အပိုင်း ၇၉
Viewers 23k

Chapter 79




သို့ဖြစ်၍ ကျိုးရွှမ်လန်က မတ်တပ်ထရပ်လာပြီး သူ့လက်ကောက်ဝတ်နားအထိ ရောက်လာသည်။ သူ မူလက လက်မောင်းပေါ်အထိ တက်သွားရန် ပြင်လိုက်သော်လည်း သူ့ရှစ်စွမ်းကို အလွန်အကြူးလှုံ့ဆော်မိသွားသကဲ့သို့ ဖြစ်သွားမည်စိုး၍ လက်ကောက်ဝတ်မှ ပြန်ဆင်းလာပြီး လက်ဖဝါးထက်တွင်သာ စက်ဝိုင်းပုံစံလှည့်ပတ်နေသည်။


ခဏအကြာတွင် သူ မူးဝေသွားပုံရပြီး လက်ချောင်းများအကြား ပြန်ရောက်လာသည်။


ရှန်းလျိုရှန့်က အခြားလက်တစ်ဖက်ဖြင့် သူ မပြုတ်ကျအောင် ထိန်းပေးထားလိုက်သည်။


ကျိုးရွှမ်လန်ကိုကြည့်နေသည့် သူ့မျက်ဝန်းများက အရောင်လက်လာပြီး နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာကာ တစ်ကိုယ်လုံး သက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။


" အရံအတားထဲ နောက်တစ်ခါဝင်ကြည့်ရအောင်..."


လရောင်က တဖြည်းဖြည်း မှေးမှိန်လာပြီး ရှစ်ဖန်က ပုလွေတစ်ချောင်းကိုကိုင်လျက် လမ်းဆုံနေရာတွင် ကျောက်ရုပ်တုတစ်ခုသဖွယ် ရပ်တန့်နေသည်။ တောနက်ထဲမှထွက်လာသည့် ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခုကို အာရုံခံမိ၍ အရံအတားပျက်စီးသွားသည်ဟု ထင်လိုက်မိသည်။ သို့ဖြစ်၍ သူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့လှည့်ကာ စောင့်ဆိုင်းနေမိသည်။


ခဏအကြာတွင် ပုံရိပ်တစ်ခုက သူ့မြင်ကွင်းထဲတွင် ပေါ်လာသည်။


ရှစ်ဖန်က မေးလိုက်သည်။

" အရှင် ဘယ်ကိုများ ရောက်သွားတာလဲ..."


သူ့စကားဆုံးသည်နှင့် ရှန်းလျိုရှန့်က ဂရုတစိုက်ဖြင့် လက်ဖြန့်ပြလိုက်သည့်အခါ ပိုးကောင်ငယ်လေးတစ်ကောင် ပေါ်လာပြီး အနည်းငယ်လှုပ်ရှားသွားကာ ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလိုက်သည်။


" မင်း ဘာလို့ မထွက်သွားသေးတာလဲ... ဒီမှာ ဘာလုပ်နေတာလဲ..."


ရှစ်ဖန် ထိတ်လန့်သွားပြီး သူ့မျက်နှာထက်တွင် ယုံရခက်သော အမူအရာတစ်ခု ပေါ်လာသည်။

" အရှင် အရှင်လား..."


ကျိုးရွှမ်လန်က အသံတိုးတိုးဖြင့်ပြောလိုက်သည်။

" မင်းနဲ့ ဘာမှမဆိုင်တော့ဘူး သွားလို့ရပြီ..."


ထို့နောက်တွင် ရှန်းလျိုရှန့်က သူ့ကိုခေါ်ပြီး ထွက်သွားသည်။ သူတို့နှစ်ယောက် ထွက်သွားပြီးချိန်အထိ ရှစ်ဖန်က စိတ်မတည်ငြိမ်နိုင်သေးဘဲ ထူးဆန်းသည့်အမူအရာဖြင့် ဆက်ရှိနေသည်။ 


နတ်ဆိုးမျိုးနွယ်က သူတို့မျိုးဆက်၏ခွန်အားကို အလွန်အရေးပါသည်ဟု မှတ်ယူကြသည်။


နတ်ဆိုးတစ်ယောက်၏မျိုးဆက်က ပိုသန်မာလေ သူတို့အသွေးအသားထဲတွင် မွေးရာပါဂုဏ်ယူဝံ့ကြွားမှုတို့ ပိုရှိလေဖြစ်သည်။ ဤကဲ့သို့သော မာနကြောင့် သူတို့ကိုယ်သူတို့ အားနည်းသည့်သတ္တဝါငယ်လေးအဖြစ် မည်သို့သောအခါမှ အသွင််မပြောင်းကြချေ။ ၎င်းက သူတို့အတွက် သိက္ခာကျစရာဖြစ်သည်။


အရှင်က နတ်ဆိုးမျိုးနွယ်တွေထဲမှာ စွမ်းအားအကြီးဆုံးမျိုးဆက်လေ... ဘယ်လိုဖြစ်လို့ သူများတွေ လွယ်လွယ်သတ်ပစ်လို့ရတဲ့ ပိုးကောင်လေးတစ်ကောင်ပုံစံ ပြောင်းထားတာလဲ...


မဟုတ်မှလွဲရော ခုနကလူကြောင့်များလား...


ရှစ်ဖန်က ထွက်ခွာသွားသည့် ရှန်းလျိုရှန့်ကိုကြည့်ပြီး သူ့အကြည့်များ ရုတ်ချည်းပြောင်းလဲသွားသည်။


......


ယင်ရှစ်( မနက် ၃နာရီမှ ၅နာရီအကြား အချိန်) တွင် လမ်းမထက်၌ မည်သူတစ်ဦးတစ်ယောက်မှ မရှိနေသည့်အပြင် ညလေပြည်က လမ်းပေါ်မှ သစ်ရွက်ခြောက်များကို တိုက်ခတ်နေ၍ တရှပ်ရှပ်အသံများ ထွက်ပေါ်နေသည်။


ရှန်းလျိုရှန့်က သူ့လက်ပေါ်မှ အနက်ရောင်ပိုးကောင်လေးကို လက်ဖြင့်လေကာပေးထားပြီး ငုံ့ကြည့်လိုက်သည်။


" မင်း ဘယ်အချိန်မှ ပုံစံပြန်ပြောင်းမှာလဲ..."


" နောက်မှပေါ့..."


ကျိုးရွှမ်လန်က မပြတ်မသားပြောလိုက်၍ သူ ခေါင်းရှုပ်သွားသည်။


လမ်းပေါ်တိုက်ခတ်နေသည့်လေက အနည်းငယ် အေးစက်နေ၍ ရှန်းလျိုရှန့် ခန္ဓာကိုယ်ကိုကျုံ့ပြီး အမြန်အရှိန်တင်လိုက်သည်။


ကျွမ့်ယွင်အဆောင်၏ ရှေ့တံခါးကိုပိတ်ထားသောကြောင့် သူ အနောက်တံခါးရှိသည့်ဘက်အထိ လျှောက်လာပြီး တံခါးကို တိတ်တဆိတ် တွန်းဖွင့်လိုက်သည်။


ထိုအချိန်တွင် ပုံရိပ်တစ်ခုက ခုန်ထွက်လာသည်။

" ပြန်လာရကောင်းမှန်းတော့ သိသားပဲ..."


ရှန်းလျိုရှန့် လန့်သွား၍ သူ့လက်ဖဝါးကို အုပ်ထားလိုက်သည်။ ရှုရှင်းချန်က အေးစက်စက်မျက်နှာထားဖြင့် သူ့ကိုကြည့်နေပြီး သူ့လက်ထဲမှ မီးအိမ်ဖြင့် ဘေးဘယ်ညာကို ကြည့်နေသည်။


လူတစ်ယောက်တည်းသာဝင်လာကြောင်း သေချာသွားသည့်အခါမှ သူ့မျက်နှာထားက ပျော့ပျောင်းသွားသည်။


" တစ်ညလုံး ပြန်မလာဘူးနော် ဘယ်သွားနေတာလဲ..."


ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

" မင်း ငါ့ကိုစောင့်ဖမ်းမလို့ တစ်ညလုံးမအိပ်ဘဲ နေနေတာလား..."


" ကျွန်တော် ညလယ်ခေါင်မှာနိုးလာဝောာ့ ကျွမ့်ယွင်အဆောင်ကလူတစ်ယောက် ပျောက်နေတာနဲ့ သူ့ကိုအပြင်ထွက်ရှာနေတာ..."


ရှုရှင်းချန် စကားပြောနေစဉ်တွင် သူ့ခေါင်းပေါ်မှ သစ်ရွက်တစ်ရွက်ကျလာသည်ကို မြင်လိုက်ရသည်။ ထိုသစ်ရွက်ကိုဖယ်ရန် ပြင်လိုက်သော်လည်း မြေကြီးပေါ်သို့သာ ပြုတ်ကျသွားခဲ့သည်။


" ကျွန်တော့်ကို မမေးပဲနဲ့ ခင်ဗျား ညတုန်းက ဘယ်သွားတယ်ဆိုတာပဲ ပွင့်ပွင့်လင်းလင်းပြောပါ... နတ်ဆိုးဘုရင်နဲ့ သွားချိန်းတွေ့တာလား..."


ထိုသို့ ရုတ်တရက် မေးခွန်းအထုတ်ခံလိုက်ရခြင်းက ရှန်းလျိုရှန့်အတွက် အထူးအဆန်းဖြစ်နေသည်။


" ဘာချိန်းတွေ့တာလဲ တခြားစကားလုံးသုံးစမ်းပါ..."

 

" ဒါဆို ဝန်ခံလိုက်တဲ့သဘောပဲပေါ့..."


ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်မိသည်။

" ဧကရာဇ်ပေးလိုက်တဲ့ တာဝန်ကိုတော့ မမေ့ဘူးမလား... နဝမနတ်ဆိုးဘုရင်ကလည်း ကျွန်တော်တို့ သံသယဝင်ရမယ့်စာရင်းထဲပါတယ်နော်... စာလိပ်တစ်ခုက သူ့လက်ထဲ ရှိနေတာလည်း ဖြစ်နိုင်တယ်..."


ရှန်းလျိုရှန့် စိတ်မပါလက်မပါဖြင့် ပြုံးလိုက်သည်။

" မင်းသားလေးရယ် မင်းရဲ့အစွမ်းနဲ့ စမ်းကြည့်ပြီးပြီမလား... သူ့ကိုယ်ပေါ်မှာ စာလိပ်မရှိဘူးလေ..."


" အဲလိုဆိုတိုင်း သူ အပြစ်ကင်းတယ်လို့ ပြောမရဘူးလေ..."


ရှုရှင်းချန်က အဓိပ္ပါယ်ပါပါဖြင့် မေးငေါ့လိုက်သည်။

" ပြီးတော့ တကယ်လို့ သူ့ကိုယ်ပေါ်စာလိပ်ရှိရင်တောင် ခင်ဗျားက သူ့ဘက်က ကာပြောပေးမှာပဲ... ခင်ဗျား သူ့ဘက်ကပါလွန်းလို့ အမှားအမှန်တောင် မခွဲနိုင်တော့ဘူးဆိုတာ ကျွန်တော် မသိဘူးလို့ မထင်နဲ့..."


ရှန်းလျိုရှန့် အံ့အားသင့်သွားမိပြီး သူ့လက်ဖဝါးပေါ်လှမ်းကြည့်ကာ အမြန်ပြောလိုက်သည်။ 


" မဟုတ်တာတွေမပြောနဲ့ ငါအဲ့လိုမလုပ်ပါဘူး...."


" ခင်ဗျား ဝန်မခံဘူးပဲ..."


ရှုရှင်းချန်က သူ့ကိုသရော်လိုက်သည်။


" ကျွန်တော် နန်းတွင်းမှာ ကြားခဲ့တာတွေရှိတယ်... တော်ဝင်ဆရာက နတ်ဆိုးဘုရင်တွေ အားလုံးထဲမှာ ဘယ်သူစွမ်းအားအကြီးဆုံးလဲမေးတော့ ခင်ဗျားက နဝမနတ်ဆိုးဘုရင်လို့ အမြဲဖြေပြီး နေ့တိုင်း အပြစ်ပေးခံတယ်ဆို... ‌ဒါပေမဲ့ မဟာနတ်ဆိုးဘုရင်က စွမ်းအားအကြီးဆုံးဆိုတာ အားလုံးသိနေတာပဲမလား... ဒါမျိုးကို အမှန်အမှားမခွဲခြားဘဲ ဘက်လိုက်တယ်လို့ မခေါ်ရင် ဘယ်ဟာကို သွားခေါ်မှာလဲ..."


သူ့လက်ဖဝါးပေါ်မှ လှုပ်ရှားမှုကို အာရုံခံမိသည့်အခါ ရှန်းလျိုရှန့်၏ပါးပြင်က ပူနွေးလာသည်။ သူ့လက်ကို နေ့တိုင်းပေတံဖြင့် အရိုက်ခံရကြောင်း သူ့တပည့်သိသွားပါက လုံးဝအရှက်ကွဲသွားနိုင်ပေသည်။


" မပြောပါနဲ့တော့ အဲ့ကိစ္စတွေက ဘယ်လောက်တောင် ကြာနေပြီလဲ..."


" ကျွန်တော်က သတိပေးရုံပါ..."


ရှုရှင်းချန်က လက်နောက်ပစ်ထားလျက် အလေးအနက်ပြောလာသည်။

" အရင်နေ့တွေက သူရှိနေလို့ ပြောရမှာအဆင်မပြေတာနဲ့ မပြောမိတာ... နောက်ဆို သူ့နား သိပ်မကပ်ပါနဲ့..."


ရှန်းလျိုရှန့် : " ငါလည်း သူ့နားမကပ်ပါဘူး..."


" ‌ဒါဆိုရင် ဘာကိစ္စ ယုန်ပုံစံပြောင်းပြီး သူနဲ့အိပ်တာလဲ..."


ရှုရှင်းချန် နှာမှုတ်လိုက်သည်။


" တကယ်တော့ ကျွန်တော့်ရင်ထဲမှာ မှန်တစ်ချပ်ရှိနေသလိုခံစားရတယ်... ကျွန်တော် ခင်ဗျားအကြောင်းတွေတော့ မဖော်ချင်ပါဘူး ဒါပေမဲ့... ခမည်းတော် ကျောက်စိမ်းပြားကိုသိမ်းသွားတဲ့နေ့တွေက ခင်ဗျား ဝမ်းနည်းလွန်းလို့ အိပ်‌မပျော်ဖြစ်တယ်လို့ ရှင်းလျန်ပြောတာ ကြားမိတယ်... ကျွန်တော် အဲ့တုန်းကတော့ မယုံခဲ့ဘူး ဒီအတိုင်းဆိုရင်တော့ တကယ်ပဲ..."


" အဟမ်းးး ... " 


ရှန်းလျိုရှန့် နှစ်ကြိမ်တိတိ‌ ချောင်းဟန့်လိုက်ပြီး သူ့မျက်နှာတစ်ခုလုံး နီရဲတွတ်လာသည်။


" ငါ ဘယ်တုန်းကများ ဝမ်းနည်းလို့လဲ မဟုတ်တာတွေ မပြောနဲ့..."


ရှုရှင်းချန် တအံ့တဩဖြစ်သွားသည်။

" ခင်ဗျား အခုထိ ဝန်မခံဘူးပဲ... ဘယ်သူက ညနက်သန်းခေါင်အထိမအိပ်ဘဲ ခမည်းတော်ရဲ့နန်းဆောင်ရှေ့မှာ ညလုံးပေါက် အာ့ဟူတီးပြီးတော့ ကျောက်စိမ်းပြားကို အရှက်မရှိ ပြန်တောင်းခဲ့တာလဲ..."


သူ့အကြောင်းများ အဖော်ခံလိုက်ရသည့်အခါ ရှန်းလျိုရှန့်က ရှုရှင်းချန်၏ပါးစပ်ကို အမြန်လှမ်းပိတ်ပြီး အာရုံလွှဲ‌လိုက်သည်။


" ငါမင်းကို သတင်းကောင်းတွေ ပြောကြမယ်... ငါ ဝမ်ရမ်ချင်နဲ့ ‌အပေးအယူလုပ်ခဲ့တယ်... တကယ်လို့ ငါသာ နတ်ဆေးကို ရှာနိုင်ခဲ့မယ်ဆိုရင် သူက စာလိပ်ကိုပေးမယ်ပြောတယ်..."


ရှုရှင်းချန် အံ့ဩတကြီးဖြစ်သွားပြီး သူ့မျက်နှာထက်တွင် ဝမ်းမြောက်သည့် အမူအရာမျိုး ဖြစ်သွားသည်။

" တကယ်လား..."


ရှန်းလျိုရှန့် အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်တယ် တကယ်လို့ မင်း အိပ်မပျော်ဘူးဆိုရင် နတ်ဆေးဘယ်မှာရှိတယ်ဆိုတာ သွားစုံစမ်းနေ..."


ရှုရှင်းချန်က တာဝန်အပေါ်တွင်သာ အာရုံစိုက်နေ၍ စကားထပ်မပြောတော့ဘဲ မီးအိမ်ကိုကိုင်၍ အမြန်ထွက်သွားသည်။


ရှန်းလျိုရှန့် စိတ်အေးသွားပြီး သက်ပြင်းရှည်ကြီးချလိုက်မိ၏။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည့်အခါမှသာ သူ့စိတ်ထဲ ရှက်မိသွားပြီး ပြောလိုက်သည်။


" သူ ပြောတဲ့ မဟုတ်ကဟုတ်ကတွေ နားထောင်မနေနဲ့... ငါ ငါ အာ့ဟူတစ်ညလုံး တီးနေခဲ့တယ်ဆိုတာ ဒီတိုင်းစိတ်ကူးပေါက်လို့ပါ... ပြီးတော့ ကျောက်စိမ်းပြားမရှိ‌လို့ ဝမ်းမနည်းပါဘူး..."


" ဒီတပည့် သဘောပေါက်ပါပြီ..."


ကျိုးရွှမ်လန်၏အသံက ညအမှောင်ထုနှင့် ရောယှက်နေသောကြောင့် အလွန်တိုးလျနေသည်။

 

သူ မယုံကြည်ကြောင်းသိသည့်အခါ ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်ပြီး လေးနက်သည့်အမူအရာဖြစ်လာသည်။ ထို့နောက် နှုတ်ခမ်းစူပြီး သူ့အခန်းသို့ ထွက်လာလိုက်သည်။


တစ်ညလုံး ပင်ပန်းခဲ့သောကြောင့် သူ အခန်းသို့ပြန်ရောက်သည်နှင့် ကိုယ်လက်သန့်စင်ပြီး အနားယူရန် ပြင်လိုက်သည်။


သို့ရာတွင် ကျိုးရွှမ်လန်က ပိုးကောင်လေးအဖြစ်သာ နေနေပြီး ပုံစံပြန်ပြောင်းမည့်ပုံမပေါ်၍ ပိုးလက်ကိုင်ပဝါတစ်ထည်ကိုထုတ်ပြီး ‌အိပ်ရာပေါ် ခေါက်တင်ထားလိုက်ကာ သူ့ကို ပဝါပေါ်တင်လိုက်သည်။


သူ အိပ်နေချိန်တွင် လှုပ်ရှားသောကြောင့် ပိုးကောင်လေးကို ဖိမိမည်စိုး၍ ရှန်းလျိုရှန့်က ပဝါကို အိပ်ရာအစွန်းတွင် တမင်ထားထားလိုက်သည်။


အခန်းထဲတွင် တိတ်ဆိတ်နေပြီး ခဏအကြာ သူ့မျက်လုံးများကို မှိတ်လိုက်သည်နှင့် အိပ်မောကျသွားတော့သည်။


ညခင်းပိုင်းလေပြည်က ဖွင့်ထားသောတံခါးမှတစ်ဆင့် တိုက်ခတ်နေပြီး အခန်းတစ်ခုလုံးလည်း တိတ်ဆိတ်မှုတို့ ကြီးစိုးနေသည်။


ရှန်းလျိုရှန့်က အိပ်ရာထက်တွင်လှဲနေလျက် သူ့ကျောဘက်မှ အေးစိမ့်စိမ့် ခံစားလိုက်ရသည်။ သူ စောင်ထဲ ကွေးကွေးလေးအိပ်နေကာ မျက်နှာတစ်ဝက်ကိုလည်း စောင်ထဲနှစ်ထားလိုက်သည်။


ထိုအချိန်၌ အိပ်ရာထက်‌တွင် နောက်ထပ်လူတစ်ယောက် ရှိနေသည်။


ကျိုးရွှမ်လန်က အိပ်ပျော်နေသည့်လူကို စိုက်ကြည့်နေပြီး လက်တစ်ဖက်ဆန့်ထုတ်၍ သူ့မျက်နှာပေါ်ကျနေသည့် ဆံစလေးများကို သပ်တင်ပေးလိုက်သည်။


တုနှိုင်းမဲ့ချောမောလှပသည့်မျက်နှာလေးတစ်ခု ပေါ်လာပြီး မျက်ခုံးမျက်လုံးများကလည်း ပန်းချီကားချပ်သဖွယ် အနုစိတ်ပြီး ပြောင်မြောင်‌လှပေသည်။ ညပိုင်းတွင် ငိုယိုထားခဲ့သောကြောင့် သူ့မျက်လုံးထောင့်နားလေးများတွင် နီရဲနေ၏။ အနီးကပ်ကြည့်မည်ဆိုပါက ရဲတွတ်နေသည့် နှုတ်ခမ်းပါးလေးထက်မှ ကိုက်ရာလေးကပါ ပြန်မကောင်းသေးသည်ကို တွေ့နိုင်ပေသည်။


ကျိုးရွှမ်လန်က သူ့လက်ဖျားကို နှုတ်ခမ်းပေါ်တင်ပြီး ညင်သာစွာဖိပေးကာ သက်ပြင်းချလိုက်သည်။

" ရှစ်စွမ်း..."


ဤလူ့အပေါ် သူ၏လိုချင်တပ်မက်မှုက အရိုးထဲစိမ့်ဝင်စီးဆင်းနေသည်မှာ ရှင်းလင်းလှသော်လည်း သူက တပည့်တစ်ယောက်၏နေရာကို တာဝန်ကျေပွန်အောင် ကြိုးစားပြရဦးမည်ဖြစ်သည်။ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာထဲတွင်မူ တစ်ဖက်လူထံမှ တုံ့ပြန်ချက်ကိုရရန် မစောင့်ဆိုင်းနိုင်တော့သော်လည်း တစ်ချိန်တည်းမှာပင် ဖွင့်ပြောမည့်စိတ်ကူးကို ဝမ်းနည်းပက်လက်ဖြင့် ဖိနှိပ်ထားရသည်။


ရှန်းလျိုရှန့်က သူ့ကိုလက်ခံမည်ကို မကျိန်းသေသောကြောင့် အနည်းငယ် စမ်းသပ်စစ်ဆေးကြည့်ရုံမျှသာ တတ်နိုင်ပေသည်။


" ရှစ်စွမ်း ကျွန်တော့်ကို သဘောကျလား... ကျွန်တော့်ကို သဘောကျရဲ့လား..."


ရှန်းလျိုရှန့်၏ နှုတ်ခမ်းထောင့်မှ နာကျင်မှုနှင့်အတူ အနည်းငယ်ယားကျိကျိဖြစ်သည့် ခံစားချက်မျိုး ပေါ်လာသည်။


သူ မျက်မှောင်အသာကြုတ်လိုက်ပြီး အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရင်းနှီးနေသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ သူ စိတ်အေးစွာဖြင့် မျက်လုံးပြန်မှိတ်ထားလိုက်ပြီး နှုတ်ခမ်းများဖွင့်ဟကာ မပီမသပြောလိုက်သည်။


" ပြဿနာမရှာနဲ့..."


ကျိုးရွှမ်လန် သူ့ကိုယ်သူ မည်သည့်အရာများတွေးနေသည်ကို မသိတော့ဘဲ နှုတ်ခမ်းများကို ထိနေသည့် လက်ချောင်းများက နှုတ်ခမ်းအနည်းငယ်ပွင့်ဟလာသည်ကို အခွင့်ကောင်းယူကာ ရှန်းလျိုရှန့်၏ လျှာဖျားလေးကို ချက်ချင်းထိလိုက်သည်။


ရှန်းလျိုရှန့်က စကားပြောနေချိန်ဖြစ်၍ ကျူးကျော်လာသည့်လက်ချောင်းကို မတော်တဆလျှာဖြင့် ထိမိသွားသည်။


ကျိုးရွှမ်လန်၏မျက်ဆံများ ချက်ချင်းနက်မှောင်သွားတော့သည်။


အချိန်မည်မျှကြာသွားသည်ကို မသိသော်လည်း သူ့လက်ချောင်းများကို ပြန်ရုတ်လိုက်ပြီးနောက် မေးရိုးလေးကို အသာကိုင်ထားလိုက်သည်။


ကျိုးရွှမ်လန်၏အကြည့်က ရှန်းလျိုရှန့်နှုတ်ခမ်းများပေါ် ကျရောက်နေပြီး ထိုနှုတ်ခမ်းပါးများကို တိတ်ဆိတ်စွာ နမ်းလိုက်မိသည်။


ချိုမြိန်သည့်အရသာကို အနည်းငယ်ခံစားလိုက်ပြီးသောအခါ သူ့ခန္ဓာကိုယ်မှ အပူချိန်က အနည်းငယ်ပြေလျော့သွားသည်။


ရှန်းလျိုရှန့်က အရုဏ်တက်လုဆဲဆဲတွင်မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့၍ သူ ပြန်နိုးလာချိန်၌ မွန်းတည့်ချိန် ကျော်လွန်သွားပြီဖြစ်သည်။


န်ိုးလာချိန်၌ တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲ ပွေ့ဖက်ခံထားရကြောင်းသိသည့်အခါ အံ့အားသင့်သွားပြီး ထိုလူ၏မေးရိုးများမှတစ်ဆင့် မျက်နှာကို တဖြည်းဖြည်းမော့ကြည့်လိုက်သည်။


ကျိုးရွှမ်လန်ပါလား...


သူ ညတုန်းက လူပုံစံ ပြန်ပြောင်းထားတာဖြစ်မယ်...


ရှန်းလျိုရှန့်၏မျက်တောင်များ အနည်းငယ်တုန်ယင်လာသည်။ သူက တစ်ကြိမ်တစ်ခါမှ တစ်စုံတစ်ယောက်နှင့် မျက်နှာချင်းဆိုင် မအိပ်ခဲ့ဖူးသောကြောင့် စိတ်ထဲပျာယာခတ်သွားမိသည်။


သူ ကျိုးရွှမ်လန်၏ရင်ခွင်ထဲ တစ်နည်းတစ်ဖုံဖြင့် ရောက်ရှိသွားပုံပေါ်သည်။ ယမန်နေ့ညက အလွန်အေးသည်ကို ဝိုးတဝါးမှတ်မိနေခဲ့သည်။ ထို့ကြောင့် နွေးထွေးသည့်အရာရှိသည့်နားသို့ တိုးကပ်သွားခဲ့ခြင်းဖြစ်ပုံပင်။ 


သူကိုယ်တိုင်က တစ်ဖက်လူနားသို့ ဦးစွာတိုးကပ်သွားခြင်းဖြစ်သည်ဟု သံသယဝင်နေမိ၍ သူ့စိတ်ထဲ နောင်တရနေမိသည်။ အကယ်၍ ယခုချိန်တွင် ကျိုးရွှမ်လန်နိုးလာပြီး သူတို့နှစ်ယောက်ကို ဤအနေအထားအတိုင်းတွေ့သွားမည်ကို စိုးရိမ်နေမိသည်။ သို့ဖြစ်၍ အသက်အောင့်ထားပြီး သူ့ခါးပေါ်မှလက်ကို အသာဖယ်ပြီး သူ့ရင်ခွင်ထဲမှ အနည်းငယ်လွတ်မြောက်သွားရန် ကြိုးစားလိုက်သည်။


သူ အားလုံးပြီးစီးသွားပြီဟု ထင်နေချိန်တွင် သူ့လက်ကောက်ဝတ်က တင်းကြပ်သွားလေသည်။ ကျိုးရွှမ်လန်က သူ့လက်မောင်းများဖြင့် သူ့ကိုပြန်ဆွဲဖက်ထားလိုက်ခြင်းပင်။


ရှန်းလျိုရှန့် : "..."


ကျိုးရွှမ်လန်က သူ့ဆံနွယ်များပေါ် မေး‌တင်ထားပြီး သူ့ရင်ခွင်ထဲတွင် လူရှိကြောင်း အတည်ပြုသည့်အနေဖြင့် အသာအယာပွတ်သပ်လိုက်သည်။


ရှန်းလျိုရှန့် တစ်ခဏတာခန့် ဘာလုပ်ရမည်မသိ ဖြစ်သွားသည်။


သူ တုံ့ဆိုင်းနေစဉ်တွင် တံခါးက ဘန်းခနဲပွင့်လာသည်။


ရှုရှင်းချန်က ရှေးဟောင်းမှတ်တမ်းများကို တစ်ညတာလုံး ရှာဖွေပြီးသည့်နောက်တွင် နတ်ဆေးနှင့်ပတ်သက်သော သဲလွန်စအချို့ကို ရှာတွေ့ခဲ့လေ၏။ သူ အားတက်သရောဖြင့် ရှန်းလျိုရှန့်ကိုပြောပြကန် အခန်းထဲ တစ်ဟုန်ထိုး ဝင်လာခဲ့ခြင်းပင်။


" မအိပ်နဲ့တော့ ကျွန်တော်ဘာရှာတွေ့ခဲ့လဲကြည့်ဦး... တစ်ခါက ပင်မနယ်မြေမှာ ထိပ်တန်းဆေးဆရာဖြစ်ခဲ့တဲ့ လန်လင်း..."


ရုတ်တရက် အခန်းထဲမှ သူ့အသံ ရပ်တန့်သွားတော့၏။ 


အိပ်ရာပေါ်တွင် လူနှစ်ယောက်လှဲနေသည်ကို ရှုရှင်းချန် မြင်လိုက်ရသည်။ ရာသီဥတုက အနည်းငယ်ပူနေသောကြောင့် စောင်က သူတို့ခါးနားတွင်သာ ရှိနေပေသည်။


သူ့အစ်ကိုတော်က အဖြူရောင်အတွင်းဝတ်တစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး သေးသွယ်လှသော ကိုယ်လုံးလေးက သူ့ကိုကျောပေးထားသည်။ သူ၏ ဖဲသားသဖွယ်ဆံနွယ်များက ခေါင်းအုံးနှင့် အိပ်ရာပေါ်တွင်သာမက သူ့ခါးကိုပွေ့ဖက်ထားသူ၏လက်ပေါ်တွင်ပါ ပြန့်ကျဲနေသည်။ သူ့အစ်ကိုတော် အိပ်နေသည်လား နိုးနေသည်လားကို မသိသော်လည်း ကျိုးရွှမ်လန်၏ရင်ခွင်ထဲ ဤသို့အပွေ့ဖက်ခံထားရကြောင်း သိသာပေသည်။


ရှုရှင်းချန်၏ခေါင်းထဲတွင် ကျယ်လောင်သည့် အော်ဟစ်ဟိန်းဟောက်သံကြီးထွက်ပေါ်လာပြီး သူ့အမြင်အာရုံက လုံးဝအမှောင်ကျသွားသည်။


" မင်း... မင်းတို့..."