်ကို သူမ၏ကိုယ်ပိုင်လက်များဖြင့် အစိတ်စိတ်အမြွှာမြွှာစုတ်ဖြဲပစ်ခဲ့သည်။


သူမ မြေကြီးပေါ်တွင် ဒူးထောက်ကာ ငယ်အစဥ်အခါက ကလေးကစားကွင်းကိုသွားစဥ်ကကဲ့သို့ သူမမောင်လေး၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ တိတ်ဆိတ်စွာ ပြုံးပြီး အသံဖမ်းဘောပင်ကို ချီရှင်းချန်ကို ပြန်ပေးကာ ရဲကိုပြောလိုက်သည်။


"ကျွန်မမှာ အပြစ်ရှိပါတယ်...ကျွန်မကို ခေါ်သွားပါ"


မည်သို့ပင်ဖြစ်စေ သူမက အများသိပုဂ္ဂိုလ်တစ်ယောက်ပင်။ထောင်ထောင် အဖမ်းခံရသည်ဆိုသည့် သတင်းထွက်လာချိန်မှာ Weiboတွင် ပေါက်ကွဲသွားခဲ့သည်။


[F*ck...ဒါက ငါသိတဲ့ထောင်ထောင်လား... 'သမုဒ္ဒရာနှလုံးသား' မှာ သရုပ်ဆောင်ခဲ့တဲ့ ထောင်ထောင်လား... ဒါက သတင်းအတုပဲ လား... သူက အရမ်းနူးညံ့သိမ်မွေ့ပြီး အန္တရာယ်မရှိတဲ့ပုံလေးကို]


[ကျားအရေကဆွဲရလွယ်ပေမဲ့ ကျားအရိုးကဆွဲရခက်တယ်...လူတစ်ယောက်ရဲ့မျက်နှာကို သိနိုင်ပေမဲ့ သူ့နှလုံးသားကို မသိနိုင်ဘူး...ဟီးဟီး]


[အိုးမိုင်ဂေါ့ ...ဒီကောင်မက ဆိုက်ကိုလား... သူ ညဘက်အိပ်ရောပျော်လား... သူ့အသက်ကိုယူဖို့ တစ္ဆေတွေအများကြီး လာမှာကို သူ မကြောက်ဘူးလား]


[အွတ် ငါ အန်မိတော့မယ်...လောကကြီးမှာ ဒီလောက်ရက်စက်တဲ့လူရှိမယ် မထင်ထားဘူး...သူခန္ဓာကိုယ်အပြည့်အစုံမရှိဘဲသေဖို့ ငါမျှော်လင့်တယ်...သူ့ခန္ဓာကိုယ်ကို ခွေးတွေစား... အိုး ခွေးတွေ ပါးစပ်ပဲ ညစ်ပတ်သွားလိမ့်မယ်... သူ့ကို အပုတ်ရေပဲဖြစ်ခိုင်းလိုက်ရအောင်... တိရိစ္ဆာန်လေးတွေကို ဒုက္ခမပေးတော့ဘူး]


[ဘာလို့ သူ့ကို အခု မနှိပ်စက်နိုင်ရတာလဲ... ကောင်းကင်ဘုံက လူတွေရဲ့စိတ်ဝိညာဥ်ကို နှစ်သိမ့်နိုင်စေဖို့ သူ့ကို ဓားချက်တစ်ထောင်နဲ့ အပိုင်းပိုင်းဖြစ်အောင်ခုတ်သင့်တယ်]


[ဓားချက်တစ်ထောင်နဲ့သတ်တာ မလုံလောက်ဘူး... သူ တိရိစ္ဆာန်အဖြစ် ဝင်စားပြီး လူသားအဖြစ် ဘယ်တော့မှပြန်ဖြစ်မလာတော့ဖို့ မျှော်လင့်တယ်... သူသတ်ခဲ့တဲ့ လူတွေအတွက် အမြဲတမ်း နွားတစ်ကောင်၊ မြင်းတစ်ကောင် ဖြစ်လိမ့်မယ်... သူက လူသားတစ်ယောက်ဖြစ်ဖို့ လုံးဝ မထိုက်တန်ဘူး!!!]


.....


ကံမကောင်းစွာဖြင့်၊ချီရှင်းချန်မှာ ထိုကျိန်စာများကို ဖတ်ရန် အချိန်မရှိခဲ့ပေ။မနေ့ညနေက ရဲတွေရောက်လာပြီးနောက် သူတို့ ရဲစခန်းကို လိုက်သွားကာ မှတ်တမ်းယူရာမှာပူးပေါင်းပေးပြီး အထောက်အထားတွေကို တင်သွင်းခဲ့သည်။ ထို့နောက် ရဲစခန်းက သူတို့ကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် နျေးတဝေ၏ဦးခေါင်းဒဏ်ရာက ကြီးနေသော်လည်း မသေခဲ့ပေ။ အရေးပေါ် ကုသမှု ခံယူပြီးနောက်တွင် သူ၏ အရေးကြီးသော လက္ခဏာများ တည်ငြိမ်လာပြီး သူနိုးလာပြီးနောက် ထောင်ဒဏ် ချမှတ်ခံရနိုင်သည်။


ထောင်ရွှမ်၏ ရုပ်အလောင်းကို ရဲများက တိုက်ရိုက်ယူဆောင်သွားခဲ့သည်။ ချီရှင်းချန်၏တောင်းဆိုချက်အရ ၎င်းကို အလွန်လျောက်ပတ်စွာ ကိုင်တွယ်ခဲ့သည်။ မိတ်ကပ်လိမ်းပေးသည့် အလှပြင်ဆရာ၏ အဆိုအရ သူ့မျက်နှာမှာ တစ်ချိန်လုံး အပြုံးတွေ ရှိနေသဖြင့် သူက ကောင်းကင်ဘုံသို့ ပြန်သွားခြင်းဖြစ်ရမည်ဟုဆို၏။


မှန်ပါသည်၊ နတ်သားများသည် ကောင်းကင်ဘုံ၌ ရှိသင့်သည်။


ထောင်ထောင် အဖမ်းခံရပြီးနောက်၊ ချီရှင်းချန် နှင့် ချီကျားကျစ် တို့သည် သူမ၏ ပစ္စည်းများကို စုစည်းရန် သဘာဝအတိုင်း တာဝန်ယူခဲ့ကြသည်။ချီကျားကျစ်အတွက် ထောင်ရွှမ်၏နေအိမ်သို့ သွားရောက်ပြီး ထောင်ရွှမ်ကြီးပြင်းရာနေရာကို ပထမဆုံးအကြိမ် မြင်လိုက်ခြင်းပင်။


အခန်းသန့်ရှင်းရေးလုပ်ပြီးနောက် ချီကျားကျစ်ကဆိုသည်။


"ကော... မင်းအရင်ထွက်သွားလို့ရမလား... ငါသူနဲ့ခဏလောက်နေချင်တယ်"


ချီရှင်းချန်က သူ့ဆံပင်တွေကို ပွတ်သပ်ပြီး သူ့ညွှန်ကြားချက်အတိုင်း ထွက်သွားခဲ့သည်။


တစ်ချိန်တည်းမှာပင်၊ ခိုင်လုံသောသက်သေအထောက်အထားများနှင့် ထောင်ထောင်၏ဝန်ခံမှုကြောင့် ထောင်ထောင်အတွက် ချီကော်ပိုရေးရှင်းမှ ဝန်ထမ်းဟောင်းများကို လာဘ်ထိုးခဲ့သော လျှို့ဝှက်ဆန်းကြယ်သောလူကို အလျင်အမြန်ဖမ်းဆခဲ့သည်။


ကြိုးကိုင်သူအား တရားခွင်သို့ ပို့ဆောင်လိုက်သည်ကို တွေ့လိုက်ရသဖြင့် လျှို့ဝှက်ဆန်းကြယ်သောလူက အမည်ဝှက်ဖြင့် ပြေစာအတုများအသုံးပြုခြင်းပြစ်မှုကို လျင်မြန်စွာ ဝန်ခံခဲ့သည်။ချီကော်ပိုရေးရှင်း၏ အခွန်ရှောင်မှု ကိစ္စ၏ အမှန်တရားကို ထုတ်ဖော်ခဲ့သည်။ဘဏ္ဍာရေးသတင်းစာများ၊ ဘဏ္ဍာရေးသတင်းများနှင့် "ချီကော်ပိုရေးရှင်း ဆုံးခန်းတိုင်သွားပြီ" ဟု ယုံကြည်ခဲ့သော အစုရှယ်ယာရှင်များ အားလုံးက အဆက်မပြတ် မကျေမနပ် ပြောဆိုကြသည်။ချီကော်ပိုရေးရှင်း၏ စတော့ရှယ်ယာများ အလင်းအဟုန်ဖြင့် တက်လာသည်ကို ကြည့်ရင်း မျက်ရည်များကို သုတ်ကြသည်။


တစ်ပတ်နီးပါး ထိန်းသိမ်းခံထားရသော ချီယွမ်ရှောင်က နောက်ဆုံးတွင် နေ့အလင်းရောင်ကို ပြန်လည်မြင်တွေ့ခဲ့ရသည်။


ချီမိသားစုသည် နောက်ဆုံးတွင် ဤကပ်ဆိုးကြီးမှ လွတ်မြောက်ခဲ့ပြီး ပြန်လည်ပေါင်းစည်းခဲ့သည်။


ထိုညမှာ အဖေချီက ဝိုင်နီပုလင်းတချို့ကိုဖောက်ပြီး အမိန့်ပေးသည်။

"ဘယ်သူမှ ဝိုင်ကို တွန်းထုတ်ခွင့် မပေးဘူး...ကံဆိုးမှုကို ဖယ်ရှားလိုက်တာလို့ပဲ မှတ်လိုက်ပ

ါ...ရှောင်ပိုင်လည်း အဖေနဲ့အတူတူ သောက်ရမယ်"


ပိုင်ရဲ့ သဘောမတူဘဲမနေဝံ့ပေ။အဖေချီနှင့် သူ့မိဘတွေက သားဖြစ်သူကို အသိအမှတ်ပြုသည့်အခါမှာ ညီတူညီမျှ အလျော့ပေးရန်ဆန္ဒရှိကြသည်ဟု သူ့ဘာသူတွေးမိသည်။