အပိုင်း ၈၀
Viewers 23k

Chapter 80




ရှုရှင်းချန်မှာ သူ့မျက်စိရှေ့တည့်တည့်တွင် မြင်လိုက်ရသည့်အရာကို မယုံကြည်နိုင်သေးပေ။ 


ငါ ဒီလောက်ကြိုသတိပေးထားတာကို ဒီလိုတွေဖြစ်သေးတယ်ပေါ့လေ...


သူက နန်းတွင်းတွင် ကလေးဘဝတည်းက နေထိုင်ခဲ့ရသူဖြစ်၍ နတ်ဆိုးမျိုးနွယ်အပေါ် မုန်းတီးမှုများ မရှိသော်လည်း ရှန်းလျိုရှန့်က နတ်ဆိုးဘုရင်နှင့် ဤသို့ပတ်သက်နေခြင်းကို သူ မနှစ်သက်မိပေ။ 


ကျိုးရွှမ်လန်ထံတွင် ဖုံးကွယ်ထားသည့်အကြောင်းရင်းများ ရှိနေရုံသာမက သူတို့နှစ်ယောက်၏ ဆက်ဆံရေးက အမည်တစ်ခု အတည်တကျမရှိသည့်အပြင် သူတို့နှစ်ယောက်လုံးက တာအိုလက်တွဲဖော်များ မဟုတ်ကြပေ။ သို့သော် သူတို့နှစ်ယောက်သားက အိပ်ရာပေါ် ပွေ့ဖက်လူးလိမ့်နေပြီး တာအိုလက်တွဲဖော်များသာ အတူတူပြုလုပ်လေ့ရှိသည့်အရာများကို လုပ်နေသည်။


ဘယ်လိုတောင် မသင့်တော်တာလဲ...


အရှက်မဲ့လိုက်တာ...


အိပ်ရာပေါ်မှ ရှန်းလျိုရှန့်က သူ့မျက်နှာကို အမြန်အုပ်ထားလိုက်မိသည်။


ရှုရှင်းချန်က သူနှင့် သူ့တပည့်ကို အထင်လွဲသွားပြီဟု သူ ထင်လိုက်မိသည်။ အကယ်၍ ထိုမြင်ကွင်းကို မြင်သွားခဲ့ပါက မြစ်ဝါမြစ်ထဲ ခုန်ချလျှင်ပင် သန့်စင်အောင် ပြုလုပ်နိုင်တော့မည်မဟုတ်ပေ။ 


ကျိုးရွှမ်လန် မျက်လုံးများပွင့်လာပြီးသည့်နောက်တွင် သူ့အမူအရာက တည်ကြည်နေသည်။ သို့ရာတွင် ရှုရှင်းချန်၏ လူသတ်လုမတတ်အကြည့်များအောက်တွင် ရှန်းလျိုရှန့်ကိုဖက်ထားခြင်းက မသင့်တော်ဟုထင်လိုက်၍ မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်သည်။


ရှန်းလျိုရှန့် ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက် ဤ‌အခြေအနေမှ ထွက်မပြေးနိုင်တော့ကြောင်းသိလိုက်၍ အိပ်ရာပေါ်ထထိုင်ပြီး သူ့ကိုယ်သူ ကယ်တင်ရန် ပြင်ရတော့သည်။


" အ အထင်လွဲနေတာပါ မနေ့ညက..."


" စကားမပြောခင် အဝတ်အရင်ဝတ်လိုက်ဦး..."


သူ့စကားမဆုံးမီမှာပင် ရှုရှင်းချန်က ဒေါသတကြီးဖြင့် ကန့်လန့်ကာပေါ်တင်ထားသည့် အပေါ်ဝတ်ရုံကို သူ့မျက်နှာတည့်တည့် ပစ်ပေါက်လိုက်သည်။


ရှန်းလျိုရှန့် စိတ်ရှုပ်သွားရပြီး သူ့နှာခေါင်းသူပွတ်ကာ အပေါ်ဝတ်ရုံကိုအမြန်ဝတ်ပြီး အိပ်ရာပေါ်မှ နာခံစွာဖြင့် ထလာသည်။


သူ့ပုံစံက အပြစ်လုပ်မိထားသော ကလေးငယ်လေးနှင့် တူနေသည်။


သူ မည်သည့်အမှားမျိုး ပြုလုပ်ထားမိသည်ကို မသိသော်လည်း ရှုရှင်းချန်က ဒေါသ‌ထွက်နေသည့် ခြင်္သေ့ပေါက်လေးသဖွယ် ပြုမူနေသည်ကို မြင်လိုက်ရသောအခါ အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။


ရှုရှင်းချန်က သူ့လက်ထဲမှ ကျောက်စိမ်းပြားကို လူသတ်လက်နက်သဖွယ် ကိုင်ထားသည်။


" ကျွန်တော် ခင်ဗျားကို ရှင်းပြဖို့ အခွင့်အရေးတစ်ကြိမ်‌ထပ်ပေးမယ်... ခမည်းတော်ကို ဒီအကြောင်းတွေသာ အမှန်တိုင်းပြောပြလိုက်လို့ကတော့ သူ သိတာနဲ့ ခင်ဗျားကို ပြစ်ဒဏ်အကြီးကြီးပေးမှာ..."


သူ့ရှေ့တည့်တည့်မှ လူနှစ်ယောက်ကိုကြည့်ပြီးနောက် ဆူပူကြိမ်းမောင်းသည့်စကားကို တစ်သီတစ်တန်းကြီး ပြောတော့သည်။


" ခင်ဗျားက မြှူဆွယ်ခံလိုက်ရပြီးတော့ တာဝန်ကိုမေ့နေခဲ့တယ်... ကျွန်တော်သာ သတိမထားမိရင် အဲ့လူနဲ့နေ့တိုင်း ဒီလိုနေနေမှာလား..."


" ပြီးတော့ မင်း ကျိုးရွှမ်လန်... မင်း ရှန်းလျိုရှန့်ကို ဒီလိုတွေလုပ်နေတာသာ ဧကရာဇ်သိသွားရင် မင်းကို သေချာပေါက် အရေခွံဆုတ်ပစ်မှာ..."


" မင်းတို့နှစ်ယောက်လုံး လွတ်လမ်းကိုရှိမှာ မဟုတ်ဘူး..."


ထိုစကားများကြားသည့်အခါ ရှန်းလျိုရှန့် ခေါင်းကိုက်သွားသည်။


ဧကရာဇ်သိသွားပါက အမှန်တကယ်ပင် ပြဿနာတက်နိုင်ပေသည်။

" စိတ်အေးအေးထားပါ... ခမည်းတော်ကိုလည်း ဒီအကြောင်း မပြောပါနဲ့..."


ရှုရှင်းချန် : " ပွင့်ပွင့်လင်းလင်းပဲပြောပြ ခင်ဗျားတို့နှစ်ယောက်က စုံတွဲကျင့်ကြံခြင်း လုပ်နေတာလား..."


သူ ထိုမျှအထိ တည့်တိုးပြောလာလိမ့်မည်ဟု ရှန်းလျိုရှန့် မထင်ထားခဲ့ပေ။ သူ့ဘေးနားမှ ကျိုးရွှမ်လန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ့နှလုံးသားထဲတွင် အပူလှိုင်းကြီးတစ်ခု မြင့်တက်လာပြီး ပါးပြင်ပေါ်အထိ ရောက်လာသည်ဟု ခံစားလိုက်ရသည်။


" မဟုတ်ဘူး မဟုတ်ပါဘူး..."


ရှုရှင်းချန်၏ မျက်နှာထားက အနည်းငယ်ပျော့ပျောင်းသွားပြီး ထပ်မေးလိုက်သည်။


" ဒါဆိုရင်‌ သူ့ကို တာအိုလက်တွဲဖော်အဖြစ်ထားဖို့ ရည်ရွယ်ချက်ရောရှိလား..."


ထိုမေးခွန်းကြောင့် ရှန်းလျိုရှန့် အံ့အားသင့်သွားမိပြီး နှုတ်ခမ်းများပွင့်ဟလာသည်။ သို့သော် သူ မပြောနိုင်မီမှာပင် သူ့ပါးစပ်ကို လက်ဖြင့်အုပ်ခံလိုက်ရသည်။


" မပြောနဲ့..."

ကျိုးရွှမ်လန်က သူ့ကိုငုံ့ကြည့်နေသည်။ 


သူ ဒေါသထွက်လာပြီဖြစ်၍ ရှုရှင်းချန်ကို တစ်ချက်ကြည့်ပြီး အေးစက်စက်အသံဖြင့် ပြောလိုက်သည်။


" ရှစ်စွမ်းကို မေးနေစရာမလိုဘူး ငါပဲဖြေမယ်... မင်း ထင်နေတဲ့ကိစ္စက မဖြစ်ခဲ့ဘူး..."


ရှုရှင်းချန် : " ‌ဒါဆိုရင်တော့ ကောင်းတာပေါ့..."


သူ ရှန်းလျိုရှန့်ကို လှမ်းဆွဲရန် ပြင်လိုက်သော်လည်း ကျရှုံးသွား၍ သူတို့နှစ်ယောက်ကြားထဲကို လျှောက်လာပြီး လေးနက်သော အကြည့်တစ်မျိုးဖြင့် ပြောလိုက်သည်။


" ငါတို့ နန်းတွင်းက မထွက်လာခင်တုန်းက မင်းတို့နှစ်ယောက်က အဆက်အသွယ်မလုပ်စေနဲ့လို့ ခမည်းတော်က ငါ့ကိုမှာလိုက်တာ... ‌ဒါပေမဲ့ ဆရာတပည့်နှစ်ယောက် ထပ်ဆုံဖို့က မလွယ်လို့ ငါမင်းကို ကျွမ့်ယွင်အဆောင်မှာ ခဏနေခွင့်ပြုထားတာ... ကြည့်ရတာ အဲ့လိုလုပ်မိလို့ ဒုက္ခရောက်တော့မယ့်ပုံပဲ..."


ရှန်းလျိုရှန့် ဆွံ့အသွားသည်။

" ဘာဒုက္ခရောက်မှာလဲ..."


ရှုရှင်းချန် သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

" ခင်ဗျားရဲ့ နှုတ်ခမ်းထောင့်မှာ သွေးစို့နေတာက အိပ်နေရင်း ကိုယ့်ဘာသာကိုက်မိထားတာလား..."


ရှန်းလျိုရှန့် ပြုံးလိုက်သည်။

" အဲဒါ တကယ် ကိုယ့်ဘာသာကိုက်မိထားတာပါ အိပ်နေရင်းဖြစ်တာတော့ မဟုတ်ဘူး..."


ရှုရှင်းချန်က သူ့ကို လမ်းပျောက်နေသည့် သိုးငယ်လေးတစ်ကောင်သဖွယ် ကြည့်လိုက်သည်။ သူ့စိတ်ထဲ မျှော်လင့်ချက် မရှိတော့ဟု ခံစားလိုက်ရ၍ ပစ်မှတ်ပြောင်းပြီး ကျိုးရွှမ်လန်ဘက်သို့ လှည့်ပြောလိုက်သည်။


" ဧကရာဇ်က သူ့ကို မင်းနဲ့ မဆက်သွယ်ခိုင်းဘူး အဲဒါကို သူက ဘာကြောင့်ဆိုတာမသိဘူး မင်းရောသိလား..."


ကျိုးရွှမ်လန်၏မျက်နှာက အနည်းငယ်အေးစက်နေပြီး ခဏတာ ငြိမ်ကျသွားသည်။

" ချီလင်မြို့မှာ ငါနေတဲ့နေရာရှိတယ် မင်းတို့ကို ‌ဒီရက်ပိုင်း အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်..."


ထို့နောက် သူ အခန်းထဲမှ ထွက်သွားသည်။


ရှန်းလျိုရှန့်က သူ့ကိုတားမည်အပြုတွင် ရှုရှင်းချန်က အမြန်ပြန်ဆွဲထားသည်။


" သေရေးရှင်ရေးကိစ္စလည်းမဟုတ်ဘူး သူ့ကိုစိုးရိမ်မနေနဲ့... ကျွန်တော်တို့လုပ်ရမယ့် တာဝန်တွေ ရှိနေသေးတယ်... အရင်ဆုံး နတ်ဆေးကိုရဖို့ နည်းလမ်းရှာရမယ်..."


မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးရွှမ်လန် ပျောက်သွားသောကြောင့် ရှန်းလျိုရှန့်က တွန့်ဆုတ်စွာဖြင့် အခန်းထဲပြန်ဝင်လာခဲ့သည်။


" ကောင်းပြီလေ တာဝန်ကိုပဲ အာရုံစိုက်ကြတာပေါ့..."


ရှန်းလျိုရှန့် တစ်နေ့ခင်းလုံး နတ်ဆေးညွှန်းကို လေ့လာနေခဲ့သည်။ နေ့လယ်တွင် ကျင်းရှောင်ကျို့က သူ့ကိုလာခေါ်ပြီး အရသာရှိသော အစားအသောက်များ စားပွဲအပြည့် ပြင်ဆင်ပေးထားခဲ့သည်။


" ဒီငါးပေါင်းနဲ့ ပုစွန်အစပ်ဟင်းကို မင်းသားလေးရှင်းချန်ကိုယ်တိုင် ထျန်းရှန်းမျှော်စင်မှာ သွားမှာပေးထားတာပါ..."


ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်ပြီး တအံ့တဩဖြစ်မိသွားသည်။


သူ ထျန်းရှန်းမျှော်စင်သို့ရောက်တိုင်း ဟင်းပွဲများစွာ မှာလေ့ရှိသော်လည်း ဤဟင်းနှစ်ပွဲကိုသာ အရသာအရှိဆုံးဟု သတ်မှတ်ထားပေသည်။ ရှုရှင်းချန်က မမျှော်လင့်ဘဲ သိသွားပုံရသည်။


သူ ခုံရွှေ့ပြီး ဝင်ထိုင်ကာ ကျောက်စိမ်းတူဖြင့် ဟင်းကိုယူ၍ ပြောလိုက်သည်။

" ငါတစ်ယောက်တည်း အကုန်မစားနိုင်ဘူး မင်းလည်းစားလေ..."


" မင်းသားလေးရှင်းချန်က သူလည်းလာမယ်ပြောပါတယ်..."


ရှန်းလျိုရှန့် တအံ့တဩဖြစ်သွားပြန်သည်။ ရှုရှင်းချန်က ပေါ့ပေါ့ပါးပါးဟင်းပွဲများကိုသာ သဘောကျပြီး အနည်းအကျဉ်းခန့်သာ စားသောက်တတ်သူဖြစ်သည်။ သို့ရာတွင် သူကဆန့်ကျင်ဘက်ဖြစ်၍ သူတို့နှစ်ယောက်က ထမင်းတူတူစားခဲလှသည်။ 


ရှန်းလျိုရှန့်က စားပွဲပေါ်မှ ဟင်းပွဲများကိုကြည့်လိုက်ပြီး အသီးအရွက်နှစ်ပန်းကန်ကိုမြင်မှသာ စိတ်ချလက်ချဖြစ်သွားသည်။


ရှုရှင်းချန် ပြန်ရောက်လာသည့်အခါ သူ့လက်မောင်းပေါ်တွင် ငှက်ပြာလေးတစ်ကောင် ပါလာသည်။ အခန်းထဲရောက်သည်နှင့် ငှက်ကလေးက အတောင်ပံ တဖျတ်ဖျတ်ခတ်ပြီး စားပွဲရှိရာသို့ ပျံသန်းလာသည်။


ရှန်းလျိုရှန့် : " ဘာလို့ စာပို့ငှက်လေး ဝယ်လာတာလဲ..."


ရှုရှင်းချန်က ထမင်းစားပွဲတွင်ထိုင်လိုက်ပြီး ရှန်းလျိုရှန့် အနည်းငယ်သာစားသည့်ပန်းကန်ကိုကြည့်ကာ ပြောလိုက်သည်။

" ကျင့်ကြံရေးလောကရဲ့ ပေလွင်ဓားဂိုဏ်းကို စာပို့ဖို့လေ..."


ရှန်းလျိုရှန့် အံ့အားသင့်သွားမိသည်။

" ဘာလို့လဲ..."


ရှုရှင်းချန်က ဂေါ်ဖီစိမ်းကို ထမင်းပန်းကန်ထဲထည့်ပြီး စားလိုက်သည်။


" ပင်မနယ်မြေမှာ နံပါတ်တစ်ဆေးဆရာဖြစ်ခဲ့တဲ့ လန်လင်းလန့်က နတ်ဆေးပေါင်းစုံကို ‌လေ့လာတာမှာ တော်တော်လေးထူးချွန်တယ်... အဲဒီဆေးတွေထဲမှာ ထူးဆန်းတဲ့ နတ်ဆေးတွေများ ရှိမလား ကျွန်တော် သိချင်လို့... သွားရှာကြရအောင်..."


ရှန်းလျိုရှန့်က လန်လင်းလန့်ဟူသော နာမည်သုံးလုံးကို တိတ်ဆိတ်‌စွာ ရေရွတ်နေလိုက်ပြီး သူ့စိတ်ထဲတွင် အမည်မဖော်ပြနိုင်သည့် ခံစားချက်မျိုး ဖြစ်လာသည်။


" သူက ပေလွင်ဂိုဏ်းချုပ်နဲ့ မျိုးရိုးနာမည်အတူတူပဲ သူတို့က ဘာတော်ကြတာလဲ..."


" မောင်နှမတွေလေ... လန်လင်းလန့်က စောစောသေသွားတော့ သူပိုင်တဲ့ပစ္စည်းတွေအားလုံးကို လန်ရှောင်ရှန့်ကပဲ ဆက်ထိန်းသိမ်းထားရတာ..."


ရှန်းလျိုရှန့် : " အမွေတွေဖြစ်နေတာဆိုတော့ မင်း သွားမေးရင် သူတို့က ပေးပါ့မလား..."


ရှုရှင်းချန် အံ့ဩသွားမိသည်။ မည်သူကမှ ဧကရာဇ်နန်းတော်ကို မငြင်းဆန်ရဲသောကြောင့် တစ်ဖက်လူက သူ့ကိုပေးမည် မပေးမည်ကို သူ တစ်ကြိမ်မှ မတွေးခဲ့မိဖူးချေ။ 


သူ တွေးနေသည့်အရာကိုသိသော ရှန်းလျိုရှန့်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။

" ငါနောက်မှ စာပို့လိုက်မယ်..."


ရှုရှင်းချန် နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သွား၍ အသီးအရွက်များကို ယူစားနေလိုက်သည်။ သူ အသီးအရွက်ဟင်းပွဲကို ကုန်တော့မည့်အချိန်တွင် ဘေးနားမှ ထမင်းပန်းကန်လုံးကို လှမ်းကြည့်လိုက်မိသည်။ ထမင်းက တစ်ဝက်ပင် မကုန်သေးသည့်အပြင် ပန်းကန်များထဲမှ ငါးပေါင်းနှင့် ပုစွန်များကို တူဖြင့် တစ်ချက်မှပင် မထိထားချေ။ ရှန်းလျိုရှန့်က မျက်လွှာချထားပြီး မပျော်မရွှင်ဖြစ်နေပုံရသည်။


ရှုရှင်းချန် နှုတ်ခမ်းများတွန့်ကွေးပြီး အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။


ကျိုးရွှမ်လန်ကို မတွေ့ရတော့တာနဲ့ အစာစားချင်စိတ်တောင် မရှိတော့ဘူးပေါ့လေ...


ရှန်းလျိုရှန့်က နတ်ဆေးညွှန်းအကြောင်း တွေးနေပြီး ညနေဘက်တွင် ဝိညာဉ်ဆေးပင်အချို့သွားဝယ်ကာ တစ်ဝက်ခန့်သာ အောင်မြင်ထားသောဆေးကို ဦးစွာဖော်စပ်ကြည့်ရန် စီစဉ်နေသည်။ သူ အတွေးလွန်နေသောကြောင့် ထမင်းပန်းကန်လုံးထဲကို တူဖြင့် ထိုးဆွနေမိသည်။


ရုတ်တရက် အခွံခွာထားသော ပုစွန်တစ်ကောင်က သူ့ပန်းကန်လုံးထဲ ရောက်လာလေသည်။


ရှန်းလျိုရှန့် ရှုရှင်းချန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။


ငါ့ကိုဖားနေတာလား...


ရှုရှင်းချန်က လက်နှစ်ဖက်ကို ပိုးလက်ကိုင်ပဝါဖြင့် ဖြည်းညင်းစွာသုတ်နေပြီ သူ့ပန်းကန်အစွန်းတွင်လည်း အခွံခွာထားသည့် ပုစွန်အချို့ကို တင်ထားသည်။ ရှန်းလျိုရှန့် လှမ်းကြည့်နေသည်ကို သိသောအခါ အေးအေးလူလူပင် ပြောလိုက်သည်။


" ကျွန်တော် အပြင်သွားဦးမယ် ညဘက်လောက်မှ ပြန်လာမယ်..."


ရှန်းလျိုရှန့်က ပုစွန်ကိုယူစားနေလျက် ပြောလိုက်သည်။

" အိုး... ငါလည်း ဝိညာဉ်ဆေးပင်တွေဝယ်ဖို့ အပြင်သွားဦးမှာ..."


ရှုရှင်းချန် : " ဒါဆိုရင်တော့ ကျွန်တော် ကျွမ့်ယွင်အဆောင်မှာပဲ နေတော့မယ်..."


သူ စကားဆုံးသည်နှင့် ရှန်းလျိုရှန့်က သူ့ကို စိတ်ရှုပ်ထွေးသည့်ဟန်ဖြင့် ကြည့်နေသည်အား မြင်လိုက်ရ၍ မျက်မှောင်ကြုတ်ပြီး တွေးလိုက်မိသည်။


ငတုံးပဲ... ငါ မရှိဘူးဆိုတော့ နဝမနတ်ဆိုးဘုရင်နဲ့ သွားချိန်းတွေ့လို့ရပြီလေ...


ရှုရှင်းချန် ချောင်းဟန့်လိုက်ပြီး ထပ်မံသတိပေးလိုက်သည်။


" ကျွန်တော် ဒီနေ့တစ်နေကုန် ကျွမ့်ယွင်အဆောင်ကနေ ဘယ်မှမသွားဘူး..."


ရှန်းလျိုရှန့် : " ဘယ်လို..."


.....


သတ္တမနတ်ဆိုးဘုရင်၏ စံအိမ်တွင် ဝမ်ရမ်ချင်က သူ့ရှေ့တွင် စစ်တုရင်ဘုတ်ပြားကိုထားထားလျက် ထိုင်နေသည်။ သူ့ဘယ်ဘက်ဘက်တွင် အဖြူရောင်စစ်တုရင်အရုပ်ရှိနေပြီး ညာဘက်လက်တွင်မူ အနက်ရောင်စစ်တုရင်အရုပ် ရှိနေသည်။


သူ့ဘေးနားတွင်ရပ်နေသည့် ရှုံးယို့က ပြောလိုက်သည်။

" လကုန်ခါနီးကျရင် တစ်သုတ် လာပို့ပါလိမ့်မယ်..."


အဖြူရောင်စစ်တုရင်ရုပ်လေးက ထောက်ခနဲ လဲကျသွားသည်။


" ပိုပြီး ဂရုစိုက်ပါ... ကျိုးရွှမ်လန်က မြို့ထဲရှိနေတာဆိုတော့ သတိထားမိသွားနိုင်တယ်..."


ဝမ်ရမ်ချင်က စစ်တုရင်ဘုတ်ပြားကိုကြည့်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

" မင်း မနေ့ညက ရှန်ဖန့်လှေပေါ်မှာ ဘယ်သူနဲ့တိုက်ခဲ့တာလဲ..."


ရှုံးယို့၏မျက်လုံးများ အရောင်အနည်းငယ်ပြောင်းလဲသွားပြီး ဩရှရှအသံဖြင့် ပြောလိုက်သည်။


" ကျင့်ဝတ်တွေကိုနားမလည်တဲ့ နတ်ဆိုးငယ်လေးတွေကို ဒီငယ်သား သတ်ပစ်လိုက်တာပါ..."


ဝမ်ရမ်ချင်က သူ့အဖြေကို တုံ့ပြန်လိုက်ချိန်တွင် လေတစ်ချက်ဝေ့လာ၍ ပန်းရနံ့အချို့ ရလိုက်သည်။ သူ‌ မော့ကြည့်လိုက်သောအခါ ကာရိုပင်အချို့က အပြင်ဘက်မှ ရေကန်စပ်တွင် ပေါက်နေသည်ကို မြင်လိုက်ရ၍ အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေမိသည်။


" ခမည်းတော်နဲ့ မယ်တော့်ဆီကို သွားမလည်ရတာတောင်ကြာပြီ... ဒီနေ့ ရာသီဥတုကောင်းတာပဲ သွားရအောင်..."


အလင်းရောင်မှိန်ပျပျသာရှိနေသော ရေအောက်အကျဉ်းတိုက်ထဲတွင် အမျိုးသားတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝက်ကို အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေပေသည်။ သူ့ထံတွင် နီရဲနေသည့် ဆံပင်များရှိ၏။ 


ဆူဆူညံညံသံများ ကြားသည့်အခါ မျက်လုံးတစ်ဖက်ဖွင့်ကြည့်လိုက်၍ ငရဲကတက်လာသည့် ရန်လိုတတ်သော တစ္ဆေတစ်ကောင်နှင့် တူနေသည်။


" ဝမ်ရမ်ချင်..."


ထိုလူ၏ အက်ရှရှအသံထဲတွင် အမုန်းတရားများ ပါဝင်နေပြီး သူ့ရှေ့တည့်တည့်မှလူကို အရှင်သတ်သတ် သတ်စားပစ်တော့မည့်ပုံစံ ဖြစ်နေသည်။


" မတွေ့ရတာ လဝက်လောက်ရှိသွားပြီဆိုပေမယ့် ခမည်းတော် ဒီလိုမျိုး တက်တက်ကြွကြွဖြစ်နေတာကိုမြင်ရတော့ တော်ပါသေးတယ်..."


ဝမ်ရမ်ချင်က ဘေးနားတွင်ချိတ်ထားသည့် အသားစိမ်းတစ်တုံးကို နှစ်ပိုင်းဆွဲဖြဲကာ ဝမ်ရမ်တု၏ရှေ့တွင် ပစ်ချလိုက်၍ ရေညစ်ပတ်များထဲ ပြုတ်ကျသွားသည်။


" များများစားပါဦး အရွယ်မတိုင်ခင် မသေသွားစေနဲ့..."


ဝမ်ရမ်တုက ကတ္တီပါနီရောင်တောက်နေသည့် ဘယ်ဘက်မျက်လုံးကိုဖွင့်ကာ ပြောလိုက်သည်။


" လန်အာ ဘယ်မှာလဲ..."


" ကျွန်တော် ခမည်းတော်ကို ဂရုစိုက်ပေးထားတာကိုပဲ စိတ်အေးအေးချမ်းချမ်းမနေနိုင်ဘူးလား..."


ဝမ်ရမ်ချင်က အသားစိမ်းများထံမှ သွေးများစွန်းပေနေသည့်လက်ကို လျှာဖြင့်လျက်လိုက်သည်။ သွေးအရသာကို ခံစားမိသောအခါ သူ့မျက်ဝန်းထဲတွင် အပြုံးတစ်ခု ပေါ်လာသည်။


" မေ့လန်က အခု သူ့ကိုချစ်တဲ့ တာအိုလက်တွဲဖော်နဲ့တွေ့သွားလို့ ကလေးနှစ်ယောက်တောင်ရပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပြီ..."


ဝမ်ရမ်တု၏မျက်နှာက ရုတ်ချည်းဖြူဖျော့သွားသည်။

" ကျေးဇူးပြုပြီး သူ့ကိုလွှတ်ပေးလိုက်ပါတော့..."


" ခမည်းတော်ပြောချင်တာကို ကျွန်တော်နားမလည်ဘူး..."

ဝမ်ရမ်ချင်က ခေါင်းရှုပ်သွားဟန်ဖြင့် နှုတ်ခမ်းများတွန့်ကွေးလိုက်သည်။


" ပြီးတော့ ဝမ်းသာစရာကောင်းတဲ့ကိစ္စတစ်ခု ရှိသေးတယ်... အစ်မလန်က ကိုယ်ဝန်ရှိနေပြန်ပြီတဲ့... သူ့ကို ဂရုစိုက်ပေးဖို့ လူတစ်ယောက်လွှတ်လိုက်မယ်... တူလေးမွေးလာရင် ခမည်းတော်ကိုပြဖို့ သူ့ကိုခေါ်လာခဲ့မယ်..."


သံချိန်းကြိုးများ၏ ဂလောင်ဂလင်အသံများက အကျဉ်းတိုက်ထဲ ရုတ်တရက် ပဲ့တင်ထပ်လာသည်။ သံကြိုးများဖြင့် ချည်နှောင်ခံထားရသူက ဝမ်းနည်းပက်လက်ဖြင့် ရုန်းကန်ပြီး ဆဲရေးနေသည်။


" ဝမ်ရမ်ချင် မကောင်းဆိုးဝါးကောင်... မင်းကို အစတည်းက တစ်ချက်တည်း ‌အသေသတ်ပစ်ခဲ့ရမှာ..."


ဝမ်ရမ်ချင်က မျက်ခုံးပင့်လိုက်ပြီး ရုတ်တရက် ဟားတိုက်ရယ်မောတော့သည်။ ရေအောက်အကျဉ်းတိုက်တစ်ခုလုံးတွင် သူ၏ ရူးနှမ်းသောရယ်သံဖြင့်ပြည့်နေသည်။


" ငါ့ခမည်းတော် အရှက်ကွဲသွားတဲ့ပုံက တော်တော်လေးကို ရယ်ရတာပဲ..."


အားပါးတရ ရယ်မောပြီးသည့်အခါ ဝမ်ရမ်ချင်က အကျဉ်းခန်းထဲမှထွက်လာပြီးနောက် အခြားအကျဉ်းခန်းတစ်ခုထဲမှ အမျိုးသမီးတစ်ယောက်ကို မတွေ့မီအချိန်ထိ ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့သည်။


သူမ နေထိုင်ရသည့်နေရာကမူ အလွန်သန့်ရှင်းပြီး အိပ်ရာ၊ စားပွဲ၊ ထိုင်ခုံ အားလုံးရှိပေသည်။ တစ်ဖက်မှ ညစ်ပတ်လှသော အကျဉ်းခန်းနှင့် နှိုင်းယှဉ်ပါက ကောင်းကင်ဘုံတမျှခမ်းနားသည့်နေရာဟု ဆိုနိုင်ပေသည်။


ဝမ်ရမ်ချင်က စိတ်ရှုပ်ထွေးနေသည့်အမူအရာဖြင့် အကျဉ်းခန်းထဲကို ကြည့်လိုက်သည်။ 

" မယ်တော် နေကောင်းရဲ့လား..."


အန်းချင်က သူ့ကိုကျောပေးထားလျက် ခုံပေါ်တွင်ထိုင်နေသည်။ သူမ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း အေးတိအေးစက်အသံကို ကြားနေရသည်။


" ငါ နေလို့မကောင်းဘူး... ရမ်တု ဘယ်မှာလဲ ငါသူ့အသံပဲဖြစ်ဖြစ် ကြားချင်တယ်..."


ဝမ်ရမ်ချင်က သရော်လိုက်သည်။


" ဒါပေမဲ့ သူအခု မယ်တော့်ကို အရမ်းမုန်းသွားပြီလေ... ကျွန်တော် ခေါ်လာမယ်ဆိုရင်လည်း သူ မယ်တော့်ကို ချက်ချင်းသတ်ပစ်မှာ... နောက်ဆုံးတစ်ခေါက်တုန်းက သူ မသေရုံတမယ် ရိုက်ခဲ့တာကို မေ့သွားပြီလား..."


" မင်း သူ့ကို မပျော်မရွှင်ဖြစ်အောင်လုပ်ထားလို့ သူငါ့ကိုဒေါသထွက်တာလေ..."


အန်းချင်၏လေသံက စူးရှနေသည်။

" သူငါ့ကို အရမ်းချစ်လွန်းလို့ အသားနာအောင်လုပ်ဖို့တောင် တွန့်ဆုတ်နေခဲ့တာ... အားလုံးက နင့်ကြောင့်ပဲ... ငါနင့်ကို အစတည်းက မမွေးခဲ့သင့်ဘူး..."


ထိုစကားများပြောနေချိန်တွင် စိတ်လှုပ်ရှားလာသောကြောင့် သူမနှုတ်မှ ကျိန်ဆဲသည့်စကားများ တန်းစီထွက်လာသည်။ အကျဉ်းတိုက်၏အပြင်ဘက်မှလူက သူ့ကို အသံတိုးတိုးဖြင့် "မယ်တော်" ဟု ခေါ်လိုက်ချိန်မှသာ ရပ်တန့်သွားသည်။


ဝမ်ရမ်ချင်က ပြောလိုက်သည်။

" ဒီနေ့ ကျွန်တော့်မွေးနေ့လေ..."


အန်းချင်အံ့အားသင့်သွားပြီး နှုတ်ခမ်းများလှုပ်ရှားလာသော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ပေ။ 


" ကျွန်တော် လေးနှစ်သားတုန်းက မယ်တော်ကိုယ်တိုင် အသက်ရှည်ခေါက်ဆွဲချက်ပေးခဲ့တာကို ကျွန်တော် မှတ်မိသေးတယ်..."


အန်းချင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီးနောက် လှောင်ပြောင်သရော်သည့်အသံဖြင့် ပြောလိုက်သည်။

" ဒါဆိုရင် နင် ငါးနှစ်သားတုန်းက နင့်ကိုမြို့ပြင်ကို ဖမ်းခေါ်သွားခိုင်းပြီး အရှင်လတ်လတ်မြေမြှုပ်ခိုင်းတာကိုပါ မှတ်မိနေဦးမှာပေါ့..."


ဝမ်ရမ်ချင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီးနောက် သူ့မျက်ဝန်းထဲတွင် အစောပိုင်းက ရှိနေခဲ့သည့် နွေးထွေးမှုများ ပျောက်ကွယ်သွားသည်။


" ကျွန်တော် ဘယ်မေ့ရဲပါ့မလဲ..."


အကျဉ်းတိုက်ထဲမှ အမျိုးသမီးက အသံလွင်လွင်ဖြင့် ရယ်မောလိုက်ပြီး မတုံ့ပြန်တော့ပေ။ 


ဝမ်ရမ်ချင်၏မျက်လုံးများက တဖြည်းဖြည်း နိမိတ်မကောင်းသည့်ပုံစံဖြစ်လာပြီး သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များလည်း ကမောက်ကမ ဖြစ်လာသည်။ သူ စိတ်တည်ငြိမ်သွားရန် အချိန်

အတော်ယူလိုက်ရပြီး သူ့စိတ်ထဲမှ လူသတ်လိုစိတ်ကို ဖိနှိပ်ထားလိုက်သည်။ အနက်ရောင်သံဂိတ်တံခါးနားတွင် ပွင့်လန်းနေသည့် ကာရိုပန်းလက်တစ်ဆုပ်စာကို ချိတ်ဆွဲထားခဲ့ပြီးနောက် တစ်ဖက်သို့လှည့်ကာ ထွက်သွားသည်။


ရှုံးယို့က သူ့နောက်မှ တိတ်တဆိတ်လိုက်သွားပြီး သူ့အမူအရာက မမှန်းဆနိုင်ဖြစ်နေ၏။


.....