အပိုင်း ၁၇၄
Viewers 38k

Chapter 174



စားသောက်ရင်း မိသားစု စကားစမြည်ပြောကြသည်။လျန်မိသားစု၏အကူအညီအကြောင်းပြောသောအခါတွင် အဖေချီ သူနှင့် ဦးလေးလျန်တို့ လုပ်ငန်းအတူတကွစတင်ခဲ့သည့် ထူးခြားသောနှစ်များကို ပြန်လည် သတိရမိသွားသည်။ကျိယွီတုန်၏ "အလောင်းအစား သဘောတူညီချက်" ဟုခေါ်သည့် ငွေအရင်ပေးပြီး နောက်ပိုင်းမှာ ဈေးသတ်မှတ်ပေးမည့်အကြောင်း ပြောကြသည့်အခါ ချီယွမ်ရှောင်က မျက်မှောင်ကြုတ်ပြီး စကားနှစ်ခွန်းနှုတ်ကထွက်လာသည်။ 


"ခေါင်းပုံဖြတ် အမြတ်ကြီးစားတဲ့ကောင်"


"ကော" 

ချီရှင်းချန်က စပ်စုသည်။ 

"ကျိကောက တော်တော်လေးကောင်းတဲ့လူပါ... ဘာလို့ သူ့ကို ဒီလိုပြောတာလဲ"


ချီယွမ်ရှောင်ကဆို၏။


"မင်းက သူနဲ့ အကြိမ်နည်းနည်းပဲ ဆက်ဆံဖူးတော့ သူ့အကြောင်းကိုဘယ်သိမှာလဲ...သူက ဘယ်တော့မှ အရှုံးမခံတတ်တဲ့ လူစားမျိုး... ဒီအချိန်မှာ သူကငါတို့ကို ကူညီပေးခဲ့ပေမဲ့ ချီမိသားစု ပြန်ကောင်းလာတဲ့အခါ မင်းနဲ့ငါဆီက သန်း 800 ကို ဖြည်းဖြည်းချင်း ပြန်ရလိမ့်မယ်...နှစ်ကုန်မှာ ရဲ့ရှင်းရဲ့ ရှယ်ယာတွေကို သူဘယ်လို ကိုင်တွယ်လဲဆိုတာကို မင်းတွေ့မြင်ရလိမ့်မယ်"


ချီရှင်းချန် သူ့အစ်ကို၏ပုံစံက မထီမဲ့မြင်ပြုပုံပေါက်နေသော်လည်း သူ့လေသံက ကျေးဇူးတင်မှုအပြည့်ရှိနေမှန်းပြောနိုင်၏။


သူ"ဟုတ်လား" ဟု ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။


"ယုံလိုက်... အဲဒီတုန်းက သူနဲ့ပေါချီကော်ပိုရေးရှင်းက ပေါချန်ကို ငါတို့ကျောင်းရဲ့ ထိပ်တန်း လူသတ်သမား သုံးယောက်လို့ ခေါ်ကြတယ်"


ထိပ်တန်း လူသတ်သမား သုံးယောက်...


ချီရှင်းချန် သူ အလွန်အကျွံသောက်မထားဟုထင်မိသည်။သူ ခေါင်းလေးစောင်းကာမေးလိုက်၏။

"ထိပ်တန်း လူသတ်သမား သုံးယောက် မဟုတ်ဘူးလား...ကျန်တဲ့ တစ်ယောက်က ဘယ်သူလဲ"


ချီယွမ်ရှောင်က အကြာကြီး နှုတ်ဆိတ်နေပြီးမှ အမူအရာမဲ့စွာဆိုလေသည်။

"ငါပဲ" 


ချီရှင်းချန်: "..."


"ဟားဟားဟား"


ထောင်ရွှမ် အကြောင်းပြောကြသောအခါ အားလုံး၏ မျက်လုံးများ စိုစွတ်သွားကြသည်။အဖေချီကဆိုသည်။

"သူက လူတော်လူကောင်းလေးပါ...လာသူ့အတွက် တစ်ခွက်တိုက်ကြရအောင်"


လူတိုင်းက တစ်ကျိုက်တည်း သောက်ပြီးလိုက်ကြပြီး နှလုံးသားထဲမှာ သူ့ကို တိတ်တိတ်လေး ဆုတောင်းပေးလိုက်ကြသည်။


"စကားမစပ်" 

ချီယွမ်ရှောင်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ 


"ရှင်းရှင်း ငါတို့မိသားစု မဒုက္ခရောက်ခင် မင်းက တစ်ခုခုဖြစ်သွားလို့ ရင့်ကျက်လာတယ်လို့ မင်းပြောခဲ့တယ်... ဘာဖြစ်တာလဲ"


ချီရှင်းချန် အံ့အားသင့်သွားသည်။


သူ့အစ်ကို မပြောလျှင် သူ မေ့နေမှာဖြစ်၏။


ထိုအချိန်က ချီမိသားစုက ဤမျှကြီးမားသော အတားအဆီးနှင့် ကြုံတွေ့ရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူင စာအုပ်ထဲကိုကူးပြောင်းလာသူဖြစ်ကြောင်း သူ၏မိသားစုကို ပြောပြရန် သင့်တော်သောအချိန်ကို စောင့်ဆိုင်းရန် ပြင်ဆင်ခဲ့သည်။


တကယ်တမ်း ပြန်တွေးကြည့်သောအခါ အားလုံးပြေလည်သွားပြီဖြစ်ကာ ယခုက ဝန်ခံရန် အကောင်းဆုံးအချိန်ပါပင်။ချီရှင်းချန် ပြုံးလိုက်သည်။ 


"ကော မှတ်မိသေးလား ...ကျွန်တော် တစ်ခုခုဖြစ်သွားတယ်လို့ပြောတဲ့ဟာက တောင်ပေါ်မှာ ရိုက်ကူးနေတဲ့အချိန်က မတော်တဆမှုသေးသေးလေးတစ်ခု ဖြစ်ပြီး တောင်ပေါ်ကချော်ကျလုနီနီးဖြစ်ခဲ့တယ်... အဲဒီအချိန်မှာ ဘဝက အင်မတန်တန်ဖိုးရှိတဲ့အကြောင်း ရုတ်တရက် သိလိုက်ရတယ်...မရေရာမသေချာတဲ့ပုံစံနဲ့ ဆက်မနေထိုင်ချင်တော့ဘူး...အဲဒါကြောင့် ကျွန်တော် အရွယ်ရောက်လာပြီး လူသားတစ်ယောက်ဖြစ်ဖို့ သင်ယူခဲ့တယ်"

[T/N ဝန်ခံတာမပါဘူး]


ချီမိသားစုက ချီရှင်းချန်၏စကားကို အမြဲယုံကြည်ခဲ့သည်။၎င်းတို့သည် ရိုက်ကူးရေးအဖွဲ့သားများ၏ ဘေးကင်းရေး အစီအမံများ လုံလောက်မှု မရှိသည့်အတွက် ချက်ချင်းပင် ဒေါသထွက်ခဲ့ကြသည်။သူ့ကို သရုပ်ဆောင်အလုပ်ကနေ နုတ်ထွက်ရန်နားချဖို့ကိုလည်း အစွမ်းကုန်ကြိုးစားခဲ့သည်။ ရိုက်ကူးရေးက အန္တရာယ်များပြီး ပင်ပန်း၏။ အိမ်ပြန်ပြီး မိသားစုပိုင်ဆိုင်မှုကို အမွေဆက်ခံသည်က ပိုကောင်းသည်။မည်သို့ပင်ဖြစ်စေ သူ့လက်ထဲမှာ ကုမ္ပဏီတစ်ခုရှိပြီး ပေါ့ပေါ့ပါးပါး သူဌေးဖြစ်နိုင်၏။


ချီရှင်းချန်က သူ့မိသားစု၏နားချမှုကို ခေါင်းညိတ်ခေါင်းခါ မလုပ်ခဲ့ပေ။


ဖြစ်ကောင်းဖြစ်နိုင်သည်က ...သူ၏ပထမဆုံးရုပ်ရှင်က သူ၏နောက်ဆုံးရုပ်ရှင်လည်းဖြစ်လာနိုင်သည်။

   

အမှု၏ရှုပ်ထွေးမှု၊ ပါဝင်ပတ်သက်သူအရေအတွက်နှင့် သက်သေအထောက်အထားများ စုဆောင်းမှုတို့ကြောင့် ထောင်ထောင်၏အမှုကို နောက်ပိုင်းရက်များတွင် ထုတ်ပြန်ကြေညာရမည်ဖြစ်သည်။


"နေဝန်းနီနီ" နှင့် လဝက်ကျော် ဝေးကွာပြီးနောက်၊ချီရှင်းချန် အိမ်တွင် ဆက်လက်နေထိုင်ရန် အလွန်ရှက်ရွံ့ခဲ့သည်။ သူ့မိသားစုကို အခြေအနေကို ရှင်းပြပြီးနောက် ပိုင်ရဲ့နှင့် ထွက်သွားခဲ့သည်။ 


မထွက်ခင်မှာ အဖေချီက ပိုင်ရဲ့၏လက်ကို ဆုပ်ကိုင်ထားပြီး ချီတုံချတုံဖြင့်ဆိုလေသည်။

"ရှောင်ပိုင်...ရှင်းရှင်းက မင်းကို အနိုင်ကျင့်ရင် အဖေ့ကို တိုက်ရိုက်ပြောကွာကြားလား... အဖေ မင်းအတွက် သူ့ကို သင်ခန်းစာပေးပေးမယ်"


"ကောင်းပါပြီ" 

ပိုင်ရဲ့က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ 

"ကျွန်တော် သူ့ကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်...ဦးလေးလည်း ဂရုစိုက်ပါ"


"ဟေး...အိမ်ကိုလည်း ခဏခဏ လာလည်"


"ကျွန်တော် ဦးလေးကိုခဏခဏတွေ့ဖို့ သေချာပေါက် လာခဲ့မယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို လိုက်မပို့ပါနဲ့"


သူတို့ အပြင်ထွက်တိုင်းလိုပဲ၊ ချီမိသားစုက သူတို့နှစ်ယောက် VIP လမ်းကြောင်းထဲကို ဝင်သွားသည်ကို ကြည့်နေခဲ့ကြသည်။သူတို့နောက်ကလူတွေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်တော့သည့်အခါမှ ပိုင်ရဲ့ကမေးသည်။

"မင်း အပြင်ထွက်တိုင်း အမြဲတမ်း ဒီလိုတခမ်းတနား ထွက်တာလား" 


"အနည်းနဲ့အများပေါ့" 

ချီရှင်းချန်က ခဏလောက် စဉ်းစားလိုက်သည်။ 

"ကျားကျစ်လည်းအရင်ကပါတယ်... စာမေးပွဲကို ထိခိုက်မှာ စိုးလို့ဒီတခေါက် သူ့ကို မပြောခဲ့ဘူး"


ပိုင်ရဲ့"ဪ" ဟု ပြန်ဖြေပြီး သူ့အတွက် အချိန်အတော်ကြာ စိတ်အနှောင့်အယှက်ဖြစ်စေသည့် မေးခွန်းတစ်ခုကို မေးလိုက်၏။ 

"ဒါဆို မင်းက ကိုယ့်ကို အနိုင်ကျင့်နေတယ်လို့ ဦးလေးက ဘာလို့ အမြဲခံစားနေရတာလဲ...သူက ကိုယ့်ဘက်ကနေကူပေးမယ်လို့ အကြိမ်ကြိမ် ပြောတယ်"


ချီရှင်းချန်: "…"


သူ့အဖေရဲ့ နှလုံးသားထဲမှာ သူ့သားက အမြဲတမ်း ရက်စက်တဲ့ A ဖြစ်တဲ့အကြောင်း ပိုင်ရဲ့ကို ပြောရမှာလား...


ဟုတ်တာပေါ့... သူ ဒါကို မပြောနိုင်ဘူး...

သူ ပိုင်ရဲ့ကို အရူးလုပ်ရန် စကားအနည်းငယ်ပြောပြီး လုံခြုံရေးဂိတ်သို့ အမြန်ပြေးသွားခဲ့သည်။


လုံခြုံရေးစစ်ဆေးသောအမျိုးသမီးများ အံ့အားသင့်သွားကြသည်။


"အိုးမိုင်ဂေါ့ ... အဲဒါ ပိုင်ရဲ့ နဲ့ ချီရှင်းချန် လား"


"ကြည့်ရတာ... မဟုတ်ဘူး၊ တကယ်ကြီး သူတို့ပဲ"


"အား... ငါ့ကို တတိယစစ်ဆေးရေးဂိတ်အတွက် ဘာလို့မစီစဉ်ပေးတာလဲ...ငါလည်း ပိုင်ရဲ့ကိုစစ်ဆေးချင်တယ်လေ"


"သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်တဲ့ပုံပေါက်တယ်... ဟေး သူတို့လူသိရှင်ကြားကြေညာတာ နှစ်ဝက်လောက်ရှိပြီမဟုတ်ဘူးလား...နှစ်ဝက်သာကြာသွားပေမဲ့ သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေက ချစ်စခင်စလိုမျိုး တစ်ယောက်ကိုတစ်ယောက်ကော်ကပ်သလိုကပ်ထားတုန်းပဲ... ဘယ်လောက်ကောင်းလိုက်သလဲ"


သူတို့ နှစ်ယောက် အနားမကပ်နိုင်သည့်သူတွေက မနာလိုပြီးရင်း မနာလိုကြကာ သူတို့နှစ်ယောက်နှင့် နီးစပ်သူတွေက စကားစမြည်ပြောရန် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားကြသည်။ပိုင်ရဲ့ကို စစ်ဆေးနေသည့် မိန်းမငယ်လေးက ခပ်စွာစွာပြောလိုက်သည်။ 


"ရဲ့ကော...ရှင်းရှင်းက အရမ်းချစ်စရာကောင်းတာပဲ... သူ့ကို ညီမကိုပေးပါလား"


ပိုင်ရဲ့က သူမကို စိုက်ကြည့်ကာဆိုသည်။ 

"အိပ်မက်မက်နေလိုက်"


ခေတ္တနားပြီးနောက် သူကသတိပေးဟန်ဆောင်ကာ ပြောလိုက်ပြန်သည်။ "ရှင်းရှင်း ငါ့ကိုပေးခဲ့တဲ့ ဖိနပ်မှာ သတ္တုချောင်းပါတယ်... ပြီးရင် မြည်လာနိုင်တယ်" 


မိန်းမငယ်လေး:"..."


အသဲနှလုံးမရှိချက်...


ချီရှင်းချန်က ပိုင်ရဲ့ရှေ့မှာ လုံခြုံရေးစစ်ဆေးမှုကို အပြီးသတ်လိုက်ပြီး သူ့အဝတ်အစားဝတ်ရန် ဘေးနားတွင် ရပ်လိုက်သည်။ပိုင်ရဲ့အနားရောက်လာသောအခါ ဘာကြောင့် မျက်မှောင်ကြုတ်နေသလဲဟု မမေးမီတွင် တစ်ဖက်လူက သူ့လက်ကို ဆုပ်ကိုင်လာသည်။


ချီရှင်းချန် အံ့သြသွားသည်။ 

"ရဲ့ကော...ဒါကလူမြင်ကွင်းကြီးလေ...ကျွန်တော့်ကို လွှတ်ပေးဦး"


"လူမြင်ကွင်းမှာ ချစ်တာက ဥပဒေနဲ့ ဆန့်ကျင်နေလို့လား"


"... မဟုတ်ဘူး"


"ဥပဒေနဲ့မဆန့်ကျင်ရင် မင်းလက်ကို ဘာလို့မကိုင်ရမှာလဲ" 

ပိုင်ရဲ့က သူ့လက်ဖဝါးကို ညှစ်လိုက်သည်။ 

"မဟုတ်ရင် တချို့တွေက မင်းအကြောင်းကို အမြဲတွေးနေလိမ့်မယ်"


"..." 

ချီရှင်းချန် အလွန် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။သူ တစ်ဖက်လူကို မစည်းရုံးနိုင်သလို ရိုက်လည်း မရိုက်နိုင်ခဲ့ပါချေ။တစ်ဖက်လူ သူ့လက်ကို ဆုပ်ကိုင်ထားပြီး ရံဖန်ရံခါ လှုပ်ယမ်းနေသည်ကို ခွင့်ပြုထားရုံသာတတ်နိုင်လေသည်။


သူတို့၏ ပန်းတိုင်များက မတူညီသောကြောင့်၊ သူတို့၏ ခရီးစဉ်များကလည်း ကွဲပြားလေသည်။ချီရှင်းချနမက အနည်းငယ်စောပြီး ပိုင်ရဲ့က သူထွက်သွားပြီး နှစ်နာရီခန့်အကြာတွင်ထွက်ခွာရမည်ဖြစ်သည်။


သူတို့နှစ်ယောက်အတူ စောင့်ဆိုင်းခန်းထဲသို့ ဝင်လိုက်ကြပြီး ပိုင်ရဲ့က ထိုင်ရန် ထောင့်လေးတစ်ခုကို ရွေးချယ်လိုက်သည်။ ခဏကြာ စကားပြောပြီးနောက်၊ ချီရှင်းချန်က အချိန်နီးနေပြီဆိုသည်ကို မြင်ပြီးပြောလိုက်သည်။ 

"ကျွန်တော် သွားရတော့မယ်" 


ပိုင်ရဲ့ : "ဒီအတိုင်း ထွက်သွားတော့မှာလား"


တခြားဘယ်လို ထွက်သွားရမှာလဲ...အပြန်ပြန်အလှန်လှန် ဦးသုံးကြိမ်ညွှတ်ရမှာလား...


သူနားမလည်သည်ကိုမြင်သောအခါ ပိုင်ရဲ့က လက်ညိုးဖြင့် နှုတ်ခမ်းကို ပုတ်ပြသည်။


ချီရှင်းချန်: "!!!"


ဒါကလေဆိပ်လေ တာ့ကော!!!


နှစ်ဝက်ကျော်ကြာ တွဲပြီးနောက်တွင်၊ပိုင်ရဲ့က သူ့ချစ်သူ အရေပါးကြောင်း သေချာပေါက် သိသည်။ သူက ပတ်ပတ်လည်ကိုကြည့်ကာ မဂ္ဂဇင်းတစ်စောင်ကိုထုတ်၍ သူ့ရှေ့တွင်ဖြန့်လိုက်သည်။


သူက ချီရှင်းချန်ကို မျက်ခုံးပင့်ပြလိုက်သည်။အဓိပ္ပါယ်က 'အခု အဆင်ပြေပြီလား'ဟူ၍။


လေယာဉ်ကို အောင်မြင်စွာတက်နိုင်စေရန်အတွက် ချီရှင်းချန် အံကြိတ်ကာ တတ်နိုင်သမျှ အမြန်ဖြေရှင်းရန် ပြင်ဆင်ခဲ့သည်။


သို့သော် သူ မတ်တတ်ရပ်လိုက်သည်နှင့် ပိုင်ရဲ့က သူ့ကို ဆွဲကပ်လိုက်သည်။


အိမ်မှာ ပြဿနာတက်နေသဖြင့် သူတို့ ညတိုင်း တစ်ခန်းတည်း နေကြသော်လည်း ပူးပူးကပ်ကပ်မနေကြခဲ့သလို နမ်းပင် မနမ်းခဲ့ကြပေ။ နှုတ်ခမ်းတို့ထိလိုက်သည့်အခိုက်တွင်၊ချီရှင်းချန်၏နှလုံးသားသည် မထိန်းနိုင်ဘဲ တရကြမ်းခုန်နေတော့သည်။ သူ့အရိုးတွေ ပျော့ခွေလာပြီး ပိုင်ရဲ့၏ ခါးမှာ သူ့လက်နှစ်ဖက်ကိုရစ်ပတ်ထာားမိသည်။


နမ်းရှိုက်ပြီးနောက်၊ချီရှင်းချန်၏ နားရွက်များက နီရဲနေပြီဖြစ်သော်လည်း သူ့နှုတ်ခမ်းများက နားရွက်ထက်ပင် နီနေလေသည်။လျှာသပ်ကာ ခဏလောက်စဥ်းစားပြီးနောက် ခုနကသူ့အပြုအမူက သူ့ကိုယ်သူ လှည့်စားနေသည်နှင့်တူသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။ 


မဂ္ဂဇင်းသည် ရှေ့ကို ပိတ်ဆို့နိုင်သော်လည်း နောက်ကျောဘက်ကို မပိတ်ဆို့နိုင်ပါချေ။


သူ ရင်ဘက်ကိုဖိပြီး ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။


အံ့သြစရာမကောင်းစွာပင် သူအားလွင်နှင့် အန်းရန်တို့၏ မကျေမနပ်အကြည့်တွေကို တွေ့ခဲ့ရသည်။


မနီးမဝေးမှာလည်း ခရီးသည်တစ်ယောက်၏ အနက်ရောင် ဖုန်းကင်မရာတစ်လုံး။


မိနစ်အနည်းငယ်ကြာသောအခါ "ပိုင်ရဲ့၊ချီရှင်းချန်၊ လေဆိပ်မှာ မခွဲနိုင်မခွာရက်ချိုမြိန်ပြင်းပြတဲ့အနမ်း"က ခေတ်စားနေသည့် ရှာဖွေမှုစာရင်းထဲဝင်လာတော့သည်။


.


ချီရှင်းချန်က ခေတ်စားနေသည့်ရှာဖွေမှုစာရင်းထဲမဝင်သည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး ယခု ဤကဲ့သို့သော အတင်းအဖျင်းမျိုးဖြင့် လူမြင်ကွင်းထဲပြန်ပေါ်လာရသည်။သူ့မျက်နှာကို လွှင့်ပစ်နိုင်သည်ဟုပင် သူ ခံစားရသည်။


သို့ပေမဲ့ သူတို့စုံတွဲ၏CPဖန်တွေကး အလွန်ကို ပျော်ရွှင်ခဲ့ကြ၏။


[ငါတွက်ကြည့်တာ သူတို့ စုစုပေါင်း သုံးမိနစ်နဲ့ လေးဆယ့်လေးစက္ကန့်ကြာ နမ်းခဲ့ကြတယ်... ဘုရားရေ နှုတ်ခမ်းတွေပေါက်မကုန်ဘူးလား]


[ရှောင်ချီက ရဲ့ကောရဲ့ခါးကို ဖက်ထားတယ်...ကျစ် ကျစ် ကျစ် ဒါက ဘယ်လိုအဆင့်မြင့်အာတာပူစီမျိုးလဲ]


[ဟားဟားဟား...သူတို့က တကယ်ကြီး မဂ္ဂဇင်းတစ်ခုနဲ့ ကာခဲ့ကြတယ်...သတိမထားမိဖို့ခက်တယ်]


[ဝူး ဝူး ဝူး... လေဆိပ်မှာ ဘာလို့ ဒီလောက်စပ်နေချိုနေကြတာလဲ...ချစ်စရာကောင်းလွန်းလို့ ပေါက်ကွဲတော့မယ်]


ချီရှင်းချန် ထိုမှတ်ချက်များကို ဖတ်လေလေ၊ သူ ပိုရှက်လေလေဖြစ်သည်။ ထို့ကြောင့် စိတ်နှလုံးကို ဒုန်းဒုန်းချပြီး အင်တာနက်ကို တစ်လလောက် မသုံးဖို့ ဆုံးဖြတ်လိုက်သည်။


တကယ်တမ်းတွင် သူ့မှာ အင်တာနက်သုံးရန် အချိန်သိပ်မရှိပေ။ သူမရှိခိုက်တွင် နေဝန်းနီနီ၏တစ်ကိုယ်တော်ဇာတ်ဝင်ခန်းများအားလုံးကို ရိုက်ကူးပြီးပြီဖြစ်ပြီး ကျန်အပိုင်းများမှာ သူ၏အခန်းများဖြစ်သည်။ အခန်တစ်ခုပြီးတစ်ခုဇယ်ဆက်သလိုရိုက်ကူးရပြီး သူ့မှာ လုံးဝ နားချိန်မရှိပေ။


တစ်ချိန်တည်းမှာပင် ရုပ်ရှင်ဇာတ်ဝင်ခန်းတည်ဆောက်မှုအား တရားဝင်စတင်ခဲ့သည်။ အလွန်ရိုးရှင်းပေသည်။ ဆပ်ကပ်အဖွဲ့၊ ဇာတ်လိုက်အတွက် နေထိုင်ရာရော၊ ဘားတစ်ခုသာဖြစ်၏။ချီရှင်းချန်က ရိုက်ကူးရေးကနေခွာ၍မရသည့်အတွက် အန်းရန် အစီအစဥ်အတိုင်းလုပ်ပေးရသည်။အားလွင်ကလည်း ရံဖန်ရံခါ လာကူညီတတတ်သည်။ တိုးတက်မှုက မျှော်လင့်ထားသည်ထက် အများကြီး ပိုမြန်၏။


"နေဝန်းနီနီ"၏ နောက်ပိုင်းအဆင့်များတွင် ဇာတ်ကောင်များ၏ စိတ်ခံစားမှုများသည် ပိုမိုရှုပ်ထွေးလာသည်။ စစ်ပွဲတွေ ပြင်းထန်လာသည့်အပြင် ဇာတ်လိုက်မင်းသမီးက လျှို့ဝှက်မစ်ရှင်တစ်ခု ထမ်းဆောင်ရန် စေလွှတ်ခြင်းခံခဲ့ရသည့်အတွက် ချစ်သူနှစ်ယောက်က အချိန်တိုအတွင်း လမ်းခွှဲနှုတ်ဆက်ခဲ့ကြရသည်။


ဆက်သွယ်ရေးပစ္စည်းမပါသည့်စစ်ပွဲခေတ်မှာ တစ်ဖက်လူက အသက်ရှင်နေမနေကို အတည်ပြုနိုင်ရန်ကလွန်စွာခဲယဥ်းသည့်အရာဖြစ်လေသည်။နေ့ခင်းဘက်တွင် ဝူကျင်းထုံက တပ်ဖြန့်မှုကို တည်ငြိမ်စွာ အမိန့်ပေးခဲ့သည်။ ညဘက်တွင် သူ၏မျှော်လင့်တောင့်တမှုကြောင့် သူ၏ စိတ်ခံစားမှုဘက်ခြမ်းက ဆွဲထုတ်ခြင်းခံရလေသည်။ သူသည် ဇာတ်လိုက်မင်းစမီး၏ ဓာတ်ပုံကို ကိုင်ကာ အကြိမ်ကြိမ်အဖန်ဖန် ကြည့်ရှုလေ့ရှိသည်။


ဇာတ်ဝင်ခန်းတစ်ခုအပြီးတွင် ဒါရိုက်တာကျန့်က တအံ့တဩဆိုသည်။


"အရမ်းမိုက်တယ်...ခုနက မင်းရဲ့အကြည့်တွေက တကယ် အံ့သြစရာကောင်းတယ်...ဒီလို ပြင်းထန်ပေမဲ့ နူးညံ့သိမ်မွေ့တဲ့ ခံစားချက်မျိုးကို ငါလိုချင်တာ...ဘယ်လိုခေါ်ပါလိမ့်... ဟုတ်တယ် သွေးနဲ့သံနဲ့ နူးညံ့မှု...ဒီနေ့နေ့လည်စာအတွက် လူတိုင်း နေ့လည်စာဘူးနဲ့ ကြက်ပေါင်ရမယ်ဟေ့"


ချီရှင်းချန် အတော်လေးရှက်သွားသည်။အမှန်တွင် သူက ဤဇာတ်ဝင်ခန်းမှာ သရုပ်ဆောင်စကေးတွေ သိပ်မသုံးခဲ့ပါချေ။သူ... ပိုင်ရဲ့အကြောင်းပဲ တွေးနေခဲ့ခြင်းဖြစ်သည်။


ဇူလိုင်လအစတွင် "နေဝန်းနီနီ"ရှိ ဝူကျင်းထုံ၏ဇာတ်ဝင်ခန်းများတရားဝင်ပြီးဆုံးခဲ့သည်။ ဒါရိုက်တာကျန့်အတွက်ဖြစ်စေ၊ချီရှင်စချန်အတွက်ပဲဖြစ်စေ ဤသည်က အင်မတန်ပျော်စရာကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုပါပင်။


နှုတ်ဆက်ပါတီ သဘာဝအတိုင်း အလွန်အသက်ဝင်ခဲ့သည်။ချီရှင်းချန် ဝိုင်အများအပြားသောက်ရန် စည်းရုံးခြင်းခံခဲ့ရဲ့သည်။ ညတစ်ဝက်လောက်ရောက်သောအခါ ဒါရိုက်တာကျန့်ကနောက်ဆုံးမှာဆိုသည်။


"ကောင်းပြီ...အရက်မသောက်တော့နဲ့ မင်းတို့ဆက်သောက်ရင် ရှောင်ချီက စားပွဲအောက်မှာလေးဘက်ထောက်သွားနေရလိမ့်မယ်"


"ကျွန်တော်... စားပွဲအောက်မှာလေးဘက်ထောက်သွားတယ်ဆိုတာဘာမှန်းတောင်မသိဘူး"

ချီရှင်းချန်က လက်ခံရန်ငြင်းဆန်လိုက်သည်။

"ကျွန်တော်က နောက်ထပ် ပုလင်း 800 သောက်ရင်တောင် ကုလားထိုင်ပေါ်မှာ မြဲမြဲ ထိုင်နေနိုင်မှာ"


ဒါရိုက်တာကျန့်က: "ငါက မင်းနဲ့ ဆက်သောက်ချင်ပါတယ်... ဒါပေမဲ့ တစ်ချို့လူတွေက ဆန္ဒမရှိကြဘူး"


"မဖြစ်နိုင်ဘူး...အရက်သောက်တာကို ဘယ်သူထိန်းချုပ်နိုင်မှာလဲ...ကောင်းကင်အရှင်တောင် မလုပ်နိုင်ဘူး"


"ကောင်းကင်အရှင်ကတော့မလုပ်နိုင်ဘူး" ဒါရိုက်တာကျန့်က ချီရှင်းချန်၏နောက်ကို လက်ညှိုး ထိုးပြသည်။ 

"သူကရော"


သူလား...ဘယ်သူလဲ....

ချီရှင်းချန် ဒါရိုက်တာကျန့် ညွှန်ရာကို လှည့်ကြည့်လိုက်သည်။


ထို့နောက် ...ပိုင်ရဲ့က လက်နှစ်ဖက်ကို ပိုက်ကာ ခြေတံရှည်များကို လှုပ်နေသည်ကို တွေ့လိုက်ရသည်။


သို့သော် ဤတစ်ကြိမ်တွင် သူက အလွန်အကျွံသောက်ခဲ့ပြီး သူ၏ ယှဉ်ပြိုင်ချင်သောစိတ်က အထွတ်အထိပ်သို့ ရောက်နေခဲ့သည်။ သူ့ကိုယ်သူ ရဲဆေးတင်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ 


"သူ...သူကလည်း ကျွန်တော့်ရဲ့လက်အောက်ကပဲ"


… ကောင်းပြီ


ပိုင်ရဲ့က ဒါရိုက်တာကျန့်ကို လက်ဖျောက်တီးပြလိုက်သည်။ 

"ကျန့်ကော...ကျွန်တော့်ခေါင်းဆောင်ကို အရင်ပြန်ခေါ်သွားလိုက်ပါ့မယ်"


.......


ချီရှင်းချန် အရက်သောက်တော့မှာမှန်းသိသဖြင့် ပိုင်ရဲ့က ယနေ့ည လေယာဥ်စီးရန် လုံးဝမစီစဉ်ထားခဲ့ပေ။ လေဆိပ်နားက ဟိုတယ်ကို ဘွတ်ကင်လုပ်ခိုင်းပြီး "သူ့ခေါင်းဆောင်" ကို အများကြီး အားစိုက်ထုတ်ပြီး ဆွဲခေါ်သွားခဲ့သည်။


အခန်းထဲဝင်လာပြီးနောက် ပိုင်ရဒြက သူ့ကို ဆိုဖာပေါ်တင်လိုက်ပြီးပြောလိုက်သည်။

"ကိုယ့်ဘာကိုယ် နှစ်မိနစ်လောက်ထိုင်နေ" 


ချီရှင်းချန် 'ကိုယ့်ဘာကိုယ် ထိုင်' ဆိုသည့်စကားလုံးကို ကြားလိုက်သည်နှင့် ချက်ချင်း သူ မတရားခံရသလို ခံစားလိုက်ရသည်။ 

"အဲဒါဆိုကောက ဘယ်သွားမလို့လဲ...စိတ်ဆိုးနေတာလား"


"စိတ်မဆိုးပါဘူး" 

ပိုင်ရဲ့က သူ့ကို ချော့လိုက်၏။ 

"ကိုယ် ရေချိုးကန်ထဲ သွားလိုက်ဦးမယ်... ခဏနေ ပြန်လာမယ်"


သို့သော်လည်း ချီရှင်းချန်က ယခုအချိန်တွင် အသိစိတ်ရှင်းလင်းနေခြင်း မရှိပေ။ပိုင်ရဲ့က ဒေါသထွက်နေသောကြောင့် သူ့ကို

တစ်ယောက်တည်း ထားခဲ့သည်ဟု သူထင်ခဲ့၏။ သစ်ပင်တစ်ပင်ကို ပွေ့ဖက်ထားသည့် ခိုအာလာကဲ့သို့ပင် သူက ပိုင်ရဲ့၏လက်မောင်းကို ပွေ့ဖက်ကာ လွှတ်ရန် ငြင်းဆန်ခဲ့သည်။


ပိုင်ရဲ့မှာ ခိုအာလာကို သူနှင့်အတူ ရေချိုးခန်းထဲ ခေါ်သွားရန်ကလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။