အပိုင်း ၁၈၂ (End 3)
Viewers 36k

Chapter 182

[END -3]



စိတ်အားထက်သန်မှုက အချိန်အကြာကြီး တည်တံ့နေခဲ့သည်။သူတို့ ရေချိုးခန်းထဲက ထွက်လာသောအခါ ကောင်းကင်ကြီးက တောက်ပနေပြီဖြစ်၏။


ချီရှင်းချန် ပိုင်ရဲ့၏ ပခုံးကို မှီကာ နှလုံးခုန်သံကို နားထောင်ခဲ့သည်။ပိုင်ရဲ့က သူ့ချစ်သူ၏ပျော့ပျောင်းသော ဆံပင်တွေကို ပွတ်သပ်ရင်းဆိုလိုက်၏။  


"နောက်ဆုံးမှာ ရုပ်ရှင်ဧကရာဇ်ဆုကို ရခဲ့ပေမဲ့ မင်းကထွက်သွားရမှာဆိုတော့ စိတ်မကောင်းစရာပဲ မဟုတ်လား"


"စိတ်မကောင်းစရာ မဟုတ်ပါဘူးနော်" ချီရှင်းချန်၏ အသံက နူးညံ့နေသည်။ 


"ကျွန်တော် ကူးပြောင်းမလာဘူးဆိုရင် မိသားစုရဲ့ ချစ်ခြင်းမေတ္တာ၊ ဖန်တွေရဲ့ ချစ်ခင်မှုကို ခံစားရပြီး ဘဝမှာ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုရတဲ့ ခံစားချက်မျိုး ကြုံဖူးမှာမဟုတ်ဘူး...ဒီလိုအတွေ့အကြုံမျိုးရတာနဲ့တင် ကျွန်တော် အရမ်းကျေနပ်နေပါပြီ...ကျွန်တော်က လောဘမကြီးပါဘူး"


"ပြန်ပြီးရင်ကော...မင်းရဲ့မိဘအရင်းတွေကို ရှာချင်လား"


"မရှာချင်ပါဘူး" 


ချီရှင်းချန်က ရိုးရိုးသားသား ပြောလိုက်သည်။ 

"သူတို့က ကျွန်တော့်ကိုလာရှာရင် ကလေးဘဝတုန်းကကျွေးမွေးခဲ့တဲ့ကျေးဇူးကို ကျေပွန်အောင်ဆပ်မယ်... ဒါပေမဲ့ သူတို့က လာမရှာရင် သူတို့ဘဝတွေကို မနှောင့်ယှက်တော့ဘူး...ကျွန်တော်တစ်ယောက်တည်း နေရတာကိုကျင့်သားရနေပါပြိ"


ပိုင်ရဲ့၏ နှလုံးသားကို ဆွဲထုတ်ခံလိုက်ရသလို နာကျင်သွားရသည်။ စိတ်မချမ်းသာစရာတွေအကြောင်း သူမပြောချင်တော့ပေ။သူက ချီရှင်းချန်၏ ကုပ်ပိုးလေးကိုညစ်ပြီး ပြောလိုက်သည်။


"အမှန်အတိုင်းပြော...ကိုယ်တို့စတွေ့တဲ့အချိန်တုန်းက ကိုယ်မင်းကို ဇာတ်ညွှန်းနဲ့ရိုက်တုန်းက မင်းကြောက်နေတာမလား"


"တကယ်တော့ ကျွန်တော် ဘာမှ မခံစားခဲ့ရပါဘူး...အဲဒီတုန်းက မူးနောက်နေပြီး စိတ်ထဲမှာ 'ဘာလို့ ငါ့ idol က ဒီကိုရောက်နေတာလဲ'ပဲ ခေါင်းထဲမှာတွေးနေတာ"


"ဘာလို့ လေဆိပ်မှာတုန်းက ကိုယ့်အတွက် ကော်ဖီမဝယ်တာလဲ"


"...ကောက အဲဒါကို တွေးနေတုန်းပဲလား... လူအရေအတွက်ကို မှားရေတွက်ပြီး ကောကို ထည့်ဖို့မေ့သွားတယ်ထင်တာပဲ"


"အမှန်တော့ စက်ဘီးပြိုင်ပွဲမှာ ကိုယ်မင်းထက် ငါးမိနစ်စောပြီး ရောက်ခဲ့တယ်... မင်းမသိဘူးလား"


"!!! ကျွန်တော်ကတောင် မြန်နေပြီကို...ကောက ကျွန်တော့်ထက် ပိုမြန်တယ်ပေါ့...ကောက မွန်းစတားလား!!!"


ချီရှင်းချန်က ခဏရပ်လိုက်သည်။ 

"ဒါဆို ကောရဲ့လက်စွပ်ကို ကျွန်တော့်အတွက် ရေခဲမုန့်လဲလိုက်တုန်းက ကောရဲ့လက်ချောင်းအရွယ်အစားအတိုင်း နောက်ထပ်လက်စွပ်တစ်ကွင်းကို ကျွန်တော်မှာခဲ့တာကို ကောသိလား"


ချီရှင်းချန်က အသက်ပြင်းပြင်းရှူလိုက်သည်။ 

"အဲဒီတုန်းက ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြဘူး...ကောမကြိုက်မှာကို ကြောက်လို့ ကျွန်တော် ထုတ်မပြရဲဘူး... နောက်ပိုင်းမှာ ကျွန်တော်တို့ ချစ်သူဖြစ်ခဲ့ကြတယ်...ကျွန်တော့်ရဲ့အကောင်းဆုံးစိန်ကို ကျွန်တော့်စောင့်ချင်ခဲ့တယ်...အဲဒီထဲကျွန်တော်ထည့်ပြီးရင်….."


"စကားတွေအများကြီးပြောပြီးပြီ"

ပိုင်ရဲ့က သူ့ကို ဖြတ်ပြောလိုက်၏။

"လက်စွပ်ကဘယ်မှာလဲ"


ချီရှင်းချန် အနည်းငယ်ရှက်သွားသည်။

"အိမ်မှာထားခဲ့တယ်... ယူမလာခဲ့ဘူး"


ပိုင်ရဲ့က သူ့နဖူးကို ပြင်းပြင်းလေးရိုက်လိုက်ပြီး အရှက်မဲ့စွာ ပြောလိုက်သည်။


"မင်းကိုယ့်ကို အကြွေးတင်သွားပြီ...ကိုယ်တို့ လက်တွေ့ဘဝထဲ ပြန်ရောက်သွားရင် မင်းကိုယ့်ကို လက်စွပ်တစ်ကွင်းနဲ့ပြန်လျော်ပေးရမယ်"


"… ကောင်းပြီ"

ချီရှင်းချန်က သူ့နဖူးကို မျက်ရည်တွေနှင့် အုပ်လိုက်သည်။


ထို့နောက် သူ သမ်းလိုက်သည်။ 

"ကောကျွန်တော့်ကို နင်းကန်ကြီး ရိုက်လိုက်လို့လားမသိဘူး...ကျွန်တော် ရုတ်တရက်ကြီးအိပ်ချင်လာပြီ..."


ပိုင်ရဲ့ သူ့ကို နင်းကန်ကြီးရိုက်လိုက်ခြင်းကြောင့် မဟုတ်ဘဲ...


ငါးနာရီထိုးခါနီး၍ဖြစ်လေသည်။


ဘယ်သူကမှ အသိစိတ်ရှင်းလင်းနေချိန်မှာ ခွဲခွာရမှု မကြုံချင်ပါချေ။


မရေတွက်နိုင်သောညများကဲ့သို့ပင် ပိုင်ရဲ့ သူ့ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ 


"အိပ်ချင်ရင်အိပ်ပါ ပေါင်ပေ့"


ချီရှင်းချန်လည်း တစ်ခုခုကို သဘောပေါက်သွားသည်။ မျက်လုံးဖွင့်ရန် ကြိုးစားပေမဲ့ သူ့မျက်ခွံတွေက ပိုလေးသထက် လေးလာခဲ့သည်...


သူမျက်လုံးမှိတ်မသွားခင်မှာ ရေရွတ်လိုက်၏။

"ဂွတ်နိုက် လောင်ကုန်း"


.........


"ပြင်ပဆေးဌာနက သူနာပြုကို ခေါ်... ပြင်ပဆေးဌာနက သူနာပြုကို ခေါ်... ပတ်တီးလဲဖို့ လိုအပ်နေတဲ့ လူနာတစ်ယောက်ရှိတယ်...ပတ်တီးလဲဖို့လိုနေတဲ့ လူနာတစ်ယောက်ရှိတယ်"


"ဟေ့ ကလေး၊ မင်းဘယ်သွားမလို့လဲ...ခုနက ငါ့ဘယ်ဘက်ခြေထောက်က မင်းကြောင့်ခိုက်မိသွားတယ်...မင်းမိဘတွေကို ခေါ်လိုက်ရမလား"


"ဦးလေး... ကျွန်မ ဦးလေးကို ဆလိုင်းချိတ်ပေးမှာ...ဆေးထိုးမှာမဟုတ်ဘူး... ငိုစရာမလိုဘူး"


"ပီ-ပီ-ပီ--"


... ဘယ်သူတွေ ပြောနေတာလဲ


ချီရှင်းချန် မျက်ခုံးပင့်ကာ အော်ဟစ်သံများက နားထဲသို့ တိုးဝင်လာသဖြင့် မျက်လုံးများကို တွန့်ဆုတ်စွာ ဖွင့်လိုက်သည်။


သူထထိုင်ပြီး ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ သူ့ဘေးတွင် အဖြူအပြာ အစင်းဝတ် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များရှိနေသည်။ အတွင်းဆုံးကုတင်ပေါ်တွင် အဖြူရောင်အင်္ကျီဝတ်ထားသည့် အမျိုးသားတစ်ဦးက ဆလိုင်းပုလင်းကိုကြည့်ကာ လက်ထဲက မှတ်စုစာအုပ်ထဲတွင် တစ်ခုခုရေးနေသည်။


အိုး... သူ ဆေးရုံရောက်နေတာပဲ...


...ဒါပေမဲ့ သူဘာလို့ ဆေးရုံရောက်နေရတာလဲ...


ပိုင်ရဲ့ရဲ့ ဖျော်ဖြေပွဲကို သွားတဲ့လမ်းမှာ ရှိနေရမှာကို...


သူ့စိတ်တွေ ရှုပ်ထွေးနေသည်။ချီရှင်းချန် ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ပြီး နောက်တစ်ကြိမ် ထပ်ခါလိုက်သည်။ တဖြည်းဖြည်းနှင့် ကားတစ်စင်း သူ့ရှေ့ကိုဖြတ်မောင်းလာသည့်မြင်ကွင်းက ပေါ်လာသည်...


ဟုတ်တယ် အခုမှ မှတ်မိတယ်... ဖျော်ဖြေပွဲသွားရာလမ်းမှာ စတေရှင်ကအစ်မက ဖုန်းဆက်တယ်... စင်ပေါ်ကနေ ပြုတ်ကျတာကို သူသိလိုက်ရတော့ ထိတ်လန့်သွားတယ်...


မတော်တဆ ကားတိုက်ခံရတယ်!!


အိုးမိုင်ဂေါ့... သူ အခု ကောင်းသွားပြီလား... 

ချီရှင်းချန် စောင်ကို အမြန်မလိုက်ပြီး အောက်ကို ဂရုတစိုက်ကြည့်သည်။


အင်း၊ သူ့လက်တွေ ခြေထောက်တွေ ရှိနေသေးတယ်...


သူ့မျက်နှာကော...ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီလား...


သူ့လက်က အပ်ကို ဆွဲထုတ်ပြီး ကုတင်ပေါ်ကနေ လှိမ့်ချလိုက်သည်။ မတ်တပ်ထရပ်လိုက်သောအခါ လည်ပင်းအနည်းငယ် တောင့်နေသည်။ လည်ပင်းကိုကိုင်ကာ အများသုံး ရေချိုးခန်းထဲသို့ ပြေးသွားခဲ့သည်။


သူက မှန်ရှေ့မှာ ရပ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက။ ရလဒ်က ကျေနပ်စရာပါပင်။ သူ့မျက်နှာနှင့် ဦးနှောက်က သူ့နေရာတွင်သူ ရှိနေသော်လည်း သူ့လည်ပင်းတစ်ဝိုက်တွင် လေးလံသော ကော်လာတစ်ခု ရှိနေသည်။


လည်ပင်းက ဒဏ်ရာကလွဲ၍ အကုန်ပြည့်စုံ၏။


… မဟုတ်သေးဘူး...

သူ သုံးစက္ကန့်ပဲ ပျော်လိုက်ရသည်။ချီရှင်းချန်၏နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေသည်။


သူပြည့်စုံမနေဘူး... သူ... တစ်ခုခု ပျောက်ဆုံးနေပုံရသည်။


လူနာအင်္ကျီကို ကြယ်သီးဖြုတ်ပြီး ရင်ဘတ်ကို ကြည့်လိုက်သည်။ ကားမတော်တဆမှုတွင် လုံးဝပျက်စီးခြင်းမရှိသော အသားအရေက ချောမွေ့နူးညံ့နေသည်။


ဒါပေမဲ့ ဒီလိုမျိုး မဖြစ်သင့်ဘူးဆိုတာ သေချာတယ်...


သူ တစ်ခုခု ပျောက်နေတယ်!


ထိတ်လန့်တကြားဖြစ်မှုက သူ့နှလုံးသားအောက်ခြေမှ လွင့်ပျံလာသည်။ သူ့မှာ ဝေဝါးဝါး သတိပေးချက်တစ်ခုရှိနေသည်-


သူဘာတွေ ပျောက်ဆုံးနေလဲ မသိလျှင် သူ့တစ်သက်လုံး လမ်းလျှောက်နေသည့် အလောင်းကောင်လို ဖြစ်သွားနိုင်သည်။ ထုံထိုင်းမှုထဲမှာ နောင်တနှင့် ထာဝစဉ် အသက်ရှင်နေရလိမ့်မည်။


သူများတွေဘယ်လိုထင်သည်ကို ဂရုမစိုက်ဘဲ အရူးတစ်ယောက်လို ပြေးထွက်လာခဲ့သည်။ သူနာပြုတစ်ဦးကို ဆွဲကိုင်လိုက်ပြီး ရင်ဘတ်ကို ထိုးပြလိုက်သည်။


"ကျွန်တော် ဒီနေရာမှာ တစ်ခုခုပျောက်နေတယ်...ခင်ဗျားသိလား"


"အားးး-" 

သူနာပြုဆရာမက ကြောက်သွားပြီး မျက်လုံးစုံမှိတ်ပြီး အော်လိုက်သည်။


ချီရှင်းချန် သူမကို ပစ်ချလိုက်ပြီး ခြေလှမ်းအနည်းငယ် ပြေးလိုက်သည်။ထို့နောက် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးကို ဖမ်းဆွဲလိုက်သည်။ 

"အန်တီ...ကျွန်တော် ဒီနေရာမှာ ဘာပျောက်နေတာလဲ သိလား"


"ထွီ"

လူလတ်ပိုင်း အမျိုးသမီးက တံတွေးထွေးလိုက်သည်။ 

"ကောင်လေးက ပုံစံကတော့လူနဲ့တူပါရဲ့...ဘာလို့သားရဲထက်ဆိုးတဲ့အလုပ်မျိုးလုပ်ရတာလဲ...လာကြပါဦးရှင်...လာကြပါဦး...ဒီမှာလူရမ်းကားတစ်ယောက်ရှိနေတယ်"


လူလတ်ပိုင်းအမျိုးသမီးက အော်လိုက်သည်။ များမကြာမီ ချီရှင်းချန်ကို လူများဝိုင်းရံလာခဲ့သည်။ မိန်းကလေးအချို့က ရှက်ရွံ့ကာ လက်ချောင်းများကြားကနေ သူ့ကို ချောင်းကြည့်နေကြသည်။ ကျန်သည့်သူတွေက အံ့သြနေကြသည်။


သူက လူရမ်းကားတစ်ယောက်နှင့်မတူ၍ဖြစ်မည်၊လူအုပ်ထဲက တစ်ယောက်က ဆို၏။

 "သူ တစ်ခုခုအမှားလုပ်ပြီး စိတ်လွတ်ပြီး ရူးသွားတာဖြစ်မလား"


"စိတ်လွတ်ပြီးရူးသွားတာလား...အဲဒါပဲဖြစ်နိုင်တယ်...ခုနက သူဘာပျောက်နေတာလဲလို့ မေးနေတာမဟုတ်ဘူးလား... သူ့နှလုံးသားပျောက်သွားတာဖြစ်မယ် ဟားဟားဟား"


နှလုံးသားပျောက်သွားတယ်...


နှလုံးသားပျောက်သွားတယ်...


ချီရှင်းချန် နေရာမှာတင် အေးခဲသွားသည်။ သူ့စိတ်ထဲတွင် "နှလုံးသား ပျောက်သွားတယ်" ဟူသော စကားလုံးများဖြင့် ပြည့်နှက်နေသည်။ သူလက်ဆန့်ပြီး သူ့နှလုံးသားကို ထိလိုက်သည်။


အရေပြားတလျှောက်တွင်... လပုံအမှတ်အသားတစ်ခု ရှိနေလိုပင်။


"လ…လ…"


သူ သတိမထားမိဘဲ ရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော မှတ်ဉာဏ်အပိုင်းအစများ လွင့်ပျံလာသည်။


လေ့ကျင့်ရေးခန်း၊ လေဆိပ်၊ ဒိန်းမတ်၏ လူစည်ကားသော လမ်းများ။


Ocean World၊ စတူဒီယို၊ဆူညံနေသောစင်နောက်က အဝတ်လဲခန်း။


ဟိုတယ်၊ ပင်လယ်ကမ်းစပ်ရှိ နှစ်ထပ်အိမ်။


စင်မြင့်၊ အသံသွင်းစတူဒီယိုနှင့် ... သူ့ရင်ဘတ်ပေါ်က လသဏ္ဍာန်တက်တူး။


သူ သူ့နှလုံးသားကိုဆုံးရှုံးခဲ့ခြင်းမဟုတ်ပေ။သူ့နှလုံးသားထက် ပိုအရေးကြီးသည့်အရာတစ်ခု ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ခြင်းပင်။


သူ့ကောင်လေး၊ သူ့ချစ်သူ…ပိုင်ရဲ့


နောက်ဆုံး အသက်ကယ်ကောက်ရိုးမျှင်ကို ဆုပ်ကိုင်မိခဲ့သည့် ရေနစ်နေသော လူတစ်ယောက်ကဲ့သို့ပင်၊သူ အသက်ပြင်းပြင်းရှူပြီး မိန်းကလေးဆီ ယိုင်တိယိုင်တိုင်လျှောက်သွားလိုက်သည်။


"ပိုင်ရဲ့ ဘယ်မှာလဲ"


ကောင်မလေးက ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။


သူ သူနာပြုကို မေးလိုက်ပြန်၏။

"ပိုင်ရဲ့ ဘယ်မှာလဲ... သူလည်း ဒဏ်ရာရထားတယ်...သူ ဘယ်မှာလဲ" 


"မင်းဆိုလိုတာက အဆိုတော်ပိုင်ရဲ့လား" 

သူနာပြုဆရာမက အထစ်ထစ်အ,အအနှင့် အပေါ်ထပ်ကို ညွှန်ပြသည်။ 

"သူက VIP အခန်းထဲမှာ...အပေါ်ဆုံးထပ်"


သူလည်းဒီမှာရှိနေတယ်...


သူလည်းဒီမှာရှိနေတယ်...


ချီရှင်းချန် လူအုပ်ထဲမှ ရုန်းထွက်လိုက်သည်။ ဓာတ်လှေကားရှာရန် သူ့မှာ အချိန်မရှိသည်။ သူ စင်္ကြံထဲသို့ ပြေးသွားခဲ့သည်။


........


တစ်ချိန်တည်းမှာပင် အပေါ်ဆုံးထပ်ရှိ VIP အခန်းတွင် ဖြစ်သည်။


ပိုင်ရဲ့က တံခါးအပြင်ကို ပြေးထွက်ပြီး တစ်ရေးတမောအိပ်နေသည့် အားလွင်ကို နောက်ကျောရိုက်ပြီး နှိုးလိုက်သည်။ 


"ချီရှင်းချန်ဆိုတဲ့နာမည်နဲ့ ကောင်လေးကို မြန်မြန် သွားရှာ... ဒေသန္တရ တက္ကသိုလ်တစ်ခုရဲ့ ဇီဝဗေဒဌာနက...သူက ငါ့ရဲ့ ဖန်ပဲ... ငါ့ရဲ့ ဖျော်ဖြေပွဲလာရာလမ်းမှာ ကားမတော်တဆမှု ဖြစ်ခဲ့တယ်"


အရိုက်ခံရမှုကြောင့် အားလွင်၏ကျောပြင် ပူစပ်နေသည်။ သူ အံကြိတ်ကာ ပြောလိုက်၏။


"ဘော့စ် ဘာလို့ ဒီလူကို ရှာနေတာလဲ...ပြီးတော့ ချီရှင်းချန်လို့ခေါ်တဲ့လူက အများကြီးရှိတယ်...ကျွန်တော် သူ့ကိုဘယ်မှာရှာရမလဲ"


"စကားရှည်မနေနဲ့" 


ပိုင်ရဲ့က လက်ဖဝါးကိုဖြန့်လိုက်သည်။ "ဒီနားကြပ်ကို သူပေးထားတာ...မင်း ဖန်ကလပ်ကိုလည်း မေးလို့ရတယ်"


"ဘော့စ်…" 

သူ့ကို ဆေးရုံမှာ ပြုစုနေသည့် ရှောင်မန်က မရဲတရဲ ပြောလိုက်သည်။ 


"ဘော့စ်ပြောနေတဲ့ သူကို ကျွန်မသိတယ်ထင်တယ်...သူက ရုပ်ချောလို့ကျွန်မ ငါးလွှာ အထွေထွေလူနာဆောင်ကို ခဏခဏ သွားပြီး သူ့ကို ချောင်းကြည့်ဖြစ်တယ်"


ငါးလွှာ…


ပိုင်ရဲ့ သူ့အထပ်ကို မော့ကြည့်လိုက်သည်။ ၂၈...


"ဘော့စ်...ဘော့စ်ရဲ့လက်မောင်းက ဒဏ်ရာရထားတာ...ကျွန်မကို သူ့ကိုသွားကြည့်စေချင်လား"


ရှောင်မန်၏စကားမဆုံးခင်မှာ ကျောက်ပတ်တီးကိုင်ထားဆဲဖြစ်သည့် ပိုင်ရဲ့ပျောက်သွားသည်။


ဓာတ်လှေကားကို မစောင့်ဘဲ ပိုင်ရဲ့ လှေကားဆီသို့ ပြေးသွားပြီး တိုးတိုးလေး ရွတ်နေခဲ့သည်။

"၂၇၊ ၂၆၊ ၂၅..."



လည်ပင်းဒဏ်ရာကြောင့် ချီရှင်းချန်က အားအများကြီးသုံး၍ မပြေးနိုင်ပေ။ချီရှင်းချန် အံကြိတ်ကာ အရှိန်တင်လိုက်သည်။ 

"၇၊ ၈၊ ၉..."


ဤဆေးရုံက အလွန်မြင့်သည်။ လှေကားက သာမန်ဆေးရုံတွေထက် နှစ်ထစ်ပို၏။ပိုင်ရဲ့က ဆက်ရေနေသည်။

"၁၉၊ ၁၈၊ ၁၇..."


နည်းနည်းပိုတောင့်ခံထားရင် ခဏနေရင် ပိုင်ရဲ့ကို သူတွေ့ရလိမ့်မယ်...

ချီရှင်းချန် သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ 

"၁၁၊ ၁၂၊ ၁၃..."


အကွာအဝေးက တဖြည်းဖြည်းတိုလာသည်။


စင်္ကြံလမ်းသည် အလောတကြီး ခြေသံများနှင့် လေးလံသော အသက်ရှုသံများဖြင့် ပြည့်နေသည်။


"ဟောဟဲ…ဟောဟဲ…ဟောဟဲ…"


ဆယ့်ငါးထပ်အရောက်တွင် ချီရှင်းချန် သူ့မျက်လုံးများမှ ချွေးများကို ပွတ်သပ်ပြီး ဆက်တက်တော့မည်ပြုလိုက်သည်။


မော့ကြည့်လိုက်ရာတွင် အဖြူအပြာ အစင်းဆေးရုံလူနာအင်္ကျီဝတ်ထားပြီး လက်မောင်းမှာကျောက်ပတ်တီးစည်းထားသော အခြားလူတစ်ယောက်ကို သူ တွေ့လိုက်ရသည်။


ထိုလူ၏ မျက်ခုံးနှင့် မျက်လုံးများသည် ယခင်အတိုင်းပင်။ သူ့မှာမျက်နှာချွန်ချွန်ရှိသည်။သူ့မေးရိုးက ကျဉ်းပြီး ချွန်သည်။သူ့ပခုံးတွေက ကျယ်သည်၊ ခါးက ပိန်သွယ်ပြီး ခြေတံကလည်း ရှည်သည်။ သူ့တစ်ကိုယ်လုံးသည် ပြင်းထန်သော ထိုးစစ်စွမ်းအားကို ထုတ်လွှတ်ထားသည်။


ထိုသည်က သူ ရှစ်နှစ်ကြာအောင် မျှော်ကြည့်ခဲ့သော အလင်းရောင်ဖြစ်သည်။


အချိန်က ဤအခိုက်အတန့်မှာ ရပ်တန့်နေခဲ့သည်။


အချိန်အတော်ကြာခွဲခွာပြီးနောက် သူတို့ ဒုတိယအကြိမ် ပြန်လည်ဆုံတွေ့ခဲ့ကြသည်။


အချိန်အတော်ကြာပြီးနောက် ပိုင်ရဲ့က သူ့ဆီကို လက်ဆန့်ပေးလေသည်။


"မင်းကိုယ့်ကိုလက်စွပ်တစ်ကွင်း အကြွေးပေးစရာရှိတယ်...အဲဒါပြန်ပေးရမယ့်အချိန်ရောက်ပြီ"


"… ဟုတ်ကဲ့" 


ချီရှင်းချန်က ခေါင်းကို ငုံ့ထားပြီး သူ့မျက်လုံးထဲမှာ မျက်ရည်တွေ စီးကျနေသည်။ 

"ကျွန်တော် ပြန်ပေးမှာပါ"


ချစ်ခြင်းမေတ္တာဆိုသည်က စိတ်ဝိညာဥ်ထဲမှာ စွဲစွဲနစ်နစ် စွဲထင်နေပြီး မှတ်ဉာဏ်များအပါအဝင် အရာအားလုံး၏လမ်းကြောင်းကို ပြောင်းလဲသွားစေနိုင်သည်။


အသူရာချောက်ထဲကြွေကျသွားသော ကြယ်ကလေးက နောက်ဆုံးတွင် သူ၏ညဥ့်ကောင်းကင်သို့ ပြန်ရောက်လာခဲ့လေသည်။




❤️ပြီးပါပြီ ❤️


Extra ကျန်ပါဦးမယ်ရှင်...