အပိုင်း ၈၁
Viewers 23k

Chapter 81



ညနေပိုင်းတွင် ရှန်းလျိုရှန့် ဝိညာဉ်ဆေးပင်များဝယ်ပြီး ပြန်ရောက်လာချိန်၌ ရှုရှင်းချန်က သူ့နားသို့ကပ်လာပြီး မသိမသာ အစ်အောက်မေးလိုက်သည်။ ရှန်းလျိုရှန့်က အမှန်တကယ်ပင် ဆေးပင်များသာဝယ်ပြီး မည်သည့်နေရာမှ မသွားလာသည့်အခါ သူ ဆွံ့အသွားရတော့သည်။

 

သူကိုယ်တိုင်က အခွင့်အရေးကောင်းကို တန်ဖိုးမထားခြင်းဖြစ်၍ ရှုရှင်းချန်ကို အညှာအတာကင်းမဲ့သည်ဟု မဆိုသင့်တော့ပေ။ 


[ ရှုပ်သွားမှာစိုးလို့ပါ ရှုရှင်းချန် သူနဲ့ကျိုးရွှမ်လန်ကို အိပ်ရာပေါ်တွေ့တဲ့ :အချိန် မပတ်သက်နဲ့ ပြောလိုက်လို့ ကျိုးရွှမ်လန်ထွက်သွားရတာမို့ ရှန်းလျိုရှန့်က ဒီကိစ္စကို စိတ်မကောင်းဖြစ်ပြီး ထမင်းတောင်စားမဝင်ဘူးလို့ ရှုရှင်းချန်က ထင်လိုက်တာပါ၊ အဲဒါကြောင့်မို့ ရှန်းလျိုရှန့်အပြင်သွားပြီး ဆေးပင်တွေဝယ်မယ်ဆိုတော့ ကျိုးရွှမ်လန်နဲ့ စိတ်ချလက်ချတွေ့ရာအောင်လို့ သူက ကျွမ့်ယွင်အဆောင်မှာပဲ တစ်နေကုန်နေမယ်ဆိုပြီးပြောထားတာကို ရှန်းလျိုရှန့်က ဆေးပင်တွေပဲဝယ်ပြီးပြန်လာလို့ သူ ဘာပြောရမှန်းမသိ ဖြစ်သွားတာပါ🤣 ]


ကျွမ့်ယွင်အဆောင်၏ မြေညီထပ်ကို ရှန်းလျိုရှန့်နတ်ဆေးဖော်ရန်အတွက် အထူးပြင်ဆင်ပေးထားခြင်းဖြစ်သည်။ ရှန်းလျိုရှန့်က သူဝယ်လာသည့် ဆေးပင်များကို ကြည့်ရှု့စစ်ဆေးနေသောကြောင့် သူ မသိလိုက်မီအချိန်မှာပင် ညနက်လာခဲ့သည်။


ညရောက်သည့်အခါ ရှုရှင်းချန်က သူ့ကိုအနီးကပ်စောင့်ကြည့်ရန်အတွက် ဆေးဖော်ခန်းထဲ လာနေနေသည်။ ယခုလက်ရှိအချိန်တွင်မူ သူ ‌မတောင့်ခံနိုင်တော့၍ ခေါင်းငိုက်စိုက်ကျပြီး အိပ်ငိုက်နေသည်မှာ ကြက်ပေါက်စလေး အစာကောက်နေသည်နှင့် တူပေသည်။


ရှန်းလျိုရှန့်က သူ့ကိုအိပ်ရာနိုးပြီး အခန်းထဲသွားအိပ်ခိုင်းမည်ဟုတွေးပြီး လက်လှမ်းလိုက်သည်။ ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက်မှ ဆူဆူညံညံအသံအချို့ကို ကြားလိုက်ရသည်။


ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး အိပ်ငိုက်နေသော ရှုရှင်းချန်ကို တစ်ချက်ကြည့်ကာ ပြတင်းပေါက်နားသို့ တိတ်တိတ်လေး ကပ်လာသည်။


သူ အပြင်ဘက်သို့ ခေါင်းပြူကြည့်လိုက်ချိန်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။


ကောင်းကင်ပေါ်မှ မိုးဖွဲဖွဲလေးများ ရွာသွန်းနေသည်။ ကျိုးရွှမ်လန်က အနက်ရောင်ဝတ်ရုံရှည်ဝတ်ထားလျက် ပြတင်းပေါက်အပြင်တွင် ရပ်နေ၏။ သူရှန်းလျိုရှန့်ကိုကြည့်ကာ တီးတိုးခေါ်လိုက်သည်။


" ရှစ်စွမ်း..."


ရှန်းလျိုရှန့်၏မျက်ဝန်းများ ချက်ချင်းတောက်ပလာပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

" မင်း ဘာလို့ရောက်လာတာလဲ..."


ကျိုးရွှမ်လန်က နှုတ်ခမ်းပါးများကို တွန့်ကွေးလိုက်ပြီး လက်သွယ်သွယ်တစ်ဖက်ကို ကမ်းပေးလိုက်သည်။ ညအမှောင်ယံတိတ်ဆိတ်နေချိန်နှင့် ရောယှက်နေသော သူ့အသံက တိုးလျပြီးချိုသာနေသည်။

 

" ရှစ်စွမ်းကို လာခိုးဝာာ..."


ညဦးပိုင်းလေပြည်က ဖွင့်ထားသော ပြတင်းပေါက်မှ ဖြတ်သန်းတိုက်ခတ်နေ၍ ဖယောင်းတိုင်မီးများ တဖျတ်ဖျတ်ဖြစ်နေကာ အခန်းတစ်ခုလုံး ငြိမ်သက်နေသည်။ 


ရှုရှင်းချန်က ခေါင်းတစ်ဖက်စောင်းထားပြီး စားပွဲပေါ် လက်ထောက်ထားကာ မျက်လုံးများမှိတ်ထားသည်။ တဖျတ်ဖျတ်ဖြစ်သော ဖယောင်းတိုင်မီးက သူ့ဦးခေါင်းထက်သို့ ဖြာကျနေ၍ ခရမ်းရောင် ကျောက်စိမ်းသရဖူက အရောင်တောက်ပနေသည်။


အချိန်မည်မျှကြာသွားသည် မသိသော်လည်း ပြတင်းပေါက်မှလေက အခန်းထဲဝင်ရောက်တိုက်ခတ်လာ၍ ဆံပင်စများက ပါးပြင်ကို ပွတ်သပ်လာသောကြောင့် အနည်းငယ်ယားကျိကျိဖြစ်လာသည်။


ရှုရှင်းချန်က အိပ်တစ်ဝက်နိုးတစ်ဝက်နှင့် သူ့မျက်နှာကိုလာထိသော ဆံစများကို သပ်တင်လျက် အိပ်ချင်မူတူးဖြင့် ဆေးဖိုကို လှမ်းကြည့်လိုက်သည်။


ဆေးဖို၏အောက်မှမီးတောက်က ငြိမ်းနေပြီး လက်ကျန်ဆေးအနံ့များက မီးဖိုပေါ်တွင် ပျံ့လွင့်နေသည်။ ပုံရိပ်တစ်ခုက မီးဖိုဘေးနားရှိခုံတွင်ထိုင်နေပြီး ဘေးနားတွင်လည်း ဆေးပင်များ ပြန့်ကျဲနေသည်။


သူ အိပ်နေတုန်း အိမ်မက်ထဲမှာ ဆေးပင်တွေနဲ့ ဆော့နေတာများလား...


ရှုရှင်းချန် ရှက်သွားသောကြောင့် အိပ်ချင်ပြေသွားသည်။ သူ့ မျက်နှာသူ ကြမ်းတမ်းစွာရိုက်လိုက်ပြီးနောက် ခါးမှ သိုလှောင်အိတ်ကိုယူ၍ အရောင်တောက်ပနေသည့် သကြားလုံးချောင်းတစ်ချောင်းကိုထုတ်လိုက်သည်။


ညစာစားနေချိန်တွင် ရှန်းလျိုရှန့်က ဟင်းများကို တို့ကန်းဆိတ်ကန်းသာထိပြီး စားချင်စိတ်မရှိသည့်ပုံ ဖြစ်နေသည်။ သို့ဖြစ်၍ သူ လမ်းပေါ်သွားပြီး သကြားလုံးချောင်းအချို့ဝယ်ခဲ့ခြင်းဖြစ်သည်။ သူ ပြန်လာသည့်အခါ အလုပ်များနေသောကြောင့် ရှန်းလျိုရှန့်ကိုပေးရန် မေ့သွားခြင်းဖြစ်သည်။


သူ ကြိုးကြိုးစားစားနဲ့ ဆေးဖော်နေတာဆိုတော့ ဆုချသင့်ပါတယ်လေ...


ရှုရှင်းချန်က သူ့လက်ထဲ‌တွင် သကြားလုံးချောင်းကိုကိုင်ထားပြီး အသာချောင်းဟန့်လိုက်သည်။


" ကျွန်တော့်ဆီမှာ သကြားလုံးချောင်းလက်ကျန်တစ်ချောင်းရှိတယ်... ခမည်းတော်က စားစရာတွေကို မဖြုန်းတီးဖို့ သင်ပေးထားတယ်မလား ခင်ဗျားစားဖို့ ဒီမှာ ချန်ထားခဲ့မယ်နော်..."


သူ စကားဆုံးပြီး အချိန်အတန်ကြာသည်အထိ စောင့်ဆိုင်းနေသော်လည်း ခုံပေါ်မှလူက ပြန်မဖြေသည့်အပြင် လှုပ်ရှားမှုကင်းမဲ့နေသည်။


ရှုရှင်းချန် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး သူ့နားကိုလျှောက်လာကာ ပခုံးပေါ် လက်တင်လိုက်သည်။ 


" ခင်ဗျား အိပ်ပျော်..."


ဝုန်း...


ခုံပေါ်မှ ဝုန်းခနဲအသံကြီး ထွက်ပေါ်လာပြီး လူပုံရိပ်က ရုတ်တရက် သစ်သားချောင်းအဖြစ် ပြောင်းလဲသွားပြီး ကြမ်းပေါ်လှိမ့်လာသည်။ ရှုရှင်းချန်၏မျက်လုံးထဲ စာရွက်တစ်ရွက်ကိုမြင်လိုက်သည်။


ထိုစာရွက်ပေါ်တွင် "အစ်ကိုကြီး အပြင်ထွက်သွားတယ် လွမ်းမနေနဲ့ဦး " ဟူသည့်စာလုံးများကို ရင်းနှီးနေသည့်လက်ရေးဖြင့် ရေးထားသည်။


ရှုရှင်းချန် : "ဘာလဲဟ..."


.....


တိမ်မည်းများက လမင်းကြီးကိုအုပ်မိုးထားပြီး လမ်းမထက်တွက်လည်း လူအနည်းငယ်သာရှိသည်။


ရှန်းလျိုရှန့်က ပြေလျော့နေသည့်ဆံပင်ကို စည်းနှောင်လျက် ပြောလိုက်သည်။

" မင်း အဲဒီမန္တန်တွေကို ဘယ်မှာသင်ခဲ့တာလဲ... ပြီးတော့ ဘာလို့ဒီလောက်တောင် စွမ်းအားကြီးလာတာလဲ..."


ကျိုးရွှမ်လန် ခဏတာငြိမ်ကျသွားပြီးနောက် ပြောရခက်နေဟန်ဖြင့် တဖြည်းဖြည်းပြောလာသည်။

" ရှစ်စွမ်း သင်ချင်တယ်ဆို ကျွန်တော်သင်ပေးမယ်လေ... အစားထိုးမန္တန်အပြင် စွမ်းအားကြီးတဲ့ ရှေးဟောင်းလျို့ဝှက်မန္တန်ပေါင်းစုံလည်း ရှိသေးတယ်..."


" အမ် စကားမစပ် မင်းငါ့ကို ဘယ်နေရာခေါ်သွားနေတာလဲ..."


ရှန်းလျိုရှန့် သွားနေရာမှရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အခါ လုံးဝမရင်းနှီးသောလမ်းတစ်လမ်းဖြစ်နေသည်ကို မြင်လိုက်ရသည်။ 


ကျိုးရွှမ်လန်၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ရှန်းလျိုရှန့်ကို လမ်းထောင့်တစ်နေရာဆွဲခေါ်သွားသည့်အခါ ညအလင်းရောင်အောက်တွင် အိမ်တစ်လုံး၏ပုံစံ ပေါ်လာသည်။


" ရှစ်စွမ်း ဒီနေရာကို ကိုယ့်အိမ်လိုမျိုး သဘောထားလို့ရပါတယ်..."


ရှန်းလျိုရှန့် အိမ်ထဲသို့ဝင်လာခဲ့သည်။ အိမ်က အလွန်ကျယ်ဝန်းလှပြီး နားနေဆောင်ငယ်လေးများ၊ စမ်းချောင်းငယ်လေးများ၊ ကျောက်တုံးနှင့် သစ်ပင်လေးများလည်း ရှိပေသည်။ ညအလင်းရောင်အောက်တွင် မြေပြင်အနေအထားက တဖြည်းဖြည်းပိုမိုကျယ်ပြန့်လာသည်။


ကျိုးရွှမ်လန်က ကျောက်ပြာခင်းထားသည့်လမ်းပေါ် ခြေချလိုက်သည်။

" ကျွန်တော် လုပ်စရာရှိသေးလို့ ချီလင်မြို့က ခဏထွက်သွားရဦးမယ်..."


ရှန်းလျိုရှန့် ခဏတာ အံ့အားသင့်မိသွားသည်။

" ဘာဖြစ်လို့လဲ..."


ရှန်းလျိုရှန့်က သူ့ကိုလှည့်ကြည့်လိုက်သည်။

" ကျွန်တော် နေ့လယ်တုန်းက အောင်းယွဲ့ဆီကနေ စာရတယ်... စွန့်ပစ်မြေရှစ်ပါးမှာ ပြဿနာရှာတဲ့သူတစ်ယောက် ပေါ်လာလို့တဲ့... သူ အဲဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲမသိဘူးဆိုတော့ ကျွန်တော် မဖြစ်မနေသွားမှရမယ်..."


ရှန်းလျိုရှန့် စဉ်းစားလိုက်သည်။

" မင်း ငါ့အကူအညီလိုသေးလား..."


" ရှစ်စွမ်း စိတ်အနှောင့်အယှက်ဖြစ်မခံပါနဲ့ ... ကျွန်တော် သေချာကိုင်တွယ်ပြီးရင် ပြန်လာမယ်..."


စွန့်ပစ်မြေရှစ်ပါးသို့ ရောက်လာသူမှာ ချင်းလင်ဂိုဏ်းချုပ်လင်ယဲ့ဖြစ်သည်။ မည်သည့်ရည်ရွယ်ချက်ကြောင့် ရောက်လာကြောင်း မသိသော်လည်း ကောင်းသောကိစ္စဖြစ်မည်ဟု မထင်၍ ရှန်းလျိုရှန့်ကို ဝင်မပါခိုင်းခြင်းဖြစ်သည်။


" ကျွန်တော် ရှစ်စွမ်းကို ဒီညလာခိုင်းတာက ရှစ်စွမ်းဆီမှာ လူတစ်ယောက် အပ်ထားခဲ့မလို့ပါ..."


ရှန်းလျိုရှန့် ခေါင်းရှုပ်သွားမိသည်။

" ဘယ်သူလဲ..."


" လူတစ်ယောက်ပါ..."


ကျိုးရွှမ်လန်က မှန်းရခက်သောလေသံဖြင့် တံခါးတစ်ချပ်ကိုဖွင့်လိုက်သည်။


ရှန်းလျိုရှန့် သိချင်စွာဖြင့် အခန်းထဲလှမ်းကြည့်လိုက်သည့်အခါ မျက်လုံးအပြူးသား ဖြစ်သွားရသည်။ 


အခန်းထဲတွင် အမှန်ပင် လူတစ်ယောက်ရှိနေသည်။ 


သူက ရွှေရောင်အနားကွပ်ထားသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် အနက်ရောင်ကျောက်စိမ်းသရဖူဆောင်းကာ ဆံပင်ကိုစည်းနှောင်ထားသည်။ သူ့ထံတွင် သေသပ်လှသော မျက်နှာအစိမ်းအပိုင်းများရှိပြီး အနက်ရောင်မျက်ဝန်းများက ညအချိန်သဖွယ် နက်စွေးစွေးဖြစ်နေသည်။


ထိုလူက ရှန်းလျိုရှန့်ကိုကြည့်ပြီး တဖြည်းဖြည်းပြောလိုက်သည်။


" ရှစ်စွမ်း..."


ရှန်းလျိုရှန့် : .....


သူ့ဘေးနားမှ ကျိုးရွှမ်လန်ကို လှည့်ကြည့်လိုက်ပြီးနောက် အခန်းထဲတွင်ရှိနေသည့် သူနှင့်တစ်ထပ်တည်းတူသောလူကို ပြန်ကြည့်လိုက်သည်။


" ကိုယ်ပွားအစီအရင်ပါလား..."


ကျိုးရွှမ်လန် လက်‌တစ်ချက်ဝှေ့လိုက်သည်နှင့် အခန်းထဲမှကိုယ်ပွားက ချက်ချင်းပျောက်ကွယ်သွားသည်။

" ကျွန်တော် စွန့်ပစ်မြေရှစ်ပါး(ပါ့ဟွမ်) ကို ပြန်ရမှာဆိုတော့ ရှစ်စွမ်းတကယ်လို့ ချီလင်မြို့မှာ အန္တရာယ်တစ်ခုခုတွေ့ခဲ့ရင်လည်း မကူညီနိုင်ဖြစ်မှာစိုးလို့ ရှစ်စွမ်းကိုကူညီဖို့ ကိုယ်ပွား ထားခဲ့တာပါ..."


ရှန်းလျိုရှန့် အံ့အားသင့်သွားမိသည်။ ကိုယ်ပွားအစီအရင်အကြောင်းကို နန်းတွင်းထဲရောက်စဉ်က ပထမဆုံး ကြားဖူးခဲ့ခြင်းဖြစ်သည်။ ၎င်းက ရှေးခေတ်အခါက လျှို့ဝှက်အစီအရင်တစ်ခုဖြစ်ပြီး ဤလောကကြီးမှ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။


ဧကရာဇ်ယွင်ယွီက ၎င်းကို အသုံးပြုနည်းအား သိခဲ့သော်လည်း ထိုမန္တန်က အလွန်သင်ယူရခက်ခဲသည်ဟု ပြောခဲ့ဖူးသည်။ ရှန်းလျိုရှန့်က ထိုအကြောင်းကို စိတ်ဝင်တစားဖြင့် မေးမြန်းခဲ့သော်လည်း ဝတ်ရုံလက်ကိုခါပြီး နှင်ထုတ်ခံခဲ့ရသည်။ 


ထိုအချိန်က ဧကရာဇ်ယွင်ယွီက ဗြောင်ကျကျပင် ပြောခဲ့သည်။

" မင်း မလုပ်နိုင်ဘူး..."


ရှန်းလျိုရှန့် အလွန်ဒေါသထွက်လွန်း၍ သွေးသုံးလီတာခန့် အန်ချလုနီးနီး ဖြစ်သွားခဲ့ရသည်။ ထိုအကြောင်းကြောင့် သူ‌စိတ်ဆိုးပြီး သုံးရက်တိတိ စာမလေ့လာသည့်အပြင် ဧကရာဇ်ကိုပါ လျစ်လျူရှု့ခဲ့သည်။


စတုတ္ထမြောက်နေ့တွင် နေရောင်ခြည်က ဝင်းလက်တောက်ပနေသည်။


အဝေးမှ ဧကရာဇ်ယွင်ယွီလာနေသည်ကိုမြင်သည်နှင့် ရှန်းလျိုရှန့် တစ်ဖက်သို့လှည့်ကာ ရှောင်ပြေးတော့မည်အပြုတွင် သူ့နောက်တည့်တည့်၌ ဧကရာဇ်က ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူ ထိတ်လန့်နေရာမှ ပြန်မကောင်းလာမီတွင် ဧကရာဇ်က ဘယ်ညာမှ ပေါ်လာပြန်သည်။


ချက်ချင်းပင် ရန်သူများဝန်းရံခံလိုက်ရ၍ ထွက်ပြေးရန် ခက်ခဲသွားသည်။


နောက်ဆုံးတွင် အဖြူရောင်ဝတ်ရုံနှင့် ရွှေရောင်သရဖူများဆောင်းထားသော တိယွင်ယွီလေးယောက်လုံး သူ့ရှေ့တည့်တည့်ရောက်လာ၍ အနည်းငယ်မူးဝေသွားရသည်။ 


လူတစ်ယောက်စီက သူ့ကို စကားတစ်ခွန်းစီပြောပြီး သင်ပေးသွားခဲ့သည်။


" ကိုယ်ပွားအစီအရင်က သန်မာတဲ့ဝိညာဉ်ရဲ့ထောက်ပံ့မှုလိုတယ်... မင်းရဲ့ဝိညာဉ်က စက္ကူစလိုမျိုး ပါးလှပ်နေတာဆိုတော့ အတင်းအကြပ်လေ့ကျင့်မယ်ဆိုရင် သေသွားလိမ့်မယ်..."


" တကယ်လို့ မင်းရဲ့ဝိညာဉ်က အကောင်းပကတိအတိုင်း ဖြစ်မယ်ဆိုရင်တောင် တစ်ညတည်းနဲ့တော့ လေ့ကျင့်လို့မရဘူး... ပြီးတော့ မင်းက ဝီရိယရှိရှိ ကျင့်ကြံတဲ့သူ မဟုတ်ဘူးလေ... ကိုယ်ပွားတစ်ခု ဖန်တီးချင်တာ မင်းနဲ့တူတူ အပျင်းထူနေအောင်လား..."


" ကိုယ်တော် မရဘူးလို့ပြောရင် မရဘူးပဲ... အပေးအယူလာလုပ်လို့ရမယ်လို့ မမျှော်လင့်နဲ့..."


" ကိုယ်တော် ကြားဖူးတာတော့ လူတစ်ယောက်က ကိုယ်တော်သောက်တဲ့ လက်ဖက်ရည်ခွက်ထဲမှာ ‌သံမဏိလိုမာတဲ့ ကျောက်တုံးတွေများ ထည့်ထားလားလို့ သိချင်တယ်တဲ့... မဟုတ်ရင် ဒီလောက်အသည်းမာမှာ မဟုတ်ဘူးလို့လည်း ပြောကြတယ်..."


ထိုစဉ်အချိန်က ရှန်းလျိုရှန့်မှာ ကလေးတစ်ယောက်၏ ခန္ဓာကိုယ်အရွယ်အစားမျိုးသာ ဖြစ်နေ၍ လူကြီးလေးယောင်၏ ဝန်းရံခံထားရသည့်အခါ အားနည်းပြီး သနားစရာလေးဖြစ်ကာ ကူကယ်ရာမဲ့နေခဲ့သည်။ နောက်ဆုံးတွင် တဖြည်းဖြည်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံ့ကာ နားရွက်ဖြူဖြူလေးများကို ဆွဲလိုက်သည်။


" ကျွန်တော် မှားပါပြီ..."


ထိုအချိန်က အခြေအနေကြောင့် ရှန်းလျိုရှန့်က သူ့အမှားကို ရိုးရိုးသားသားဝန်ခံခဲ့သော်လည်း ယနေ့တိုင်သည်အထိ သူ မည်သည့်အမှားလုပ်ခဲ့မိကြောင်း မိသပေ။ 


မှတ်ဉာဏ်ထဲမှ အတွေးစများကို ဆွဲထုတ်လိုက်ပြီးသည့်နောက်တွင် သူ မျက်တောင်တစ်ချက်ခတ်လိုက်သည်။

" မင်းတောင်မှ ဒီလိုလုပ်နိုင်တယ်ပေါ့..."


ကျိုးရွှမ်လန်က ဧကရာဇ်ရဲ့သားအရင်းဖြစ်နေလို့ သူ့ကိုတိတ်တိတ်လေး သင်ပေးထားတာများလား...


" ကျွန်တော်က သိပ်တော့ မကျွမ်းကျင်သေးပါဘူး... အဲ့တော့ ကျွန်တော့်ကိုယ်ပွားက ခန္ဓာကိုယ်အစစ် မရှိသေးလို့ သူ့ကိုအလွယ်တကူ ကိုင်တွယ်လို့ရတယ်လေ..."


ကျိုးရွှမ်လန် မန္တန်တစ်ခုရွတ်လိုက်သည့်အခါ မြေပြင်ပေါ်၌ မှော်စက်ဝန်းတစ်ခု ပေါ်လာသည်။ 


" ကျွန်တော်ထွက်သွားပြီးရင်တော့ ကိုယ်ပွားကို နေ့တိုင်းမှော်စက်ဝန်းထဲမှာ အနေအထားညှိပေးဖို့လိုမယ်... ရှစ်စွမ်း သူ့ကို ဝိညာဉ်စွမ်းအင်တွေ ပို့ပေးဖို့ မမေ့ပါနဲ့..."


ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

" မင်းရဲ့ကိုယ်ပွားက မင်းနဲ့တူတူပဲလား... ငါနဲ့ အဆင်ပြေပါ့မလား..."


ကျိုးရွှမ်လန် ရယ်လိုက်မိသည်။


" ရှစ်စွမ်း အရမ်းစိတ်မပူပါနဲ့... သူက ကျွန်တော့်ဝိညာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ အဲ့တော့ ကျွန်တော်ပဲပေါ့... ဒါပေမဲ့ သူကပိုလိမ္မာတယ်... သူ ရှစ်စွမ်းကို အဖော်ပြုပေးနေတာဆိုတော့ ကျွန်တော် ချီလင်မြို့မှာ မရှိတာတောင်မှ ရှစ်စွမ်းကို အချိန်မရွေးအာရုံခံကြည့်လို့ရတယ်..."


ရှန်းလျိုရှန့် စိတ်အေးသွားပြီးနောက် မူရင်းခန္ဓာကိုယ်၏ ကျင့်ကြံဆင့်က ကိုယ်ပွားကို အလွန်သက်ရောက်နိုင်သည်ကို မှတ်မိသွား၍ မမေးဘဲ မနေနိုင်တော့ပေ။ 

" ငါက နတ်ဘုရားအဆင့် ရောက်နေပြီဆိုတော့ အန္တရာယ်တွေကို ကိုင်တွယ်နိုင်ပါတယ်... မင်းရဲ့ကျင့်ကြံဆင့်ကို ခန္ဓာကိုယ်အစစ်အတွက်လည်း ချန်ထားသင့်တယ်လေ..."


" ဒီတပည့် အားလုံးကို တွက်ချက်ထားပြီးသားပါ..."


ရှန်းလျိုရှန့်က ကိုယ်ပွားနှင့် လူအစစ်ကို တစ်လှည့်စီ ကြည့်နေပြီးသည့်နောက် သိသာထင်ရှားသည့်ကွဲပြားချက်ကို ရှာမတွေ့ပေ။ 

" နောက်ဆို ဘယ်သူက အစစ်လဲ ဘယ်သူက ကိုယ်ပွားလဲဆိုတာကို ဘယ်လိုခွဲရတော့မလဲ..."


ကျိုးရွှမ်လန်က တောင့်တင်းသောလက်ချောင်းများဖြင့် အင်္ကျီကော်လံကို ဆွဲချလိုက်ပြီး ရှန်းလျိုရှန့်၏လက်ကိုကိုင်၍ သူ့ညှပ်ရိုးများအပေါ် ထိစေလိုက်သည်။


" ဒီနေရာ..."


ပြောင်းပြန်ကြေးခွံများက ဤလောကတွင် သူတစ်ယောက်တည်းထံတွင်သာ ရှိပေသည်။


သူ အလျင်လိုနေသည်ကို ရှန်းလျိုရှန့် သတိပြုမိလိုက်သည်။

" မင်း သွားတော့မလို့လား..."


ကျိုးရွှမ်လန်၏အကြည့်က အနည်းငယ်ပြောင်းလဲသွားပြီး ခေါင်းအသာညိတ်ပြလိုက်သည်။

" ကျွန်တော်မသွားဘူးဆိုရင် ပါ့ဟွမ်ကို အလုယူခံလိုက်ရလိမ့်မယ်..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး မည်သူက ထိုသို့လုပ်နိုင်စွမ်းရှိကြောင်း တွေးလိုက်မိသည်။

နတ်ဆိုးဘုရင်တွေ အချင်းချင်းဆိုရင်တောင် ကျိုးရွှမ်လန်ကို ဒီလိုကြောက်နေအောင် လုပ်နိုင်မယ်မထင်ဘူး...


သို့သော် သူ့ဘက်က ဘာမှမပြောလာတော့၍ ရှန်းလျိုရှန့်လည်း ထပ်မမေးတော့ချေ။ 


ကျိုးရွှမ်လန်က အပြင်ဘက်မှ ကောင်းကင်ကြီးကိုကြည့်၍ ပြောလိုက်သည်။


" ဒီမြို့မှာ ညဘက်ဆို တာဝန်ထမ်းဆောင်ပြီး နေ့ဘက်ပြန်လာတဲ့ ကျွန်တော့် လက်အောက်ငယ်သားသုံးယောက်ရှိတယ်... ကျွန်တော်မရှိတုန်း သူတို့တွေ ရှစ်စွမ်းရဲ့အမိန့်ကို နာခံရမယ်လို့ ပြောထားခဲ့တယ်... သူတို့ထဲက တစ်ယောက်က ရှစ်ဖန်လေ ရှစ်စွမ်းနဲ့တွေ့ဖူးတယ်..."


ရှန်းလျိုရှန့် ခေါင်းအသာညိတ်ပြလိုက်သည်။


ကျိုးရွှမ်လန်က သူ့ကိုကြည့်နေပြီး သက်ပြင်းချလုမတတ်ဖြစ်လာသည်။

" ကျွန်တော်သွားရတော့မယ်... ပါ့ဟွမ်က ကိစ္စပြီးတာနဲ့ ချက်ချင်းပြန်လာပါ့မယ်..."


ရှန်းလျိုရှန့်က ခဏတာငြိမ်သက်သွားပြီးနောက် သူ့ကိုကြည့်ကာ ပြုံးပြလိုက်သည်။


" မဟုတ်ဘူး... ငါ စာလိပ်ကို တတ်နိုင်သမျှအမြန်ဆုံးရအောင်ယူပြီးတော့ ပါ့ဟွမ်ကိုလိုက်လာပြီး မင်းကိုရှာမယ်..."


ရှန်းလျိုရှန့်က သူ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားလိုက်ပြီး နှုတ်ခမ်းများကွေးညွတ်သည်အထိ ပြုံးပြကာ နွေးထွေးစွာပြောလိုက်သည်။

" ကောင်းပါပြီ..."


စကားဆုံးသည်နှင့် သူ လက်ကိုလွှတ်လိုက်ပြီး ထိုနေရာမှ တစ်ခဏတွင်းချင်းပျောက်ကွယ်သွားသည်။


ရှန်းလျိုရှန့်၏မြင်ကွင်းရှေ့တွင် မည်သူမှ ရှိမနေတော့ပေ။ သူ့စိတ်ထဲပြင်ဆင်ထား‌ခဲ့သော်လည်း အချိန်အတန်ကြာသည်အထိ အံ့အားသင့်နေခဲ့မိသည်။ ဘေးနားမှ "ရှစ်စွမ်း" ဟူသည့် ဩရှရှအသံထွက်လာမှသာ အသိစိတ်ပြန်ကပ်သွားတော့သည်။


ရှန်းလျိုရှန့်က ကိုယ်ပွားကိုတစ်ချက်ကြည့်လိုက်သည်။


သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြသည်။


ကျိုးရွှမ်လန်ကိုယ်ပွားက ပထမဆုံး စကားစပြောလာသည်။

" ကျွန်တော် မြို့ကနေထွက်သွားပြီ ရှစ်စွမ်း စိတ်မပူနဲ့တော့နော်..."


ရှန်းလျိုရှန့် မျက်ခုံးအသာပင့်လိုက်ပြီး သိချင်စိတ်ဖြင့် သူ့ပခုံးကိုဖိကြည့်လိုက်ကာ သူ့လက်ကို ထပ်ထိကြည့်လိုက်ပြီး ခန္ဓာကိုယ်အစစ်နှင့် အပူချိန်တူမတူ စူးစမ်းနေသည်။


မမျှော်လင့်ထားသည်မှာ သူ့လက်ဖျားများဖြင့် အရေပြားကို တို့ထိလိုက်ချိန်တွင် ကျိုးရွှမ်လန်ကိုယ်ပွားက မြွေကိုရှောင်လိုက်သည့်သဖွယ် တစ်ဖက်သို့တိမ်းလိုက်သည်။


ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားသည်။


ဘာသဘောလဲ... ငါ သူ့ကိုထိတာ မကြိုက်တာများလား...


ရှန်းလျိုရှန့် ရှေ့တိုးလာပြီး မဝံ့မရဲဖြင့် လက်ကမ်းလိုက်သော်လည်း ကျိုးရွှမ်လန်ကိုယ်ပွားက ထပ်မံရှောင်တိမ်းလိုက်ပြန်သည်။


" မင်းဘာလို့ ငါ့ကိုရှောင်နေတာလဲ..."


ကျိုးရွှမ်လန်က ပြန်မဖြေသော်လည်း သူ့ကိုထိခွင့်မပြုချေ။ 


ရှန်းလျိုရှန့် ဒေါသထွက်လာပြီး လက်လျှော့ရန်စိတ်ကူးလည်းမရှိ၍ သူ့ကိုအမိဖမ်းနိုင်ရန် ကြိုးစားနေသည်။


သူတို့နှစ်ယောက်လုံးက မကျယ်ဝန်းလှသည့် အခန်းတစ်ခုထဲ ရှိနေသော်လည်း အမွှေးတိုင်တစ်တိုင်စာအချိန် ကြာသည်အထိ ပြေးတမ်းလိုက်တမ်း ပြုလုပ်နေခဲ့သည်။ နောက်ဆုံးတွင် ရှန်းလျိုရှန့် မောလာသောကြောင့် " ရပ်လိုက်တော့" ဟုသာ အော်နိုင်ပေသည်။


ကျိုးရွှမ်လန်ကိုယ်ပွားက ရပ်တန့်သွားပြီး သူ့ဘေးနားပတ်ပတ်လည်မှ အော်ရာက တဖြည်းဖြည်းပျောက်ကွယ်လာကာ ထိုနေရာတွင်ပင် ရပ်နေတော့သည်။


ရှန်းလျိုရှန့်က သူရုတ်တရက်ကြီး ရပ်သွားလိမ့်မည်ဟု မထင်ခဲ့ပေ။ သူ စိတ်ရှုပ်ထွေးစွာဖြင့် ကိုယ်ပွားနားကိုလျှောက်သွားပြီး လက်ချောင်းသွယ်သွယ်ကို ထိကြည့်လိုက်သည်။ ကိုယ်ပွား၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ရှောင်တိမ်းရန်ကြိုးစားနေကြောင်း သတိပြုမိလိုက်သည်။ သို့ရာတွင် ရှန်းလျိုရှန့်ပြောသည့်စကားများကို နာခံနေသောကြောင့် ထိုနေရာမှ မထွက်သွားဘဲ သူ့ကိုထိကိုင်ခွင့်ပြုထားတော့သည်။


သို့ဖြစ်၍ ရှန်းလျိုရှန့်က သူ့လက်ကိုဖမ်းကိုင်ပြီး လက်စားချေလိုက်သည်။ ကိုင်၍ဝသွားသည့်အခါမှ အနိုင်ကျင့်သူတစ်ယောက်သဖွယ် ပြောလိုက်တော့သည်။


" ဘာလဲ...မင်းငါ့ကိုမထိဘူးဆိုရင် ဘယ်သူ့ကိုထိချင်နေတာလဲ..."