အပိုင်း ၇၅
Viewers 23k

Chapter 75



ယခုအချိန်၌ မြို့ထဲမှ လမ်းထက်တွင် လူများဖြင့်စည်ကားနေသော်လည်း နံရံကြီးတစ်ချပ်ခြားထားသော သတ္တမနတ်ဆိုးဘုရင်၏စံအိမ်က အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေကာ အင်းစက်ပိုးမွှားများ၏ အော်သံကိုပင် မကြားရချေ။


စံအိမ်ထဲမှ အစေခံအများစုက သူတို့အခန်းများထဲသာ ဝင်နေပြီး ခုံများတွင် တိတ်ဆိတ်စွာထိုင်နေခြင်း သို့မဟုတ် အိပ်ရာပေါ်လှဲနေခြင်းတို့ပြုလုပ်ကာ အသံတစ်သံမှ မထွက်ရဲကြပေ။ 


ယခုက သူတို့သခင်အိပ်စက်နေချိန်ဖြစ်သည်။ သူက မနက်အာရုဏ်တက်ချိန်တွင် အိပ်စက်ပြီး နေ့လည်ခင်းအချိန်မှ ပြန်နိုးလာခြင်းဖြစ်သည်။ ထိုအချိန်အတောအတွင်း၌ ကောင်းကင်ကြီး ပြိုကျသွားလျှင်ပင် သူတို့ သူ့ကိုမနှောင့်ယှက်ရဲကြပေ။ ယခင်တစ်ခေါက်တွင် အစေခံသစ်တစ်ယောက်က အခန်းတံခါးဝတွင် ဆူဆူညံညံအသံပြုမိသောကြောင့် ဝမ်ရမ်ချင် အိပ်ရာနိုးလာခဲ့ပြီး ခဏအကြာတွင် ထိုအစေခံက ခြံဝင်းထဲမှ မြေဩဇာဖြစ်သွားခဲ့သည်။


သို့ဖြစ်၍ ဤအချိန်တွင်းတွင် အားလုံးက ကြောက်မက်ဖွယ်ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ အသံတစ်သံမှ မထွက်ရဲကြပေ။ 


သို့သော် ယနေ့တွင် တစ်စုံတစ်ရာ ထူးဆန်းနေသည်။ ဝမ်ရမ်ချင်က နေ့လယ်ခင်းအချိန်ထိ အခန်းထဲမှ ထွက်မလာခဲ့ပေ။ 


အားလုံးက စိတ်ရှုပ်ထွေးနေသော်လည်း သွားမကြည့်ရဲကြပေ။ 


အပြင်ဘက်တွင် မိုးရွာသွန်းနေသောကြောင့် ကောင်းကင်ကြီးက မည်းမှောင်နေသည်။


ဝမ်ရမ်ချင်က အိပ်ရာပေါ်လှဲနေပြီး မျက်မှောင်ကြုတ်နေကာ သူ့နှဖူးပြင်မှ ချွေးစေးများ တတောက်တောက်ကျနေသည်။


သူ အိမ်မက်ဆိုးထဲတွင် ထပ်မံပိတ်မိနေပြီး ရုတ်တရက် စိုစွတ်မည်းမှောင်သော ရေအောက်အကျဉ်းထောင်ထဲ ရောက်ရှိသွားကာ စက်ဆုပ်စရာကောင်းသည့် သွေးရနံ့များကလည်း လေထဲတွင်ပြည့်နေသည်။


တစ်စုံတစ်ယောက်က သူ့လက်ဖြင့် ညာဘက်လက်ကိုထိကိုင်ပြီး ရေရွတ်လိုက်သည်။


" မင်းလိုမျိုးသွေးနှောက တကယ်ပဲ ကောင်းကင်ဘုံရဲ့ ချစ်ခင်မှုကို ခံရတာပဲ... မနေ့က မင်းနှလုံးသားကို ဓားနဲ့လှီးလိုက်တာဝောာင် တစ်ညတည်းနဲ့ ပြန်ကောင်းလာတာပဲ... ‌ဒီနေ့ ငါ အဲ့မျက်လုံးကို ဆွဲထုတ်ပစ်ဦးမယ် ပြန်ပေါက်လာဖို့ ဘယ်လောက်ကြာမလဲ ကြည့်သေးတာပေါ့..."


အိမ်မက်ဆိုးကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထပ်ခါထပ်ခါမက်နေ၍ ဝမ်ရမ်ချင်ထံတွင် ကြောက်ရွံ့မှုတို့ မရှိဝောာ့သော်လည်း ထိုသို့ဖြစ်လာချိန်တွင် သူ့ရင်ထဲမှ ကြမ်းတမ်းမှုတို့က ပိုမိုဆိုးရွားလာသည်။ 


သူ့ရင်ထဲ သရော်လိုက်ပြီး ပုံမှအတိုင်း မြေကြီးပေါ်ဒူးထောက်ကာ သွေးများ မျက်ရည်များဖြင့် ဗလာကျင်းနေသည့် မျက်လုံးကို လက်ဖြင့်အုပ်ထားပြီး စိတ်ပျက်ခြင်းကြီးစွာ ဖြစ်ပြီးသည့်နောက် ဇောချွေးများပြန်လျက် နိုးထလာလိမ့်မည်ဟု တွေးလိုက်မိသည်။


သို့သော် ဤတစ်ကြိမ်တွင် သူ့ညာဘက်မျက်လုံး ထိုးကလော်ခံလိုက်ရသော်လည်း ကျန်ရှိနေသော ဘယ်ဘက်မျက်လုံးဖြင့် မြင်လိုက်ရသည့်အရာက ရက်စက်ကြမ်းတမ်းသော အပြုံးတစ်ခု မဟုတ်ဘဲ အနက်ရောင် မျက်လုံးကာကိုင်ထားသော လူငယ်လေးက သူ့မျက်လုံးကို အသာအုပ်ပေးနေသည်ကိုဖြစ်သည်။


" မင်း ‌ဒါကိုဝတ်ထားရင် ညာဘက်မျက်လုံးက ထပ်မနာတော့ဘူး... တခြားကလေးတွေမြင်ရင်လည်း မင်းကို အရမ်းချောတာပဲလို့ ထင်ကြလိမ့်မယ်..."


ရှောင်းချီ၏မှတ်ဉာဏ်ကြောင့် ဝမ်ရမ်ချင် ခဏတာ အံ့အားသင့်သွားမိသည်။ 


ပြုံးနေသောလူငယ်လေးကိုကြည့်ကာ သူ့ဒေါသများ ရုတ်ချည်းပျောက်ကွယ်သွားသည်။


ထိုလူငယ်လေးထံတွင် ကြည်လင်သောမျက်ဝန်းများရှိသည်။ သူက ဒူးထောက်ထိုင်ချပြီး မျက်လုံးကာကိုအုပ်ပေးနေသည်။ အလွန်နီးကပ်စွာ ရှိနေကြသောကြောင့် တစ်ဖက်လူထံမှ ပျံ့လွင့်လာသည့် ကိုယ်သင်းနံ့ကို ရနေသည်။


ထိုရနံ့က အလွန်သန့်စင်ပြီး ဆွဲဆောင်မှု ရှိနေရုံသာမက အခြားအဓိပ္ပါယ်တစ်ခုကိုလည်း သယ်ဆောင်ထားသည်။


မည်သူကမှ သူ့ကို မထိထားခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက နတ်ဆိုးမျိုးနွယ်၏ စူးရှသော အာရုံခံမှုဖြင့်ဆိုလျှင် သူ့ကိုယ်ပေါ် ရောယှက်နေသည့် အခြားလူများ၏ အနံ့ကို အလွယ်တကူ ရနိုင်ပေသည်။


ဝမ်ရမ်ချင်က တိတ်ဆိတ်စွာဖြင့် မျက်လုံးများပွင့်လာပြီး အိပ်ရာပေါ်ထထိုင်လိုက်ကာ တစ်ဝက်တစ်ပျက်မြင်နေရသော သူ့ရင်အုပ်ပေါ်တွင် ချွေးစေးများ တတောက်တောက်စီးကျနေသည်။


သူ့လက်ဖြင့် နှဖူးကိုထိကြည့်လိုက်သည်အခါ ဓားမြှောင်သဖွယ် မျက်နှာအစိတ်အပိုင်းတစ်ခုက နှဖူးအောက်တွင် ပေါ်လာသည်။ အသက်တဖြည်းဖြည်းရှုပြီးသည့်အခါ မျက်လုံးများ မည်းနက်ကြည်လင်လာသည်။


ခဏအကြာတွင် အက်ရှရှအသံဖြင့် သူ့လူများကိုလှမ်းခေါ်လိုက်သည်။


" ကျွမ့်ယွင်အဆောင်ကိုသွားပြီး လူတစ်ယောက်ကို ဖိတ်ခဲ့ကြ..."


.....


ရှုရှင်းချန်က သူနှင့်တူတူသွားရန် ငြင်းဆန်ပြီးသည့်နောက်တွင် ရှန်းလျိုရှန့် တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်။ လမ်းတစ်လျှောက်တွင် နတ်ဆိုးကျင့်ကြံသူများစွာက သူ့ကိုကြောက်လန့်တကြားကြည့်နေကြသည်ကို တွေ့လိုက်ရသည်။


သူ လမ်းနံဘေးမှ သကြားလုံးချာင်းရောင်းသည့်ဆိုင်တွင်ရပ်ပြီး သကြားလုံးဝယ်ရန် ပြင်လိုက်သည်။ ဆိုင်ရှင်က ချက်ချင်းပင် တဆတ်ဆတ်တုန်ယင်လာပြီး ဧရာမသကြားလုံးချောင်းကြီးအား သူ့ကိုပေးလိုက်သော်လည်း ဝိညာဉ်ကျောက်တုံးကိုယူရန် ငြင်းဆန်နေသည်။


ရှန်းလျိုရှန့် အနည်းငယ်စိတ်ရှုပ်ထွေးသွား၍ ဝိညာဉ်ကျောက်တုံးကို ဆိုင်ခန်းပေါ်တင်ထားခဲ့ပြီး သကြားလုံးချောင်းကိုကိုက်နေလျက် လမ်းလျှောက်ထွက်သွားသည်။


သူ ထွက်သွားသည့်အခါ လမ်းမထက်ရှိ ကြောက်လန့်တုန်ယင်နေကြသော မကောင်းဆိုးဝါးများက ပုံမှန်ပြန်ဖြစ်သွားပြီး တီးတိုးပြောကုန်ကြသည်။


" မဟာနတ်ဆိုးအဆင့်... သူ့ဆီက မဟာနတ်ဆိုးအဆင့်တစ်ယောက်ရဲ့ အော်ရာမျိုးရနေတယ်..."


" နတ်ဆိုးဘုရင်တစ်ယောက်ယောက်ရဲ့ နတ်ဆိုးဘုရင်မများလား..."


" မှန်းကြည့်ကြလေ... နတ်ဆိုးဘုရင်ရှစ်ယောက်ထဲကတစ်ယောက်ယောက်နေမှာပေါ့..."


" ဘာလို့ရှစ်ယောက်လဲ..."


" ငါတို့မြို့အရှင်ရဲ့အနံ့ကို မရဘူးလား..."


…..


ရှန်းလျိုရှန့် လမ်းတစ်လျှောက်ကို သွားနေစဉ်တွင် တဖြည်းဖြည်းပိုမိုမှားယွင်းလာသည်ဟု ခံစားနေရသည်။ အချို့သောနတ်ဆိုးကျင့်ကြံသူများက သူ့နားကိုပင် မကပ်ရဲကြပေ။ သူ မျက်နှာဖုံးကို ထိကြည့်ပြီး ဇဝေဇဝါဖြစ်လာသောကြောင့် ကျွမ့်ယွင်အဆောင်သို့ ပြန်သွားခဲ့သည်။ တံခါးဝတွင် သတ္တမနတ်ဆိုးဘုရင်၏ အစေခံတစ်ယောက်နှင့် တွေ့တော့သည်။


" သတ္တမနတ်ဆိုးဘုရင်က စံအိမ်ကိုလာဖို့ ဖိတ်ကြားလိုက်ပါတယ်..."


ရှန်းလျိုရှန့် မျက်ခုံးပင့်ထားလျက်နှင့် တစ်ဝက်ကျန်ရှိနေသေးသည့် သကြားလုံးချောင်းကိုကိုင်ကာ သတ္တမနတ်ဆိုးဘုရင်၏ စံအိမ်သို့ ထွက်သွားလိုက်သည်။


ဝမ်ရမ်ချင်က လက်ဖက်ရည်ဆောင်တစ်ခုထဲတွင်ထိုင်ပြီး လက်ဖက်ရည်ကြမ်းကို တဖြည်းဖြည်းငှဲ့နေသည်။ 


စင်္ကြန်လမ်းမှ လျှောက်လာစဉ်တွင် ရှန်းလျိုရှန့်က အလွန်သန့်ရှင်းလတ်ဆတ်သော လက်ဖက်ရည်နံ့တစ်မျိုးကို ရလိုက်သည်။


လက်ဖက်ရည်ဆောင်ထဲသို့ လှမ်းကြည့်လိုက်သောအခါ ဝမ်ရမ်ချင်က ယမန်နေ့ညကထက်ပို၍ သားသားနားနား ဝတ်စားဆင်ယင်ထားသည်ကို တွေ့လိုက်ရသည်။ သူ့ဆံပင်ရှည်ကြီးကို သပ်သပ်ရပ်ရပ်စည်းနှောင်ထားကာ ယမန်နေ့ညကကဲ့သို့ အင်္ကျီကို ရင်အုပ်ပေါ်သည်အထိ မဟထားဘဲ သပ်သပ်ရပ်ရပ်ဝတ်စားထားသည်။


သူ့ပုံစံက အရိုင်းဆန်မှုလျော့ပါးပြီး လေးနက်နေသည်။


ရှန်းလျိုရှန့်က မေးလိုက်သည်။

" ဘာကိစ္စရှိလို့ ငါ့ကို ဒီကိုခေါ်လိုက်တာလဲ..."


" လက်ဖက်ရည်ကြမ်း မြည်းကြည့်ဖို့ပါ..."

ဝမ်ရမ်ချင်က လက်ဖက်ရည်နှစ်ခွက်ငှဲ့လိုက်ပြီး တဖြည်းဖြည်းချဉ်းကပ်လာသော လူငယ်လေးကို မော့ကြည့်လိုက်သည်။


ဇာမဏီမျက်ခုံးများကို အနည်းငယ်ပင့်တင်ထားပြီး အနက်ရောင်မျက်ဆံများကလည်း တောက်ပနေကာ နှုတ်ခမ်းထောင့်များ ကွေးညွတ်လျက် ပြုံးနေသည့်အပြုံးက အလွန် မျက်စိအေးစေသည်။ 


ဝမ်ရမ်ချင်၏ရင်ထဲမှ အုံ့မှိုင်းမှုများက ပိုမိုပေါ့ပါးလာသည်။ သူ့အောက်နှုတ်ခမ်းကိုတွန့်ကွေးလျက် လက်ဖက်ရည်ကြမ်းခွက်ကို ကမ်းပေးတော့မည့်အချိန်၌ သူ့အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။


သူ့အကြည့်က ရှန်းလျိုရှန့်အပေါ် ကျရောက်လာပြီး သူ့ကိုတစ်လက်မချင်းစီ ဂရုတစိုက်ကြည့်နေကာ နောက်ဆုံးတွင် အနက်ရောင်ခေါင်းစည်းကြိုးပေါ်၌ ရပ်တန့်သွားသည်။


" မနေ့က မင်းဆံပင်ကိုစည်းခဲ့တာ ဒီကြိုးမဟုတ်သလိုပဲ..."


ရှန်းလျိုရှန့်က သကြားလုံးချောင်းကို အသာကိုက်လိုက်ပြီး အေးအေးလူလူပင် ပြောလိုက်သည်။

" ပျောက်သွားလို့ ဒီနေ့ နောက်တစ်ကြိုးနဲ့စည်းခဲ့တာ..."


လက်ဖက်ရည်ခွက်ကိုကိုင်ထားသော ဝမ်ရမ်ချင်၏လက်များက အနည်းငယ် တင်းကြပ်သွားပြီး သူ့ခေါင်းထဲ အတွေးတစ်ခု ရောက်လာသည်။


ကျိုးရွှမ်လန်က တမင်တကာလုပ်တာပဲ...


ပထမဦးဆုံး ရှန်းလျိုရှန့်ကို သူ့အော်ရာဖုံးနေတဲ့ပစ္စည်းတွေ ပေးထားပြီးတော့ သူ့ရင်ထဲအမှောင်ဖုံးနေတဲ့ တောင့်တမှုတွေကို စိတ်ကျေနပ်အောင်လုပ်တယ်... ဒုတိယအနေနဲ့ တခြားနတ်ဆိုးတွေကို သူ့ပိုင်ဆိုင်မှုကဘာဆိုတာ တိတ်တဆိတ်ကြေညာလိုက်တာပဲ...


ဝမ်ရမ်ချင်၏မျက်နှာက တဖြည်းဖြည်းမည်းမှောင်လာသည်။ ရှန်းလျိုရှန့်က သူ့ကိုသင်္ကာမကင်းကြည့်နေမှသာ အနည်းငယ်တည်ငြိမ်သွားပြီး သူ့အား လက်ဖက်ရည်ခွက် ကမ်းပေးလိုက်သည်။


" ထျန်းရှန် နှင်းလက်ဖက်ရည်ပါ မြည်းကြည့်ပါဦး..."


ရှန်းလျိုရှန့်က လက်ဖက်ရည်၏ ညှို့ယူဖမ်းစားနိုင်သောရနံ့ကြောင့် စိတ်ဝင်တစားဖြင့် လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ပြီး တစ်ငုံသောက်ရန် ပြင်လိုက်သည်။ မမျှော်လင့်ထားသည်မှာ သူ ငုံ့ကြည့်လိုက်ချိန်၌ ခွက်ထဲတွင် လက်ဖက်ခြောက်များ ရှိမနေဘဲ နှင်းသဖွယ် ဖြူဖွေးနေသည့် ပိုးကောင်သုံးကောင်က မျက်နှာပြင်ပေါ် တဖြည်းဖြည်းတက်လာသည်ကို တွေ့လိုက်ရသည်။


ခွမ်း...


လက်ဖက်ရည်ခွက်က ကြမ်းပေါ်ကျကွဲသွားသည်။


ရှန်းလျိုရှန့်က လက်ဖက်ရည်ခွက်ကို ပစ်ချလိုက်ကာ ခြေလှမ်းပေါင်းများစွာဆုတ်သွားပြီး ကျောက်စိမ်းသဖွယ်ဖြူဖွေးနေသည့် လက်ချောင်းလေးက တုန်ယင်နေသည်ကိုကြည့်ကာ ဝမ်ရမ်ချင်၏မျက်နှာက ဖြူဖျော့လာသည်။


သူ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့တိုးလာပြီး ရှန်းလျိုရှန့်၏လက်ကိုကြည့်ရန် ပြင်လိုက်သော်လည်း ခါထုတ်ခံလ်ိုက်ရသည်။


" မထိနဲ့..."


ဝမ်ရမ်ချင် အံ့အားသင့်သွားပြီးနောက် သူ့အပြုအမူများကို ရပ်တန့်လိုက်သည်။

" တောင်းပန်ပါတယ်..."


ရှန်းလျိုရှန့်က လက်ဆစ်များကိုချိုးနေပြီး တဖြည်းဖြည်းအားနည်းလာသည်ဟု ခံစားလိုက်ရသည်။ ခဏအကြာတွင် သူ့စိတ်က တည်ငြိမ်သွားသည်။


" အဆင်ပြေပါတယ် အပူလောင်သွားရုံပဲ..."


ရှန်းလျိုရှန့်က အဆင်ပြေသည်ဟုပြောသော်လည်း သူ့မျက်နှာက ထိတ်လန့်နေဆဲဖြစ်ကြောင်း ဝမ်ရမ်ချင်တွေ့နေရသည်။ သူ မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင်ဖြစ်သွားပြီး ကြမ်းပြင်ပေါ်ကို ကြည့်လိုက်သည်။ သူ့အကြည့်က တစ်စစီကွဲသွားသော လက်ဖက်ရည်ခွက်၊ အငွေ့တလူလူထွက်နေဆဲဖြစ်သော လက်ဖက်ရည်ကြမ်းဆီမှတစ်ဆင့် ထျန်းရှန်နှင်းလက်ဖက်ရည်ပေါ်တွင် ရပ်တန့်သွားသည်။


သူ့အကြည့်များ ပြောင်းလဲသွားပြီး မဝံ့မရဲဖြင့်ပြောလိုက်သည်။

" ငါမင်းအတွက် လက်ဖက်ရည်ကြမ်း နောက်တစ်ခွက် ငှဲ့ပေးမယ်..."


" မဟုတ်ဘူး မလိုတော့ပါဘူး..."

ရှန်းလျိုရှန့်၏အကြည့်က တင်းကြပ်သွားပြီး နောက်ဆုတ်ကာ လက်ဖက်ရည်စားပွဲနှင့် ဝေးသထက်ဝေးသည့်နေရာသို့ ဆုတ်သွားသည်။


" တကယ်လို့ အရေးကြီးကိစ္စမရှိတော့ဘူးဆိုရင် ငါသွားတော့မယ်..."


သူ မူလတွင် စာလိပ်အကြောင်း စုံစမ်းလိုသေးသော်လည်း ပိုးကောင်များကြောင့် ကြောက်လန့်ပြီး အတွေးများအားလုံး ပျောက်ဆုံးကုန်သည်။ ဝမ်ရမ်ချင်က သူ့ကိုကြည့်ပြီး ပြောလိုက်သည်။


" မင်းကိုကြည့်ရတာ‌ နေလို့မကောင်းတဲ့ပုံပဲ... မင်း ပြန်ချင်တယ်ဆိုရင်တော့ ငါလိုက်ပို့ပါ့မယ်..."


ရှန်းလျိုရှန့်က နှုတ်ခမ်းတင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမှ မပြောပေ။ သူ့စိတ်ထဲ၌ အမြန်ပြန်ချင်စိတ်တစ်မျိုးတည်းသာ ကြီးစိုးနေသည်။ ဝမ်ရမ်ချင်ကလည်း သူ့ကိုလိုက်ပို့နေစဉ်လမ်းတစ်လျှောက်လုံးတွင် တိတ်ဆိတ်နေ၍ သူ စဉ်းစားနေသည့်အရာကိုလည်း မသိရပေ။ 


ခြံဝင်းထဲမှ ဖြတ်လျှောက်လာစဉ်တွင် လေပွေတစ်ချက်ဝှေ့လာ၍ လမ်းဘေးမှ သစ်ရွက်များထံမှ တရှပ်ရှပ်အသံထွက်လာပြီး သစ်ရွက်ကြွေအချို့က ရှန်းလျိုရှန့်၏ခေါင်းအထက်သို့ လွင့်လာသည်။


ဝမ်ရမ်ချင်က သူ့ကိုခဏရပ်ခိုင်းလိုက်ပြီး ပြောလိုက်သည်။

" မလှုပ်နဲ့ မင်းခေါင်းပေါ်မှာ ပိုးကောင်တစ်ကောင်..."


ရှန်းလျိုရှန့်၏ခန္ဓာကိုယ်တစ်ခုလုံး အေးခဲတောင့်တင်းသွားပြီး ‌အသွေးအရောင်ပြန်ပေါ်လာသော သူ့မျက်နှာက ထပ်မံဖြူဖျော့သွားပြန်သည်။ သူ ယနေ့တွင် အပြင်ထွက်မလာသင့်ဘဲ အခန်းထဲတွင်သာ ဝတ္ထုစာအုပ် ဖတ်နေသင့်သည်ဟု တွေးနေမိသည်။ 


စိတ်ညစ်လိုက်တာ စိတ်ညစ်လိုက်တာ...


သူ့ရင်ထဲမှ ကြောက်လန့်မှုကိုဖိနှိပ်ရန် အကောင်းဆုံးကြိုးစားလိုက်ပြီး နှုတ်ခမ်းများကော့ညွတ်ကာ မနည်းအားတင်း၍ပြောလိုက်သည်။


" ဟုတ်လား ခေါင်းရဲ့ဘယ်နားမှာလဲ..."


သူ အင်းစက်ပိုးကောင်များကြောက်ရွံ့သည်ကို လူအနည်းစုသာသိလေ ပိုကောင်းလေဖြစ်သည်။ ထိုသို့မဟုတ်ပါက တစ်စုံတစ်ယောက်က သူ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး တိုက်ပွဲအတွင်း ပိုးကောင်များစွာကို သူ့ထံပစ်ထုတ်လိုက်လျှင် ချက်ချင်းထွက်ပြေးရနိုင်ပေသည်။


သူ့နောက်တွင်ရပ်နေသည့် ဝမ်ရမ်ချင်က တုန်တုန်ယင်ယင်ဖြစ်နေသည့်အသံကို ကြားလိုက်ရသည့်အခါ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။


ကြည့်ရတာ သူ ပိုးကောင်တွေကို တော်တော်ကြောက်တဲ့ပုံပဲ...


" မင်းဆံပင်ရဲ့ညာဘက်မှာ..."


ဝမ်ရမ်ချင်၏မျက်နှာထက်တွင် အဓိပ္ပါယ်ပါပါ အပြုံးတစ်ပွင့်ပေါ်လာပြီး တစ်ကိုယ်လုံးတောင့်တင်းနေသည့် ရှန်းလျိုရှန့်အနားကပ်သွားကာ ခေါင်းအသာငုံ့ပြီး သူ့နားနားကပ်ပြောလိုက်သည်။


" မလှုပ်နဲ့ ငါ မင်းကိုယ်စားဖယ်ပေးမယ်..."


သူ ပိုနီးကပ်လာလေ လူငယ်လေး၏ ဖြူဖွေးသောနားရွက်နှင့် ဂုတ်ပိုးထက်မှ နူးညံ့ချောမွတ်သော အသားအရည်လေးကို ပိုမြင်ရလေဖြစ်သည်။


ဝမ်ရမ်ချင်၏မျက်လုံးက အရောင်မှိန်လာပြီး လက်တစ်ဖက်ကို ရှန်းလျိုရှန့်၏ဆံပင်ပေါ် တင်လိုက်သည်။ သူ့လက်ဖျားများက ခေါင်းစည်းကြိုးကို ဖြည်ချလိုက်သည့်အခါ နူးညံ့သောအနက်ရောင်ဆံနွယ်များက ဖြာကျလာသည်။


ရှန်းလျိုရှန့် တစ်ဖက်သို့အမြန်လှည့်ကြည့်လိုက်၍ အနက်ရောင်ဆံစအချို့က သူ့ပါးပြင်ဖြူဖြူလေးနှင့် ပွတ်တိုက်သွားသည်။ တုန်ယင်နေသည့် အနက်ရောင်မျက်တောင်များအောက်မှ ဇာမဏီမျက်ဝန်းလေးများက သတိကြီးကြီးထားနေသည့် ပုံစံဖြစ်သွားသည်။


" မင်း ဘာလုပ်တာလဲ..."


ဘာလို့ ခေါင်းစည်းကြိုးကို ဖြည်လိုက်တာလဲ...


မြေကြီးပေါ်မှ တစ်ဝက်တိတိပြတ်ထွက်သွားသည့် ခေါင်းစည်းကြိုးကိုကြည့်ပြီး ဝမ်ရမ်ချင်က လက်တစ်ဖက်ဖြန့်ပြီး သေဆုံးနေသည့် ပိုးနားသန်ကောင်ကို ပြလိုက်သည်။


" ငါ ပိုးကောင်ကို လိမ်ချိုးလိုက်တုန်းက အားနည်းနည်းပါသွားလို့ ခေါင်းစည်းကြိုးကို မတော်တဆ ဖြတ်မိသလိုဖြစ်သွားတာ..."


ရှန်းလျိုရှန့်က ခြေချောင်းများစွာဖြင့် ပိုးကောင်ကို မြင်လိုက်ရသည့်အခါ သူ့စိတ်ထဲ ရူးမတတ် ခံစားလိုက်ရသည်။ သူ ဝမ်ရမ်ချင်ဘက်သို့မလှည့်တော့ဘဲ ပြေးထွက်သွားကာ ပြောလိုက်သည်။


" အဲဒါကို လွှင့်ပစ်လိုက်..."


ထို့နောက် မျက်လွှာချထားပြီး မြေကြီးပေါ်မှ အနက်ရောင်ခေါင်းစည်းကြိုးလေးကို ကောက်ယူရန် ပြင်လိုက်သည်။ တမင်တကာပြုလုပ်သည် ဟုတ်မဟုတ် သူ မသေချာသော်လည်း သေဆုံးသွားသည့်ပိုးကောင်ကို ဝမ်ရမ်ချင်က ထိုခေါင်းစည်းကြိုးပေါ် လွှင့်ပစ်လိုက်သည်။


ရှန်းလျိုရှန့် လက်ပြန်ရုတ်လိုက်ရသည်။


ဝမ်ရမ်ချင်က တည်ငြိမ်စွာဖြင့် ပြုံးလိုက်ပြီးနောက် အလင်းတန်းတစ်ခုနှင့်အတူ သူ့လက်ဖဝါးပေါ်၌ အနီရောင်ခေါင်းစည်းကြိုးတစ်ကြိုး ပေါ်လာသည်။


" တောင်းပန်ပါတယ် မင်း ဒီဟာယူထားပြီးတော့ အရင်ဆုံး ဆံပင်စည်းထားလိုက်လေ..."


" မလိုတော့ပါဘူး..."


ပိုးကောင်များဖြင့်ပြည့်နေသည့် ဤနေရာမှ ရှန်းလျိုရှန့် အမြန်ဆုံးထွက်သွားချင်နေသည်။


ဝမ်ရမ်ချင်က နောင်တရသွားဟန်ပေါ်ပြီး ခေါင်းစည်းကြိုးကို ပြန်သိမ်းထားလိုက်သည်။


ရှန်းလျိုရှန့် တံခါးနားသို့ လျှောက်သွားလိုက်သည်။ ထိုအခိုက်အတန့်တွင် ဆံပင်အနီရောင် ကလေးလေးတစ်ယောက်က သူကိုကျော်၍ ပြေးထွက်သွားပြီး သစ်ပင်ကြီးတစ်ပင်နောက်တွင် ပုန်းနေသည်ကို သူ့မျက်လုံးထောင့်မှ မြင်လိုက်ရသည်။


သူ့ခြေလှမ်းများ ရပ်တန့်သွားရသည်။


ရှောင်းချီလား...


ဝမ်ရမ်ချင်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။


" အားမု အခန်းထဲပြန်သွားတော့..."


သစ်ပင်နောက်တွင်ပုန်းနေသည့်ကလေးက သနားစဖွယ်ပုံစံဖြင့် "ဦးဦး" ဟု ခေါ်လိုက်သော်လည်း တစ်ဖက်လူ၏မျက်နှာထက်မှ သတိပေးသောအကြည့်က ပိုမိုပြင်းထန်လာ၍ အမြန်ပြေးထွက်သွားသည်။


ထိုကလေးလေးက ရှောင်းချီမဟုတ်သော်လည်း ရှောင်းချီကဲ့သို့ပင် အခြားသောနတ်ဆိုးများအား ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်တတ်သည်က တစ်ပုံစံတည်းဖြစ်ကြောင်း ရှန်းလျိုရှန့် သတိထားမိလိုက်သည်။


သူ ရင်ထဲမကောင်း ဖြစ်သွားရသည်။

" သူက သွေးနှောလား..."


ဝမ်ရမ်ချင် ခဏတာ ငြိမ်သက်သွားသည်။

" ဟုတ်တယ် အဲဒါကြောင့် ငါသူ့ကို ဘယ်တော့မှ အပြင်ထွက်မဆော့ခိုင်းတာ..."


" မင်း ရှောင်းချီကိုသိလား..."


" မသိဘူး..."


ရှန်းလျိုရှန့်၏ အမူအရာက အထူးအဆန်းဖြစ်သွားသည်။


ဝမ်ရမ်ချင်က သူ့စံအိမ်ထဲမှာ သွေးနှောတွေရှိနေတာ သည်းခံနိုင်တယ်ဆိုတော့ သူတို့ကို မမုန်းဘူးဆိုတဲ့သဘောပေါ့... ဒါဆိုရင် ဘာလို့ သူ့လက်အောက်ငယ်သားတွေကိုကျ သွေးနှောတွေကို အဲ့လိုမျိုး ဆက်ဆံခိုင်းရတာလဲ...


" မင်းက မြို့အရှင်ပဲ... ချီလင်မြို့ထဲက နတ်ဆိုးကျင့်ကြံသူတွေကို အားမုကို လက်ဖျားနဲ့တောင်မတို့ဖို့ ပြောထားရင်ရတာကို ဘာလို့ သူ အပြင်ထွက်လို့ မရတာလဲ..."


ဝမ်ရမ်ချင်၏ မျက်နှာက ရှုပ်ထွေးသွားသည်။

" အဲဒါငါ့အဖေရဲ့ ဆန္ဒပဲ ငါမပြောင်းလဲနိုင်ဘူး..."


ထို့နောက်တွင် ရှန်းလျိုရှန့်က သူ့ကိုမယုံကြည်စွာကြည့်နေပြီး ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်ကို မြင်လိုက်ရသည်။


" ငါနဲ့လိုက်ခဲ့ မင်းကို ပြစရာရှိတယ်..."


ရှန်းလျိုရှန့်က သူ့နောက်မှ သင်္ကာမကင်းဖြင့်လိုက်လာပြီး နောက်ဆုံးတွင် စံအိမ်ဝန်းထဲမှ မဟုတ်သည့် အိမ်တစ်လုံးသို့ ရောက်ရှိလာသည်။ သူ အတွင်းသို့မဝင်မီ ရောထွေးနေသည့် ဆေးနံ့ပေါင်းများစွာကို ရလိုက်သည်။


ဝမ်ရမ်ချင် တံခါးဖွင့်ပေးလိုက်သည့်အခါ အခန်း၏ကြမ်းပြင်ပေါ်၌ ဆေးများစွာဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။ ဆေးလုံးများက အရောင်တူ အရွယ်အစားတူ‌ဖြစ်နေ၍ ဂရုတစိုက်မကြည့်ပါက ကွာခြားချက်ကိုပြောနိုင်ရန် ခက်ခဲလှသည်။


" မင်း နတ်ဆေးလုံးကိုသိလား..."


ရှန်းလျိုရှန့်က မျက်လုံးများမှေးကျဉ်းပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။


နတ်ဆေးလုံးဟူသည်မှာ နတ်ဆိုးမျိုးနွယ်၏အော်ရာကို ပြောင်းလဲပစ်နိုင်သည့်ဆေးမျိုးဖြစ်သော်လည်း ဆေးအညွှန်းမှာ လွန်ခဲ့သည့်နှစ်ပေါင်းရာကျော်ခန့်တည်းက ပျောက်ဆုံးသွားခဲ့ပြီးဖြစ်၍ ပင်မနယ်မြေတွင် ရှာဖွေရန် ခက်ခဲလှသည်။


ရှန်းလျိုရှန့် အံ့ဩတကြီးဖြစ်သွားသည်။

" မင်း နတ်ဆေးကို ရှာနေတာလား..."


ဝမ်ရမ်ချင်က ခေါင်းညိတ်ပြလိုက်သည်။

" အဲဒီဆေးနဲ့ဆိုရင် သွေးနှောတွေရဲ့ကိုယ်နံ့က သာမန်နတ်ဆိုးတွေနဲ့ တူသွားမှာဆိုတော့ သူတို့ သွေးနှောတွေဆိုတာ မသိနိုင်တော့ဘူး... အဲ့လိုဆိုရင် သူတို့ နတ်ဆိုးလောကမှာ သာမန်အတိုင်း နေနိုင်ပြီ..."


ရှန်းလျိုရှန့်၏ရင်ထဲ တုန်လှုပ်သွားမိသည်။

ကြည့်ရတာ ငါသူ့ကို အထင်လွဲနေမိတာထင်တယ်...


ဝမ်ရမ်ချင်ပြောသည်ကို ကြားသောအခါ သူ သက်ပြင်းချလိုက်မိသည်။ 


" ကံဆိုးချင်ဝောာ့ ငါ တော်တော်လေးအားစိုက်ထုတ်ထားပေမယ့် ငါရှာတွေ့တဲ့ နတ်ဆေးတွေက တစ်ဝက်တစ်ပျက်ပဲ အောင်မြင်ထားတာ မဟုတ်ရင် အတုအယောင်တွေပဲ..."


ရှန်းလျိုရှန့် မျက်လုံးများစုကျုံ့လိုက်ပြီး ဆေးတစ်လုံးကိုကောက်ကိုင်ကာ လက်ထဲတွင်ချေပြီး အနံ့ခံကြည့်လိုက်သည်။ 


" ငါတို့တွေမှာ တစ်ဝက်အောင်မြင်ထားတဲ့ ဆေးတွေရှိနေပြီဆိုတော့ နတ်ဆေးဆရာတချို့ရှာပြီး သေချာလေ့လာလိုက်မယ်ဆိုရင် ဆေးအညွှန်းကို သိလာလောက်မှာပါ..."


" ငါ ဒီလောကထဲက ထိပ်တန်းဆေးဆရာတွေအားလုံးဆီကိုသွားပြီပြီ ဒါပေမဲ့ ဒီနှစ်တွေထဲမှာ မပြီးပြည့်စုံတဲ့ ဆေးညွှန်းတွေပဲ ရထားတယ်..."


ရှန်းလျိုရှန့် အံ့ဩတကြီးဖြစ်သွားသည်။

အဲဒါသာ အမှန်ဆိုရင်ဝောာ့ တော်တော်လေး အားစိုက်ထုတ်ရတော့မှာပဲ...


ဝမ်ရမ်ချင်က သူ့အမူအရာကို အကဲခတ်နေလျက်ဖြင့် ဆက်ပြောသည်။


" တကယ်လို့ အဲဒီနတ်ဆေးကိုရှာတွေ့ပြီး သွေးနှောတွေ နတ်ဆိုးလောကမှာသာ အခြေချနိုင်မယ်ဆိုရင် ငါ ဘာပဲဖြစ်ဖြစ်လုပ်မှာပါ..."


ရှန်းလျိုရှန့်က မျက်လုံးလှန်ကြည့်လိုက်သည်။

" တကယ်လား..."


ဝမ်ရမ်ချင် : " တကယ်ပြောတာပါ..."


ရှန်းလျိုရှန့် : " ဒါဆိုရင် ဒီလိုမျိုး အ

ပေးအယူလုပ်မယ်လေ... ငါ မင်းအတွက် နတ်ဆေးကူရှာပေးမယ် မင်းက ငါ့ကိုစာလိပ်ပေးရမယ်..."


ဝမ်ရမ်ချင်က အနည်းငယ် အံ့အားသင့်သွားဟန်ရပြီးနောက် ရယ်လိုက်သည်။

" ကောင်းပြီလေ..."


ခဏအကြာတွင်မှ အရယ်ရပ်လိုက်ပြီး အလေးအနက်ပြောလာသည်။


" မင်းသာ နတ်ဆေးကို တကယ်ရှာနိုင်မယ်ဆိုရင် ငါမင်းကို စာလိပ်ပေးမယ်..."