အပိုင်း ၉၇
Viewers 34k

Chapter 97




လင်းဖေးက ဒုတိယ အနေအထားအောက်တွင်ရောက်သည်မှာ သိသာပေသည်။ သို့သော် သူက ထိုသို့ဖြစ်ရန်အတွက် အရည်အချင်းများ အမှန်တကယ်ရှိပေသည်။ သူ့အဆင့်များက အတန်းထဲတွင် အကောင်းဆုံးဖြစ်ကာ ဘာသာရပ်တိုင်းတွင် ပုံသေဖြစ်လေသည်။ သူက အတန်းထဲတွင် ဆရာများမေးသည့် မည်သည့်မေးခွန်းကိုမှ ဖြေရန်အတွက် လက်မမြှောက်ခဲ့သော်လည်း သူ့အဆင့်များက သူ့အတွက် ထင်ရှားမှုတစ်ခုပြုလုပ်ပေးရန် လုံလောက်ပေသည်။ 


လိမ္မာသော ကျောင်းသားများကို သဘောမကျသည့် ဆရာတစ်ယောက်မှ မရှိပါပေ။ ကျောက်လေ့သည်လည်း ဆရာတစ်ယောက်ဖြစ်ကာ ဤကဏ္ဍတွင် သူက လင်းဖေးကို အမှန်တကယ်ပင် နှစ်သက်ပေသည်။


သူမက ပုံမှန်ကျောင်းဆရာမတစ်ယောက် မဟုတ်နေခြင်းသာ ဖြစ်လေသည်။ သူမက ကိုယ်ပိုင် အထက်တန်းလွှာမှ ဆရာတစ်ယောက်ဖြစ်လေသည်။ အထူးသဖြင့် ယခုအတန်းတွင်ဖြစ်သည်။ ပထမတန်းမှာ ကလေးများက အခြေခံသင်ခန်းစာတစ်ချို့ကို သင်ယူရန် စတင်သည့်အချိန်ဖြစ်သော်လည်း အဆင့်များက အရေးကြီးသော်လည်း အရေးအကြီးဆုံး မဟုတ်ပါပေ။ ဤနေရာတွင် ဩဇာက စကားအပြောဆုံးဖြစ်လေသည်။


သူမက ချမ်းသာကာ အာဏာရှိသောမိသားစုများမှ ကလေးများကို ရန်စရန် မတတ်နိုင်ပါပေ။ သို့ဖြစ်၍ လင်းဖေးမှာ ထက်မြက်ကာ အလားအလာများနှင့် ပြည့်နေသည်ကို သိသော်လည်း သူ့အား ဤအတွက် ဘက်မလိုက်ဝံ့ပါပေ။ 


"မင်းရှုရှုက တခြားသူတွေနဲ့ ရန်ဖြစ်လို့ရအောင် ကျောင်းပို့လိုက်တာလား... မင်းက တစ်ယောက်ယောက်ကို တကယ်ကြီး ရိုက်တယ်ဆိုတာ ပြောစရာတောင်မလိုတာကို... ကျန်းရှောင်စုန့်ကို တောင်းပန်လိုက်တာ ဘာဖြစ်လို့လဲ... အဲ့ဒါက စကားလေးနည်းနည်းပဲကို သူ့ကို ထပ်ပြီး စိတ်မဆိုးစေနဲ့တော့... သူ့အမေကလည်း ထပ်ပြီး ပြဿနာရှာမှာ မဟုတ်တော့ဘူး... အဲ့ဒါက ငါတို့အားလုံးအတွက် မကောင်းဘူးလား..."

ကျောက်လေ့က ဖျောင်းဖျလိုက်သည်။


"သူက လက်အရင်ပါတာ..."

လင်းဖေးက တည်ငြိမ်စွာဆိုလိုက်သည်။ 


"ဆရာမသိပါတယ်..."

ကျောက်လေ့က ကူကယ်ရာမဲ့နေသည်ဟု ခံစားလိုက် ရသည်။

"ဒါပေမဲ့ အခုမင်းကို ကြည့်လေ... မင်းက ဘာဒဏ်ရာမှ မရှိဘူးလေ... မင်းက ငိုလည်း မငိုဘူး... သူက အော်ငိုနေပြီးတော့ သူ့မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့လေ... အဲ့ဒါက အစပိုင်းမှာ ကိုယ့်ကိုယ်ကို ကာကွယ်တယ်ဆိုရင်တောင် အခုက ရန်လိုပြီး ခုခံတယ်ဆိုတာကို လွန်သွားပြီလေ... အဲ့ဒါက မမှန်ဘူး..."


လင်းဖေးမှာ ၄င်းက အဘယ့်ကြောင့် မမှန်သည်ကို နားမလည်ပါပေ။

အဲ့ဒါဆို သူက အရိုက်ခံလိုက်ရမှာလား...


ဒါမှမဟုတ် သူလည်း ငိုရမှာလား...


သို့သော် ငိုရန်မှာ လင်းဖေး၏ သဘာဝ မဟုတ်ပါပေ။ 

သူငိုရင်တောင် ဘာအသုံးဝင်လို့လဲ... အသုံးမဝင်ဘူးဆိုမှတော့ ဘာလို့ငိုရမှာလဲ...


ပြီးတော့ ဘာများငိုစရာရှိလို့လဲ...


လင်းဖေးက သူမ၏ စကားများကို သဘောမတူ၍ ဘာမှမပြောပါချေ။


ကျောက်လေ့က သူဤသို့ဖြစ်နေသည်ကိုမြင်ကာ သူမ၏ ဖျောင်းဖျမှုက အလဟသဖြစ်သွားသည်ကို သိပေသည်။ 


သူမက ဤကိစ္စကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းကာ ကျန်းရှောင်စုန့်၏ အမေကို ပြန်လွှတ်ရန် စိတ်ပိုင်းဖြတ်ထားပေသည်။ သို့သော် လင်းဖေးက လုံးဝပင် အလျင်မလိုပါချေ။ 


သူက ကလေးတစ်ယောက်၏ အသက်အရွယ်နှင့်ပင် သဘာဝမကျစွာ တည်ငြိမ်နေပေသည်။ သူက မငိုသလို ကိစ္စအား အကျယ်မချဲ့ပါပေ။ ထို့အပြင် ကြောက်လည်း မကြောက်ပါပေ။ သူတို့က သူ့အား နံရံတွင် အပြစ်ပေးကာ ရပ်နေစေသော်လည်း သူက သူ့၏ ချောမောသောမျက်နှာလေးဖြင့် လိုက်နာနေပေသည်။ သူတို့က မိဘခေါ်မည်ဟု ပြောလာသည့်အချိန်မှသာ သူက ငြင်းဆန်မှုတစ်ချို့ ပြသလာခဲ့ပေသည်။ နောက်ဆုံးတွင် သူက ၄င်းကို မတားဆီးနိုင်ရာ တည်ငြိမ်စွာပင် သူမကို ဆန္ဒအတိုင်း လုပ်ခွင့်ပေးလိုက်လေသည်။  


ကျောက်လေ့က သူက အမှန်ပင်အလွန်ထူးခြားသော ကလေးတစ်ယောက်ယောက်ဖြစ်ကာ အလွန်ထူးခြားသော အကျင့်စရိုက်ရှိသည်ဟု ခံစားလိုက်ရပေသည်။ 


ထိုအချိန်တွင် ကျန်းရှောင်စုန့်၏ မိခင် ဟယ့်နီက တခြားဆရာမများဖြင့် အသစ်ထုတ်ထားသော skincare ပစ္စည်းအချို့အကြောင်း ဆွေးနွေးနေပေသည်။ သူမက အိမ်ရောက်သည်နှင့် ၄င်းကို လက်ဆောင်ပေးမည်ဟု အပြုံးနှင့် ဆိုနေပေသည်။ 


ကျောက်လေ့က ၄င်းကိုနားထောင်ကာ လင်းဖေးကို ထပ်မံ လှမ်းကြည့်လိုက်လေသည်။ လင်းဖေးက ခေါင်းငုံ့ထားရာ သူမက သူ့အမူအရာကို လုံးဝ မမြင်နိုင်ပါပေ။ သူက လုံးဝပင် ရှိမနေသကဲ့သို့ တိတ်ဆိတ်နေပေသည်။


သူမက သက်ပြင်းချလိုက်ပြီးနောက် လင်းလော့ချင်းကို စိတ်ထဲတွင် ထပ်မံအပြစ်တင်နေပေသည်။ အဆုံးတွင် သူက လင်းဖေး၏ ဖခင်အရင်း မဟုတ်ပါပေ။ သူမက သူ့အားခေါ်ထားပြီးဖြစ်ကာ သူက နှေးကွေးနေဆဲဖြစ်သည်။ 

သူက မလာချင်တာများလား...


စိတ်ပျက်စရာကောင်းလိုက်တာ...


သူမ၏ ဆဠမအကြိမ်မြောက် သက်ပြင်းချမှုနှင့် နောက်ဆုံးတွင် လင်းလော့ချင်းက ပေါ်လာလေသည်။ 


သူမရောက်မီတွင် လင်းဖေးက အလွန် တည်ငြိမ်နေဆဲဖြစ်သည်။ ယခုတွင် သူက သူ့ကိုမြင်လိုက်ရာ မထိန်းနိုင်ပဲ စတင် ပြာယာခတ်လာပေသည်။ သူက လင်းလော့ချင်းကို နှောင့်ယှက်မိသည်ဟု ခံစားရပေသည်။ 


သူက အလွန်အလုပ်ရှုပ်နေသော်လည်း သူက အတန်းဖော်နှင့် ရန်ဖြစ်သည်ကြောင့်နှင့် အလုပ်အားလုံးကိုပစ်ချကာ ကျောင်းသို့ လာရပေသည်။ 


သို့သော် လင်းဖေးက သူက ရန်ပွဲတွင် အမှားလုပ်ထားသည်ဟု မခံစားရ၍ မတောင်းပန်လိုပါပေ။ သူက ဆရာမ သူ့၏ အုပ်ထိန်းသူကို ခေါ်သည်အား ကြည့်နေရန်သာ တတ်နိုင်ပေသည်။


ဤစိတ်နှစ်ခွဖြစ်ခြင်းက သူ့ကို နေရခက်ကာ ပထမဆုံးအကြိမ်အဖြစ် ရှက်ရွံ့သည်ဟု ခံစားမိစေပါသည်။ သူက လင်းလော့ချင်းကိုကြည့်လိုသော်လည်း တစ်ချိန်တည်းမှာပင် သူ့ကိုကြည့်ရန်အလွန်ကြောက်နေပေသည်။ 


သို့သော် လင်းလော့ချင်းက လျှောက်ဝင်လာသည်နှင့် သူ့ကို တွေ့လိုက်ပေသည်။ သူသည်လည်း လင်းဖေး၏ ယောက်ယက်ခတ်နေသော ခံစားချက်ကို သိကာ ဤကဲ့သို့ လင်းဖေးကို တွေ့ရခဲသည်ဟု ခံစားရပေသည်။ သူက လင်းဖေးကိုပြုံးပြကာ သူ့ဘေးသို့ လျှောက်သွားပြီး သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။


"မင်္ဂလာပါ ဆရာမ ကျောက်လေ့... ကျွန်တော်က လင်းဖေးရဲ့ အုပ်ထိန်းသူပါ... နောက်ကျသွားလို့ တောင်းပန်ပါတယ်... တကယ်ကို ကျွန်တော့်အလုပ်နေရာက ကျောင်းနဲ့ အရမ်းဝေးနေလို့ပါ... ကျွန်တော် တောင်းပန်ပါတယ်..."


ကျောက်လေ့က သူ့၏ ချောမောလှသော သွင်ပြင်ကိုကြည့်ကာ ခေတ္တမျှ ကြောင်အသွားလေသည်။ 

ဒီတူဝရီးက အတော်ကို တူတာပဲ... နှစ်ယောက်လုံးက အရမ်းချောတယ်...


သူမက ပြုံးကာ ယဉ်ကျေးစွာ ဆိုလိုက်သည်။

"ရှင်ရောက်လာပြီဆိုတော့ ကျွန်မတို့ လင်းဖေးနဲ့ ဒီကိစ္စကို ဆွေးနွေးလို့ရပြီပေါ့...."


သူမက ထိုသို့ဆိုပြီးနောက် ဟယ်နီနှင့် မိတ်ကပ်ထုတ်ကုန်များအကြောင်းဆွေးနွေးနေသော ဆရာမကို လှမ်းကြည့်လိုက်သည်။ ထို့နောက်သူမက လင်းလော့ချင်းကို ဆိုလိုက်သည်။


"ခဏစောင့်ပါဦးနော်..."


ထို့နောက် သူမက ထရပ်ကာ ဟယ်နီဘေးသို့ လျှောက်သွားလိုက်သည်။

"ကျန်းရှောင်စုန့်ရဲ့ မေမေ... လင်းဖေးရဲ့ အုပ်ထိန်းသူ ရောက်လာပါပြီ... ကလေးတွေကိစ္စပြောရအောင် သွားကြစို့နော်..."


ဟယ့်နီမှာ စိတ်မရှည်တော့သည်မှာ ကြာပြီဖြစ်၍ ကျယ်လောင်စွာဆိုလိုက်သည်။


"သူရောက်တော့လဲ ဘာဖြစ်လဲ... ငါဒီမှာ စကားပြောလို့မပြီးသေးဘူး... သူ့ကိုစောင့်ခိုင်းလိုက်... ငါဒီမှာစကားပြောပြီးတဲ့အထိစောင့်နေ... ပြီးရင် ငါတို့ ပြောလို့ရတယ်..."


လင်းလော့ချင်းက ၄င်းကိုကြားကာ သူမကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမက နူးညံ့သော မိတ်ကပ်အောက်မှ သူမ၏ ဓားသွားကဲ့သို့ချွန်ထက်သော မျက်လုံးများကိုတွေ့လိုက်လေသည်။


လင်းလော့ချင်းသည်လည်း သူမနှင့် ဆက်ဆံရမည်ကို အလွန် ပျင်းရိနေပေသည်။ သူက ခေါင်းငုံ့ကာ လင်းဖေးကို မေးလိုက်သည်။

"ဘယ်လိုလုပ်ပြီး မင်းတစ်ယောက်တည်းလဲ... အရိုက်ခံရတဲ့ ကလေးရော..."


"သူက အတန်းထဲ ပြန်သွားပြီ..."


"မင်းတစ်ယောက်တည်း ဒီမှာ ရပ်နေရတာလား..."


လင်းဖေးက တည်ငြိမ်စွာ ခေါင်းညိတ်ပြလေသည်။


လင်းလော့ချင်း : ...


လင်းလော့ချင်းမှာ ဤကိစ္စအား အလွန်မကျေနပ်စရာ ဖြေရှင်းထားသည်ဟု ခံစားရပေသည်။

ဒါက မသင့်တော်လိုက်တာ...


လင်းဖေး၏ စရိုက်နှင့်ဆိုပါက သူက ရန်ပွဲတစ်ခုကို စတင်ရန်မဆိုနှင့် မည်သူ့ကိုမှ ရန်စမည်မဟုတ်ပါပေ။ သူက ခံရသည့်ဘက်ကဖြစ်မည်မှာ သေချာပေါက်ဖြစ်သော်လည်း တစ်ညနေခင်းလုံး ဤနေရာတွင် ရပ်ကာ အပြစ်ပေးခံထားရပေသည်။ လင်းဖေးက သီးခြားနေတတ်ကာ ဥပေက္ခာပြုတတ်၍သာ အဆင်ပြေခြင်းဖြစ်သည်။ ပို၍ ထိခိုက်လွယ်သော စိတ်နှင့် ကလေးဆိုပါက သူတို့မှာ စိတ်ဒဏ်ရာအချို့ပင် ရနေနိုင်ပေသည်။ 


သူက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ အနီးနားတွင် ခွေးခြေတစ်ခုကို တွေ့လိုက်လေသည်။ လင်းလော့ချင်းက လင်းဖေးကို ထိုနေရာသို့ခေါ်သွားကာ သူကိုယ်တိုင်ထိုင်ချပြီးနောက် လင်းဖေးကို သူ့ပေါင်ပေါ်တွင် ထိုင်ချစေလိုက်သည်။


"ဘာတွေဖြစ်နေတာလဲ... မင်းက ရန်ဖြစ်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ရန်ပွဲကိုစတာ သူပဲဖြစ်ရမယ်... ဒါမှမဟုတ် သူက တစ်ခုခုပြောတာ၊ တစ်ခုခုလုပ်တာများလား... မင်းအဆင်ပြေရဲ့လား..."


ထိုသို့ဆိုပြီးနောက် သူက လင်းဖေးကို ထရပ်စေကာ ခေါင်းအစ ခြေအဆုံးစစ်ဆေးကြည့်လိုက်သည်။ သူ့ကလေးမှာ သူထားခဲ့သည့် ဖြူဖွေးနူးညံ့ကာ ကျန်းမာသောကလေးအဖြစ်ရှိနေဆဲကို သေချာကာမှ လင်းလော့ချင်းက စိတ်ချသွားပြီး သူ့ကို ပေါင်ပေါ်တွင် ထပ်မံကာထိုင်စေလိုက်သည်။


လင်းဖေး : ...


လင်းဖေးက လင်းလော့ချင်းမှာ သူ့ကို အပြစ်မတင်လောက်ဟု သိထားသော်လည်း လင်းလော့ချင်းက တစ်ခုမှမသိသေးပဲ တခြားသူက ရန်စသည်ကို အလိုလိုခန့်မှန်းမိမည်ဟု မထင်ထားပါပေ။ ထိုအချိန်မှသာ သူက စိတ်ချသွားလေသည်။ 


ဆရာမကျောက်လေ့က အတန်ကြာအောင်စကားပြောပြီးနောက် လင်းဖေးက သူမ၏ စကားများကို သဘောမတူသော်လည်း ၄င်းမှာ လူကြီးများအားလုံးတွင် ရှိကြသော စိတ်ထားဖြစ်နေမည်ကို စတင်သံသယဝင်လာပေသည်။ 


သူက လူကြီးများတွင်ရှိသော ထိုစိတ်ထားမှာ ကလေးများနှင့်မတူသည်ကို သိပြီး လင်းလော့ချင်းသည်လည်း လူကြီးဖြစ်ကာ ဆရာမကျောက်နှင့် သဘောထားတူနေမည်ကို စိုးရိမ်နေပေသည်။ 


အထူးသဖြင့် ဆရာမေကျာက်က အမှန်တကယ်တွင် ဆရာတစ်ယောက်ဖြစ်နေသောအခါ ဖြစ်ပေသည်။ 


"ဘာလို့ ဘာမှမပြောတာလဲ..."

လင်းလော့ချင်းက သူ့မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်သည်။

"သူ့ကို ရိုက်အောင် သူမင်းကို ဘာလုပ်လို့လဲ..."


ထိုသို့ဆိုပြီးနောက် သူက တိုက်ရိုက်ပင် ခန့်မှန်းလိုက်လေသည်။

"သူက အရမ်းဆိုးတာတစ်ခုပြောလို့ မင်းက ပြန်မပြောချင်တာလား..."


အမှန်တကယ်တွင် လင်းဖေးက ဘာပြောရမလဲ မသိပါချေ။


နေ့လည်စာစားပြီးနောက် သူက လင်းလော့ချင်းကို ဖုန်းခေါ်ရန် စိတ်ပိုင်းဖြတ်ထားသည်ကို အမှတ်ရကာ ထို့သို့ ပြုလုပ်လိုပေသည်။


သို့သော် သူက ဖုန်းကို ထုတ်ပြီးနောက် ရှက်ရွံ့လာပေသည်။ သူက လင်းလော့ချင်း နေ့လည်စာနားချိန်မရှိကာ သူ့အားရုတ်တရက် ဖုန်းခေါ်ကာ သူတကယ်လွမ်းနေသည်ကို ဝန်ခံရမည်အား စိုးရိမ်လာပေသည်။ 


လင်းလော့ချင်းရှေ့တွင် သူကအမြဲလိုလိုပင် အသက်နှင့်မမျှသော ကလေးတစ်ယောက်ဖြစ်ကာ အနေခက်ပြီး ရှက်ရွံ့နေတတ်ပေသည်။ သို့ဖြစ်၍ သူက လင်းလော့ချင်း၏ ပရိုဖိုင်ဓာတ်ပုံကို စိုက်ကြည့်နေကာ သူ့လက်များဖြင့် လျှောက်ထိနေသော်လည်း နောက်ဆုံးတွင် video call ခေါ်သည့်ခလုပ်ကို မနှိပ်ခဲ့ပါပေ။ 


ထိုအချိန်မှာ ကျန်းရှောင်စုန့်နှင့် သူ့အဖွဲ့ပြန်လာသော အချိန်ဖြစ်ပေသည်။


သူက လင်းဖေးကို မည်သည့်အခါမှ မကြိုက်ခဲ့ရာ လင်းဖေးက တောက်ပသော သလင်းကျောက်များဖြင့် ပန်းရောင်ဖုန်းတစ်လုံးကို ကိုင်ထားသည်အားမြင်ရာ ချက်ချင်းပင် အော်လိုက်လေသည်။


"သူခိုး..."


လင်းဖေးက သူ့ကို အာရုံစိုက်ကာ ကြည့်မနေပဲ လူမရှိနေသကဲ့သိုပင် ယူဆထားပေသည်။ 


ကျန်းရှောင်စုန့်မှာ သူ့အမူအရာကြောင့် ပို၍ပင် မခံမရပ်နိုင်ဖြစ်ကာ လင်းဖေး၏ လက်ကလေးများက ဖန်သားပြင်ပေါ်တွင် တွန့်ဆုတ်နေဆဲဖြစ်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ ဖုန်းကို လုယူလိုက်သည်။ 


လင်းဖေးက ၄င်းကို အလျင်အမြန် ပြန်ယူလိုသော်လည်း ကျန်းရှောင်စုန့်၏ သူငယ်ချင်များက ရှေ့တိုးလာကာ သူ့လမ်းကို ပိတ်ထားလေသည်။ 


ထို့ေနာက် ကျန်းရှောင်စုန့်က ဖုန်းကိုယူကာ ဆိုလိုက်သည်။

"ဒီဖုန်းကာဗာက ပန်းရောင်ပဲ... ပြီးတော့ သလင်းကျောက်တွေရော ပါနေသေးတယ်... ဒါက ကောင်မလေးတစ်ယောက်ရဲ့ ဖုန်းဆိုတာ အသိသာကြီး... မင်းက တကယ်ကြီး ကောင်မလေးတစ်ယောက်ရဲ့ ဖုန်းကိုခိုးလာတာလား... အရှက်မရှိလိုက်တာ..."


ထိုသို့ဆိုပြီးနောက် သူက အော်ဟစ်လိုက်သည်။

"ဖုန်းပျောက်တဲ့ ကောင်မလေးရှိလား... လင်းဖေးခိုးသွားတာဟေ့... လူတိုင်းပဲ တစ်ချက် စစ်ကြည့်လိုက်ကြ..."


လင်းဖေးက သူလင်းလော့ရှီး၏ဖုန်းကို ဝေ့ယမ်းနေသည်ကိုကြည့်ကာ ကျန်းရှောင်စုန့်၏ သူငယ်ချင်းများကိုဖြတ်၍ ဖုန်းကို လှမ်းယူလိုက်သည်။ ကျန်းရှောင်စုန့်က သူ့ကိုမြင်ကာ ဖုန်းကို သူ့သူငယ်ချင်းများထံသို့ အလန့်တကြားပစ်ပေးလိုက်သည်။


သူ့သူငယ်ချင်းက ၄င်းကို မဖမ်းလိုက်နိုင်၍ "ခွမ်း..."ဟူသည့်အသံကျယ်ကြီးတစ်ခုနှင့် ဖုန်းက ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။


ထိုအခိုက်အတန့်တွင် လင်းဖေးက ချက်ချင်းပင် အလွန်ဒေါသထွက်သွားလေသည်။


သူကပြေးသွားကာ ဖုန်းကိုကောက်ယူချင်သော်လည်း ကျန်းရှောင်စုန့်နှင့် သူ့သူငယ်ချင်းများက သူ့ထက် ဖုန်းနှင့် ပိုနီးပေသည်။ လင်းဖေးက သူ့ဖုန်းကိုကိုင်ထားသော လူဆီသို့ တိုက်ရိုက်သွားလိုက်ပြီး ထိုသူက ဖုန်းကို ထပ်ပြီးလွင့်မပစ်နိုင်ခင်မှာပင် သူ့လက်ကိုဆွဲကာ ဖုန်းကိုယူလိုက်လေသည်။ 


ကျန်းရှောင်စုန့်က သူ့ကို ဖုန်းပြန်မယူသွားစေလို၍ လျှောက်လာပြီး လှမ်းဆွဲလိုက်သည်။ ထိုသို့ပြုလုပ်စဉ်၌ သူကလင်းဖေးကို စတင်တိုက်ခိုက်ကာ ရန်ပွဲက ဤသို့ဖြင့် စတင်သွားလေသည်။ 


လင်းဖေးမှာ သူ့ကိုကာကွယ်ပေးရန် ဖခင်နှင့် အစ်ကိုများ မရှိခဲ့ပါပေ။ ရန်ဖြစ်ခြင်းတွင် သူ့၏ အတွေ့အကြုံမှာ မိသားစု၏ အလိုလိုက်ခြင်း ခံထားရသော ထိုဆိုးသွမ်းသည့် လူငယ်လေးများထက် ပိုကြွယ်ဝပေသည်။ လင်းဖေးက လက်သီးတစ်ချက်ထိုးလိုက်ရာ ၄င်းမှာ မြန်ဆန်တိကျပြီး ကြမ်းတမ်းပေသည်။ မကြာမီတွင် သူတို့အများအပြားက စတင်ငိုကြွေးလာပေသည်။


အထူးသဖြင့် ခေါင်းဆောင်သော ကျန်းရှောင်စုန့်ဖြစ်သည်။ သူက နီရဲနေသော ထိုးချက်တစ်ခုကို ခံထားရပြီဖြစ်သည်။ သူက ကျောက်လေ့ဆီသို့ပြေးသွားကာ လင်းဖေး သူ့ကိုရိုက်သည်ဟု ငိုကြွေးတိုင်တန်းပေတော့သည်။


ကျောက်လေ့မှာ မူလက လင်းဖေးကို တောင်းပန်ရန် ချော့မော့ဖျောင်းဖျလိုပေသည်။ သို့သော် လင်းဖေးက ထိုသို့ ပြုလုပ်ရန် ဆန္ဒမရှိသလို ကျန်းရှောင်စုန့်သည်လည်း ဆန္ဒမရှိပါပေ။ ကျန်းရှောင်စုန့်မှာ သူ့မိခင်ကို တိုက်ရိုက်ခေါ်ကာ ကျောင်းတွင် အနိုင်ကျင့်ခံရသည်ဟု ပြောလိုက်ပေသည်။ ဟယ့်နီက ကျောင်းကိုတိုက်ရိုက်လာကာ လင်းဖေးကို ပြင်ပြင်းထန်ထန် ကိုင်တွယ်ကာ သူ့သားအား ထပ်မံမနစ်နာစေရန် ဆုံးဖြတ်ထားပေသည်။


ကျောက်လေ့မှာ လင်းလော့ချင်းကို ကျောင်းသို့ ခေါ်ရန်သာတတ်နိုင်ပေတော့သည်။ 


လင်းဖေးက ဖြစ်ခဲ့သည်ကို အတိုချုပ်ပြောပြလိုက်သည်။ သူက သူ့ခံစားချက်တစ်ခုမှ ထပ်ပေါင်းမထည့်ပဲ ဖြစ်ခဲ့သည့်အကြောင်းအရာကိုသာ ပြောလိုက်ပေသည်။ 


လင်းလော့ချင်းက နားထောင်ကာ သူ့သားပေါက်လေးမှာ အမှားမလုပ်ဟု ခံစားလိုက်ရပေသည်။


သူသိသားပဲ... လင်းဖေးက တခြားသူတွေနဲ့ ရန်ဖြစ်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... သူ့စရိုက်နဲ့ဆိုရင် သူ့ကို ဘယ်သူမှ

ပြဿနာမရှာသရွေ့ သူက ဘယ်သူ့ကိုမဆို ပြဿနာရှာဖို့ အရမ်းကို ပျင်းနေမှာ... သေချာပေါက် တစ်ဖက်က အမှားပဲဖြစ်ရမှာပေါ့...


"ဖုန်းက ဘယ်မှာလဲ..."

သူကမေးလိုက်သည်။

"ကောင်းသေးရဲ့လား..."