Chapter 82
ကျိုးရွှမ်လန်ကိုယ်ပွားက စကားတစ်ခွန်းမှမပြောပေ။ ဖယောင်းတိုင်မီးရောင်အောက်မှ အနက်ရောင်မျက်ဝန်းများက အရောင်တောက်ပနေသည်။
သူ သင်ခန်းစာရပြီဟု ထင်လိုက်မှသာ ရှန်းလျိုရှန့်က သူ့လက်ကိုလွှတ်ပေးလိုက်ပြီး မှော်စက်ဝန်းကို ကြည့်လိုက်သည်။
" ငါ အရင်ဆုံး မင်းကို ဝိညာဉ်စွမ်းအင်တွေ ထည့်ပေးရဦးမယ်..."
ကျိုးရွှမ်လန်ကိုယ်ပွားက ခေါင်းငုံ့ပြီး သူ့လက်နှစ်ဖက်ကိုကြည့်ကာ စက်ဝန်းထဲတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များကို အကြိမ်ရေအနည်းငယ်ခန့် လှည့်ပတ်စေလိုက်ပြီးသည့်အခါမှ မျက်လုံးများ ပြန်ပွင့်လာသည်။
ရှန်းလျိုရှန့်မြင်သည့်အခါ သူသည်လည်း အစီအရင်စက်ဝန်းထဲ ဝင်သွားလိုက်သည်။ သူက ဝိညာဉ်စွမ်းအင် လွှဲပြောင်းပေးရန် လိုအပ်ခြင်းဖြစ်၍ လက်နှစ်ဖက်ကိုကိုင်ပြီး ပို့လွှတ်ပေးရန် ကြံလိုက်သည်။ မမျှော်လင့်ထားသည်မှာ သူ့မျက်နှာချင်းဆိုင်မှကိုယ်ပွားက သိုလှောင်အိတ်ထဲမှ ကြိုးတစ်ကြိုး ဆွဲထုတ်လာသည်။
" တပည့်က ဝိညာဉ်ကြိုးတစ်ချောင်း ပြင်ထားပါတယ်..."
ထို့နောက်တွင် ဝိညာဉ်ကြိုးကို ရှန်းလျိုရှန့်၏ လက်ကောက်ဝတ်တွင်ပတ်ထားလိုက်ပြီး အခြားတစ်ဖက်ကို သူ့လက်တွင် ပတ်ထားလိုက်သည်။
အားလုံးပြင်ဆင်ပြီးသည့်အခါ သူ့ဝိညာဉ်စွမ်းအင်များကို ရှန်းလျိုရှန့်၏ကိုယ်ထဲ ဦးစွာကူးပြောင်းလိုက်ချိန်၌ ဝိညာဉ်ကြိုးက မဟန့်တားထားဘဲ အဆင်ပြေပြေဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။
" အဆင်ပြေတယ် ရှစ်စွမ်း..."
ရှန်းလျိုရှန့် : "..."
ရှန်းလျိုရှန့် သူ့လက်မှကြိုးကို ဆွဲဖြည်နေလျက် ပြောလိုက်သည်။
" မင်း မတော်သေးဘူးလား... လက်ဖြန့်လိုက် ငါမင်းရဲ့လက်ကိုကိုင်ပြီး ဝိညာဉ်စွမ်းအင် ပို့ပေးမယ်လေ..."
ကျိုးရွှမ်လန်ကိုယ်ပွားက မျက်မှောင်ကြုတ်လိုက်သည်။
" ဒါပေမဲ့ ဝိညာဉ်စွမ်းအားကူးပြောင်းဖို့က တစ်ရှီချန်ဝက်(နာရီဝက်) လောက်ကြာမှာ အရမ်းကြာတယ်..."
ရှန်းလျိုရှန့်က မျက်လုံးများ အသာမှေးကျဉ်းလိုက်ပြီး ဝိညာဉ်စွမ်းအားကို တစ်ယောက်မှ တစ်ယောက်ထံ ကူးပြောင်းနေသည်အား အလေးအနက်ကြည့်နေလိုက်သည်။ လူနှစ်ယောက်၏ ဝိညာဉ်စွမ်းအားတို့ ပေါင်းစပ်သွားချိန်တွင် သူတို့၏သိမြင်မှုအာရုံများက ပိုတိုးပွားလာပြီး လက်နှစ်ဖက်ကိုကိုင်ထားခြင်းက စိတ်အနှောင့်အယှက် ဖြစ်လာစေနိုင်သည်။
မသင့်တော်ဘူးပေါ့လေ...
ရှန်းလျိုရှန့် နှုတ်ခမ်းမဲ့သွားသည်။
" ဒါဆိုရင်တော့ ငါ နည်းလမ်းတစ်ခုပဲ သုံးရတော့မယ်..."
ကျိုးရွှမ်လန်ကိုယ်ပွားက ဇဝေဇဝါဖြစ်သွားပုံရသည်။
" ဘာနည်းလမ်းလဲ..."
သူ့စကားဆုံးသည်နှင့် နှုတ်ခမ်းပါးများကို ရှန်းလျိုရှန့်၏လက်ဖျားများဖြင့် ဖိကပ်ခံလိုက်ရပြီး သူ့နားထဲ ခြိမ်းခြောက်သည့်လေသံတိုးတိုး ဝင်ရောက်လာသည်။
" မင်း လိမ်လိမ်မာမာနဲ့ လက်မဖြန့်ဘူးဆိုရင် ငါ ဒီပါးစပ်ထဲ လက်ထည့်ထားပြီး မင်းကိုကူညီပေးမယ်လေ..."
ကျိုးရွှမ်လန်၏ ရင်ခုန်သံများ မြန်ဆန်လာပြီး အသက်ရှုမှားမတတ်ပါ ဖြစ်လာသည်။
" လက် လက်ကိုပဲသုံးကြတာပေါ့..."
ရှန်းလျိုရှန့် မပြုံးဘဲ မနေနိုင်တော့ပေ။
" ငါမင်းကို အနိုင်ကျင့်တာ မဟုတ်ဘူးနော်..."
သူ ကျိုးရွှမ်လန်၏လက်ကိုဆွဲယူပြီး ဝိညာဉ်စွမ်းအားကို လွှဲပြောင်းပေးလိုက်သည်။
" မင်းက အရမ်းကို ခပ်ခွာခွာနေလွန်းတယ်လေ... ရှစ်စွမ်းနဲ့ လက်ဆွဲနှုတ်ဆက်တာ ဘာဖြစ်လို့လဲ..."
ကျိုးရွှမ်လန် မျက်လွှာချထားပြီး ယှက်နွယ်ထားသည့်လက်နှစ်ဖက်ကို စိုက်ကြည့်နေကာ နှုတ်ခမ်းများ တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမှ မပြောပေ။
အရမ်းကပ်လွန်းတယ်...
သူ မျက်လုံးမှိတ်ထားလိုက်ပြီး သူ့စိတ်ထဲမှ ဖရိုဖရဲဖြစ်နေသည့် အတွေးများကို ဖယ်ရှားကာ အာရုံစိုက်နိုင်ရန် အချိန်အတော်အတန်ယူလိုက်ရသည်။ သူ့ကိုယ်မှ ဝိညာဉ်စွမ်းအင်ကို ထိန်းညှိရန် အာရုံစူးစိုက်တော့မည့်အချိန်၌ သူ့လက်ဖဝါးထက်တွင် ယားကျိကျိခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်က သူ့လက်ဖဝါးကို လက်ဖျားဖြင့် အသာကုတ်ခြစ်နေသည်။
ကျိုးရွှမ်လန်၏မျက်တောင်ရှည်များ တုန်သွားပြီး သူ့စိတ်ထဲ ကမောက်ကမဖြစ်လာပြန်သည်။
သူ့မျက်လုံးကို တင်းတင်းမှိတ်ထားပြီး သတိမထားမိသကဲ့သို့ ဟန်ဆောင်နေကာ လှုပ်ရှားမှုမရှိဘဲ ထိုင်နေသည်။
ခဏလောက် တောင့်ခံထားလိုက်မယ်ဆိုရင် ရှစ်စွမ်း ထပ်မလုပ်လောက်တော့ပါဘူး...
မမျှော်လင့်ထားသည်မှာ ရှန်းလျိုရှန့်က ထိုသို့လုပ်ရသည်ကို သဘောတွေ့နေပြီး သူ့လက်ဖျားများဖြင့် ကျိုးရွှမ်လန်၏လက်ဖဝါးပေါ် စာလုံးများ စရေးနေသည်။
ကျိုးရွှမ်လန်၏နှဖူးကြောများ ထောင်တက်လာသည်။
ဝိညာဉ်စွမ်းအင် လွှဲပြောင်းသောလုပ်ငန်းစဉ်က ပျင်းစရာကောင်းလွန်းလှသည်။ ရှန်းလျိုရှန့်က မေးထောက်ထားပြီး ပျင်းရိနေမိပေသည်။ သို့သော် ငြိမ်ငြိမ်လေးနေနေသည့် မျက်နှာချောချောလေးကို တွေ့သောအခါ သူ့လက်ချောင်းများကို ခိုးကြောင်ခိုးဝှက်လှုပ်ရှားလိုက်ပြီး တစ်ဖက်လူ၏ မျက်နှာအမူအရာပြောင်းလဲလာအောင် ပြုလုပ်လိုက်သည်။
ကျိုးရွှမ်လန်က လုံးဝလှုပ်ရှားခြင်းမရှိသည့်အပြင် သတိမပြုမည်မဟုတ်နိုင်ဟု တွေးနေမိသည်။ သို့ရာတွင် သူက အလွန်အာရုံစူးစိုက်ထား၍ တအံ့တဩဖြစ်သွားရသည်။ သူ့စိတ်က ကိုယ်ပိုင်လောကငယ်လေးတစ်ခုထဲ နစ်မြုပ်နေ၍ အပြင်လောကမှ လှုပ်ရှားမှုများကို မခံစားမိနိုင်အောင် ဖြစ်နေသည်။
ထိုသို့ တရားထိုင်နိုင်ခြင်းက သူထင်ထားသည်ထက် ကျော်လွန်နေသည်။
ရှန်းလျိုရှန့်က သက်ပြင်းချနေလျက် သူ့လက်ဖဝါးထဲမှကြိုးကိုဆုပ်ကိုင်ပြီး အချိန်ကုန်အောင် ပြုလုပ်နေသည်။
ထိုအခိုက်အတန့်တွင် သိုလှောင်အိတ်ထဲမှ လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
ရှန်းလျိုရှန့် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည့်အခါ လေတိုက်သံပြင်းပြင်းနှင့် ဩရှရှအသံတစ်သံ ထွက်ပေါ်လာသည်။
" ရှစ်စွမ်း ပျော်ရဲ့လား..."
ရှန်းလျိုရှန့် နင်သွားပြီး သတိလက်လွတ်လှုပ်ရှားနေခြင်းကို ရပ်တန့်လိုက်သည်။
ကျိုးရွှမ်လန်အစစ်က သတိမပြုမိနိုင်ဟု သူထင်ခဲ့သော်လည်း သူက အလွန်လျင်မြန်စွာ တုံ့ပြန်လာပေသည်။
ကိုယ်ပွားက သူ့ကိုတိုင်လိုက်လို့များလား...
ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ကိုယ်ပွားကိုစနောက်နေခြင်းအား ရပ်တန့်လိုက်မည်ဟု ကတိပေးလိုက်သည်။
ကျောက်စိမ်းပြားမှ အလင်းရောင်မှိန်ကျသွားသည့်အခါ သူ လက်စားချေရန် ပြင်လိုက်တော့သည်။ သူ့လက်တစ်ဖက်ဆန့်ထုတ်ပြီး ကျိုးရွှမ်လန်ကိုယ်ပွား၏မျက်နှာကို တို့ထိလိုက်သည်။
" မင်း သူ့ကိုဘာတွေသွားတိုင်တာလဲ..."
ကျိုးရွှမ်လန်က လှုပ်ရှားမှုကင်းမဲ့နေဆဲဖြစ်ပြီး သူ့မျက်တောင်များသာ အနည်းငယ်တုန်ယင်လာသည်။
ရှန်းလျိုရှန့် နှာမှုတ်လိုက်သည်။
" မင်းဘာလို့ အဲ့လောက်တောင်ဆိုးရတာလဲ..."
နောက်ဆုံးတွင် ကျိုးရွှမ်လန်၏မျက်လုံးများပွင့်လာပြီး သူ့မျက်နှာထက်တွင် ရှက်ရွံ့နေသည့် အမူအရာမျိုး ပေါ်လာသည်။
" ကျွန်တော် ဘာမှမတိုင်ပါဘူး... ခန္ဓာကိုယ်အစစ်နဲ့ ခဏဆက်သွယ်မိသွားလို့ သူ့ဘက်က အာရုံခံနိုင်သွားတာပါ..."
ရှန်းလျိုရှန့် : " သူ ဒီဘက်ကို တစ်ချိန်လုံး အာရုံမစိုက်နိုင်ဘူးလေ... မင်းသူကို သွားပြောတာပဲဖြစ်မယ်..."
ကျိုးရွှမ်လန် ငြိမ်ကျသွားပြီး ရှင်းပြရန် ပါးစပ်ဟလိုက်သော်လည်း ခဏအကြာတွင် ပါးစပ်ပြန်ပိတ်သွားသည်။
ရှစ်စွမ်းကသာ သူ့စိတ်အခြေအနေကို လာရောက်ထိပါးသူဖြစ်၍ ခန္ဓာကိုယ်အစစ်က သိသွားခြင်းဖြစ်ပေသည်။
" ဒါဆိုလည်း ငါမင်းကို မနှောင့်ယှက်တော့ဘူး..."
ဝိညာဉ်စွမ်းအားလွှဲပြောင်းမှု ပြီးဆုံးသွားသည့်အခါ ရှန်းလျိုရှန့်က လက်ပြန်ရုတ်ပြီး ပြောလိုက်သည်။
" ငါ အိပ်တော့မယ်..."
ကျိုးရွှမ်လန် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီးနောက် ရှန်းလျိုရှန့်အခန်းထဲ ဝင်သွားသည်ကို မြင်သောအခါ အံ့အားသင့်သွားရသည်။
" ရှစ်စွမ်း ဒီမှာအနားယူမလို့လား..."
ရှန်းလျိုရှန့် အိပ်ရာနားအထိလျှောက်လာပြီး အပေါ်ဝတ်ရုံကို လက်ချောင်းသွယ်သွယ်များဖြင့် ချွတ်နေလျက် သမ်းဝေလိုက်သည်။
" မင်း တစ်ညလုံး တရားထိုင်နေချင်တာမလား... အိပ်ရာက လွတ်နေတာပဲကို ငါ ခဏလောက်အိပ်လည်း ဘာမှမဖြစ်ဘူးလေ..."
ပြောပြီးသည်နှင့် နောက်ပြန်လှည့်သွားသည်။
အိပ်ရာ၏ဘေးမှ ကန့်လန့်ကာက ရုတ်တရက် လှုပ်ရှားလာပြီး သူတို့နှစ်ယောက်အကြားကို ပိတ်ဆို့ထားလိုက်သည်။
ရှန်းလျိုရှန့် : "..." အဲ့တိုင်းပဲနေတော့...
သူ့အပြင်ဝတ်ရုံကို ကန့်လန့်ကာပေါ်တင်ထားလိုက်ပြီး အိပ်ရာပေါ်လှဲလိုက်ကာ မကြာမီအချိန်တွင် အိပ်ပျော်သွားသည်။
သူ အိပ်ရာနိုးလာသည့်အခါ ကျိုးရွှမ်လန်ကို အခန်းထဲတွင် မတွေ့ရတော့ပေ။ ရှန်းလျိုရှန့် အဝတ်အစားများဝတ်ပြီး အိပ်ငိုက်နေသည့် မျက်လုံးနှစ်ဖက်ကိုပွတ်ကာ တံခါးအပြင်သို့ ထွက်လာခဲ့သည်။
သူ တံစက်မြိတ်အောက်မှ ထွက်လာသည်နှင့် လူသုံးယောက်က စင်္ကြန်လမ်းတွင် အသံတိုးတိုးဖြင့် စကားပြောနေသည်ကို ကြားလိုက်ရသည်။ သူ ရှစ်ဖန်တစ်ယောက်တည်းကိုသာ မှတ်မိပေသည်။ လူသုံးယောက်အနက် နှစ်ယောက်မှာ အရပ်ရှည်ရှည်နှင့် အေးတိအေးစက်မျက်နှာမျိုးရှိပြီး အခြားတစ်ယောက်မှာ နူးညံ့သော မျက်နှာအစိတ်အပိုင်းများ ရှိသည်။ သူက ရှန်းလျိုရှန့်ကို ပထမဆုံး သတိပြုမိသွားသူဖြစ်ပြီး သူ့ရှေ့ ချက်ချင်းရောက်လာသည်။
" ကျွန်တော်တော့ ကန်းနေတာပဲဖြစ်ရမယ်... အချောအလှလေးတစ်ယောက်က ကျွန်တော်တို့ နတ်ဆိုးဘုရင်ရဲ့ အခန်းထဲကနေ မနက်အစောကြီး ထွက်လာတာပဲ..."
လော့ယွီက တံခါးဝတွင်ရပ်နေသော ဖရိုဖရဲဖြစ်နေသော အနက်ရောင်ဆံပင်များနှင့် နူးညံ့သောမျက်နှာလေးရှိသည့် လူငယ်လေးကိုကြည့်ကာ မျက်လုံးအပြူးသားဖြစ်သွားရသည်။
" အရှင်က ပါ့ဟွမ်မှာရှိတဲ့ မကောင်းဆိုးဝါးချောချောလေးတွေကို မျက်လုံးထဲမထည့်တာ အဆန်းမဟုတ်တော့ပါဘူး..."
လုဝူဝမ့်က မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
" မဟုတ်တာတွေ လျှောက်ပြောမနေနဲ့ အဲဒါ အရှင့်ရဲ့ဆရာထင်တယ်..."
လော့ယွီ အသက်ပြင်းပြင်းရှုလိုက်သည်။
" အရှင့်မှာ ဆရာရှိသေးတယ်လား..."
" သတိထား... အရှင်သာကြားလို့ကတော့ မင်းကိုအရေခွံဆွဲဆုတ်ပြီး ငါးအရေခွံကြော်လုပ်ပစ်မှာ..."
ရှစ်ဖန်က ချောင်းဟန့်လိုက်ပြီး ပုလွေကိုခါးတွင်ချိတ်ထားလိုက်သည်။
" ဒါ ငါတို့ရဲ့ နတ်ဆိုးဘုရင်မ ဖြစ်လာမယ့်သူလေ... ရိုရိုသေသေဆက်ဆံစမ်းပါ..."
စင်္ကြန်လမ်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး လော့ယွီနှင့် လုဝူဝမ့်က ရှန်းလျိုရှန့်ကို မယုံနိုင်စွာဖြင့် ကြည့်နေကြသည်။
ကျိုးရွှမ်လန် ပြန်ရောက်လာချိန်တွင် သူ့လက်အောက်ငယ်သားသုံးယောက်က ရှန်းလျိုရှန့်၏ရှေ့တွင် တစ်ယောက်ကိုတစ်ယောက် တွန်းထိုးနေကြသည်အား မြင်လိုက်ရသည်။
" သခင်လေး ကျွန်တော့်ကိုကြည့်ပါဦး... ကျွန်တော် ဒီလိုမျိုး ရေတွေမှုတ်တတ်တယ်... ကျွန်တော်က ပါ့ဟွမ်ရဲ့ စစ်သေနာပတိဖြစ်ဖို့ သင့်တော်တယ်မလား..."
" မင်းရဲ့ခြေတွေလက်တွေက သေးသေးလေးကို ဘာများ အသုံးဝင်မှာလဲ... သခင်လေး ကျွန်တော့်ကိုပဲရွေးပါ..."
" မင်းတို့ အဲ့လိုတွေလုပ်မယ်မှန်းသိရင် ငါ မပြောပြခဲ့ဘူး..."
ကျိုးရွှမ်လန်ကိုယ်ပွားက မေးလိုက်သည်။
" မင်းတို့တွေ ဘာလုပ်နေကြတာလဲ..."
အသံများ ရုတ်တရက် ရပ်တန့်သွားသည်။
ထိုလူက ကျိုးရွှမ်လန်အစစ်မဟုတ်သည်ကို သိကြသော်လည်း ရှစ်ဖန်နှင့် အခြားလူများက ကြောက်လန့်မှုကြောင့် တုန်ယင်နေပြီး အမြန်ဘေးကပ် ရပ်လိုက်ကြသည်။
ကျိုးရွှမ်လန် စိတ်မကြည်မလင်ဖြစ်သွားသည်။
" ငါ့ရှစ်စွမ်းကို နှောင့်ယှက်မယ်ဆိုရင် မျက်စိရှေ့မှာ ပေါ်မလာကြနဲ့..."
သူတို့သုံးယောက်ထွက်သွားသည့်အခါ ရှန်းလျိုရှန့်က ရတနာအပုံလိုက်ကြီးကို သိုလှောင်အိတ်ထဲထည့်လိုက်သည်။
" မင်းလူတွေက မင်းရှေ့မှာ သူတို့ကောင်းကြောင်းအများကြီးပြောပေးဖို့ ငါ့ကို လာဘ်ထိုးသွားကြတယ်"
ကျိုးရွှမ်လန် : " သူတို့တွေက ကျင့်ဝတ်ဆိုတာဘာမှန်းမသိကြဘူး...
ရှန်းလျိုရှန့် : " အဲဒါကလည်း တစ်မျိုးကောင်းတယ်လို့ ငါထင်ပါတယ်... အထူးသဖြင့် ရေတွေမှုတ်ပြတတ်တဲ့ ကုလားအုတ်ပေါ့... သူ့ကိုကြည့်ရတာ ဉာဏ်ကောင်းမယ့်ပုံပဲ..."
ကျိုးရွှမ်လန်၏မျက်လုံးများ မှေးကျဉ်းသွားသည်။
" တကယ်လား..."
သုံးယောက်သား လက်ဖက်ရည်ဆောင်လေးနားမှ ဖြတ်သွားချိန်တွင် လော့ယွီ ရုတ်ချည်းရပ်တန့်သွားပြီး ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထလာသည်။
လုဝူဝမ့် : " ဘာဖြစ်လို့လဲ..."
လော့ယွီ၏မျက်နှာကဖြူဖျော့နေသည်။
" ငါတို့တော့ အတွက်အချက်မှားပြီထင်တယ် သခင်လေးက တကယ်လို့ ငါတို့ကို အရှင့်ရှေ့မှာ ချီးကျူးစကားပြောပေးရင်တောင် အရှင်က စစ်သေနာပတိနေရာကို စဉ်းစားပေးမယ်မထင်ဘူး... ငါတို့ကို မသတ်ရင်ဘဲ တော်တော်ကံကောင်းနေပြီ..."
ရှစ်ဖန် : " ဘာလို့လဲ..."
လော့ယွီက သူ့နှဖူးသူကိုင်ပြီး ပြောလိုက်သည်။
" ရှာလကာရည်အိုးက မှောက်လွယ်တယ်လေ..."
လုဝူဝမ့်နှင့် ရှစ်ဖန်တို့ ခဏတာ အံ့အားသင့်သွားသော်လည်း အမြန်တုံ့ပြန်လိုက်ကြသည်။ သူတို့သုံးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထိုနေရာတွင်ပင် အေးခဲတောင့်တင်းကုန်တော့သည်။
.....
ရှန်းလျိုရှန့်က ကျွမ့်ယွင်အဆောင်သို့ပြန်ရန် စိတ်ကူးထားသည်ဖြစ်ပြီး ကျိုးရွှမ်လန်ကလည်း မနက်ပိုင်းတွင် လုပ်စရာမရှိသောကြောင့် သူနှင့်တူတူ ထွက်လာခဲ့သည်။
သူတို့နှစ်ယောက်လုံး လူစည်ကားသည့်လမ်းမထက်သို့ရောက်လာသည်နှင့် နတ်ဆိုးကျင့်ကြံသူအများစု၏ အာရုံစိုက်မှုကို ရရှိသွားတော့သည်။
မူလတွင်မူ အားလုံးက သူ့ကိုကြည့်နေသည်ဟု ရှန်းလျိုရှန့်ထင်မိ၍ မျက်နှာဖုံးကို ကိုင်ကြည့်ပြီး ဇဝေဇဝါဖြစ်သွားရသည်။ လမ်းဘေးနားမှ လှပသော နတ်ဆိုးကျင့်ကြံသူ အမျိုးသမီးအချို့က သူ့ကိုညုတုတုဖြင့် ကြည့်နေကြသော်လည်း သူတို့ကြည့်နေသည်က သူ့ဘေးနားကို ဖြစ်နေသည်။
သူ့ဘေးနားကိုလှည့်ကြည့်လိုက်သောအခါ ခက်ထန်စူပုတ်နေသည့်မျက်နှာကြီးကို တွေ့လိုက်ရသည်။
ကျိုးရွှမ်လန်၏ မူရင်းအသွင်မှာ အလွန်စွမ်းအားကြီးသောကြောင့် သူကိုယ်တိုင်ပင် မရည်ရွယ်ဘဲ အခြားသောမကောင်းဆိုးဝါးများကို ကြောက်ရွံ့စေ၍ သူတို့အားလုံး သူ့နားမကပ်ရဲကြပေ။
သို့သော ယခုအခါတွင်မူ ကိုယ်ပွားဖြစ်နေ၍ သူ့ထံမှ ဖိအားအချို့က လျော့သွားပြီး တစ်ကိုယ်လုံးမှ မဟာနတ်ဆိုးတစ်ယောက်၏အော်ရာမျိုး ထုတ်လွှတ်နေ၍ လမ်းလျှောက်နေသည့် ကန်စွန်းဥတစ်လုံးနှင့် တူလာသည်။
( သိပ်ကြောက်စရာမကောင်းတော့လို့ အားလုံး အာရုံစိုက်စရာဖြစ်နေတယ် ပြောချင်တာပါ )
သူ့အကြည့်ကို သတိပြုမိသော ကျိုးရွှမ်လန်က လှည့်ကြည့်ပြီး မေးလာသည်။
" ရှစ်စွမ်း ဘာဖြစ်လို့လဲ..."
" မင်းက တော်တော်ကြည့်ကောင်းတာပဲ..."
ကျိုးရွှမ်လန် လန့်သွားပြီးနောက် နှုတ်ခမ်းများကွေးညွတ်၍ ပြန်ဖြေလိုက်သည်။
" ရှစ်စွမ်းက ပိုကြည့်ကောင်းပါတယ်..."
ရှန်းလျိုရှန့်ရယ်လိုက်မိစဉ်တွင် ပင်လုံးကြိုင်မုန့်နံ့ကို ရလိုက်သည်။ သူ ဘေးနားလှည့်ကြည့်သောအခါ ဌာပနာမုန့်များရောင်းသည့်ဆိုင်တစ်ခုကို တွေ့လိုက်သည်။
" ငါ မုန့်သွားဝယ်လိုက်ဦးမယ် မင်းဒီမှာစောင့်နေ..."
" ကောင်းပါပြီ..."
ဝိညာဉ်ကျောက်တုံးဖြင့် ငွေရှင်းပြီးသည့်အခါ ရှန်းလျိုရှန့်ကို ချိုအီသောအနံ့ရှိသည့် ပင်လုံးကြိုင်မုန့်ကို ယူလာခဲ့သည်။ သူ ပြန်လှည့်ကြည့်လိုက်သည့်အခါ ကျိုးရွှမ်လန်ကို အမျိုးသမီး နတ်ဆိုးကျင့်ကြံသူအုပ်စုကြီးက ဝန်းရံထားသည်အား တွေ့လိုက်ရသည်။
" လူကြီးမင်းက ဘယ်လိုနတ်ဆိုးအမျိုးအစားလဲ... အော်ရာကအရမ်း သန်မာတာပဲ ချီလင်မြို့က မဟုတ်ဘူးထင်တယ်..."
" ကျွန်မက နန်ရှန်းမှာနေတာ... ညကျ အချိန်ရတယ်လို့ အတူတူ လသွားကြည့်ရအောင်လေ..."
" မြေခွေးတွေကိုကြိုက်လား လူကြီးမင်း..."
ရှန်းလျိုရှန့်က လူအုပ်ထဲတိုးဝင်သွားပြီး သူ့ကိုဆွဲခေါ်လာရသည်။
" ဘယ်လိုဖြစ်လို့ မင်းကို လူတွေဝိုင်းနေတာလဲ..."
" ရှစ်စွမ်းပဲ ကျွန်တော့်ကို အဲဒီနေရာမှာ ရပ်စောင့်နေဆို..."
ရှန်းလျိုရှန့် : "..."
သူ့အပြုအမူကြောင့် မကျေမနပ်ဖြစ်သွားသည့် နတ်ဆိုးကျင့်ကြံသူများကို တစ်ချက်ကြည့်ကာ မျက်ခုံးပင့်လိုက်ပြီး ကျိုးရွှမ်လန်၏လက်ကို ကိုင်လိုက်သည်။
ပတ်ဝန်းကျင်မှ အကြည့်များက ဓားသွားများကဲ့သို့ပျံသန်းလာတော့မည်ဟု ထင်ရသည်။
ရှန်းလျိုရှန့် နှုတ်ခမ်းများတွန့်ကွေးလိုက်ပြီး ကျိုးရွှမ်လန်၏လက်ကိုဆွဲကာ ထွက်သွားတော့မည့်အချိန်တွင် မျက်နှာတစ်ခုလုံး ပြာနှမ်းနေပြီး လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားသူတစ်ယောက်က သူ့ထံလျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူ့အကြည့်များက မြဲမြဲဆုပ်ကိုင်ထားသော လက်နှစ်ဖက်အပေါ် ကျရောက်နေသည်။
ရှန်းလျိုရှန့် ရင်တုန်သွားပြီး ပင်လုံးကြိုင်မုန့်ကို အမြန်မြှောက်ပြလိုက်သည်။
" ငါ မင်းအတွက် သေချာရွေးဝယ်လာပေးတာ..."
ရှုရှင်းချန်၏အကြည့်က မုန့်များထံရောက်သွားချိန်၌ သူ့အမူအရာက အနည်းငယ် အံ့အားသင့်သွားဟန်ရသည်။ သူ့မျက်ဝန်းထဲတွင် ဝမ်းမြောက်သွားသည့်အမူအရာတစ်ခု ဖျတ်ခနဲပေါ်လာပြီး ဓားကိုသိမ်းကာ သူတို့နှစ်ယောက်ထံ လျှောက်လာသည်။
ထိုအချိန်တွင် ကျိုးရွှမ်လန်က ရုတ်ချည်းပြောလိုက်သည်။
" ရှစ်စွမ်း ကျွန်တော့်ဖို့ ဝယ်ပေးထားတာ မဟုတ်ဘူးလား..."
ရှန်းလျိုရှန့် အံ့အားသင့်သွားပြီး သူတို့နှစ်ယောက် အိမ်မှထွက်လာစဉ်တွင် ကိုယ်ပွားက သာမန်အစားအစာများ မစားဖူးကြောင့် ပြောပြသောကြောင့် သူ့အတွက် သရေစာအချို့ဝယ်ပေးမည်ဟု ပြောခဲ့ကြောင်းကို ပြန်အမှတ်ရသွားသည်။
ကျိုးရွှမ်လန်က ချိုမြိန်သည့်ပင်လုံးကြိုင်မုန့်ကို မျှော်လင့်တကြီးကြည့်နေသည်မှာ မထူးဆန်းတော့ပေ။
" မဟုတ်ဘူး ဒါက..."
သူ့စကားမဆုံးမီမှာပင် ကျိုးရွှမ်လန်၏မျက်လုံးများ အရောင်ဖျော့တော့သွားပြီး ချောမောသည့်မျက်နှာလေးထက်တွင် နာကျင်သွားသည့်အမူအရာအချို့ ပြသလာ၍ သူ့စကားများကိုပြောင်းလိုက်ရသည်။
" ဒါ မင်းဖို့ပဲလေ..."
" အမ်..."
ရှုရှင်းချန်က မု
န့်ကိုလှမ်းယူတော့မည့်အချိန်တွင် သူ့မျက်နှာထက်မှအပြုံးက ပျောက်ကွယ်သွားပြီး သူ့ဓားကို ပြန်ဆွဲထုတ်ကာ ခေါ်ခဲလှသည့်အခေါ်အဝေါ်တစ်မျိုးဖြင့် ရှန်းလျိုရှန့်ကိုခေါ်လိုက်သည်။
" အစ်ကိုတော် ကျွန်တော့်ကို နောက်တစ်ခါပြန်ပြော... ဒီမုန့်က ဘယ်သူ့ဖို့လဲ..."
ရှန်းလျိုရှန့် : "..."