Chapter 95
လင်းလော့ချင်းက ကောင်တာကို အလျင်အမြန်ခေါ်ကာ အမှာတစ်ခုပြုလုပ်လိုက်သည်။
"သူတို့ရဲ့ ပုစွန်က အရသာရှိတယ်... မင်းလည်း မြည်းကြည့်သင့်တယ်..."
"ကောင်းပြီလေ..."
ကျိယွီရှောင်က အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
စောင်အောက်တွင် နွေးထွေးနေဆဲဖြစ်၍ လင်းလော့ချင်းက စောင်ထဲမှထွက်ရန် တွန့်ဆုတ်နေပေသည်။ သူက ထထိုင်ကာ ကျိယွီရှောင်နှင့်အတူ ကုတင်ခေါင်းရင်းကို မှီထားလိုက်သည်။
၄င်းမှာ သူတို့က သူတို့၏ ကိုယ်ပိုင်အိပ်ခန်းထဲသို့ ခေတ္တပြန်ရောက်သွားသကဲ့သို့ပင်။
ကျိယွီရှောင်က လင်းလော့ချင်းမလှုပ်သည်ကိုမြင်ရာ သူလည်း မလှုပ်တော့ပါပေ။ သူက နွေးထွေးမှုနှင့် တိတ်ဆိတ်မှုကို ခံစားရန်အတွက် ရိုးရှင်းစွာပင် သူနှင့် အဖော်ပြုနေလိုက်ပေသည်။
သူတို့စားသောက်ပြီးနောက် လင်းလော့ချင်းက ကျိယွီရှောင်ကို မပို့ချင် ပို့ချင်ဖြင့် လိုက်ပို့လိုက်လေသည်။
သူက ကျိယွီရှောင်ကို ကားပေါ်သို့ ခေါ်သွားပြီး သူ့အား လွမ်းဆွတ်မှုများဖြင့် ပြည့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။
"လမ်းမှာ ဂရုစိုက်ဦး..."
သူက ဆိုလိုက်သည်။
"အင်း..."
"သေချာနားလိုက်ပါ ဆရာကတော်... ကျွန်တော် အန္တရာယ်ကင်းကင်း မောင်းပို့လိုက်ပါမယ်..."
ရှောင်လီက အာမခံပေးလိုက်သည်။
လင်းလော့ချင်းက သူ့ကို တစ်ချက်ကြည့်ကာ ကျိယွီရှောင်ကိုပြန်ကြည့်လိုက်သည်။
"မင်းအိမ်ပြန်ရောက်ရင် ငါ့ကိုစာပို့လိုက်..."
"ဟုတ်ပြီ..."
"အဲ့ဒါဆိုရင် ငါအရင်သွားတော့မယ်... တာတာ့..."
ထို့နောက် လင်းလော့ချင်းက နောက်ဆုံးတွင် တွန့်ဆုတ်စွာဖြင့် ကားပြတင်းပေါက်မှ ခေါင်းဖယ်ကာ ကျိယွီရှောင်ကို ကားတံခါးပိတ်ရန် ကူညီပေးလိုက်လေသည်။ သူက ပြတင်းပေါက်မှ လက်ပြနှုတ်ဆက်လိုက်သည်။
ကျိယွီရှောင်က ပြတင်းပေါက်မှန်ချကာ ဆိုလိုက်သည်။
"ပြန်ပြီး စောစောနားတော့..."
"မင်းရောပဲ..."
လင်းလော့ချင်းက ပြောလိုက်သည်။
သူက ထိုသို့ဆိုသော်လည်း မထွက်သွားသေးပဲ နေရာတွင် ရပ်နေဆဲဖြစ်သည်။
"မသွားသေးဘူးလား..."
ကျိယွီရှောင်က ဆိုလိုက်သည်။
"မင်းအရင်သွား..."
လင်းလော့ချင်းက အပြုံးနှင့်ဆိုလိုက်သည်။
ကျိယွီရှောင်တွင် ရွေးချယ်စရာမရှိပါပေ။ သူက ရှောင်လီ ကားစက်နှိုးကာ မောင်းရန်သာ ရှိပေတော့သည်။
ရှောင်လီက နောက်ကြည့်မှန်မှ တစ်ချက်ကြည့်ကာ ကားစက်နှိုးလိုက်လေသည်။
လင်းလော့ချင်းသည် ကားက တဖြည်းဖြည်းအဝေးသို့ မောင်းသွားသည်ကိုကြည့်ကာ သူ့မျက်လုံးများက တဖြည်းဖြည်းမှေးမှိန်လာပေသည်။
သူတို့က အချင်းချင်းတွေ့ရန် ခက်ခဲလှပြီး အစောကြီးပင် ခွဲခွာရပေသည်။
သူတို့က ဒီတစ်ပတ်ပိတ်ရက်အတွက် ချိန်းထားတာကို လုပ်နိုင်မယ်လို့ ဘယ်သူသိမှာလဲ... မျှော်လင့်ရတာပဲ...
သူက ၄င်းကို စိတ်ထဲတွင် တိတ်တဆိတ်တွေးနေစဉ်၌ ကျိယွီရှောင်၏ ကားက ပြန်လှည့်လာသည်ကို တွေ့လိုက်ပေသည်။
လင်းလော့ချင်းက နားဝေတိမ်တောင်ဖြင့် အလျင်အမြန် ပြေးသွားလိုက်သည်။
"ဘာလို့လဲ..."
သူက ခေါင်းငုံ့ကာ ကျိယွီရှောင်ကို မေးလိုက်သည်။
ကျိယွီရှောင်က ကားပြတင်းပေါက်ဘေးတွင် ထိုင်နေကာ သူ့မျက်လုံးများက ကူကယ်ရာမဲ့ခြင်းများဖြင့် ပြည့်နေလေသည်။
သူက လက်ဟန်ပြလိုက်ရာ လင်းလော့ချင်းက ရှေ့သို့ တိုးလာလေသည်။ ထို့နောက် ကျိယွီရှောင်က လက်တစ်ဖက်ဆန့်ထုတ်ကာ သူ့ခေါင်းသို့ ဖိထားလိုက်သည်။ သူက သူ့နှုတ်ခမ်းကို နမ်းလိုက်လေသည်။
"ထပ်ကြည့်မနေနဲ့တော့... မြန်မြန် အထဲဝင်... မင်းဆက်ပြီးကြည့်နေရင် ယောက်ျားကြည့်ကျောက်တုံးဖြစ်သွားလိမ့်မယ်..."
လင်းလော့ချင်း : ...
"ငါက ယဉ်ကျေးမှုရှိတာပါနော်..."
ငါက ဘယ်လိုလုပ်ပြီး ယောက်ျားကြည့် ကျောက်တုံးဖြစ်သွားရတာလဲ...
"ယဉ်ကျေးလွန်းနေတာ..."
ကျိယွီရှောင်ကပြုံးကာဆိုလိုက်သည်။
"အရမ်းယဉ်ကျေးလွန်းနေတော့ ငါက ထွက်မသွားနိုင်တော့ဘူးလေ..."
သူက လက်များကို ပြန်ရုတ်လိုက်သော်လည်း ကားထဲသို့ ပြန်မဝင်မီတွင် လင်းလော့ချင်း၏ နှာခေါင်းလေးကို ခပ်ဖွဖွ ဆွဲညစ်လိုက်လေသည်။
"ငါသွားတော့မယ်... ဒီတစ်ပတ်ပိတ်ရက် မင်းကို လာတွေ့မယ်... ငါ့ကို အရမ်းလွမ်းမနေနဲ့..."
"ဘယ်သူက မင်းကို လွမ်းလို့လဲ..."
လင်းလော့ချင်းက မာနကြီးစွာ ဆိုလိုက်သည်။
"ဘာမှမရှိတာကို ရူးကြောင်ကြောင်နဲ့ ငေးကြည့်နေတဲ့လူနဲ့ ထွက်မသွားစေချင်တဲ့လူက ငါ့ကို လွမ်းမှာပေါ့..."
လင်းလော့ချင်း : ... ရူးကြောင်ကြောင်နဲ့... မင်းကမှ ရူးနေတာတာ...
သူက နှာမှုတ်ကာ ကျိယွီရှောင်ကို ထပ်မကြည့်တော့ပဲ နောက်လှည့်ပြီး အထဲပြန်ဝင်သွားလေသည်။
သို့သော် ခြေလှမ်း ၁၀လှမ်းခန့်လှမ်းပြီးနောက် သူက သူ့ခြေလှမ်းများကို နှေးကွေးကာ ကျယွီရှောင်က ယခုဆိုရင်ထွက်သွားသင့်ပြီဟု တွေးမိလိုက်လေသည်။
အဲ့ဒါဆိုရင် နောက်ထပ်တစ်ခေါက်လောက် ချောင်းကြည့်တာ ဘာမှမဖြစ်လောက်ပါဘူး...
လင်းလော့ချင်းမှာ ၄င်းကိုတွေးကာ တိတ်တဆိတ် နောက်သို့ချောင်းကြည့်လိုက်သည်။ ထို့နောက် သူက ပြတင်းပေါက်ပေါ်တွင် လက်တစ်ဖက်တင်ကာ ခေါင်းကို ကိုင်ထားသော ကျိယွီရှောင်ကို မြင်လိုက်ရလေသည်။ သူက လင်းလော့ချင်း ပြန်လှည့်လာသည်ကို မြင်ကာ "လက်ပူးလက်ကြပ်မိပြီ... တကယ်ကို ထွက်မသွားနိုင်တာပဲ..."ဟူသော အမူအရာဖြင့် ခေါင်းခါပြလိုက်လေသည်။
လင်းလော့ချင်း : ...
သူက အလျင်အမြန် နောက်လှည့်ပြီး အရှိန်တင်ကာ အဝေးသို့လျှောက်သွားလိုက်လေသည်။
ရှောင်လီက သူ့၏ နောက်ကျောကိုကြည့်ပြီးနောက် ကားနောက်ကြည့်မှန်ထဲမှ သခင်လေး၏ နှုတ်ခမ်းများ ကွေးတက်သွားသည်ကို မြင်လိုက်ပေသည်။
မင်းတို့လင်မယားတွေ ဒီလောက်ကြီး မချွဲနေလို့ မရဘူးလား...
ကြင်စဦးတွေ ဆိုတဲ့တိုင်းအတိုင်းပဲ...
အရမ်းချိုလွန်းတယ်...
ဒီနေ့ရဲ့ သခင်လေးနဲ့ ဆရာကတော်က အရမ်းကို ကြင်နာနေကြတာပဲ...
လင်းလော့ချင်း၏ ပုံရိပ်က လုံးဝ ပျောက်သွားသည့်အချိန်မှသာ ကျိယွီရှောင်က သူ့လက်များကို ရုတ်သိမ်းကာ ကားကိုမီှလိုက်သည်။
"မောင်းတော့..."
သူက ရှောင်လီကို ဆိုလိုက်သည်။
ရှောင်လီက ကားကို ထပ်မံစက်နှိုးလိုက်ကာ အိမ်သို့ ပြန်မောင်းခြင်းကို စတင်လိုက်သည်။
ကျိလဲ့ယွီက ပြတင်းပေါက်မှ မှောင်မဲနေသော ကောင်းကင်ကို တစ်ချက်ကြည့်ကာ စိုးရိမ်နေပေသည်။
"ဒယ်ဒီက ဘာလို့အခုထိ အိမ်ပြန်မလာသေးတာလဲ..."
လင်းဖေးက သူ့စာအုပ်မှ စာရွက်တစ်ရွက်တစ်ရွက်ကိုလှန်လိုက်ကာ တစ်ခွန်းမှမဆိုပါပေ။
ကျိလဲ့ယွီက ခေါင်းငုံ့ကာ သူ့ကိုကြည့်လိုက်လေသည်။
"ပြောဦးလေ... ဒယ်ဒီဘာလုပ်ချင်နေတာလို့ ကိုကိုထင်လဲ... သူဘယ်တော့ အိမ်ပြန်လာနိုင်မှာလဲ..."
"မသိဘူးလေ..."
"မှန်းကြည့်ပါ..."
"မမှန်းချင်ဘူး..."
လင်းဖေးက တည်ငြိမ်စွာဆိုလိုက်သည်။
ကျိလဲ့ယွီက ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရသည်။
"ဒယ်ဒီက သားတို့အိပ်တဲ့အချိန်ထိ အိမ်ပြန်မလာရင် ဘာလုပ်ကြမလဲ..."
လင်းဖေးက နားမလည်ပါပေ။
"ငါတို့ အိပ်နှင့်မယ်လေ..."
ဘာရှိသေးလို့လဲ...
ကျိလဲ့ယွီက သူ့နှုတ်ခမ်းများကို ကိုက်ထားလိုက်သည်။
"ကိုကိုက ဘယ်လိုလုပ်ပြီး တခြားသူတွေကို လုံးဝ ဂရုမစိုက်ပဲ နေနိုင်ရတာလဲ..."
သူက ၄င်းကိုဆိုပြီးနောက် လင်းလော့ချင်းကို သတိရသွားရာ မေးလိုက်လေသည်။
"ကိုကိုရဲ့ရှုရှုကိုရော မလွမ်းဘူးလား..."
လင်းဖေးက ဘာမှမဆိုပါပေ။
"သားသာ ကိုကိုနေရာမှာရောက်ပြီး သားဒယ်ဒီက အကြာကြီးထွက်သွားတယ်ဆိုရင် သေချာပေါက်သူ့ကိုလွမ်းပြီး တွေ့ချင်မှာ..."
"လူကြီးတွေမှာလည်း သူတို့ကိုယ်ပိုင်အလုပ်တွေရှိတယ်... ကလေးတွေ ကျောင်းတက်ရသလိုပဲ... မင်းသူတို့ကို လိုက်နှောင့်ယှက်နေလို့မရဘူး..."
သူက ထိုသို့ပြောလိုက်သော်လည်း ကျိလဲ့ယွီက မလုပ်နိုင်ပါပေ။
သူမိဘများ ထွက်သွားသည့်အချိန်မှစ၍ သူက ကျိယွီေရှာင်ကို အစောင့်နဂါးက ရတနာများကို စောင့်ရှောက်သကဲ့သို့ စောင့်ရှောက်ခဲ့ပေသည်။
ကျိယွီရှောင် ထွက်သွားသည်နှင့် ကျိယွီရှောင်က အိပ်သို့ ဘေးကင်းကင်းနှင့် ပြန်ရောက်လာသည်ကို မသေချာခင်အထိ သူက ဆက်တိုက်စိတ်ပူနေမည် ဖြစ်သည်။
အချိန်က ၉နာရီခွဲပြီဖြစ်ကာ လင်းဖေး ရေချိုးရမည့် အချိန်ဖြစ်လေသည်။
သူက စာအုပ်ပိတ်ကာ ကျိလဲ့ယွီကို မေးလိုက်သည်။
"ရေချိုးမလား..."
ကျိလဲ့ယွီက ပြတင်းပေါက်အပြင်ကို ထပ်မံချောင်းကြည့်လိုက်သည်။ ကျိယွီရှောင်ကို မမြင်ရသေးပါချေ။ သို့ဖြစ်၍ သူက နောက်ပြန်လှည့်ကြည့်ကာ လင်းဖေးနောက်သို့ မလိုက်ချင် လိုက်ချင်ဖြင့် လိုက်လာလေသည်။
လင်းဖေးက သူ့ကိုယ်ပေါ်တွင် ဆပ်ပြာရည်အချို့ကို ပွတ်လိုက်ရာ ကျိလဲ့ယွီက သူ့ထံမှ သင်ယူလိုက်သည်။ သူက သူ့ကိုယ်သူ ဆပ်ပြာရည်များ၊ အမြှုပ်များဖြင့် ဖုံးအုပ်ထားလိုက်သည်။
သူက အမြှုပ်များကို သူ့ပခုံးပေါ်သို့ မှုတ်ထုတ်လိုက်ပြီးနောက် လင်းလော့ချင်သာရှိပါက ရေကူချိုးပေးမည်ဖြစ်သည်ကို တွေးလိုက်သည်။ သူက သူ့နှာခေါင်းအား အမြှုပ်များဖြင့် သေချာပေါက် တို့ပေးမည် ဖြစ်သည်။
"ကိုကိုရဲ့ ရှုရှုကို ဖုန်းခေါ်ချင်လား..."
ကျိလဲ့ယွီက သူ့ရှေ့မှ လူကိုမေးလိုက်သည်။
အိမ်မှာ ရုတ်တရက် အလွန်လစ်ဟာသွားပြီး သူက အသားမကျပါပေ။ သူက ကျိယွီရှောင်ကို သတိရကာ ရက်အတန်ကြာ မတွေ့ရသေးသော လင်းလော့ချင်းကိုလည်း သတိရပေသည်။
လင်းဖေး၏ လက်များက ရပ်တန့်သွားကာ တစ်ခွန်းမှ မဆိုလာပါပေ။
ကျိလဲ့ယွီက သူ့ကို တိုက်တွန်းလိုက်သည်။
"ကိုကို ပါးပါးနဲ့ စကားမပြောချင်ဘူးလား... သူဘယ်တော့ပြန်လာမှာလဲ မေးလိုက်လေ... သား ပါးပါးကိုလွမ်းနေပြီ..."
လင်းဖေးက မျက်တောင်ခတ်ကာ ကျိလဲ့ယွီကို ကြည့်လိုက်သည်။
အခုက အတော်နောက်ကျနေပြီ... သူက အိပ်နေလောက်ပြီမဟုတ်ဘူးလား...
သူ့အလုပ်က အရမ်း ပင်ပန်းနေလောက်တယ်...
သူ့၏ မိခင်မှာ အလုပ်မှ အိမ်ပြန်လာသည့်အချိန်တိုင်းတွင် အလွန်ပင်ပန်းနေပုံရပေသည်။ တစ်ခါတစ်ရံတွင် စားသောက်ပြီးနောက် သူမက ပန်းကန်များပင်မဆေးနိုင်ပဲ အိပ်ပျော်သွားလေ့ရှိပေသည်။
"မပြောချင်ဘူး..."
လင်းဖေးက ငြင်းဆန်လိုက်သည်။
ကျိလဲ့ယွီက သူ့ကို မယုံနိုင်စွာ စိုက်ကြည့်လိုက်သည်။
"မပြောချင်ဘူး... ဘာလို့လဲ... ကိုကို သူ့ကို မလွမ်းဘူးလား..."
လင်းဖေး : ...
လင်းဖေးက သူ့ကိုယ်အား ဆေးကြောရန်အတွက် ရေအချို့ကို ခတ်လိုက်ပြီး တည်ငြိမ်စွာဆိုလိုက်သည်။
"မြန်မြန်လုပ်... ရေဆေးချတော့..."
ကျိလဲ့ယွီက လုံးဝဂရုမစိုက်ဟန်ရသော သူ့အမူအရာကို စိုက်ကြည့်လိုက်ကာ သူကအလွန်ထူးဆန်းသည်ဟု ခံစားလိုက်ရပေသည်။
သူက လင်းလော့ချင်းကို လုံးဝကို မလွမ်းဘူးလား...
ကျိလဲ့ယွီကိုယ်တိုင်ပင် လင်းလော့ချင်းကို လွမ်းကာ လင်းလော့ချင်းမှာ သူနှင့် အမျိုးပင် မတော်ပါပေ။ ဆန့်ကျင်ဖက်အနေြဖင့် လင်းဖေးမှာ သူ့၏ တူအရင်းဖြစ်သည်။
ထူးဆန်းလိုက်တာ...
ကျိလဲ့ယွီက သူထရပ်ကာ ကိုယ်ပေါ်မှ အမြှုပ်များကို ဆေးချသည်ကို တွေ့လိုက်သည်။ သူလည်း အလျင်အမြန် နောက်မှလိုက်ကာ ရေပန်းအောက်တွင် ရပ်လိုက်လေသည်။ သို့သော် သူ့ခြေထောက်က ရုတ်တရက် ချော်သွားပြီး လင်းဖေးကို ဝင်တိုက်မိသွားသည်။
လင်းဖေးက ကူကယ်ရာမဲ့ခြင်း ၃၀%၊ လက်နက်ချခြင်း ၃၀%နှင့် မင်းငတုံးလားဟူသည် ၄၀%ဖြင့် သက်ပြင်းချလိုက်သည်။ သို့သော် သူက လက်ဆန့်ကာ သူ့ကို မတ်မတ်ရပ်ရန် ထိန်းထားပေးဆဲဖြစ်သည်။
ကျိလဲ့ယွီ : ...
"သား သတိလက်လွတ်ဖြစ်သွားလို့ပါ..."
လင်းဖေး : "အိုး..."
"အဲ့ဒါက ကိုကိုကြောင့်လေ... ကိုကိုသာရှိမနေရင် သားက အဆင်ပြေမှာ အသေအချာပဲ..."
လင်းဖေး : "အိုး..."
ကျိလဲ့ယွီ : ....
"အိုး... အိုး... အိုး... ကိုကို စကားပြောင်းမပြောတတ်ဘူးလား..."
ကျိလဲ့ယွီက ဒေါသတကြီး ဆိုလိုက်သည်။
လင်းဖေးက အနည်းငယ်တွေးတောကာ တည်ငြိမ်စွာ အကြံပြုလိုက်သည်။
"အဲ့ဒါဆိုလည်း ငါတို့ ခွဲပြီး ဆေးကြောရအောင်..."
ကျိလဲ့ယွီ : "..."
ကျိလဲ့ယွီက ဒေါသထွက်သွားကာ သူ့ကိုတက်နင်းလိုက်သည်။
သူတို့နှစ်ဦးစလုံးမှာ ရေထဲတွင် ခြေဗလာနှင့် ဖြစ်လေသည်။ ၄င်းက လုံးဝမနာသည်ဖြစ်ရာ လင်းဖေးက စိတ်မရှိပါပေ။
သူက ဆက်လက်၍ ရေးဆေးချကာ ကျိလဲ့ယွီကို အလိုလိုက်ထားလိုက်လေသည်။
ကျိလဲ့ယွီက သူထိုသို့ဖြစ်နေသည်ကိုမြင်ကာ သူ့ကို ထပ်မံတက်နင်းလိုစိတ်ထပ်ဖြစ်လာပေသည်။
လင်းဖေးက သူ့ကို လက်နှစ်ဖက်ဖြင့် ဆွဲလိုက်သည်။ သူက ကျိလဲ့ယွီမှာ ဟိုဟိုဒီဒီလျှောက်နင်းနေသည်ကိုမြင်ရာ ထိုသို့ဆက်လုပ်နေပါက သူပါရော၍ ချော်လဲပြီး ပြုတ်ကျမည်ဟု ခံစားလိုက်ရပေသည်။
သူက ကျိလဲ့ယွီကို "မင်းဘာလို့အရမ်းတုံးတာလဲ..."ဟူသော အပိုင်းက "မင်းဘာလို့ အရမ်းပြဿနာရှာတာလဲ..."အဖြစ်ပြောင်းလဲပစ်သည်မှလွဲ၍ ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ထပ်မံကြည့်လိုက်သည်။
ထို့နောက် သူက လက်တစ်ဖက်မြှောက်ကာ ရေပန်းကို ဆွဲလိုက်ပြီး ရေကန်ထဲသို့ ပြန်သွားလိုက်သည်။
ကျိလဲ့ယွီ : ....
"ထိုင်..."
လင်းဖေးက သူ့ကို ပြောလိုက်သည်။
လင်းဖေးက ရေကန်ထဲမှ ရေများကို လဲလိုက်ပြီး သူနှင့် ကျိလဲ့ယွီကို ဆေးကြောရန်အတွက် ရေပန်းကို သုံးလိုက်သည်။
ကျိလဲ့ယွီက ပျော်ရွှင်ကာ သူ့ကို မှီလိုက်ပြီး လင်းဖေးကို သူ့အားဆေးကြောခွင့် ပေးလိုက်သည်။
"ဒယ်ဒီက သားတို့ ရေအတူချိူးသင့်တယ်လို့ပြောနေတာ..."
လင်းဖေးက သူ့ကိုကြည့်ရန် ခေါင်းမော့လိုက်သော်လည်း တစ်ခွန်းမှ မဆိုပါချေ။
ကျိလဲ့ယွီက သူ့၏ လှပသေးငယ်သော မျက်နှာလေးကိုမော့ကာ ဖြောင့်မတ်စွာ ဆိုလိုက်သည်။
"ကိုကိုက သားနဲ့ ရေမချိုးဖို့ ခွင့်မပြုထားဘူး..."
လင်းဖေးက သူ့လက်ထဲမှ ရေပန်းကို တိတ်တဆိတ်မြှောက်လိုက်သည်။ ရေက ရုတ်တရက် ကျိလဲ့ယွီ၏ မျက်နှာကို ချိန်လိုက်ရာ ကျိလဲ့ယွီက အလျင်အမြန် ခေါင်းလှည့်လိုက်သည်။ သူက မကျေမနပ် အော်လိုက်သည်။
"ကိုကိုဘာလုပ်တာလဲ..."
လင်းဖေးက ရေပန်းကို ပြန်မချမီတွင် ပြုံးလိုက်သည်။ သူက ကျိလဲ့ယွီ၏ လက်မောင်းကို ကိုင်လိုက်ပြီး ထိုပေါ်မှ ဆပ်ပြာရည်များကို ဆေးချပေးလိုက်သည်။
ကျိလဲ့ယွီက ဒေါသထွက်နေလေသည်။
"ကိုကိုက သားကို အနိုင်ကျင့်နေတာပဲ..."
"မဟုတ်ပါဘူး..."
လင်းဖေးက ၄င်းကို ဝန်မခံပါပေ။
"ကိုကိုက ဟိုဟိုဒီဒီ အနိုင်ကျင့်နေတာ ရှင်းနေတာပဲကို..."
ကျိလဲ့ယွီက အခိုင်အမာဆိုလိုက်သည်။
လင်းဖေးက သူ့၏ ဖောင်းကားနေကာ ဖြူဖွေးနူးညံ့သော မျက်နှာလေးကို ကြည့်လိုက်သည်။ ၄င်းမှာ သူ့ကိုယ်ပေါ်သို့ ဖြန်းလိုက်သည့် ရေစက်များဖြင့် စွန်းထင်နေလေသည်။ သူက နှင်းစက်များ စိုရွှဲနေသော ပွင့်ချက်ကလေးတစ်ခုသဖွယ် နှင်းစက်၏ နောက်ကွယ်မှ ကျက်သရေရှိကာ လှပေသော သဘာဝတရားကို လှစ်ပနေပေသည်။
"မင်းကို အနိုင်မကျင့်ပါဘူး..."
သူက ကျိလဲ့ယွီ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
"လိမ်လိမ်မာမာနေ..."
ကျိယွီရှောင် အိမ်ရောက်သည့်အချိန်တွင် တစ်နာရီထိုးနေပြီ ဖြစ်လေသည်။
သူ့လှုပ်ရှားမှုများက အလွန်တိတ်ဆိတ်သော်လည်း ကျိလဲ့ယွီက သူ့ကို ကြားနေဆဲဖြစ်သည်။
"သူပြန်ရောက်ပြီ..."
သူက အိပ်ရာပေါ်မှ ထထိုင်လိုက်ပြီး လင်းဖေးကို အသံတိုးတိုးနှင့် ဆိုလိုက်သည်။ သူက အိပ်ရာပေါ်မှ အလျင်အမြန် ဆင်းလိုက်ပြီး တံခါးဆီသို့ သွားလိုက်သည်။ သို့သော် သူက အလွန်ဝေးဝေးသို့ မပြေးနိုင်ခင်မှာပင် လင်းဖေးက သူ့ကို ပြန်ဆွဲထားလိုက်သည်။
"ဖိနပ်စီးဦး..."
လင်းဖေးက တည်ငြိမ်စွာ ဆိုလိုက်သည်။
ကျိလဲ့ယွီက ခြေညှပ်ဖိနပ်ကို အလျင်အမြန်စီးလိုက်သည်။ လင်းဖေးက သူ့ကို သွားခွင့်ပေးလိုက်ကာ သူက လေပြည်တစ်ခုသဖွယ် ပြေးသွားသည်ကို ကြည့်နေလိုက်သည်။
ကျိယွီရှောင်က သူတို့ကို ဤအချိန်ထိ နိုးနေမည်ဟု မမျှော်လင့်ထားပါပေ။ သူက အံ့ဩတကြီးဆိုလိုက်သည်။
"မင်းတို့ ဘာလို့ နိုးနေကြသေးတာလဲ..."
ကျိလဲ့ယွီက သူ့ကို စိတ်မပူစေလို၍ မျက်တောင်ခတ်လိုက်သည်။ သူက အပြစ်ကင်းစွာဆိုလိုက်သည်။
"အိပ်ပြီးပြီ... သားက အိမ်သာသွားဖို့ထတုန်း အသံတစ်ခုကြားလို့...သားက ကြွက်ထင်နေတာ... ဒယ်ဒီဖြစ်နေတာပဲ..."
ကျိယွီရှောင်က ရယ်လိုက်သည်။
"အိမ်ထဲမှာ ဘယ်လိုလုပ် ကြွက်ရှိမှာလဲ..."
"ကြွက်ကလေးက မီးအိမ်ဆီသွားပြီး ဖယောင်းနည်းနည်းကို စားဖို့ ခိုးသွားတာ... သားက အဲ့ကောင် ဖယောင်းတွေ ထပ်ခိုးဖို့လာတယ် ထင်နေတာ..."