အပိုင်း ၉၆
Viewers 35k

Chapter 96



ကျိယွီရှောင်မှာ ကလေးများက အလွန်ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သူက ကလေးသီချင်းတစ်ပုဒ်မှ စာပိုဒ်ကိုပင် ယုံနေပေသည်။ သူက ခေါင်းညိတ်ပြလိုက်သည်။ 

"ဟုတ်တယ်... ဒီညတော့ ဘာကြွက်မှ မရှိတာ နှမြောစရာပဲ... ဒယ်ဒီပဲရှိတယ်..."


"ဒယ်ဒီ ဘာလို့ အိမ်ပြန်နောက်ကျနေတာလဲဟင်..."

ကျိလဲ့ယွီက မေးလိုက်သည်။ 


"ဒယ်ဒီက သားပါးပါးကို သွားတွေ့နေလို့ အိမ်ပြန်နည်းနည်းနောက်ကျသွားတာ... အခုမြန်မြန် အိပ်ယာဝင်တော့... မနက်ဖြန် ကျောင်းတက်ရဦးမှာ..."


ကျိလဲ့ယွီက သူလင်းလော့ချင်းကို သွားတွေ့သည်ဟု ပြောသည်ကို ကြားသောအခါ သူ့မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားသည်။ 

"အဲ့ဒါဆို သားနဲ့ ကိုကိုဖေးဖေးကိုရော ဘာလို့ခေါ်မသွားတာလဲ..."


"ပိတ်ရက်အထိ စောင့်ဦး... အခုက ကျောင်းဖွင့်ရက်တွေပဲရှိသေးတော့ ကျောင်းတက်ရဦးမှာ... သားပါးပါးက သူ့ကြောင့် သားတို့ ကျောင်းမပျက်စေချင်ဘူး..."


ကျိလဲ့ယွီက စိတ်လှုပ်ရှားသွားလေသည်။ 

ကောင်းပြီလေ... လူကြီးတွေအကုန်လုံးတော့ သူတို့ကလေးတွေကို ကျောင်းသွားစေချင်မှာပဲ...


ကောင်းကင်နဲ့ မြေကြီးတစ်ခွင်မှာ ကျောင်းသွားတာလောက် ဘယ်ဟာမှ အရေမကြီးဘူးပဲ...


သို့သော် ကျိယွီရှောင်က လင်းလော့ချင်းကို သွားတွေ့သည်အား သိသောအခါ ကျိလဲ့ယွီက စိတ်မပူတော့ပဲ ဆိုလိုက်လေသည်။

"အဲ့ဒါဆိုရင် သားအိပ်ရာဝင်တော့မယ်... ဒယ်ဒီလည်း စောစော အိပ်ရာဝင်တော့နော်..."


"အင်း..."

ကျိယွီရှောင်က သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။

"ကောင်းသောညပါ..."


"ဒယ်ဒီ ကောင်းသောညပါ..."


ကျိလဲ့ယွီက ၄င်းကိုဆိုပြီးနောက် သူ့၏ လက်ကလေးများကို ယမ်းပြလိုက်ပြီး သူ့၏ အိပ်ရာဆီသို့ ပြန်လာလိုက်သည်။ 


သူက ကျိယွီရှောင်ကို စောင့်ချင်၍ ဓာတ်လှေကားနှင့်ဝေးသော လင်းဖေး၏ အခန်းထဲတွင် သွားမအိပ်ခဲ့ပေ။ သို့သော် သူက တစ်ယောက်တည်းလည်း မအိပ်ချင်၍ လင်းဖေးကို သူ့အခန်းထဲသို့ ဆွဲခေါ်လာခဲ့ပေသည်။ 


သူက မအိပ်ချင်၍ လင်းဖေးကိုလည်း အိပ်ခွင့်မပေးခဲ့ပါပေ။ သူက လင်းဖေးကို စိတ်ရှုပ်အောင်လုပ်ကာ သူနှင့်အတူ ကျိယွီရှောင်ကို စောင့်ရန်အဖော်ပြုစေခဲ့ပေသည်။


ယခုတွင် ကျိယွီရှောင်က အိပ်ပြန်ရောက်လာပြီဖြစ်ရာ လင်းဖေးက စာအုပ်ကိုပိတ်ပြီး သူအိပ်နိုင်ပြီဖြစ်ရာ ပျော်ရွှင်နေပေသည်။ 


ကျိလဲ့ယွီက တံခါးကိုပိတ်ပြီး အိပ်ရာပေါ်သို့ တက်လာလေသည်။ ထို့နောက် သူက လျှို့လျှို့ဝှက်ဝှက်ဖြင့် လင်းဖေးကို တီးတိုးဆိုလိုက်သည်။

"သား သတင်းကောင်းတစ်ခုပြောပြမယ်..."


"ဘာလဲ..."

လင်းဖေးက သူ့ကိုကြည့်လိုက်သည်။


"သားဒယ်ဒီက သူ ဒီနေ့ ကိုကိုရဲ့ရှုရှုကို သွားတွေ့ခဲ့တယ်လို့ပြောတယ်... ဒီတစ်ပတ်ပိတ်ရက်ကျရင် သားတို့ကိုလည်း ခေါ်သွားမယ်တဲ့..."


လင်းဖေးက အံ့အားသင့်သွားကာ သူ့မျက်လုံးများက အရောင်တောက်သွားလေသည်။ သို့သော် ထိုသည်မှလွဲ၍ သူက သူ့၏ တည်ငြိမ်သော ကိုယ်အမူအရာကို ထိန်းသိမ်းထားလိုက်သည်။

"အိုး... အခုအိပ်တော့..."


ကျိလဲ့ယွီက ဆူလိုက်လေသည်။ 

"ကိုကိုက ဘာလို့ နည်းနည်းတောင် မပျော်တာလဲ..."


"မင်းမအိပ်ရင်လည်း ငါအိပ်ပြီ..."

လင်းဖေးက ၄င်းကိုဆိုကာ သူ့လက်ကိုမြှောက်ကာ မီးပိတ်လို်က်သည်။ 


ကျိလဲ့ယွီက အသံတစ်ခုသာကြားလိုက်ပြီး အခန်းက အမှောင်ထုထဲသို့ ကျရောက်သွားလေသည်။ 


ကျိလဲ့ယွီ : ...


ကျိလဲ့ယွီက အလွန် စိတ်ရှုပ်နေသည်ဟု ခံစားရပေသည်။ 

သူက ဒီလောက်ကောင်းတဲ့ သတင်းကိုကြားတာတောင် မပျော်ဘူးလား...


ထူးဆန်းလိုက်တာ...


သူက လှဲလျောင်းကာ လင်းဖေးကို ဖက်ထားလိုက်သည်။ ထို့နောက် သူက လင်းဖေး၏ လက်ကိုယူကာ သူ့ကိုယ်ပေါ်တွင် တင်ထားလိုက်ပြီး စိတ်ကျေနပ်သွားကာ ဆိုလိုက်သည်။ 

"ကိုကို ကောင်းသောညပါ..."


"ကောင်းသောညပါ..."

လင်းဖေးက ဆိုလိုက်သည်။


သူက ထိုသို့ဆိုလိုက်သော်လည်း လင်းဖေးက ချက်ချင်း အိပ်မပျော်ပါပေ။ ထို့ထက် သူက ပိတ်ရက်ရောက်သည်နှင့် လင်းလော့ချင်းကို မည်သို့တွေ့ရတော့မည်ကို တွေးနေပေသည်။


လင်းလော့ချင်းက ဤရက်ပိုင်းတွင် မည်သို့နေနေသည်ကို သူမသိပါပေ။

သူပျော်နေရဲ့လား... ပင်ပန်းနေလား...


လင်းလော့ချင်းမှာ လူကပ်သော လူတစ်ယောက်ဖြစ်ရာ သူ့ကိုလွမ်းနေမည်မှာ သေချာပေသည်။ သူထွက်မသွားခင်က သူ့အား video call မည်သို့ ခေါ်ရမည်ကို သင်ပေးသွားသော်လည်း သူက တစ်ခါမှ မခေါ်ရသေးပါပေ။ ထို့ကြောင့် လင်းလော့ချင်းက သူ့ကို စိတ်ဆိုးနေကာ သူ့ကို မလွမ်းဘူးဟု ထင်နေမည်လား သူမသိပါပေ။ 


အမှန်တကယ်တွင် လင်းဖေးက သူ့ကို အကြိမ်များစွာ ခေါ်ချင်ပေသည်။ သူက သူ့ကိုတွေ့ချင်ကာ ဘာလုပ်နေသည်လဲ မေးချင်ပေသည်။ သို့သော် သူက သူ့အမေဖုန်းကိုထုတ်ကာ လင်းလော့ချင်း၏ wechat ပရိုဖိုင်ဓာတ်ပုံကိုကြည့်လိုက်တိုင်းတွင် အလွန်ရှက်ရွံ့လာသည်ဟု ခံစားရပေသည်။ 


ကျောင်းသားများက ကျောင်းသွားကာ လူကြီးများက အလုပ်လုပ်ရန် လိုပေသည်။ သူက အချိန်မှားတွင် ခေါ်လိုက်မိပါက လင်းလော့ချင်း အဆူခံရပေမည်လား...


လင်းဖေးက အလုပ်ကို လုံးဝ နားမလည်ပါပေ။ အထူးသဖြင့် လင်းလော့ချင်း၏ အလုပ်ဖြစ်သည်။ သူ့အလုပ်မှာ လင်းဖေးသိသော အလုပ်ဆိုသည်နှင့် လုံးဝပင် ခြားနားပေသည်။ ထိုသို့ဖြင့် လင်းဖေးက မဆင်မခြင်မပြုလုပ်ဝံ့ပါပေ။


သူက ကျိလဲ့ယွီကို ဖက်ထားကာ မနက်ဖြန် နေ့လည်တွင် လင်းလော့ချင်းအား ဖုန်းခေါ်ရမည်လားဟု တွေးနေပေသည်။ 


နေ့လည်ဆိုရင်တော့ အဆင်ပြေလောက်ပါတယ်...


ကလေးတွေက နေ့လည်စာစားရတယ်... လူကြီးတွေလည်း နေ့လည်စားစားရမယ်မလား...


သူတို့နေ့လည်စာမစားတာတော့ မဖြစ်နိုင်လောက်ပါဘူး...


သူက ထိုသို့ဆုံးဖြတ်ကာ မျက်လုံးများမှိတ်လိုက်ပြီး အိပ်ရန်အသင့်ပြင်လိုက်သည်။


သို့သော် သူ့၏ ခေါ်ဆိုမှုက မည်သည့်အခါမှ မပြုလုပ်ဖြစ်မည်ဟု သူအိပ်မက်ပင် မမက်ခဲ့ပါပေ။ 


လင်းလော့ချင်းသည်လည်း သူ ရိုက်ကူးရေပြုလုပ်ရန် အသင့်ဖြစ်ခါနီး နေ့လည်ပိုင်းတွင် လင်းဖေး၏ ဆရာမထံမှ ဖုန်းတစ်ကော လက်ခံရလိမ့်မည်ဟု မထင်ထားသကဲ့သို့ပင်။ 


"မင်္ဂလာပါ... ဒါက လင်းဖေးရဲ့ မိဘလားရှင့်... ကျွန်မက သူ့ရဲ့ အတန်းပိုင်ဆရာမ ကျောက်လေ့ပါ... လင်းဖေးနဲ့ သူ့အတန်းဖော်တွေ ရန်ဖြစ်ပြီ တခြားကလေးတွေကို သူက မျက်ရည်ကျအောင် ရိုက်ထားလို့ပါ... အခု နှစ်ဖက်စလုံးက ကလေးမိဘတွေ ကျောင်းကိုလာဖို့လိုပါတယ်... ကျေးဇူးပြုပြီး လာခဲ့ပေးပါရှင့်..."


လင်းလော့ချင်း : ...


သူ(မ)က ဘာပြောလိုက်တာ...


လင်းဖေးက...


ရန်ဖြစ်တယ်...


တခြားကလေးတွေကို ငိုအောင် ရိုက်တယ်...


လင်းဖေးအကြောင်းပြောနေတာရော ဟုတ်ရဲ့လား...


ငါ့ရဲ့ ချစ်စရာလည်းကောင်း၊ စဉ်းလည်း စဉ်းစားပေးတတ်၊ ဥပေက္ခာလည်းပြုတတ်၊ တောင်တစ်လုံးကဲ့သို့လည်း တည်ငြိမ်သည့်အပြင်၊ သူ့အမူအရာကို ဘယ်တော့မှမပြောင်းတတ်ပဲ နူးညံ့သိမ်မွေ့ပြီး သန်မာတဲ့ ကလေးလေး လင်းဖေးကလေ...


မဟုတ်သေးပါဘူး...


လင်းလော့ချင်းက မယုံကြည်နိုင်သောအကြည့်ဖြင့် ဖုန်းချလိုက်သည်။ သူက ဝူရှင်းယွမ်ဆီသို့ ခေါင်းလှည့်ကာ ကြည့်လိုက်သည်။

"ငါခွင့်ယူပြီး အပြင်ခဏသွားရမယ်..."


"ဘယ်လဲ..."

ဝူရှင်းယွမ်က မေးမြန်းလိုက်သည်။


"ငါ့တူရဲ့ကျောင်း..."


"အဲ့ဒါဆိုရင် မင်းမြို့ထဲကို သွားရမှာပေါ့..."


ဝူရှင်းယွမ်က သိပ်ပြီး မပြန်ချင်ပါပေ။ 

"ဥက္ကကျိကိုပဲ သွားခိုင်းလိုက်ပါလား... ငါတို့က ၃၊ ၄နာရီလောက် မောင်းရမှာ... မင်းဟိုရောက်လည်း ကျောင်းက ပိတ်သွားလောက်ပြီ..."


လင်းလော့ချင်းက ခေါင်းခါလိုက်သည်။ 

"မရဘူး... ငါ ဒီကိစ္စအတွက် သွားမှရမှာ..."


လင်းဖေး ရန်ဖြစ်သည်ဟူသော ကိစ္စမှာ အလွန်ထူးဆန်းသည်သာမက လင်းဖေး၏ အကျင့်စရိုက်နှင့်ဆိုပါက သူမသွားပဲ ကျိယွီရှောင်သွားပါက လင်းဖေးအနေခက်နေမည်မှာ အသေအချာပင် ဖြစ်သည်။ 


လင်းဖေးမှာ သူနှင့်ရင်းနှီးသကဲ့သို့ ကျိယွီရှောင်နှင့် မရင်းနှီးသေးပါပေ။ သူနှင့်ဆိုပါက မိဘခေါ်ခြင်းသာဖြစ်ေသာ်လည်း ကျိယွီရှောင်နှင့်ဆိုပါက ရန်ဖြစ်တတ်သော ကလေးဆိုးတစ်ယောက်ဖြစ်သွားနိုင်ပေသည်။ လင်းဖေးအတွက်မူ ၄င်းမှာ ကွဲပြားလှသော စိတ်နေစိတ်ထားနှင့် အတွေးအခေါ်နှစ်ခုဖြစ်ပေသည်။ 


လင်းလော့ချင်းက သူ့၏ ဆုံးဖြတ်ချက်ကို ဖော်ပြလိုက်ပြီး ထပ်မံ တွန့်ဆိုင်းမနေတော့ပါချေ။ သူက ထရပ်ပြီး ဒါရိုက်တာ ကျန်းကိုရှာရန် ထွက်သွားလေသည်။ 


သူက ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးခင်မှာပင် တစ်စုံတစ်ဦးက ရေးတေးတေးလှမ်းခေါ်သည်ကို ကြားလိုက်ပေသည်။ 

"ရှစ်ကျန်း... ဒီလာပြီး ဒါကူလုပ်ပေးဦး..."


လင်းလော့ချင်းက မသိလိုက်မသိဘာသာဖြင့် သူ့ခြေလှမ်းများကို နှေးလိုက်ပြီး အသံလာရာသို့ တိတ်တဆိတ် ကြည့်လိုက်လေသည်။ လူအုပ်ထဲတွင် ပခုံးကျယ်ကျယ် အရပ်ရှည်ရှည်လူတစ်ယောက်က ခြေတံရှည်များဖြင့် ကိုယ်နေဟန်ထား ကောင်းမွန်စွာ ရပ်နေသည်ကို တွေ့လိုက်ပေသည်။ 


လင်းလော့ချင်းက သိချင်စိတ်ပြင်းပြသွားလေသည်။ 

အဲ့ဒါက ဘယ်သူလဲ... သူက ဒီလူကို အဖွဲ့ထဲမှာ တစ်ခါမှ မမြင်ဖူးပါဘူး... သူတို့အဖွဲ့ထဲမှာ ရှစ်ကျန်းဆိုတဲ့ နာမည်နဲ့ လူရှိတယ်လား...


အဲ့နာမည်က ဘာလို့အရမ်း ရင်းနှီးနေတာလဲ...


သူက သုံးစက္ကန့်ခန့် ထိုအကြောင်းကိုတွေးလိုက်သော်လည်း အဖြေမရသေးပါချေ။ သူ့စိတ်က လင်းဖေး၏ ကိစ္စနှင့် ပြည့်နှက်နေပြီး ၄င်းကို ထပ်မံအာရုံမစိုက်နိုင်တော့ပါချေ။ သူက ဒါရိုက်တာကျန်းဆီသို့ ဆက်သွားလိုက်သည်။ 


ဒါရိုက်တာကျန်းမှာ သူက အိမ်ပြန်ကာ ကိစ္စအချို့ ပြုလုပ်ရန်အတွက် နေ့တစ်ပိုင်း ခွင့်ယူရန်လိုသည်ဟုကြားသောအခါ အံ့ဩတကြီး ပြန်ဖြေလာလေသည်။


"မင်းဒီနားမှာနေတာလား..."


"ဟုတ်တယ်..."

လင်းလော့ချင်းက ခေါင်းညိတ်လိုက်လေသည်။ 


"မင်း အဲ့အကြောင်းပြောတာ ငါ တစ်ခါမှမကြားဖူးပါဘူး..."

ဒါရိုက်တာ ကျန်းက ပြုံးကာဆိုလိုက်သည်။

"အဲ့ဒါဆိုရင် သွားလေ... မလောနဲ့... ကိစ္စတွေ အကုန်လုံးဖြေရှင်းပြီးမှ ပြန်လာခဲ့..."


သူက လင်းလော့ချင်းကို အမှန်ပင် နှစ်သက်ကာ အလေးပေးပေသည်။ သူက လင်းလော့ချင်း၏ မိသားစုအား တစ်ခုခုဖြစ်မည်ကို စိုးရိမ်ကာ စတင်မေးမြန်းလိုက်လေသည်။ 


"နေ့တစ်ဝက်က လုံလောက်လား... တစ်နေ့လုံး ခွင့်ယူရင်ယူလေ... မင်းကိစ္စတွေ အခြေကျသွားရင် မင်းမိသားစုနဲ့ အချိန်ဖြုန်းလို့ရတယ်... ငါတို့အလုပ်နဲ့ဆိုရင် တစ်ခါအပြင်ထွက်ပြီးရင် နှစ်ဝက်လောက်က မိသားစုနဲ့တွေ့ရမှာမဟုတ်ဘူး..."


လင်းလော့ချင်းမှာ သူက အလွန်ကောင်းသော ဒါရိုက်တာတစ်ယောက်ဟု ခံစားလိုက်ရပေသည်။ 


နေ့တစ်ဝက်မှာ သူ့အတွက် လုံလောက်သော်လည်း အချိန်ပိုရသည်ကို မည်သူက ငြင်းပယ်မည်နည်း...


လင်းလော့ချင်းက တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။ 


ကျန်းချွမ်က သူတို့အတူသရုပ်ဆောင်ရန် လာရှာသောအခါ လင်းလော့ချင်းက ထွက်သွားပြီကို တွေ့လိုက်ပေသည်။ သူ့လက်ထောက် ရှောင်ဝမ်က သူ့ပစ္စည်းများကို သိမ်းဆည်းရန် ကူညီပေးခဲ့ပေသည်။ 


"ဆရာရှောင်လင်း ဘယ်သွားလဲ..."

သူက နားဝေတိမ်တောင်ဖြင့် မေးလိုက်လေသည်။ 


"ခွင့်ယူသွားတယ်..."

ရှောင်ဝမ်က သူ့ကိုကြည့်လိုက်သည်။

"မနက်ဖြန်... အင်း... မဟုတ်သေးဘူး... သဘက်ခါမှ ပြန်လာခဲ့..."


ကျန်းချွမ်က ကြောင်အသွားလေသည်။ 

"သူတစ်ရက်လုံး ခွင့်ယူသွားတာလား... ဆရာရှောင်လင်းတစ်ခုခုဖြစ်လို့လား..."


"အိမ်မှာ တစ်ခုခုဖြစ်လို့... ကိစ္စကြီးကြီးမားမားတော့မဟုတ်ပါဘူး... အဲ့တော့ စိတ်ချပါ..."


ထိုအခါမှသာ ကျန်းချွမ်က စိတ်အေးသွားလေသည်။ သူပြန်လာသောအခါ တခြားသူများကို ဆရာရှောင်လင်း၏ ယနေ့အတန်းက ယာယီရွှေ့ဆိုင်းကာ သဘက်ခါမှ ပြန်စမည်ဟု ပြောလိုက်လေသည်။ 


နေ့ခင်း အတန်းများကိုတက်ရန်အတွက် အသင့်ဖြစ်နေသော လူအုပ်အတွက်မူ : ... ချက်ချင်းကြီးလား... သူတို့က အထီးကျန်ကာ စိတ်ဓာတ်ကျသည်ဟု ခံစားလိုက်ရလေသည်။ 


ပြိုင်ဆိုင်မှုအလယ်က လူက ထွက်သွားနှင့်ပြီ... သူတို့က ဘယ်လိုလုပ်ပြီး ဆက်ပြိုင်နေလို့ရဦးမှာလဲ...


သူတို့အားလုံးက အကြည့်ဖလှယ်ကာ နေ့တစ်ဝက်အနားယူကာ ကောင်းကောင်းအနားယူရန် ဆုံးဖြတ်လိုက်ကြသည်။ တစ်ပတ်နီးပါးရှိနေပြီဖြစ်ကာ သူတို့အနားယူသင့်သည်မှာ ကြာပြီဖြစ်လေသည်။


 အထက်တန်းကျောင်း၏ ခွေးများပင်လျှင် နေ့တစ်ဝက်အနားရပေသည်။ ထို့အပြင် သူတို့က ကောင်းကောင်းစားကာ ပျင်းရိနေရသည်ကိုကြိုက်သည့် လူကြီးများဖြစ်ပေသည်။


လူတိုင်းက သူတို့၏ ရှားပါးလှသော နားချိန်ကို ပျော်ရွှင်စွာကုန်ဆုံးလိုက်ပြီး စတူဒီယိုမှာ ချက်ချင်းပင် သက်တောင့်သက်သာဖြစ်သော လေထုဖြင့် လွှမ်းခြုံသွားလေသည်။ ၄င်းမှာ "ကဒ်... ကဒ်... ကဒ်... ထပ်ရိုက်မယ်... ထပ်ရိုက်မယ်... ထပ်ရိုက်မယ်..."ဟူသည်ကို အဆက်မပြတ်အော်နေသော ဒါရိုက်တာကျန်း၏ အသံကို ကြားလိုက်ရသည့်အချိန်အထိပင် ဖြစ်သည်။


လင်းလော့ချင်းက အိမ်ကို အလျင်အမြန်ပြန်လာသော်လည်း သူပြန်ရောက်သောအခါ ကျောင်းဆင်းသွားပြီး ဖြစ်လေသည်။


ထိုအချိန်တွင် ဆရာမက သူ့ကို အကြိမ်များစွာ ဖုန်းခေါ်ကာ အဘယ့်ကြောင့်ရောက်မလာသေးသည်ကို မေးမြန်းနေပေသည်။ လင်းလော့ချင်းမှာ တောင်းပန်ကာ သူ့အလုပ်နေရာမှာ အလွန်ဝေးလှ၍ သူမ၏ ဖုန်းကို ရပြီးသည့်အချိန်မှစ၍ ချက်ချင်းထွက်လာကြောင်းကိုသာ ပြောရန်တတ်နိုင်ပေသည်။ 


သို့သော် ဆရာမက သူ့၏ နောက်ကျသောစိတ်ထားအား အလွန်မကျေနပ်နေဆဲဖြစ်သည်။ လင်းဖေး၏ အရိုက်ခံရသော ကျောင်းသားမှာ အတန်းသို့ပြန်သွားပြီ ဖြစ်ကာ လင်းဖေးမှာ သူမ၏ ရုံးခန်းထဲတွင် အပြစ်ပေးသည့်အနေဖြင့် မတ်တပ်ရပ်နေရဆဲ ဖြစ်သည်။


"မင်းရှုရှုက မင်းကို လုံးဝကို ဂရုမစိုက်တာရှင်းနေတာပဲ... ဒီအချိန်တောင်ရောက်နေပြီ သူက ရောက်မလာသေးဘူး..."


လင်းဖေးက တည်ငြိမ်စွာဆိုလိုက်သည်။

"သူက အလုပ်မှာ..."


ဆရာမ : "သူ့မှာ အလုပ်လုပ်စရာရှိရင်တောင် သူ့ကလေးကို ဂရုမစိုက်လို့မရဘူးလေ... အခုဘယ်အချိန်ရှိပြီလဲ... သူက ရောက်မလာသေးဘူး..."


လင်းဖေး : ...


လင်းဖေးက သူမကို စကားထပ်မံ မပြောလိုတော့ပါချေ။


ကျောက်လေ့က သူ့ကိုကြည့်ကာ မေးလိုက်သည်။

"မင်းက ကျန်းရှောင်စုန့်ကို မတောင်းပန်သေးဘူးလား... မင်းအခုမတောင်းပန်ရင်တောင် မင်းရှုရှုရောက်လာတာနဲ့ မင်းတောင်းပန်ရမှာပဲ..."


လင်းဖေးက သူအမှားလုပ်မိသည်ဟု မထင်၍ မတောင်းပန်ချင်ပါပေ။ သူက ဆက်လက်၍ တိတ်ဆိတ်နေပေသည်။


ကျောက်လေ့က သူ့ကို နှစ်တစ်ဝက်ကျော်ခန့်သင်ကြားခဲ့ပြီးဖြစ်ကာ သူ့၏ အကျင့်စရိုက်ကို အခြေခံ နားလည်ထားပေသည်။ ၄င်းမှာ တခြားကျောင်းသားတစ်ဦးဖြစ်ပါက သူ့၏ စံပြအဆင့်များနှင့် အတန်းထဲတွင် အမြဲလိုလိုပထမရသောအနေအထားတို့ကြောင့် သူရန်ဖြစ်လျှင်ပင် လွတ်ထားလိုက်မည်ဖြစ်သည်။ ဆရာများသည်လည်း ၄င်းကို အကျယ်ချဲ့မည် မဟုတ်ပါပေ။ သို့သော် သူတို့၏ ကျောင်းမှာ ကိုယ်ပိုင်ကျောင်းဖြစ်ကာ ဂုဏ်သတင်းကြီးသော ကျောင်းတစ်ခုဖြစ်လေသည်။ တက်ရောက်သော ကလေးများအားလုံးက ချမ်းသာသော မိသားစုမှ လာသည်မဟုတ်လျှင် နောက်ခံကောင်းကောင်းရှိကြပေသည်။ အတန်းတစ်ခုလုံးတွင် လင်းဖေး၏ မိသားစုတစ်ခုတည်းကသာလျှင် သာမန်ဟု ယူဆနိုင်ပေသည်။


ဤနေရာတွင် သာမန်ဆိုသည်မှာ ဆင်းရဲသည်နှင့် သဘောတရား အတူတူပင်ဖြစ်လေသည်။ 


ကျောင်းသားသစ်များ စာရင်းသွင်းသည့်ပထမအပတ်တွင် ဆရာများက မိဘဆရာတွေ့ဆုံပွဲ ပြုလုပ်ရပေသည်။ အတန်းတစ်တန်းတွင် ကျောင်းသား ၄၀ခန့်ရှိကာ မိဘတိုင်းက ဆရာများအတွက် လက်ဆောင်များ ယူလာပေးလေသည်။ သူတို့၏ ရည်ရွယ်ချက်များနှင့် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များမှာ အတန်ပင် သိသာပေသည်။ ၄င်းမှာ ကျောက်လေ့အား သူတို့မိသားစု၏ ဂုဏ်ဒြပ်နှင့် ငွေကို သတင်းပေးကာ သူမ၏ အတန်းထဲရှိ သူတို့၏ ကလေးများကို မည်သို့သင်ကြားသည်နှင့် သူမမည်သို့ပြုမူသည်ကို ဂရုစိုက်သင့်သည် ဖြစ်လေသည်။ 


ကျောက်လေ့က လက်ဆောင်များကို ရေတွက်ပြီးနောက် လင်းဖေး၏ မိဘများက ဘာမှမပေးသည်ကို သဘောပေါက်သွားလေသည်။ 


သူ့မိသားစုမှာ အလွန် အထက်တန်းကျနေကာ ဤကဲ့သို့အရာများကို အထင်သေးသည်လား သူ့မိသားစုမှာ ငွေမရှိ၍ ဤသို့သောအသိမရှိသိလားကိုတော့ သူမသေချာမသိပါပေ။ သို့ဖြစ်၍ သူမက လင်းဖေးနှင့် တမင်စကားစမြည်းဆိုလိုက်ရာ သူ့မိခင်က ဆုံးသွားပြီး လက်ရှိတွင် ဦးလေးနှင့်အတူနေနေသည်ကို သဘောပေါက်သွားလေသည်။


သူက လင်းဖေးကို အာရုံစိုက်ကြည့်ရာ သူက မည်သည့် နာမည်ကြီး အဝတ်အစားမှ မဝတ်သည်ကို သိရ၍ သူ့မိသားစုက သာမန် မိသားစုတစ်ခုဖြစ်သည်ကို သေချာသွားလေသည်။


ကျောက်လေ့က ဤကဲ့သို့ ကျောင်းသားမျိုးကို ယခင်က မြင်ဖူးပေသည်။ သူတို့၏ မိဘများက သူတို့ကလေး အကောင်းဆုံးပညာရေးရရန်နှင့် ဤကျောင်းသို့ပို့ရန်အတွက် အရာရာလုပ်မည်ဖြစ်သည်။ သူတို့က အိုးခွက်များနှင့် သူတို့ရှိသမျှ ရောင်းရမည်ဆိုလျှင်ပင် သူတို့ကလေးကို ကျောင်းကောင်းကောင်းသို့ ပို့ချင်ဆဲဖြစ်လေသည်။ သူမက လင်းဖေးမှာ ဤအနေအထားအောက်ရောက်ရမည်ဟု ခန့်မှန်းထားပေသည်။


ဤကဲ့သို့ကျောင်းသားများက ရံဖန်ရံခါ အထိမခံဖြစ်တတ်ကာ မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းကြပေသည်။ သူတို့က မကြာခဏပင် သိမ်ငယ်ကာ အပယ်ခံဟု ခံစားတတ်ကြပေသည်။ သို့သော် လင်းဖေးက ခြားနားပေသည်။ သူက ဂရုမစိုက်တတ်ပဲ သူက တခြားသူများထက် နိမ့်ကျသည်ဟု အနည်းငယ်မျှပင် မတွေးပါပေ။ အမှန်တကယ်

တွင် သူက မာနကြီးဟန်ရပေသည်။


တစ်ချို့လူများက တခြားသူများ သူတို့အားအထင်သေးမည် စိုးသဖြင့် နီးကပ်သွားရမည်ကိုကြောက်ကာ အုပ်စုများနှင့် မပေါင်းသင်းနိုင်ပါပေ။ တစ်ချို့လူများကမူ တခြားသူများကို အထင်သေး၍ တခြားသူများနှင့် မပေါင်းသင်းနိုင်ပါပေ။