အပိုင်း ၇၆
Viewers 23k

Chapter 76




ရှန်းလျိုရှန့် နန်းတွင်းတွင်နေထိုင်စဉ်က သမားတော်တစ်ယောက်က သူ့ကိုသင်ကြားပေးခဲ့ဖူးသည်။ ထိုဆေးပြုလုပ်နည်းက အလွန်မခက်ခဲကြောင်း သိပြီးသည့်နောက်တွင် စိတ်လှုပ်ရှားမှု ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ စာလိပ်နှင့်လဲနိုင်ပြီဖြစ်၍ နတ်ဆေးကို ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသကဲ့သို့ ရှာမည်မဟုတ်ဘဲ သူကိုယ်တိုင်ဖော်စပ်ရန် ကြံစည်ထားသည်။


ရှန်းလျိုရှန့်က မေးလိုက်သည်။

" ငါ့ကို မပြည့်စုံသေးတဲ့ ဆေးညွှန်းလေး ငှားလို့ရမလား..."


ဝမ်ရမ်ချင် တအံ့တဩဖြစ်သွားသည်။

" မင်းက နတ်ဆေး ဘယ်လိုဖော်ရမယ်ဆိုတာ သိတယ်လား..."


" ငါ့မှာ အရည်အချင်းတွေအများကြီး ရှိပါတယ်..."


ဝမ်ရမ်ချင်က ခဏစဉ်းစားလိုက်ပြီးနောက် အခန်းထဲမှထွက်သွားသည်။ ခဏအကြာတွင် ပြန်ရောက်လာပြီး ပဝါအနီတစ်ထည်ကို ကမ်းပေးလိုက်သည်။


" အဲ့ပေါ်မှာ ဆေးညွှန်းကို ကူးရေးထားတယ်..."


ဤမျှကြီးမားလှသော စံအိမ်ထဲတွင် စက္ကူတစ်ရွက်မှပင် မရှိသောကြောင့် လက်ကိုင်ပဝါတွင် ဆေးညွှန်းကူးရေးထားရသည်ကို အထူးအဆန်းဖြစ်သွားမိသည်။ 


သူ တစ်ချက်ခန့် အကြမ်းဖျင်းကြည့်လိုက်ပြီးနောက် သိုလှောင်အိတ်ထဲထည့်ထားရန် ပြင်လိုက်သည်။


၎င်းကိုမြင်သည့်အခါ ဝမ်ရမ်ချင်က ပြောလိုက်သည်။

" ငါမင်းကို တစ်ခုတည်းရှိတဲ့ ဆေးညွှန်း ပေးလိုက်တာနော်... တကယ်လို့ ပျောက်သွားမယ်ဆိုရင် မင်းပဲ တာဝန်ယူရမှာ..."


ရှန်းလျိုရှန့် ခဏစဉ်းစားလိုက်ပြီးနောက် လက်ကိုင်ပဝါကို ဝတ်ရုံထဲထည့်ထားလိုက်သည်။

ခန္ဓာကိုယ်ပေါ်မှာထားတာတော့ အလုံခြုံဆုံးပဲ


ဝမ်ရမ်ချင် ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။


.....


သတ္တမနတ်ဆိုးဘုရင်၏စံအိမ်မှ ထွက်လာပြီးသည့်နောက်တွင် ရှန်းလျိုရှန့်က နတ်ဆေးမည်သို့ဖော်စပ်ရမည့်အကြောင်း‌ တွေးနေမိ၍ သူ့ပတ်ဝန်းကျင်မှ နတ်ဆိုးကျင့်ကြံသူများကို သတိမထားမိပေ။ သူတို့အားလုံး သူ့ကို မှင်သက်စွာကြည့်နေပြီး မျက်နှာထက်တွင်လည်း မယုံကြည်နိုင်ခြင်းတစ်ဝက် စိတ်လှုပ်ရှားခြင်းတစ်ဝက်တို့ ဖြစ်နေသည်။


သူ ထွက်သွားပြီးသည့်နောက်တွင် လမ်းမပေါ်မှ နတ်ဆိုးများက ပွစိပွစိပြောကြတော့သည်။


" အဲဒါ မြို့အရှင်ရဲ့အနံ့ပဲ..."


" သူက ဘယ်သူလဲ ငါတို့မြို့ရဲ့အနာဂတ် နတ်ဆိုးဘုရင်မများလား .."


" သူ ခုနတုန်းက မြို့အရှင်ရဲ့စံအိမ်ထဲက ထွက်လာတယ်လေ သူ့ကိုယ်ပေါ်က အနံ့က မြို့အရှင်ဆီကမဟုတ်ရင် ဘယ်ကဖြစ်မှာလဲ..."


" ဒါပေမဲ့ ‌ဒီမနက်တုန်းကပဲ သူ့ကိုယ်ပေါ်ကနေ တခြားမဟာနတ်ဆိုးရဲ့ အနံ့ရတယ်လေ..."


" ဟီးဟီး အခု သူ့ကိုယ်ပေါ်က ငါတို့မြို့အရှင်ရဲ့အနံ့က မနက်တုန်းက အနံ့ထက်ပိုပြင်းတယ်... ကြည့်ရတာ မြို့အရှင်ကိုယ်တိုင်လည်း မနက်ကအနံ့ကို သတိထားမိလို့ သူ့အိမ်ကိုခေါ်ပြီး အနိုင်ကျင့်လိုက်တာထင်တယ်..."


.....


ရှန်းလျိုရှန့် ကျွမ်းယွင်အဆောင်သို့ပြန်ရောက်ချိန်တွင် သူ့စိတ်ထဲမှ တင်းကြပ်မှုများ ပြေလျော့သွားတော့သည်။ ယနေ့တွင် ပိုးကောင်များကြောင့် နှစ်ကြိမ်ဆက်တိုက် ကြောက်လန့်ခဲ့ရပေသည်။


သူ အခန်းထဲပြန်ရောက်ချိန်၌ အလွန်နွမ်းလျနေပြီဖြစ်သည်။


မျက်ခုံးများပွတ်ပြီးနောက် ခုံရှည်ပေါ်လှဲနေလိုက်ပြီး မကြာမီတွင် အိပ်မောကျသွားတော့သည်။


ကျိုးရွှမ်လန် ကျွမ့်ယွင်အဆောင်သို့ ပြန်ရောက်ချိန်တွင် နေ့လယ်ခင်းအချိန်ရောက်နေပြီဖြစ်သည်။ အခန်းတံခါးကို တွန်းဖွင့်ဝင်ရောက်လိုက်ချိန်တွင် ခုံရှည်ပေါ် အိပ်စက်အနားယူနေသော သူ့ရှစ်စွမ်းကို တွေ့လိုက်ရသည်။


ခုံပေါ်လှဲနေသည့် သူ့မျက်နှာလေးက နူးညံ့ဖြူဖွေးနေကာ လည်တိုင်ပေါ်သို့ ဆံစအချို့ ဖြာကျနေပြီး အနက်ရောင်မျက်တောင်ရှည်များ ကော့ညွတ်လျက် အေးချမ်းစွာ အိပ်ပျော်နေသည်။ 


သူ အနီးကပ်ကြည့်နေစဉ်တွင် နှုတ်ခမ်းများကွေးညွတ်ပြီး ပြုံးလိုက်မိသည်။


ရုတ်တရက် သူ့နှာဖျား၌ အနံ့တစ်ခုကိုရလိုက်သည်။


ကျိုးရွှမ်လန်၏အမူအရာက သိသိသာသာ ပြောင်းလဲသွားတော့သည်။


နေ့အချိန်ဖြစ်သောကြောင့် ရှန်းလျိုရှန့်က အလွန်အအိပ်ဆတ်နေ၍ သူ့အနားကို တစ်ယောက်ယောက်ကပ်လာသည်အား သတိပြုမိလိုက်သည်။ သူမျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် ကျိုးရွှမ်လန်ဖြစ်နေသောကြောင့် စိတ်ချလက်ချဖြစ်သွားပြီး မျက်လုံးပြန်မှိတ်လိုက်သည်။


သို့သော် သူ မျက်လုံးပြန်မှိတ်ထားပြီး မကြာမီအချိန်တွင် ဆံစအချို့က သူ့မျက်နှာကို လာထိသောကြောင့် ယားကျိကျိဖြစ်လာသည်။


ရှန်းလျိုရှန့် အံ့ဩသွားပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ကျိုးရွှမ်လန်က သူ့အပေါ်အုပ်မိုးထားပြီး သူ့လည်တိုင်နှင့် ပခုံးတွင် မျက်နှာအပ်ထားသည်။


နွေးထွေးသော ဝင်လေထွက်လေအချို့က သူ့အပေါ် လာရောက်ရိုက်ခတ်နေသည်။


ရှန်းလျိုရှန့်၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ထိုလူကို အလိုလိုတွန်းလွှတ်ရန် ပြင်လိုက်သည်။ မမျှော်လင့်ထားသည်မှာ သူ့လက်များ မြှောက်လိုက်ချိန်တွင် ကျိုးရွှမ်လန်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး ခုံပေါ်သို့ တင်းကြပ်စွာကပ်ထားလိုက်သည်။


သူ မည်သို့မှ ရုန်းမရဖြစ်သွားသည်။

" မင်း ဘာလုပ်နေတာလဲ..."


ကျိုးရွှမ်လန်က ပြန်မဖြေဘဲ လည်တိုင်ကြော့ကြော့လေးနှင့် မေးရိုးဖြူဖြူဖွေးဖွေးလေးကို အနံ့ခံကြည့်နေသည်။


အလွန်ပူနွေးလှသည့်လေအချို့က ကျောက်စိမ်းသဖွယ်ဖြူဖွေးလှသော အသားအရေကို ပွတ်တိုက်နေသည်။


ယခုအနေအထားက ရာဂကြီးသောမြင်ကွင်းတစ်ခုနှင့်ပင် တူနေသည်။


ခဏအကြာတွင်မှ သူ ခေါင်းမော့လာသည်။


သူ၏ နက်စွေးစွေးမျက်ဝန်းများဖြင့် ရှန်းလျိုရှန့်ကို စိုက်ကြည့်နေပြီးနောက် အေးစက်စက်အသံဖြင့် ပြောလိုက်သည်။


" ဘာလို့ ရှစ်စွမ်းရဲ့ကိုယ်ပေါ်မှာ တခြားလူရဲ့အနံ့တွေ ရှိနေတာလဲ..."


ရှန်းလျိုရှန့် အံ့အားသင့်သွားမိသည်။

" ဘာအနံ့လဲ..."


ကျိုးရွှမ်လန်၏ မျက်လုံးများက သူ၏စိတ်ရှုပ်ထွေးနေသော မျက်နှာမှတစ်ဆင့် ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။ ရုတ်တရက် သူ့လက်က ဝတ်ရုံထဲ လျှိုဝင်သွားပြီး လက်ချောင်းသွယ်သွယ်များဖြင့် အထဲကိုရှာဖွေနေသည်။


ရှန်းလျိုရှန့်၏တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားပြီး သူ့မျက်နှာထက်တွင် ယုံရခက်သည့် အမူအရာမျိုး ပေါ်လာသည်။ 


ချွန်ထက်သည့်လက်ဆစ်များနှင့် လက်ချောင်းများက ‌ပါးလွှာသော အဝတ်အစားအလွှာကို ကျော်ဖြတ်၍ သူ့ရင်ဘတ်ကို ဟိုစမ်းသည်စမ်း ပြုလုပ်နေသည်။


ရှန်းလျိုရှန့် စိတ်အနှောင့်အယှက်ဖြစ်လာသောကြောင့် သူ့လက်ကောက်ဝတ်များကို ရုန်းလိုက်သည်။ သူ တွန်းထုတ်ပစ်တော့မည့်အချိန်တွင် ကျိုးရွှမ်လန်က အနီရောင်လက်ကိုင်ပဝါတစ်ထည်ကို ဝတ်ရုံထဲမှ ဆွဲထုတ်လိုက်သည်။


"ဝမ်ရမ်" ဟူသောစကားလုံးကနု လက်ကိုင်ပဝါထောင့်၌ ရေးထိုးထားသည်ကို သူ သတိထားမိလိုက်သည်။


" ဒါကဘာလဲ..."


ရှန်းလျိုရှန့် ခုံရှည်ပေါ်မှထလာသည့်အခါ အဝတ်အစားများက လျော့တိလျော့ရဲဖြစ်နေကာ ဆံပင်များလည်း ရှုပ်ပွကာ မျက်တောင်များလည်း တုန်ယင်နေသည်။ ကျိုးရွှမ်လန်၏အမေးကို သူချက်ချင်း ပြန်မဖြေနိုင်သေးပေ။ 


တပည့်ဖြစ်သူက သူ့ကိုထိုကဲ့သို့ အုပ်မိုးပြီး ပိုင်စိုးပိုင်နင်းပြုမူလိုက်သော်ကြောင့် သူ့ရင်ထဲ စိတ်အနှောင့်အယှက်ဖြစ်သွားမိသည်။ သူတို့နှစ်ယောက် မတွေ့ရသည်မှာလည်း အချိန်အတန်ကြာပြီဖြစ်ကြောင်း သတိရလိုက်သည့်အခါ ဆရာတစ်ယောက်ဖြစ်သည့် သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ရန် အချိန်ကျပြီဖြစ်ကြောင်း တွေးလိုက်မိသည်။


ကျိုးရွှမ်လန်က လက်ကိုင်ပဝါပေါ်မှ "ဝမ်ရမ်" ဟူသည့် အရောင်တောက်တောက်စာလုံးကို မည်းနက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ကြည့်နေသည်။


သူ မရှိလိုက်သည့် နေ့တစ်ဝက်အချိန်လေးတွင် ဝမ်ရမ်ချင်က သူ့ဆရာကို လာရှာသွားခဲ့ခြင်းဖြစ်သည်။ ၎င်းက ထိုလူ၏သီးသန့်လက်ကိုင်ပဝါဖြစ်လျှင်ပင် အော်ရာက ဤမျှပြင်းထန်လိမ့်မည် မဟုတ်ပေ။ ထိုအရာ မည်သည့်နေရာမှ ရောက်လာကြောင်းလည်း သူ မသိပေ။ 


သူ့မျက်နှာထက်တွင် ဒေါသအရိပ်အယောင်အချို့ပေါ်လာပြီး ထိုလက်ကိုင်ပဝါကို အပိုင်းအစပေါင်းထောင်ချီဖြစ်အောင် ချေမွှပစ်ချင်စိတ် ပေါ်လာသည်။


သူ ထိုသို့ပြုလုပ်တော့မည့်အချိန်တွင် ခုံရှည်ပေါ်ရှိလူထံမှ တီးတိုးပြောသံအချို့ကို ကြားလိုက်ရသည်။


" မင်း ငါ့ကို တော်တော်ရက်စက်တာပဲ..."


ကျိုးရွှမ်လန် မှင်သက်သွားမိပြီး မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေသည့် အမူအရာမျိုး ပေါ်လာသည်။


ရက်စက်တယ်လား...


မဟုတ်ဘူး အဲ့လိုမဟုတ်ဘူးလေ...


" မဟုတ် မဟုတ်ဘူး ရှစ်စွမ်း... ကျွန်တော်က အဲ့သဘောပြောတာ မဟုတ်ပါဘူး..."


ရှန်းလျိုရှန့်က ခြေထောက်နှစ်ဖက်ကို ကွေးညွတ်လိုက်ပြီး ဒူးခေါင်းများကို ရင်ဘတ်တွင်အပ်ကာ ပခုံးကျုံ့ထားလိုက်မိပြီး ‌ခေါင်းငုံ့ထားလိုက်ပြီး သူ့လည်ချောင်းမှ ငိုရှိုက်သံအချို့ ထွက်ပေါ်လာသည်။


" မင်း ငါ့ကိုနာအောင်လုပ်မလို့ပဲ..."


သူ ထိုသို့ဖြစ်သွားလိမ့်မည်သု ကျိုးရွှမ်လန် မမျှော်လင့်ထားခဲ့ပေ။ သူ ပျာယာခတ်သွားပြီး အခြားလူများအကြောင်းကို မတွေးတောနိုင်တော့ဘဲ လက်ကိုင်ပဝါကို အမြန်ချထားလိုက်သည်။


သူ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည်။

" ကျွန်တော်... ဒီ ဒီတပည့်က အဲ့သဘောမဟုတ်ပါဘူး..."


သူကိုင်ထားသော ကျောက်စိမ်းတမျှဖြူဖွေးသည့် လက်ကောက်ဝတ်ပေါ်တွင် နီရဲတွတ်နေသည့် အရာအချို့ကို မြင်လိုက်ရသည်။ သူ့ရင်ထဲ အလွန်တုန်လှုပ်သွားရသည်။ 


" ရှစ်စွမ်း ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် ရိုင်းပြမိပါတယ်... ကျွန်တော့်ကို အပြစ်ပေးပါ..."


ရှန်းလျိုရှန့်က ပါးပြင်ကို ဒူးနှစ်ဖက်ကြား အပ်ထားလိုက်ပြီး ကြည်လင်နေသည့် ဇာမဏီမျက်ဝန်းများဖြင့် မျက်တောင်ခတ်လိုက်သည်။


စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက ပြီးပြည့်စုံလုနီးပါးဖြစ်လာသည်။ ဆရာဖြစ်သူကို အနိုင်ကျင့်မိခြင်းက အလွန်မှားယွင်းကြောင်း သူ့တပည့်က နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားသင့်ပြီဖြစ်သည်။


သူ နှုတ်ခမ်းစူထားလိုက်ပြီး မျက်ဝန်းထဲတွင် မျက်ရည်ဝဲလာသည်အထိ စောင့်လိုက်ပြီးမှ ခေါင်းမော့ကြည့်လိုက်သည်။ 


" ဒါဆိုရင် နောက်ကျရင်ရော ငါ့ကို အဲ့လိုကြမ်းကြမ်းတမ်းတမ်းလုပ်ဦးမှာလား..."


ကျိုးရွှမ်လန်က တစ်ဖက်လူ၏ မျက်ရည်များပြည့်နေသည့် ဇာမဏီမျက်ဝန်းများကိုကြည့်လိုက်ပြီးနောက် သူ့ရင်ထဲတွင် ဧရာမလှိုင်းကြီးတစ်ခု ရိုက်ခတ်သွားသည်ဟု ခံစားလိုက်ရသည်။ သူ့လေသံက အနည်းငယ်အက်ရှရှဖြစ်နေသည်။


" ဒီတပည့် ကိုယ့်အမှားကိုယ်သိပါပြီ နောက်ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး..."


ရှန်းလျိုရှန့်က တစ်ချက်မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။

" ဒါဆိုရင်တော့ မင်းကို ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်မယ်..."


ခဏစဉ်းစားပြီးသောအခါ သူ ထပ်ပြောလိုက်သည်။

" မင်းကို အပြစ်ပေးတဲ့အနေနဲ့ ငါ့ဖို့ တစ်ခုခု ပြန်လုပ်ပေးမှရမယ်..."


သူ နေ့လည်ခင်းက သတ္တမနတ်ဆိုးဘုရင်စံအိမ်တွင် ရှိစဉ် သတိမပြုမိခဲ့ပေ။ ပြန်ရောက်လာသည့်အခါမှသာ ထိုစဉ်အချိန်က ဝမ်ရမ်ချင်၏ အမူအရာကို ပြန်သတိရမိပြီး တစ်ဖက်လူက သူ အင်းစက်ပိုးမွှားများကို ကြောက်ရွံ့သည်အား သတိပြုမိသည်ဟု မသင်္ကာဖြစ်မိသွားသည်။ သူ့ဆံပင်ပေါ် ပိုးကောင်များကျလာသည်ဟု ပြောလိုက်ခြင်းက သူ့ကိုစစ်ဆေးကြည့်လိုက်ဟန် ဖြစ်လောက်သည်။


အကယ်၍ သတ္တမနတ်ဆိုးဘုရင်က အနာဂတ်တွင်လည်း ထိုသို့သောတိုက်ခိုက်မှုမျိုး ပြုလုပ်လာမည်လားဟု သူ စိုးရိမ်လာမိသည်။ ထိုမျှသာမကဘဲ အားလုံးက သူ၏အားနည်းချက်ကိုသိသွားပါက ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်၍ အကောင်းဆုံးကြိုးစားပြီး ကျော်ဖြတ်ရမည်ဖြစ်သည်။


ရှန်းလျိုရှန့်က အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ပြီး မျက်ရည်များရွှဲနေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူ ဤတစ်ကြိမ်တွင် အမှန်တကယ် ငိုချင်နေပြီဖြစ်သည်။


" ပိုးကောင်နည်းနည်းလောက်ဖမ်းပြီးတော့ ငါ့ကိုခြောက်ကြည့်ပါလား..."


တကယ်လို့ အကြိမ်ရေနည်းနည်းလောက်များ ‌ခြောက်ခံရမယ်ဆိုရင် ထုံသွားမယ်ထင်တယ်...


ကျိုးရွှမ်လန် ခဏစဉ်းစားလိုက်ပြီးနောက် မျက်မှောင်ကြုတ်လျက်နှင့် ပြောလိုက်သည်။

" ဝမ်ရမ်ချင်က ပိုးကောင်တွေသုံးပြီး ရှစ်စွမ်းလန့်အောင် လုပ်လိုက်တယ်လို့ ကျွန်တော်ကြားတယ်..."


ရှန်းလျိုရှန့် : " သူ သိလို့နေမှာပေါ့..."


ကျိုးရွှမ်လန်၏အမူအရာက ပိုမိုမည်းမှောင်ပြီး မရှင်းမလင်းဖြစ်ကာ ရှန်းလျိုရှန့်၏ပါးပြင်မှ ဆံစများကို သပ်တင်ပေးလိုက်သည်။


" ကျွန်တော် ထင်ထားပြီးသားပါ... သူ ရှစ်စွမ်းရဲ့ခေါင်းပေါ်မှာ ပိုးကောင်တက်နေတယ်လို့ပြောပြီး ပိုးကောင်ဖယ်ပေးနေတဲ့အချိန် ခေါင်းစည်းကြိုးကို မတော်တဆဖြတ်ပစ်မိသွားတယ်လို့ ပြောတယ်မလား..."


ရှန်းလျိုရှန့်၏ မျက်နှာထက်တွင် အံ့ဩတကြီးဖြစ်လာသည့် အမူအရာမျိုး ပေါ်လာသည်။


" သူက အဲ့လိုလုပ်တတ်တဲ့ လူစားပဲ..."


ကျိုးရွှမ်လန် မျက်လွှာချထားလိုက်ပြီး သူ့မျက်ဝန်းထဲမှ ရန်လိုနေသည့်အကြည့်များကို ဖုံးကွယ်ကာ နှုတ်ခမ်းများတွန့်ကွေးပြီး ပြုံးလိုက်သည်။


" ရှစ်စွမ်း မကြောက်တော့အောင် ကျွန်တော်လည်း တူတူလေ့ကျင့်ပေးပါ့မယ်..."


" ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေထဲမှာ အသံတွေကို ထိန်းချုပ်တာတော်တဲ့ လူတစ်ယောက်ရှိပါတယ်... အဲ့တော့ မြွေတွေနဲ့ ပိုးမွှားတွေကို ဆွဲဆောင်ဖို့ကလည်း မခက်ဘူး... သူက ညဘက်မှ ထွက်လာတတ်တာဆိုတော့ ကျွန်တော်တို့တွေ မြို့ပြင်က အေးပြီးတော့ စိုထိုင်းဆများတဲ့နေရာတစ်ခုရှာပြီး သူ့ကိုပိုးကောင်တွေ ခေါ်ခိုင်းလိုက်မယ်လေ..."


သီချင်းသံများအကြားတွင် ပိုးကောင်များ သူ့ကိုယ်ပေါ် တွားသွားတက်လာသည့်မြင်ကွင်းကို ရှန်းလျိုရှန့် စိတ်ကူးယဉ်ကြည့်မိသောအခါ မျက်နှာတစ်ခုလုံး ဖြူဖျော့ပြီး ကြောက်လန့်လာသည်။


" ဒါမှမဟုတ်..."


" ရှစ်စွမ်း ကြောက်လို့လား..."


ရှန်းလျိုရှန့် နင်သွားပြီးနောက် သူ့မျက်နှာသူဖြတ်ရိုက်ကာ ရဲဝံ့စွာဖြင့် ပြောလိုက်သည်။


" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီညရတယ် ပြဿနာမရှိဘူး..."

 

နာရီပိုင်းလောက်ပဲ ပျော်ပျော်နေရတော့မယ်ပေါ့လေ...


သူတို့နှစ်ယောက် ဆွေးနွေးပြီးကြသောအခါ ကျိုးရွှမ်လန်က သူ့လက်အောက်ငယ်သားလာရောက်ရန်အတွက် အချက်ပြရန် ထွက်ခွာသွားသည်။ သူ ခဏအကြာတွင် ပြန်ရောက်လာပြီးနောက် အနီရောင်လက်ကိုင်ပဝါပေါ်မှ ဆေးညွှန်းကို စာရွက်တစ်ရွက်ပေါ် ‌ကူးရေးလိုက်ပြီး ရှန်းလျိုရှန့်ကို ပြန်ပေးလိုက်ကာ လက်ကိုင်ပဝါကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲလိုက်သည်။


ထို့နောက် ပြာမှုန့်များကို ကျွမ့်ယွင်အဆောင်အပြင်ဘက်သို့ လွင့်ထွက်သွားစေပြီးမှ ပြန်ထွက်သွားပြန်သည်။


သူ ထွက်သွားသည့်အခါ ရှန်းလျိုရှန့်က အချိန်ကို ‌လက်ချောင်းများဖြင့် ရေတွက်နေပြီး တဖြည်းဖြည်း ကြက်သီးထလာသည်။ တင်းမာမှုများကို လျှော့ချရန်အတွက် ရှုရှင်းချန်ကို သူနှင့်အတူ လမ်းမပေါ်တွင် စိတ်ပြေလက်ပျောက် ဆော့ခိုင်းနေသည်။


မှောင်ရိပျိုးလာသည့်အခါ သူတို့နှစ်ယောက် ထျန်းရှန်းမျှော်စင်သို့ ထွက်ခွာလာကြသည်။


ရှန်းလျိုရှန့်က စားစရာကို စားပွဲများအပြည့်မှာလိုက်ပြီးနောက် စိတ်ထဲပြင်ဆင်နေရသောကြောင့် စားနေစဉ်မှာပင် သက်ပြင်းချနေသည်။


ရှုရှင်းချန်က သူ့ပုံစံကိုမြင်သည့်အခါ တူကိုတစ်ချက်မှ မထိဘဲ ‌သရော်လိုက်သည်။


" ဘာတွေ သက်ပြင်းချနေတာလဲ... ငါ့ရဲ့ အဖိုးတန်တပည့်လေးကို တစ်ညနေခင်းလုံး မတွေ့ရဘူး... ငါ သည်းမခံနိုင်တော့ဘူး အဲ့လိုဖြစ်နေတာလား..."


ရှန်းလျိုရှန့်က အရိုးနွှင်ပြီးသား ငါးအသားကို သူ့ပါးစပ်ထဲထည့်လိုက်သည်။ 

" ရိုးရိုးသားသားပြောရမယ်ဆိုရင် အခုလောလောဆယ် ငါမတွေ့ချင်ဆုံးလူက သူပဲ..."


ရှုရှင်းချန်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူ့လေသံက ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်ကို ဖုံးကွယ်ထားရဟန် ဖြစ်နေသည်။


" နှစ်ယောက်သား ရန်ဖြစ်ထားတာလား..."


" မဖြစ်ပါဘူး..."


ရှုရှင်းချန်က သူ့မျက်နှာပေးကို လျှပ်စီး၏အရှိန်ဖြင့် ပြောင်းလဲလိုက်ပြီး အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။

" ကျွန်တော် စားချင်စိတ်မရှိလို့ မစားတော့ဘူး... ကျွမ့်ယွင်အဆောင်ကို ပြန်နှင့်တော့မယ်..."


ရှန်းလျိုရှန့်က ခေါင်းမော့ကြည့်ပြီး မေးလိုက်သည်။

" ဒီနေ့ည လှေတစ်စီးထွက်မှာ မင်း မကြည့်ချင်ဘူးလား..."


ချီလင်မြို့တွင် ဗျပ်စောင်းဆိုင်၊ ပန်းချီဆိုင်နှင့် အမွှေးတိုင်ဆိုင်ဟုသည့် နာမည်ကြီးဆိုင်သုံးဆိုင်ရှိသည်။ လလယ်ရောက်တိုင်းတွင် ထိုဆိုင်သုံးတိုင်မှ မိန်းမလှလေးများက ရေကန်ထဲတွင် လှည့်ပတ်ကြည့်ရှု့ရန် အပျော်စီးလှေများ ငှားလေ့ရှိသည်။ မိန်းမလှလေး တစ်ယောက်ချင်းစီတိုင်းက အချောအလှလေးများဖြစ်ကြ၍ လူများစွာက သူတို့မျက်နှာကို မြင်တွေ့ရရန် စောင့်ဆိုင်းနေတတ်ကြသည်ဟု ကြားဖူးပေသည်။


ရှုရှင်းချန် : " စိတ်မဝင်စားဘူး..."


ရှန်းလျိုရှန့် ကျစ်ခနဲ စုတ်သပ်လိုက်မိသည်။ မူရင်းဝတ္ထုတွင်မူ ရှုရှင်းချန်က စုပိုင်ချယ့်ကို မြင်မြင်ချင်းသဘောကျသွားကြောင်း တွေးလိုက်မိသည့်အခါ သူ မမေးဘဲ မနေနိုင်တော့ပေ။ 


" မင်းက ကျက်သရေရှိရှိလှတဲ့ အချောအလှလေးတွေကိုပဲ သဘောကျတာလား..."


ရှုရှင်းချန်က သူ့ကိုစိုက်ကြည့်လာသည်။

" ကျွန်တော့်မှာက ရည်မှန်းချက်တွေရှိသေးတယ် ခင်ဗျားလိုမျိုး အချစ်ရေးကိစ္စတွေထဲ ပိတ်မိနေတယ်များ ထင်လား..."


ရှန်းလျိုရှန့် : ဟမ် ဘာကိုပြောတာ...


ရုတ်တရက်ကြီး ပညာပြခံလိုက်ရ၍ ရှန်းလျိုရှန့် ကြောင်တောင်တောင်ဖြစ်သွားသည်။


သူ တုံးချင်ယောင်ဆောင်နေသည်ဟု ရှုရှင်းချန် ထင်လိုက်သောကြောင့် မတ်တပ်ထရပ်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားခဲ့သည်။ ထို့နောက် ပြန်ရောက်လာပြီး အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကိုထုတ်ကာ စားပွဲပေါ် ဘန်းခနဲပစ်တင်ပေးလိုက်ပြီးမှ နှာမှုတ်၍ ထွက်ခွာသွားသည်။


ရှန်းလျိုရှန့်က အရသာရှိသော ဟင်းပွဲများကို တစ်ယောက်တည်းစားရတော့မည်ဖြစ်၍ ရယ်ရ၊ငိုရမည်မသိဖြစ်သွားပြီး ခေါင်းခါလိုက်မိသည်။ 


စားသောက်ပြီးသွားသောအခါ ညနက်နေပြီဖြစ်သော်လည်း သဘောတူထားသည့် ညသန်းခေါင်အချိန်မရောက်သေး၍ အချိန်ရသေးပေသည်။ သူ လမ်းအတိုင်းလျှောက်သွားပြီး လူအုပ်ကြီးနှင့်အတူ ရေကန်ဆီသို့ လိုက်သွားသည်။


ညအချိန်ဖြစ်၍ လမင်းကြီးက ကောင်းကင်ထက်မှ ဖြာကျနေပြီဖြစ်ကာ ဖဲကြိုးလေးများနှင့် ရောင်စုံမီးပုံးများက ရေကန်ကြီးကို ဝန်းရံထားသည်။ ရေကန်ထဲတွင်လည်း ရေပေါ်မျောနေသည့် မီးပုံးများရှိနေ၍ ကန်ရေပြင်ထက်တွင် ကြယ်များသဖွယ် တောက်ပနေသည်။


ပထမဆုံး အပျော်စီးလှေ ရောက်လာချိန်တွင် ရေကန်ထဲမှ ပုလွေသံချိုချိုလေး ထွက်ပေါ်လာသည်။ ရေကန်ဘေးရှိ အဆောင်ငယ်လေးတစ်ခုပေါ်တွင် စုဝေးနေကြသော လူအုပ်ကြီးက အားပါးတရ အော်ဟစ်အားပေးကြတော့သည်။


" ချင်ဖန့်က အပျော်စီးလှေပဲ..."


ရှန်းလျိုရှန့်က သူတို့နောက်တွင် ခြေဖျားထောက်၍ ရပ်နေရသောကြောင့် လူပေါင်းများစွာ၏ခေါင်းများကိုသာမြင်ရပြီး လှေကိုမမြင်ရပေ။ သူ ဘေးနားပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ သစ်ပင်ကြီးတစ်ပင်ကို လှမ်းမြင်လိုက်ရ၍ ခုန်တက်သွားလိုက်သည်။


ထိုအချိန်တွင် လှပသောမိန်းမပျိုလေးများပါဝင်သည့် ဒုတိယမြောက်အပျော်စီးလှေ ရောက်လာခဲ့သည်။ ရှန်းလျိုရှန့်က မုန်လာဥနီကိုထုတ်စားနေလျက်ဖြင့် သူတို့ကိုကြည့်နေသည်။


နောက်ဆုံးရှန်ဖန့်လှေ ပေါ်လာချိန်တွင် ဘေးနားမှ အော်ဟစ်အားပေးသံများက ယခင်ထက်ပို၍ ကျယ်လော

င်လာသည်။


" အဲဒါ မိန်းကလေး နန်ရှန့်ပဲ... ငါတို့ ချီလင်မြို့ရဲ့ အလှဆုံးမိန်းကလေး..."


" ငါကြားတာတော့ သူက မြို့အရှင်ကို ကြိုက်နေတာဆို..."


" အဓိပ္ပါယ်မရှိတာတွေ မိန်းကလေးနန်ရှန့်နဲ့ တပ်မှူးရှုံးနဲ့က စေ့စပ်ပြီးသွားပြီ သူတို့က တော်တော်လိုက်ဖက်တဲ့စုံတွဲပဲ..."