Chapter 83
ပင်လုံးကြိုင်မုန့်ကိုကိုင်ထားသော ရှန်းလျိုရှန့်၏လက်များက အနည်းငယ် တင်းကြပ်လာသည်။
ဓားကိုင်ထားသော ရှုရှင်းချန်နှင့် မုန့်ကိုလှမ်းယူရန် မျှော်လင့်တကြီးဖြင့် လက်ဆန့်ထုတ်လိုက်သော ကျိုးရွှမ်လန်ကို သူ တစ်လှည့်စီ ကြည့်နေမိသည်။
"..."
ထိုမုန့်ကိုသွားဝယ်လိုက်ရန်က အချိန်ခဏသာကြာ၍ ရှုရှင်းချန်ကိုကျွေးရန်အတွက် ကျွမ့်ယွင်အဆောင်သို့ယူသွားရန် အမှန်တကယ် တွေးထားခဲ့ခြင်းဖြစ်သည်။ သူ ယမန်နေ့ညက ဝိညာဉ်ဆေးပင်များကိုလေ့လာပြီး ဆေးဖော်နေချိန်တွင် ရှုရှင်းချန်က အိမ်မက်ယောင်ပြီး စကားအချို့ရေရွတ်နေသည်ကို ကြားလိုက်ရသည်။ နန်းတွင်းတွင် သူ့ညီမလေး မည်သို့နေထိုင်နေသည်ကို ပူပန်ကြောင်းနှင့် သူမ လုပ်ထားသော ပင်လုံးကြိုင်မုန့်ကို စားလိုသည့်အကြောင်း ပြောနေခဲ့သည်။
ရှုန်းလျိုရှန့်က ထိုအကြောင်းတွေးမိသောအခါ ပင်လုံးကြိုင်မုန့်ကို သူ့ထံပေးလိုက်သည်။
" အရသာက ရှန်းလျန်လုပ်တဲ့မုန့်လောက်မကောင်းပေမယ့် လောလောဆယ်တော့ စားချင်တာလေး စားလိုက်ရတာပေါ့..."
ရှုရှင်းချန်၏ မျက်နှာအမူအရာက ပျော့ပျောင်းသွားပြီး ဓားကိုပြန်သိမ်းထားလိုက်ကာ မုန့်ကိုလှမ်းယူလိုက်သည်။
" ခင်ဗျားက အလိုက်သိသားပဲ ဒါဆိုရင်ဝောာ့ မနေ့ညကဖြစ်ခဲ့တာကို စိတ်ထဲမထားတော့ပါဘူး..."
သူ ထိုစကားပြောနေလျက်ဖြင့် ကျိုးရွှမ်လန်ဘက်သို့လှည့်ကာ ရယ်မောလိုသော်လည်း တစ်ချက်လှည့်ကြည့်လိုက်ပြီးသည့်နောက်တွင် စကားလုံးများကို မျိုချလိုက်ရသည်။
ကျိုးရွှမ်လန်က ကြောင်အမ်းအမ်းဖြင့် သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ဆီစိမ်စက္ကူကို ခဏစိုက်ကြည့်နေပြီးနောက် စိတ်ရှုပ်ထွေးမှုများပြည့်နေသည့်မျက်နှာဖြင့် ရှန်းလျိုရှန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။
သူ့ကို ဝိညာဉ်မှတစ်ဆင့် အသွင်ပြောင်းထားခြင်းဖြစ်သောကြောင့် သူ့လှုပ်ရှားမှုတိုင်းက ပင်မခန္ဓာကိုယ်နှင့် ဆက်နွယ်နေသော်လည်း ပင်မခန္ဓာကိုယ်က မတုံ့ပြန်လျှင် သူကိုယ်တိုင်လွတ်လွတ်လပ်လပ်တွေးတောပြီး ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။
ရှုန်းလျိုရှန့်က ရှုရှင်းချန်ကို မုန့်ထုပ်ပေးလိုက်ချိန်တွင် သူ့စိတ်ထဲမှအတွေးက တစ်စုံတစ်ခု မှားယွင်းသည့်အရာကို လုပ်လိုက်၍ သူ့ရှစ်စွမ်းကို ဒေါသထွက်သွားစေသည်ဟု ခံစားလိုက်ရသည်။ ထိုသို့မဟုတ်ပါက သူ့ကိုပေးမည့်မုန့်ကို အခြားလူတစ်ယောက်အား ပေးလိုက်မည် မဟုတ်ပေ။
ရှုန်းလျိုရှန့်က မုန့်ကိုပေးလိုက်ပြီးသည့်နောက် ဘေးနားကိုလှည့်ကြည့်လိုက်သောအခါ ကျိုးရွှမ်လန်က စိတ်ပျက်လက်ပျက်ဖြစ်မသွားဘဲ ခေါင်းရှုပ်သွားဟန် ဖြစ်နေသည်ကို မြင်လိုက်ရသည်။
သူ စကားတစ်ခွန်းမှ မပြောသော်လည်း အသံတိတ် မေးနေသကဲ့သို့ ခံစားလိုက်ရသည်။
ဘာလို့ တခြားလူကို ပေးလိုက်တာလဲ...
သာမန်အချိန်များတွင်မူ ကျိုးရွှမ်လန်၏မျက်နှာထက်၌ ပျော်ရွှင်မှု၊ ဒေါသထွက်မှုတို့ကို မြင်နေကျဖြစ်ပြီး ဤကဲ့သို့အမူအရာမျိုးကို တစ်ကြိမ်မှ မတွေ့ခဲ့ဖူးပေ။
သူ သတိလက်လွတ်ဖြစ်သွားသည့်ပုံစံက ရှုန်းလျိုရှန့်၏နှလုံးသားကို ဆွဲဆုတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူ ကျိုးရွှမ်လန်၏ဝတ်ရုံလက်ကို လှမ်းဆွဲလိုက်ပြီး ခေါင်းအသာမော့ကြည့်စေလိုက်သည်။
ကျိုးရွှမ်လန်က သူ့လက်ကောက်ဝတ်ကို မသိမသာကိုင်ထားပြီး ခေါင်းငုံ့ကာ မျက်နှာကိုတစ်ဖက်သို့လှည့်လိုက်သည်။
" ဘာဖြစ်လို့လဲ ရှစ်စွမ်း..."
သူ့စကားဆုံးသည်နှင့် နှုတ်ခမ်းပါးတစ်စုံက သူ့အနားကပ်လာသည်။ ပင်လုံးကြိုင်မုန့်ကိုကိုင်ထားသည့် မိတ်ဆွေလေး မကြားစေရန်အတွင် ရှုန်းလျိုရှန့်က အသက်ဖြည်းဖြည်းရှုလိုက်ပြီး တီးတိုးပြောလိုက်သည်။
" ငါမင်းကိုပြောပြမယ် တကယ်တော့ အဲဒီမုန့်လေးက ဘာမှမဟုတ်ပါဘူး... အရသာလည်းမရှိဘူး... ငါဒီညမင်းကို ထျန်းရှင်းမျှော်စင်ခေါ်သွားမယ် အဲဒီကဟင်းတွေက ပိုအရသာရှိတယ်... မင်း စားချင်တာမှန်သမျှ အကုန်ဝယ်ကျွေးမယ်လေ..."
ရှုရှင်းချန် ပါးစပ်အဟောင်းသားဖြစ်နေမိသည်။
ဒီနှစ်ယောက် လူကြားထဲတောင်မရှောင် ပွေ့ဖက်ပြီး စကားပြောနေပါလား...
သူ အလွန်ဒေါသထွက်နေသောကြောင့် မျက်လုံးတစ်ဖက်မှိတ်ထားမိသော်လည်း ခေါင်းမာစွာဖြင့် အခြားတစ်ဖက်ကို ဖွင့်ထားမိသည်။ ရှုန်းလျိုရှန့်၏နှုတ်ခမ်းက အနည်းငယ်လှုပ်ရှားသွားပြီး စကားလုံးအချို့ တီးတိုးပြောလိုက်သည်နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးရွှမ်လန်၏ပုံစံက မြူနှင်းများအကြားမှ ထွက်လာသည့်ပုံစံ ဖြစ်သွားပေသည်။
ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး ပင်လုံးကြိုင်မုန့်ကို ရင်ခွင်ထဲ တင်းနေအောင် ပွေ့ထားလိုက်သည်။
သူ့အမူအရာက ခေါင်းရှုပ်သွားသည့်ဟန် ဖြစ်နေသည်။
သူတို့နှစ်ယောက် ငါ့ဆီက ပင်လုံးကြိုင်မုန့်ကိုလုယူဖို့ ဒါမှမဟုတ် ငါ့ကိုအဆိပ်ခတ်ပြီး ဝမ်းလျှောအောင် လုပ်မလို့ ခိုးတိုင်ပင်နေကြတာများလား... ရှုန်းလျိုရှန့်နဲ့ ကျိုးရွှမ်လန်က ငါ့ကိုတကယ်ကြီး အဲ့လိုလုပ်လောက်တယ်...
ကျွမ့်ယွင်အဆောင်သို့ ပြန်လာသည့်လမ်းတွင် ရှုရှင်းချန်က ပင်လုံးကြိုင်မုန့်ကို အားလုံးကုန်အောင်စားပစ်လိုက်ပြီး သူ့လက်ထဲမှ မုန့်အမှုန်များကိုခါကာ နှုတ်ခမ်းထောင့်များပင့်ပြပြီး အထင်သေးဟန်ဖြင့် နှာမှုတ်လိုက်သည်။
သူ့ရှေ့မှ လူနှစ်ယောက်၏ သဘောထားကျဉ်းမြောင်းသော အတွေးအချို့ကို သူ ဆူပူကြိမ်းမောင်းတော့မည့်အချိန်တွင် သူအတင်းထိုးသိပ်စားထားသောမုန့်က လည်ပင်းတွင် နင်နေသည်။ သူ့ရင်ဘတ်ကို တဗုန်းဗုန်းထုပြီး မသက်မသာဖြစ်နေသည်ကို မနည်းတောင့်ခံထားကာ ပြောလိုက်သည်။
" ကျွန်တော့်ရှေ့မှာ မကောင်းကြံဖို့ တွေးမနေကြနဲ့နော် ကျွန်တော်သိရင် အဟွတ်..."
ရှုန်းလျိုရှန့်က လမ်းဘေးနားရှိ ဈေးဆိုင်လေးမှ လက်ဖက်ရည်တစ်ခွက်ဝယ်လိုက်ပြီး သူ့ခေါင်းကိုကိုင်ကာ မဖိတ်ကျအောင် တိုက်ပေးလိုက်သည်။
" ဘယ်သူမှ မင်းနဲ့လုမစားပါဘူး ဘာလို့ အဲ့လိုမျိုး အလောတကြီးစားလိုက်ရတာလဲ..."
ရှုရှင်းချန် နင်သွားပြီး ခဏအကြာတွင် ပြန်ကောင်းလာသည်။ ကျွမ့်ယွင်အဆောင်သို့ ဆက်လျှောက်လာနေစဉ် သူ ထပ်ပြောလိုက်သည် ။
" ကျွန်တော် အဖွဲ့နှစ်ဖွဲ့ခွဲထားတယ်... ပထမအဖွဲ့က ကျွန်တော်နဲ့အတူ ရှေးဟောင်းစာအုပ်တွေက သဲလွန်စရှာမှာ... ခင်ဗျားကတော့ ဆေးဆက်ဖော်ကြည့်နေလိုက်လေ... ပြီးတော့..."
သူ ကျိုးရွှမ်လန်ကိုကြည့်ပြီး ပြောလိုက်သည်။
" ခင်ဗျား နတ်ဆေးဖော်နေတဲ့အချိန် တခြားလူတွေ ဝင်နှောင့်ယှက်မယ်ဆိုရင်တော့ အဆင်မပြေဘူးထင်တယ်..."
ကျိုးရွှမ်လန်က အနီးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
" ကျွန်တော် ကျင့်ကြံဖို့ နေရာသွားရှာလိုက်ဦးမယ်..."
ရှုန်းလျိုရှန့် : " အဆောင်ထဲမှာ အခန်းတစ်ခန်းရှိတယ်... အဲ့အခန်းထဲက ဝိညာဉ်စွမ်းအင်က အပြင်လောကထက် အဆပေါင်းများစွာ ပိုများတယ်... ငါမင်းကို ခေါ်သွားပေးမယ်လေ..."
နတ်ဆိုးလောက၏ ဝိညာဉ်စွမ်းအင်က အလွန်ပါးလွှာသောကြောင့် ကျင့်ကြံရန်အတွက် မသင့်တော်လှပေ။ သူတို့အဆောင်ထဲတွင် အရပ်မျက်နှာအနှံ့မှ ဝိညာဉ်စွမ်းအင်များကို ဆွဲဆောင်နိုင်သည့် မှော်စက်ဝန်းတစ်ခု ရှိပေသည်။
ရှုန်းလျိုရှန့်က မှော်ကျောက်တုံးတစ်တုံးကိုထုတ်ပြီး မှော်စက်ဝန်းထဲထည့်လိုက်သည်။ မျက်လုံးမှိတ်ထားလျက် တင်ပျဉ်ခွေထိုင်နေသော ကျိုးရွှမ်လန်ကိုကြည့်ကာ သူ့စိတ်ထဲ ဇဝေဇဝါဖြစ်သွားမိသည်။
သူ့အမြင်တွင်မူ ကျင့်ကြံစဉ်အားလုံးထဲတွင် တရားထိုင်ရခြင်းက ပျင်းစရာအကောင်းဆုံးဖြစ်သည်။ ငြိမ်ငြိမ်ထိုင်ပြီး ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအင်များ လှည့်ပတ်အောင် ပြုလုပ်ရမည့်အစား အခြားလူများဖြင့် နေ့နေ့ညညတိုက်ခိုက်ရခြင်းကိုသာ ပိုသဘောကျပေသည်။
ကျိုးရွှမ်လန်က ယမန်နေ့ညကလည်း တစ်ညလုံး တရားထိုင်နေခဲ့ပြီး ယခုအခါတွင်လည်း ကြိုးကြိုးစားစားဖြင့် တရားထိုင်နေပေသည်။
အပြင်ဘက်လမ်းမထက်မှ ဆူဆူညံညံအသံများ ထွက်ပေါ်လာ၍ ရှန်းလျိုရှန့် ပြတင်းပေါက်သွားပိတ်ရန်ပြင်လျက် ပြောလိုက်သည်။
" မင်းဘာလို့ အဲ့လောက်တောင် ဝီရိယာကောင်းနေတာလဲ... နတ်ဆိုးဘုရင်တစ်ယောက်ဖြစ်နေရုံနဲ့တင် တော်တော်လေးစွမ်းအားကြီးနေပါပြီ... မင်းက နတ်ဆိုးလောကတစ်ခုလုံးကိုပါ လွှမ်းမိုးချင်နေတာလား..."
ကျိုးရွှမ်လန်က အသက်ရှုသံကို မှန်မှန်ထိန်းညှိနေလျက် ပြောလိုက်သည်။
" အဲဒါ ရှစ်စွမ်းအတွက်ပါ..."
ရှန်းလျိုရှန့်က တံခါးမပိတ်နိုင်သေးဘဲ သူ့ဘက်လှည့်လာသည်။
" မင်း ဘာပြောလိုက်တာလဲ..."
ကျိုးရွှမ်လန်၏ မျက်တောင်ရှည်များက အောက်စိုက်နေပြီး သူ့အမူအရာက တည်ငြိမ်နေသည်မှာ ပုံမှန်ကိစ္စတစ်ခုကို ပြောလိုက်သည့်ပုံစံအလား ဖြစ်နေသည်။
" ရှစ်စွမ်းအတွက်လို့ ပြောတာပါ..."
ရှန်းလျိုရှန့် ပြတင်းပေါက်ဘေးနားရပ်နေလျက် အေးခဲတောင့်တင်းသွားသည်။ အပြင်ဘက်မှ လေပြင်းများက အခန်းထဲဝင်လာပြီး သူ့မျက်နှာပေါ်သို့ ဆံပင်စများလာရိုက်ချိန်မှသာ အသိစိတ်ပြန်ကပ်သွားတော့သည်။ ထို့နောက် သူ ပြတင်းပေါက်ကိုပိတ်ပြီး ဆေးဖော်သည့်အခန်းသို့သာ တိုက်ရိုက်သွားတော့သည်။
မီးပြင်းဖို၏အောက်ခြေတွင် မီးရောင်ဖျော့ဖျော့ တောက်လောင်နေပြီး တဖျောက်ဖျောက်အသံများလည်း ထွက်ပေါ်နေသည်။ သူ မြက်ခြောက်တစ်ပင်ကိုယူကာ အနံ့ခံကြည့်လိုက်ပြီးနောက် ဆေးဖော်သည့်မီးပြင်းဖိုထဲ ပစ်ထည့်လိုက်သည်။
ဆေးတစ်ဖုံဖော်ရန် အချိန်တစ်နာရီခန့် ကြာမြင့်ပေသည်။ ဝိညာဉ်ဆေးပင်အားလုံးကို ထည့်သွင်းပြီးသောအခါမှသာ ဝိညာဉ်စွမ်းအင်ကိုသုံး၍ အပူချိန်ကိုထိန်းညှိရမည် ဖြစ်သည်။ ရှန်းလျိုရှန့်က မီးပြင်းဖိုကိုကြည့်နေလျက် ကျိုးရွှမ်လန်အစောပိုင်းကပြောလိုက်သည့်စကားများကိုပြန်တွေးကာ အနည်းငယ် အာရုံပျံ့လွင့်နေသည်။
ငါ့အတွက်လို့ပြောလိုက်တဲ့ သူ့ပုံစံက နောက်နေတာနဲ့လည်း မတူဘူး...
ရှန်းလျိုရှန့်၏ မျက်တောင်များ အနည်းငယ်တုန်ယင်သွားပြီး သူ့နှလုံးသားထဲတွင် အတွေးတစ်ခုက တဖြည်းဖြည်းထွက်ပေါ်လာသည်။ သူ အတိတ်က လျစ်လျူရှု့ထားခဲ့သောအရာများက ဤအခိုက်အတန့်တွင် ရုတ်ချည်းပြန်ပေါ်လာပြီး သူ့နှလုံးသားထဲတွင် တိမ်တိုက်များဖြစ်လာကာ မွှေနှောက်နေသည်။
သူ့အတွေးများက ရုတ်ချည်းရှုပ်ထွေးလာတော့သည်။
ထိုအချိန်တွင် မီးပြင်းဖိုထဲမှ ပါဝင်ပစ္စည်းများ ဆူပွက်လာ၍ တပွက်ပွက်အသံများထွက်လာသည်။
ရှန်းလျိုရှန့် အသိစိတ်ပြန်ကပ်သွားပြီး ကြည့်လိုက်သည့်အခါ မီးပြင်းဖိုအောက်ခြေမှ မီးတောက်များက အလွန်တောက်လောင်နေသည်ကို သိလိုက်ရသည်။ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ မီးကိုထိန်းချုပ်သော ဝိညာဉ်စွမ်းအားက အဆပေါင်းများစွာ မြင့်တက်သွားခဲ့ပေသည်။
သူ အမြန်ရပ်တန့်လိုက်သော်လည်း ခြေတစ်လှမ်း နောက်ကျသွားပြီဖြစ်၍ မီးပြင်းဖိုက ဘုန်းခနဲပေါက်ကွဲထွက်သွားသည်။
ကျွမ့်ယွင်အဆောင်တစ်ခုလုံး တုန်ယင်သွား၍ လူတစ်အုပ်စုက သူ့ထံသို့ အလျင်စလိုရောက်ရှိလာကြသည်။
ရှန်းလျိုရှန့်က မျက်နှာမကြည်မသာဖြစ်နေလျက်ဖြင့် တံခါးဘောင်ကိုမှီထားပြီး မျက်ခုံးပင့်ကာ ပြုံးပြလိုက်သည်။
" ငါ မတော်တဆ အပူချိန်မြှင့်လိုက်မိလို့ ပေါက်ကွဲသွားတာပါ အဆင်ပြေတယ်..."
အရမ်းမပြင်းထန်ပါဘူး... ငါ့လက်မောင်းနဲ့ ကျောဘက်ကိုပဲ မီးပြင်းဖိုက အပိုင်းအစတွေ လာစိုက်သွားတာ ဆေးနည်းနည်းလိမ်းလိုက်ရင် အဆင်ပြေမှာပါ...
ကျင်းရှောင်ကျို့က သူ့ဝတ်ရုံပေါ်မှသွေးများကိုမြင်သည်နှင့် ဆေးအမြန်သွားယူသည်။ သူပြန်ရောက်လာသည့်အခါ သွေးစိုနေသည့် အင်္ကျီစက အပိုင်းပိုင်းအစစဖြစ်နေပြီး ကြမ်းပေါ်ကျနေသည်ကို မြင်လိုက်ရသည်။
အစောပိုင်းတွင် အားပါးတရပြုံး၍ သူအဆင်ပြေသည်ဟု ပြောခဲ့သော ရှန်းလျိုရှန့်မှာ ကြာရိုးသဖွယ်ဖြူဖွေးနေသည့် လက်မောင်းကို ဆန့်ထုတ်ထားရပြီး ထိုလက်ကို ကျိုးရွှမ်လန်က ကိုင်ထားကာ ဆေးလိမ်းပေးနေသည်။
နဝမနတ်ဆိုးဘုရင် မျက်လွှာချထားသောကြောင့် သူ့အနီးအနားရှိလေဖိအားက အနည်းငယ်ကျဆင်းနေသည်ဟု ထင်ရသည်။
မူလက ကျင်းရှောင်ကျို့ သူ့ကိုကြောက်ရုံသာကြောက်သော်လည်း ယခုအခါတွင်မူ ကြောက်လန့်တကြားဖြစ်နေ၍ နောက်သို့ ဒယိမ်းဒယိုင်ဆုတ်သွားကာ ချက်ချင်းထွက်ပြေးတော့သည်။
" မင်း ဘာလို့ အသည်းအသန်ပြေးလာတာလဲ..."
ရှုရှင်းချန်က သူနှင့်တိုက်မိသွား၍ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
သူက ရှေးဟောင်းစာအုပ်များ ပို့ဆောင်ပေးရန်အတွင် ယခုလေးတင် နန်းတွင်းသို့စာပို့ အကြောင်းကြားလာခြင်းဖြစ်သည်။ ဆူညံသံများကြားသောကြောင့် အောက်ထပ်သို့ဆင်းလာချိန်တွင် ကျင်းရှောင်ကျို့နှင့် တိုက်မိသွားပြီး သူ့လက်ထဲမှ ဝိညာဉ်ဆေးပင်များကို မြင်သည့်အခါ ရှုရှင်းချန် အလန့်တကြားဖြစ်သွားသည်။
" ဘယ်သူ ဒဏ်ရာရလို့လဲ..."
.....
ရှန်းလျိုရှန့်က သူ့လက်မောင်းမှဒဏ်ရာကိုကြည့်နေမိသည်။ ဆေးလိမ်းထားသောကြောင့် ဒဏ်ရာက ချက်ချင်းသွေးတိတ်သွားပြီး ခဏအတွင်း ပြန်လည်ကောင်းသွားနိုင်ပေသည်။
အေးစက်စက်ဖိအားတစ်မျိုးထုတ်လွှတ်နေသည့် ကျိုးရွှမ်လန်ကို တစ်ချက်ကြည့်ကာ သူ့နှုတ်ခမ်းထောင့်ကို တွန့်ထားလိုက်မိသည်။ ကိုယ်ပွားက အနည်းငယ်ကြမ်းတမ်းခက်ထန်လှသည်ကို ယခင်က သတိမပြုမိခဲ့ပေ။
" ဘယ်နေရာကျန်သေးလဲ..."
ကျိုးရွှမ်လန်က တည်ငြိမ်စွာဖြင့်သာ မေးလိုက်သည်။
" ကျောဘက်မှာ..."
ရှန်းလျိုရှန့် မဝံ့မရဲဖြင့်ပြောလိုက်ခြင်းဖြစ်သည်။ သူ ခုံပေါ်တွင်ထိုင်ပြီး ခန္ဓာကိုယ်ကို ဘေးတစ်ဖက်စောင်း၍ သူ့ဝတ်ရုံအပေါ်ပိုင်းကို ချွတ်လိုက်သည့်အခါ ပခုံးနှင့် ကျောပြင်မှ ခြစ်ရာများ ပေါ်လာတော့သည်။
၎င်းခြစ်ရာများက အလွန်မပြင်းထန်လှသော်လည်း သွေးအနည်းငယ်စို့နေ၍ သူ့အသားအရည်ကို ပိုမိုဖြူဝင်းလာအောင် ပြုလုပ်နေသည်။
ကျိုးရွှမ်လန်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
သူ ဆေးကိုယူလိုက်ပြီးနောက် လက်ချောင်းများက အနည်းငယ်တုံ့ဆိုင်းနေဟန်ဖြစ်သွားကာ ဒဏ်ရာကိုတဖြည်းဖြည်းချင်း လိမ်းပေးနေလိုက်သည်။
လက်ဖျားများဖြင့် အရေပြားကိုထိလိုက်ရုံနှင့်ပင် ချောမွေ့နူးညံ့သော အထိအတွေ့ကြောင့် သူ့တစ်ကိုယ်လုံးပူနွေးလာပြီး ရှန်းလျိုရှန့်ကိုစိုက်ကြည့်နေသော မျက်ဝန်းများက ပိုမိုနက်ရှိုင်းလာသည်။
" ဆေးကို ငါပဲလိမ်းပေးလိုက်မယ်..."
တံခါးနားတွင် မည်သည့်အချိန်ကမှန်းမသိ ရောက်နေသော ရှုရှင်းချန်က သူတို့ကိုစိုက်ကြည့်နေပြီးမှ ရုတ်တရက်အသံပြု၍ အခန်းထဲဝင်လာကာ ကျိုးရွှမ်လန်၏လက်ထဲမှဆေးဘူးကို လုယူလိုက်သည်။
ကျိုးရွှမ်လန် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး ဆေးဘူးကိုပင် ပြန်မလုယူဘဲ အလောတကြီးထထွက်သွားသည်။ သူ တံခါးနားရောက်သည့်အခါမှသာ ရုတ်တရက် ပြန်လှည့်ကြည့်ပြီး ဩရှရှအသံဖြင့် ပြောလိုက်သည်။
" သူက မင်းရဲ့အစ်ကိုနော်..."
ရှုရှင်းချန် စိတ်ရှုပ်သွားရသည်။
" မင်းရဲ့ဆရာရော မဟုတ်ဘူးလား..."
ရှန်းလျိုရှန့်က ထူးဆန်းသောစကားဝိုင်းကို နားထောင်နေပြီး မပြောဘဲ မနေနိုင်တော့ပေ။
" ငါ့ကို အရင်ဆုံး ဆေးလိမ်းပေးပြီးတော့မှ အား..."
ရှုရှင်းချန်က မည်သူ့ကိုမှ ဆေးမလိမ်းပေးဖူးသူဖြစ်၍ ဆေးကို သူ့လက်ပေါ်တင်ပြီး အနာပေါ် ပုတ်ပေးလိုက်သည်။ ရှန်းလျိုရှန့်၏တစ်ကိုယ်လုံး တုန်သွားသည်ကို မြင်သည့်အခါမှ သတိထားမိသွားသည်။
" နာလို့လား..."
အနာကိုဆုတ်ဖြဲလိုက်သကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်လာ၍ ရှန်းလျိုရှန့်၏နှုတ်ခမ်းက မဲ့ရွဲ့သွားသည်။ ဆေးက ဒဏ်ရာကိုပိုဆိုးအောင် လုပ်လိုက်သကဲ့သို့ဖြစ်သွားသည်။
ဒဏ်ရာမှ သွေးများထပ်မံစီးကျလာသည်ကို မြင်သောအခါ ရှုရှင်းချန် ရှက်ရွံ့သွားမိပြီး ဆေးအနည်းငယ် ထပ်လိမ်းပေးရန် ကြိုးပမ်းလိုက်သည်။
" ကျွန်တော် ဒီတစ်ခါ ဖြည်းဖြည်းလိမ်းပါ့မယ်..."
ဤတစ်ကြိမ်တွင်မူ သူ ဂရုတစိုက်ဖြင့် ဆေးကို ငြင်ငြင်သာသာ လိမ်းပေးလိုက်သည်။ သူ့မြင်ကွင်းထဲတွင် နှင်းတမျှဖြူဖွေးသော အသားအရည်က အနီရောင်အလွှာတစ်ထပ် ဖြစ်ပေါ်နေသည်။ ၎င်းက သွေးများမဟုတ်ဘဲ အစောပိုင်းတွင် အားထည့်၍ ဖိလိမ်းလိုက်သောကြောင့် ဖြစ်လာသည့် အနီမှတ်များဖြစ်သည်။
ရှုရှင်းချန် အံ့ဩသွားမိပြီး ပါးပြင်များနီရဲလာ၍ သူ့ပါးသူပြန်ချလိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
" ခင်ဗျား တို့ဟူးတွေပဲစားပြီး ကြီးလာတာများလား... ဘာလို့အဲ့လောက် နုဖတ်နေရတာလဲ..."
ရှန်းလျိုရှန့် လုံးဝ စိတ်ရှုပ်ထွေးသွားရသည်။
နောက်တစ်ချက် အပုတ်ခံရ၍ သူ့ပခုံးများ ကျိုးကြေသွားမည်ကို စိုးရိမ်သောကြောင့် ဝတ်ရုံကို အမြန်ဆွဲတင်လိုက်ပြီး ပြောလာသည်။
" မင်း ဘာဖြစ်နေတာလဲ..."
ရှုရှင်းချန် တံခါးဘက်သို့ကြည့်လိုက်သည့်အခါ မည်သူ့ကိုမှ မတွေ့၍ သူ့ယောက်ဖဆိုသူက ထွက်သွားသည်ဟု ထင်လိုက်မိသည်။
" အစကတော့ ခင်ဗျားကို နတ်ဆိုးဘုရင်က မြှူဆွယ်တယ်လို့ ထင်နေတာ... ဒါပေမဲ့ ကြည့်ရတာတော့ အဲ့လိုမဟုတ်ဘူးထင်တယ်..."
ရှန်းလျိုရှန့် : " ဘယ်လို..."
ရှုရှင်းချန်က ခါးမတ်မတ်ရပ်ပြီး ပြောလိုက်သည်။
" ခင်ဗျား ဒီလိုပုံစံနဲ့ လူတွေရှေ့မှာ နေ့တိုင်းသွားလာနေမှတော့ သူက ခင်ဗျားရဲ့အလှကြောင့် ဆွဲဆောင်ခံရပြီး သဘောကျသွားတာ နေမှာပေါ့..."
ရှန်းလျိုရှန့်က မည်သည့်အလှအကြောင်း ပြောနေသည်ကို မေးရန်ပြင်မည်အပြုတွင် မမျှော်လင့်ဘဲ ကြားလိုက်ရသည့် ဒုတိယစကားတစ်ခွန်းကြောင့် မျက်လုံးအပြူးသားဖြစ်သွားရသည်။
" ဘယ်သူက ငါ့ကိုကြိုက်တာလဲ..."
" ကျိုးရွှမ်လန်ပေါ့..."
ရှန်းလျိုရှန့်က "မဖြစ်နိုင်တာ" ဟူသောစကားဖြင့် ချက်ချင်းတုံ့
ပြန်ရန် ပြင်လိုက်မိသည်။ သို့ရာတွင် ကျိုးရွှမ်လန်၏ "ရှစ်စွမ်းကြောင့်" ဟူသည့်စကားကို တွေးမိသောအခါ ထိုစကားလုံးကို မျိုချလိုက်မိသည်။
သူ့အသံက အလွန်တိုးလျနေသည်။
" ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ..."
အဲဒါက ကျိုးရွှမ်လန်လေ...