အပိုင်း ၇၈
Viewers 23k

Chapter 78



ခုနစ်နှစ်ကျော်ကြာပြီးသည့်နောက်တွင်မှ ထိုအသံကို ပြန်ကြားလိုက်ရ၍ စုပိုင်ချယ့်က အေးစက်စက်ပြုံးလိုက်မိသည်။


ကြည့်ရတာ ဒီလူက ရှန်းလျိုရှန့်ထင်တယ်...


ကောင်းကင်ဘုံကိုတက်ရမယ့်လမ်းရှိရင်တောင် ငါ မတက်တော့ဘဲ အဲ့လူရှိတဲ့ ငရဲအထိကို လိုက်လာဦးမှာ...


စုပိုင်ချယ့်က ကြာစေ့စွပ်ပြုတ်အကြောင်းကို တွေးမိသွားသည်နှင့် ချက်ချင်းလက်စားချေရန် ဆုံးဖြတ်လိုက်သည်။ မမျှော်လင့်ထားသည်မှာ သန်မာသော လက်ဖဝါးတစ်ဖက်က သူရှိသည့်နေရာတည့်တည့်ကို ရောက်လာတော့သည်။


ရှုံးယို့ မတ်တပ်ထရပ်လိုက်ပြီး လက်ချောင်းများကွေးကာ လက်ဆစ်ချိုးနေလိုက်သည်။

" ကြည့်ရတာ တစ်ယောက်ထက်ပိုနေတာပဲ... မင်းတို့က တော်တော်လေး လှည့်စားတာတော်ကြတယ်နော်..."


သူတို့နှစ်ယောက်ကို သူ လှမ်းကြည့်လိုက်စဉ်တွင် အတွင်းဝတ်ရုံသာဝတ်ထားသည့် စုပိုင်ချယ့်ကို မြင်သောအခါ သူ့မျက်နှာထက်တွင် သတိကြီးကြီးထားသည့် အမူအရာမျိုး ဖြစ်သွားသည်။


" ကျူးယန်လား... မင်းက ချီလင်မြို့ကို ဘာလာလုပ်တာလဲ..."


စုပိုင်ချယ့်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။ လက်ရှိအခြေအနေက ကျဉ်းထဲကျပ်ထဲရောက်နေပြီဖြစ်၍ ရန်သူကို မိတ်ဆွေအဖြစ်ပြောင်းလဲရန် ကြိုးစားရတော့မည်ဖြစ်သည်။


" ရှန်းလျိုရှန့် မင်းနဲ့ငါ ပေါင်းပြီးတော့ သူ့ကိုလှေပေါ်က နှင်ထုတ်ရအောင်..."


" ဟမ် မင်း အမှားတစ်ခုခု လုပ်ထားမိတာလား..."


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး သူ့ခါးပေါ်တွင်ချိတ်ထားသော သိုလှောင်အိတ်ထဲမှ ယုန်ပုံစံ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။


" ငါကအခု ချီလင်မြို့က နတ်ဆိုးလေး ဖြစ်နေပြီလေ... ဘာလို့ ငါတို့တပ်မှူးရှုံးကိုတိုက်ဖို့ မင်းကိုကူညီရမှာလဲ..."


ထို့နောက်တွင် တံဆိပ်ပြားအား ရှုံးယို့ကိုပြပြီး ရှင်းပြလိုက်သည်။

" တပ်မှူး ကျွန်တော့်ကို ဒီမကောင်းဆိုးဝါး ဖမ်းထားတာပါ..."


ရှုံးယို့က သူ့တံဆိပ်ပြားကိုဆွဲယူပြီး ကြည့်လိုက်သည်။

" ယုန်နတ်ဆိုးပါလား..."


သူက ချီလင်မြို့၏ တပ်မှူးတစ်ယောက်ဖြစ်သောကြောင့် မြို့သားဖြစ်သည့် နတ်ဆိုးလေးများကို အလွန်ကာကွယ်ပေးတတ်သည်။ ထို့အပြင် ရှန်းလျိုရှန့်ထံမှ မည်သည့်ခြိမ်းခြောက်မှုကိုမှ မခံစားရ၍ သူ့မျက်နှာထားက အနည်းငယ်ပျော့ပျောင်းသွားသည်။

" အဲဒါ အမှန်ပဲလား..."


ရှန်းလျိုရှန့်က အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

" ကျွန်တော်က ယုန်‌နတ်ဆိုးလေးပဲဆိုတော့ ကျူးယန်ကို မခုခံနိုင်ပါဘူး..."


သို့ဖြစ်၍ ရှုံးယို့က သူ့ကိုလက်ယမ်းပြလိုက်သည်။

" ချီလင်မြို့သားတွေကိုတော့ အန္တရာယ်ဖြစ်ခွင့်မပြုဘူး... မင်း ခဏရှောင်နေလိုက် ငါ သူ့ကိုဖမ်းပြီး သတ္တမနတ်ဆိုးဘုရင်လက်ထဲ အပ်ပြီးတဲ့အထိစောင့်နေလိုက်..."


စုပိုင်ချယ့် အံ့ဩတကြီးဖြစ်သွားရသည်။ သူ့ခေါင်းထဲတွင် "ဖာ့ခ်" ဟု ပြောလိုက်မိသည်နှင့် တစ်ချိန်တည်းတွင် ရှုံးယို့က စတင်တိုက်ခိုက်တော့သည်။


ရှန်းလျိုရှန့် အိပ်ရာဘေးနားသို့ အမြန်ရွှေ့လာပြီး သိုလှောင်အိတ်ထဲမှ အဝတ်တစ်ထည်ထုတ်ပေးလိုက်သည်။ သူမ အဝတ်အစားများ ပြန်ဝတ်ပြီးချိန်မှသာ သူမေးလိုက်သည်။


" မင်း ထွက်ပြေးလို့ရအောင် ကူညီရမလား..."


နန်ရှန့်က ငိုရှိုက်နေလျက်ဖြင့် သူ့ကိုလှမ်းကြည့်ကာ ခေါင်းခါပြလိုက်သည်။

" ကျွန်မ ‌ထွက်သွားလို့မဖြစ်ဘူး... ထွက်သွားရင် ရှုံးယို့ ဝမ်းနည်းလိမ့်မယ်..."


ရှန်းလျိုရှန့် အံ့ဩသွားမိသည်။

" မင်းက စု... အဲ ချယ့်ပိုင်စုကို ကြိုက်နေတာမဟုတ်ဘူးလား..."


နန်ရှန့်က မျက်ရည်များ ပြည့်နေသည့် မျက်ဝန်းများဖြင့် မော့ကြည့်လာသည်။


" ကျွန်မ သူတို့နှစ်ယောက်လုံးကို ကြိုက်လို့မရဘူးလား..."


ထို့နောက်တွင် သူမ ထပ်ငိုတော့မည့်ပုံစံဖြစ်လာသည်။ 


ရှန်းလျိုရှန့်က လက်ကိုင်ပဝါတစ်ထည်အမြန်ထုတ်ပြီး သူမကိုပေးလိုက်သည်။


" အင်းပါ အင်းပါ မင်း လူဘယ်နှယောက်ကိုကြိုက်ကြိုက် ရပါတယ်... ဒါပေမဲ့ မင်း အကူအညီမလိုတော့ဘူးဆိုရင်တော့ ငါသွားပြီ..."


" ခဏလေးနေပါဦး... ရှင် ဘာလို့ ကျွန်မအပေါ် ကောင်းရတာလဲ... ကျွန်မတို့ချင်း တစ်ခါမှ တွေ့ဖူးတာလည်းမဟုတ်ဘူး..."


ရှန်းလျိုရှန့် : " ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင်တော့ ငါမင်းရဲ့ အမွှေးအကြိုင်တွေကို ယူသွားမိတယ်..."


နန်ရှန့်က အံ့ဩသွားဟန်ပေါ်ပြီး သူမပါးပြင်ထက်၌ ရဲတွတ်လာသည်။


" အဲဒါဆို ရှင်က တခြားလူတွေရဲ့အနံ့ကို သဘောကျတာပေါ့..."


ရှန်းလျိုရှန့် : " ဟမ်..."


နန်ရှန့်က သူ့ကို မျက်စပစ်ပြလိုက်သည်။

" ရှင်က ကျွန်မကို အင်္ကျီလည်းပေးတယ် ကြင်ကြင်နာနာလည်းဆက်ဆံတယ်... ရှင့်လိုလူမျိုးတွေကို ကျွန်မ အရမ်းသဘောကျတယ်... နောက်တစ်ခါ အမွှေးအကြိုင်တွေလိုချင်ရင် ကျွန်မကိုသာ မေးလိုက်ပါ..."


" ဒါဆိုရင်တော့ ကြိုပြီးကျေးဇူးတင်ထားရတော့မှာပဲ..."


ထို့နောက်တွင် လှေတစ်ခုလုံးကို ပျက်စီးအောင်ပြုလုပ်တော့မည်အထိ တိုက်ခိုက်နေသော လူနှစ်ယောက်ကို တစ်ချက်ကြည့်ကာ ပြတင်းပေါက်မှ ထွက်ပြေးလာတော့၏။


....


မြို့အပြင်ဘက်ရှိ တိတ်ဆိတ်နေသော သစ်တောတစ်ခုထဲမှ လမ်းဆုံနေရာတွင် ရှန်းလျိုရှန့်က လူအချို့ကို တွေ့လိုက်သည်။


ကျိုးရွှမ်လန်၏နောက်တွင် လေးနက်တည်ကြည်သော မျက်နှာထားနှင့်လူက ပုလွေတစ်ချောင်းကိုင်ထားပြီး ရပ်နေသည်ကို သူတွေ့လိုက်သည်။ သူက ကျိုးရွှမ်လန်၏ လက်အောက်ငယ်သား ရှစ်ဖန်ဖြစ်သည်။


ရှန်းလျိုရှန့်က သတိကြီးကြီးထားပြီး ဘေးနားပတ်ပတ်လည်ကို ကြည့်နေသည်။

" ပိုးကောင်တွေ ဘယ်မှာလဲ..."


ကျိုးရွှမ်လန်က သူ့ကိုဆွဲခေါ်ပြီး တောနက်ထဲ ဝင်လာသည်။ 

" သူတို့တွေကို အရံအတားတစ်ခုထဲ ထည့်ထားတယ်..."


တောနက်ထဲရောက်လေ အလင်းရောင်ကမှိန်လာလေဖြစ်သည်။ ရှန်းလျိုရှန့်က သူ့ဘေးနားမှ တရှပ်ရှပ်အသံများကိုနားထောင်လျက် ရင်ခုန်သံများမြန်ဆန်လာသောကြောင့် ခြေလှမ်းကို တမင်နှေး၍လျှောက်နေသည်။


" ချက်ချင်းကြီး ဝင်သွားရမှာတော့ နည်းနည်းစိတ်လှုပ်ရှားစရာကောင်းတယ်..."


" ကျွန်တော် ရှစ်စွမ်းကို အသားကျအောင် နေခိုင်းဦးမှာပါ..."


သူ စကားပြောနေစဉ် ရှန်းလျိုရှန့်ကို လွှတ်ပေးလိုက်ပြီး အခြားလက်တစ်ဖက်ထဲမှ သစ်ရွက်ကို လက်ချောင်းရှည်များဖြင့် ဖိညှစ်လိုက်သည်။


ရှန်းလျိုရှန့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ တစ်ကိုယ်လုံး အညိုရင့်ရောင်အမွှေးများဖြင့် ပိုးကောင်တစ်ကောင်က သစ်ရွက်ပေါ် တွားသွားတက်လာသည်။ သူ့ပုံစံက စွမ်းအင်များဖြင့်ပြည့်နေပြီး ရှန်းလျိုရှန့်၏ကိုယ်ပေါ် အချိန်မရွေးတက်လာတော့မည်ဟု ထင်ရသည်။ 


ရှန်းလျိုရှန့် ချက်ချင်းပင် တုန်တက်သွားပြီး ထွက်ပြေးချင်လာသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းကာ ခြေလက်များ အေးစက်လာပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ ကျိုးရွှမ်လန်က သစ်ရွက်ကိုင်ကာ သူ့အနားလျှောက်လာသည်ကို တောင့်တောင့်ကြီးရပ်ကြည့်နေမိသည်။


" ရပ်လိုက် ရပ်လိုက် မလာနဲ့တော့..."


ကျိုးရွှမ်လန်က အရှိန်လျှော့လိုက်ပြီး သူ့ကိုသတိပေးလိုက်သည်။

" ရှစ်စွမ်း ပြေးလို့ရတယ်လေ..."


" ငါ လှုပ်လို့မရတော့ဘူး..."

ရှန်းလျိုရှန့်၏အမူအရာက ကူကယ်ရာမဲ့နေဟန်ပေါ်သည်။


သူ ပိုးကောင်ကို မြင်လိုက်သည်နှင့် အသိစိတ်က မတုံ့ပြန်နိုင်မီမှာပင် ခန္ဓာကိုယ်တစ်ခုလုံး ကြောက်လန့်တုန်ယင်ပြီး မလှုပ်ရှားနိုင်တော့ပေ။ 


သူက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံဆင့်တွင် ရှိနေ၍ တစ်လောကလုံးကို လက်ဖျောက်တစ်ချက်တီးရုံဖြင့် ပြားပြားဝပ်သွားအောင် ပြုလုပ်နိုင်သော်လည်း ဤအခိုက်အတန့်တွင်မူ သူ့ခန္ဓာကိုယ်မှ သွေးများ ပြောင်းပြန်စီးဆင်းနေ၍ လှုပ်ရှားရခက်ခဲနေသည်။


ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်ပြီး ဝိညာဉ်စွမ်းအားဖြင့် သစ်ရွက်ကို ကိုင်ထားစေလိုက်ကာ ရှန်းလျိုရှန့်၏ဘေးနားကပ်လာပြီး သူ့လက်ကိုဆွဲကိုင်လိုက်သည်။


ရှန်းလျိုရှန့်၏လက်ချောင်းများက အေးစက်တောင့်တင်းနေပြီး လက်သီးတင်းတင်းဆုပ်ထားသည်။


ကျိုးရွှမ်လန်က လက်နှစ်ဖက်လုံးကို အုပ်မိုး၍ကိုင်ထားလိုက်ပြီးနောက် အေးစက်စက်လက်ချောင်းများကို ပြန်ဆန့်ပေးနေသည်မှာ သူ့ကို ဂျုံနယ်သည့်နည်းလမ်းများ သင်ကြားပေးနေသည်နှင့် တူပေသည်။

 

" တကယ်လို့ ရှစ်စွမ်းဘေးနားမှာ ပိုးကောင်တွေ ရှိနေတယ်ဆိုရင် ဒီလို ထွက်ပြေးတဲ့လှည့်ကွက်ကိုသုံးလို့ရတယ်... ဘယ်လို‌ပိုးကောင်မျိုးဖြစ်နေဖြစ်နေ ရှစ်စွမ်းကို ဖမ်းမိဖို့ကတော့ မဖြစ်နိုင်ဘူး..."


စကားဆုံးသည်နှင့် ပုံရိပ်နှစ်ခုလုံးက အဝေးတစ်နေရာသို့ ရောက်ရှိသွားသည်။


ပိုးကောင်အရိပ်က ရှန်းလျိုရှန့်၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွား၍ အစီအစဉ်မကျဖြစ်နေသော သူ့အတွေးများက ပိုမိုကြည်လင်ပြတ်သားလာသည်။


" ဒါပေမဲ့ ပိုးကောင်ကို ရုတ်တရက်မြင်လိုက်ရရင် မလှုပ်ရှားနိုင်တော့ဘူး..."


ကျိုးရွှမ်လန် : " ‌ဒါဆိုရင်တော့ ကျွန်တော် ရှစ်စွမ်းကို ဒီနေရာ ခဏခဏခေါ်လာမယ်လေ..."


လရောင်အောက်တွင် သစ်တောထဲသို့ ညလေပြည်က ဖြတ်သန်းတိုက်ခတ်လာ၍ သစ်ကိုင်းခြောက်များနှင့် သစ်ရွက်များ တရှပ်ရှပ်ဖြစ်လာသည်။


ရှန်းလျိုရှန့်၏ အနက်ရောင်ဆံစများက အနည်းငယ်ရှုပ်ပွနေပြီး သစ်ရွက်ကြွေများပေါ် နင်းလိုက်ချိန်၌ ဒယိမ်းဒယိုင်ဖြစ်သွားမိသည်။


အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထပ်ခါထပ်ခါပြုလုပ်ပြီးသည့်နောက်တွင် သူ့နားကပ်လာသည့် ပိုးကောင်အချို့ကို မြင်လိုက်ရ၍ အစောပိုင်းကအတိုင်း ထပ်မံထွက်ပြေးလိုက်သည်။ သို့ရာတွင် သူ့ကိုယ်ပေါ်မှ ဝိညာဉ်စွမ်းအင်က မတည်မငြိမ်ဖြစ်နေ၍ မန္တန်များက တစ်ဝက်တစ်ပျက်တွင်သာ ပျောက်သွားသည်။


ကျိုးရွှမ်လန်က လက်တစ်ဖက်ဆန့်ထုတ်ပြီး သူ့ကိုကူတွဲပေးလိုက်သည်။

" ရှစ်စွမ်းရဲ့စိတ်ထဲ နေသာသွားပြီလား..."


ရှန်းလျိုရှန့် ခက်ခက်ခဲခဲဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် တောနက်ထဲကို လှမ်းကြည့်လိုက်သည်။


သူ ထွက်ပြေးတတ်ရန် သင်ကြားနိုင်ခဲ့သော်လည်း ပိုးကောင်များကိုမြင်သည်နှင့် ပြန်တိုက်ခိုက်တတ်ရန် ခွန်အားမစုစည်းနိုင်သေးပေ။ ယခုချိန်တွင် သူ့ကျင့်ကြံဆင့်က လုံးဝအသုံးမဝင်တော့ပေ။ အရံအတားထဲတွင် ပိုးကောင်များစွာရှိနေ၍ စွမ်းရည်ကိုလေ့ကျင့်ပြီး အချို့ကိုသတ်နိုင် မသတ်နိုင် စမ်းသပ်ကြည့်ရန် အချိန်ကောင်းဖြစ်သည်။


သူ ကျိုးရွှမ်လန်ကို လှည့်ကြည့်ပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

" မင်း ငါနဲ့တူတူ လိုက်ဝင်ပါလား..."


ကျိုးရွှမ်လန် ခေါင်းအသာညိတ်ပြလိုက်သည်။


ရှန်းလျိုရှန့် အနည်းငယ် စိတ်ချလက်ချဖြစ်သွားပြီးနောက် အရံအတားထဲ တဖြည်းဖြည်းဝင်သွားသည်။ သူ ကြိုတင်ပြင်ဆင်လာခဲ့၍ မကြောက်တော့ဟု ထင်နေခဲ့သော်လည်း သူ့ကိုယ်သူ အထင်ကြီးလွန်းနေခြင်းသာဖြစ်သည်။


ပိုးကောင်များမှာ တေးသံ၏သက်ရောက်မှုကြောင့် အလွန်ရူးနှမ်းနေပြီး လူသားများကို လုံးဝမကြောက်ရွံ့တော့ပေ။ သူ အရံအတားထဲရောက်သည်နှင့် အပြင်လူ၏ လှုပ်ရှားမှုများကို သတိပြုမိပြီး သူရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။


တစ်ခဏတွင်းမှာပင် ရှန်းလျိုရှန့်၏ စိတ်ဝိညာဉ်ပင်လယ်ကို အပြင်းအထန်သက်ရောက်သွားပြီး သူ့နှလုံးသားထဲ မြှုပ်နှံထားသည့် ကြောက်စိတ်က ထွက်‌ပေါ်လာသည်။


သူ ထွက်ပြေးရန် တစ်ဖက်သို့လှည့်လိုက်သည့်အခါ နောက်တည့်တည့်မှလူနှင့် ဝင်တိုက်မိတော့သည်။


" ကယ်ပါဦး ငါ့ကိုကယ်ပါဦး..."


ရှန်းလျိုရှန့်ကလက်ချောင်းများ ဖြူဖွေးလာသည်အထိ ကျိုးရွှမ်လန်၏ဝတ်ရုံစကို ဆွဲထားသည်။ ထူထပ်သိပ်သည်းလှသော ပိုးကောင်အုပ်ကြီး မြေပြင်ပေါ် တွားသွားနေသည်ကို သူ့မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ရသည်။ သူ့ ခြေလက်များလည်း အားမရှိတော့၍ သတ္တိမမွေးနိုင်မီတွင် နှုတ်ခမ်းများကို ဖိကိုက်ထားရသည်။ ပိုးကောင်များက သူ့ခြေထောက်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးပေါ် တက်လာမည်ကို အလွန်စိုးရိမ်နေမိသည်။


" ငါ့ကို ဒီနေရာက ခေါ်သွားပါတော့..."


ကျိုးရွှမ်လန် အံ့အားသင့်နေပြီး သူ့ကို ကူတွဲပေးထားလိုက်သည်။

" ရှစ်စွမ်း စိတ်အေးအေးထားပါဦး..."


သို့ရာတွင် ရှန်းလျိုရှန့်က မည်သည့်စကားကိုမှ မကြားနိုင်တော့ဘဲ လက်နှစ်ဖက်လုံးကို ကျိုးရွှမ်လန်၏လည်ပင်းတွင်အပ်ထားကာ ကိုအာလာတစ်ကောင်သဖွယ် တွယ်ကပ်နေသည်။


နီရဲနေသည့် ဇာမဏီမျက်ဝန်းထဲတွင် မျက်ရည်များဝဲလာသည်။


သူ့မျက်နှာကို ကျိုးရွှမ်လန်၏လည်ပင်းတွင်အပ်ထား၍ မျက်ရည်များက ပခုံးပေါ်မှတစ်ဆင့် ဝတ်ရုံပေါ် စိုစွတ်ကုန်သည်။


" မရဘူး ငါ မလေ့ကျင့်ချင်တော့ဘူး... ပိုးကောင်တွေအများကြီး ငါ့ကိုကိုက်ရင် နာမှာ ငါ့ကိုကယ်ပါဦး ကယ်ပါဦး..."


ကျိုးရွှမ်လန်၏နှလုံးသားကို နှစ်ပိုင်းဖြတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။


သူ့ရှစ်စွမ်း၏ တုံ့ပြန်မှုက အလွန်ပြင်းထန်လွန်းပေသည်။ သူတို့နှစ်ယောက် အရိုးသန့်စင်ရေပူစမ်းတွင် ရှိနေခဲ့စဉ်ကလည်း ရှစ်စွမ်း၏ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နေကာ မျက်စိပျက်မျက်နှာပျက် ဖြစ်ခဲ့သည်ကို သူ မှတ်မိသေးသည်။


အရံအတားအတွင်းမှ ထွက်ခွာလာပြီးသောအခါတွင်လည်း ပုံမှန်အနေအထားသို့ရောက်အောင် အချိန်အတော်အတန်ယူလိုက်ရသည်။ သူ ကျိုးရွှမ်လန်ကို အသက်ကယ်ပေးမည့် ကောက်ရိုးမျှင်သဖွယ် ပွေ့ဖက်ထားပြီး မျက်ရည်များ အဆုံးမရှိ ကျဆင်းလာသည်။

 

နောက်ဆုံးတွင် တဖြည်းဖြည်းစိတ်ငြိမ်သွား၍ ကျိုးရွှမ်လန်ကို လွှတ်ပေးလိုက်သည်။ နီရဲစိုစွတ်နေသည့် မျက်လုံးများတွင် မျက်ရည်စများ ရှိနေဆဲဖြစ်ကာ အဝတ်အစားများ ဖရိုဖရဲဖြစ်နေလိက်ဖြင့် သစ်ပင်ကိုမှီပြီး နုန်းချိစွာ ထိုင်ချလိုက်သည်။


ရှန်းလျိုရှန့် ခေါင်းငုံ့ထား၍ ဆံပင်ရှည်များက သူ့မျက်နှာကိုဖုံးနေစဉ် အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။


" ငါ တော်တော်လေး အသုံးမကျဘူးမလား..."


သူ သတ္တိမွေးနိုင်ရန် လေ့ကျင့်မည်ဟု ပြောခဲ့သော်လည်း ပိုးကောင်အုပ်လိုက်ကြီး လာနေသည်ကို မြင်သောအခါ သတိလစ်မတတ် ဖြစ်သွားခဲ့ရသည်။


ကျိုးရွှမ်လန် ခဏတာ ငြိမ်သက်သွားသည်။

" ရှစ်စွမ်း ကျွန်တော့်ကိုကြည့်ပါဦး..."


ရှန်းလျိုရှန့် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းမော့ကြည့်လိုက်သည့်အခါ ကျိုးရွှမ်လန် ပျောက်သွားသည်ကိုသာ သိလိုက်ရသည်။ သူ ဘေးပတ်ပတ်လည်သို့လှည့်ပြီး ရှာနေစဉ် ခြေထောက်နားမှ အသံတစ်သံ ကြားလိုက်ရသည်။


" တပည့်က ဒီမှာပါ..."


ရှန်းလျိုရှန့် အံ့အားသင့်သွားပြီး ခေါင်းငုံ့ကြည့်လိုက်သည့်အခါ အနက်ရောင်ပိုးကောင်လေးတစ်ကောင်က မြေကြီးပေါ်မှ သစ်ရွက်ခြောက်ပေါ် မတ်တပ်ရပ်နေသည်အား တွေ့လိုက်ရသည်။ 


သူ မသိမသာတောင့်တင်းသွားပြီး နောက်ပြန်ဆုတ်ချင်လာသည်။


ပိုးကောင်လေးက သူ့ရှေ့ကိုတိုးလာသည်။

" ရှစ်စွမ်း ကျွန်တော်လေ..."


ရှန်းလျိုရှန့် အံ့အားသင့်နေမိဆဲဖြစ်သည်။ သူ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သစ်ရွက်ပေါ်မှ ပိုးကောင်လေးက အနက်ရောင်ဖြစ်ပြီး ခေါင်းပေါ်တွင် ဦးချိုသေးသေးလေးနှစ်ချောင်းရှိသည်ကို မြင်လိုက်ရသည်။ သူက ခေါင်းမော့ထားပြီး ရှန်းလျိုရှန့်ကိုကြည့်ရန် ကြိုးစားနေသည်။


ကျိုးရွှမ်လန် ဆိုလိုချင်သည်ကို သူ သဘောပေါက်သွားသည်။ သူ့လည်ချောင်းထဲ အနည်းငယ်တစ်ဆို့သွားသော်လည်း မသိမသာ နောက်ဆုတ်လိုက်မိသည်။


" မင်း အဲ့လောက်အထိ လုပ်စရာမလိုပါဘူး..."


ရှန်းလျိုရှန့် နောက်တစ်လှမ်းဆုတ်သွားသည်ကို မြင်သောအခါ သူ့ကိုထပ်မံခြောက်လှန့်မိမည်စိုး၍ ကျိုးရွှမ်လန်က သစ်ရွက်ပေါ် မလှုပ်မယှက်နေပြီး တဖြည်းဖြည်းချင်း ပြောလိုက်သည်။ 


" ရှစ်စွမ်း ကျွန်တော့်ကို မကြောက်နဲ့နော် ဟုတ်ပြီလား..."


ရှန်းလျိုရှန့် နှုတ်ခမ်းကိုတင်းတင်းကိုက်ထားပြီး နောက်ဆုတ်မည့်အတွေးကို ဖိနှိပ်ထားလိုက်သည်။

" ငါ ငါ မထွက်ပြေးပါဘူး..."


ညလေပြည်က သစ်တောတစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွား၍ မြေပြင်ပေါ်မှ သစ်ရွက်ကြွေများက လွင့်စင်စပြုလာသောကြောင့် သစ်ရွက်ပေါ်မှ အကောင်ငယ်လေးက မတည်မငြိမ်ဖြစ်နေသည်မှာ မြေကြီးပေါ်သို့ အချိန်မရွေး ပြုတ်ကျဝောာ့မည့်ဟန် ဖြစ်နေသည်။


၎င်းကိုမြင်သည့်အခါ ရှန်းလျိုရှန့်က တုန်ယင်နေသည့်လက်တစ်ဖက်ကို လှုပ်ရှားလိုက်၍ ဖြူဖွေးပိန်သွယ်သော လက်ကောက်ဝတ်လေး ပေါ်လာသည်။ သူ၏ဝတ်ရုံလက်ကျယ်ကြီးက မြေပြင်ပေါ် တိုက်မိသွားပြီး လေနှင့်အတူ လွင့်သွားမတတ်ဖြစ်နေသော အနက်ရောင်ပိုးကောင်လေးကို လေကာပေးထားလိုက်သည်။


သူ့အသံက တုန်ယင်နေသည်။

" ပုံစံပြန်ပြောင်းတော့လေ..."


ကျိုးရွှမ်လန် ခေါင်းခါလိုက်သည်။

" ကျွန်တော် ရှစ်စွမ်းရဲ့လက်ပေါ် တွယ်တက်ချင်တာ..."


ထိုစကားကိုကြားသည့်အခါ ရှန်းလျိုရှန့်၏ မျက်တောင်က ဆတ်ခနဲတုန်ယင်သွားသည်။ သူ၏ ပိုးမွှားများကိုကြောက်စိတ်က ထွက်ပြေးရန်တွန်းအားပေးနေသော်လည်း ပိုးကောင်က ကျိုးရွှမ်လန်ဖြစ်နေ၍ သူ၏မျက်လုံးနီနီများဖြင့် ဆက်ကြည့်နေသည်။


နောက်ဆုံးတွင် လက်တစ်ဖက်ကိုသုံး၍ ပိုးကောင်လေးကို လေကွယ်ပေးလိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အခြားလက်တစ်ဖက် ဆန့်ထုတ်ပေးလိုက်သည်။


ဒါက ကျိုးရွှမ်လန်ပဲလေ ကြောက်စရာမလိုပါဘူး...


အနက်ရောင်ပိုးကောင်လေးက လက်ချောင်းဖြူဖြူလေးပေါ် တဖြည်းဖြည်းတွယ်တက်လာသည်။ 


ကျိုးရွှမ်လန်၏ကိုယ်လေး မသိမသာ တုန်တက်သွားပြီး နှုတ်ခမ်းကိုက်ထားလိုက်မိသည်။ နှုတ်ခမ်းထက်တွင် သွေးစနီနီများထွက်ပေါ်လာ၍ သူ၏မျက်နှာကို ပိုမိုဖြူဖျော့သွားစေသည်။


သူ့အရေပြားပေါ်တွင် အေးစက်နူး‌ညံ့သော အထိအတွေ့တစ်ခုက ပြေးလွှာနေသည်။


ရင်းနှီးနေသောခံစားချက်ကြောင့် ရှန်းလျိုရှန့်၏ ဦးရေပြားများ တုန်ယင်လာပြီး တစ်ခဏတွင်းချင်းမှာပင် ပျော့ခွေကျပြီး ငိုတော့မည့်ပုံစံ ဖြစ်လာသည်။


ကျိုးရွှမ်လန်က ခေါင်းမော့ထားပြီး သူ့မျက်နှာကို အကဲခတ်နေသည်။ ရှန်းလျိုရှန့်၏ပုံစံကို မြင်လိုက်သည့်အခါ သွားနေခြင်းကို ရပ်တန့်လိုက်ပြီး နာခံစွာဖြင့် လက်ဆစ်များကြားထဲလှဲကာ ခေါင်းခါလိုက်သည်။


" ရှစ်စွမ်း ကျွန်တော့်ခေါင်းပေါ်က ဦးချိုလေးနှစ်ချောင်းကိုကြည့်ပါဦး... ပိုးကောင်ဘဝရောက်သွားတာတောင် ကျွန်တော်က ပိုးကောင်တွေရဲ့ဘုရင်ဖြစ်နေတုန်းပဲ..."


လက်ပေါ်တွားသွားနေသည့် ခံစားချက်ကြီး ပျောက်ကွယ်သွားသည့်အခါ ရှန်းလျိုရှန့်၏ ဖြူဖျော့နေသောမျက်နှာက အနည်းငယ် စိတ်အေးလက်အေးဖြစ်သွားပုံရသည်။ ထိုစကားများကြားသည့်အခါ သူ၏ဇာမဏီမျက်ဝန်းများဖြင့် ကျိုးရွှမ်လန်၏ခေါင်းထက်ကိုကြည့်လိုက်သည်။ သူ့ဦးခေါင်းထက်မှ ဦးချိုလေးနှစ်ခု၏ပုံစံက အလွန်အသေးစိတ်ပြီး လှပပေသည်။


ထို့နောက် သူ့ကိုယ်ပေါ်မှ အနက်ရောင်အကြေးခွံများကိုလည်း မြင်လိုက်သည်။ ခဏအကြာတွင် ပိုးကောင်လေး၏ ခန္ဓာကိုယ်ပတ်ပတ်လည်ကို သတိကြီးကြီးထား၍ကြည့်လိုက်ပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ 


" အဲဒါမင်းရဲ့ နဂါးဦးချိုတွေလား..."


" အခုတော့ ပိုးကောင်ဦးချိုပေါ့လေ..."


ရှန်းလျိုရှန့် ရုတ်တရက် ပြုံးလိုက်မိသည်။ သူ့

လက်ပေါ်မှ ပိုးကောင်လေးကိုကြည့်နေစဉ်မှာပင် သူ့နှလုံးသားထဲမှ အကြောက်တရားက တဖြည်းဖြည်းချင်း သိမ်မွေ့သောခံစားချက်တစ်ခုအဖြစ် ပြောင်းလဲလာသည်။


သူ့စိတ်ထဲတွင် ထိုအကောင်လေးကို ချစ်စရာကောင်းသည်ဟု ထင်လာမိသည်။


" ဒီဘက်ကိုရွှေ့လာခဲ့ပါလား ငါ သေချာကြည့်ချင်လို့..."