အပိုင်း ၈၄
Viewers 23k

Chapter 84



" ဒါပေမဲ့  မဖြစ်နိုင်ဘူးလေ..."


အဲဒါက ကျိုးရွှမ်လန်လေ...


မူရင်းဝတ္ထုထဲတွင်ပင် စုပိုင်ချယ့်က ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ချစ်မြတ်နိုးခံရသူဖြစ်ခဲ့သော်လည်း ကျိုးရွှမ်လန်က " သဘောကျသည်" ဟူသော စကားလုံးမျိုးကို မဖော်ပြခဲ့၍ ကျိုးရွှမ်လန်က အရာအားလုံးကို သဘောကျတတ်သူတစ်ယောက်ဖြစ်သည်ဟုသာ အမြဲခံစားခဲ့ရသည်။


ရှုရှင်းချန်:  " ခင်ဗျား မယုံနိုင်ဖြစ်နေတာလား..."


ရှန်းလျိုရှန့်၏စိတ်ထဲ ရှုပ်ထွေးနောက်ကျိလာမိသည်။

" ယုံတယ် မယုံဘူးဆိုတာထက် ဒါမျိုးကိုမမေးသင့်ဘူးလို့ထင်တာ..."


တကယ်ပဲ အဲ့ဒါအမှန်ဖြစ်နေရင် ကျိုးရွှမ်လန်က ဆရာကို မလေးမစားလုပ်တာပဲ...


ငါကလည်း ဘိုးဘေးတွေကို အရှက်ရစေတာပဲ...


ရှုရှင်းချန်က မေးထောက်ပြီး ခဏစဉ်းစားနေသည်။

" မယုံဘူးဆိုရင် စစ်ဆေးကြည့်လိုက်ပေါ့ အဲဒါဆို သိရမှာပဲလေ..."


ရှန်းလျိုရှန့်က သူ့ကို အလန့်တကြားကြည့်လိုက်သည်။ 

" ဘာကိုစစ်ဆေးရမှာလဲ..."


ရှုရှင်းချန်က သူ့အနားကပ်ပြီး လုပ်ဆောင်ရမည်များကို တန်းစီပြောပြလာသည့်အခါ ရှန်းလျိုရှန့် အံ့အားသင့်သွားမိသည်။

" မင်း ဘယ်လိုလုပ် အဲဒါမျိုးအကြံ ရလာတာလဲ..."


ရှုရှင်းချန် : " ဇာတ်လမ်းစာအုပ်တွေထဲကလေ..."


ရှန်းလျိုရှန့် : " မင်း အဲဒါမျိုးတွေ ဖတ်နေတုန်းလား..."


ရှုရှင်းချန်က သူ့ကိုတစ်ချက်ကြည့်ပြီး မျက်ခုံးပင့်ပြလိုက်သည်။


" ခမည်းတော်က ခင်ဗျားစီကနေ ဇာတ်လမ်းစာအုပ်တွေအများကြီး သိမ်းထားတာလေ... ကျွန်တော် စပ်စုချင်တာနဲ့ တစ်ခါခိုးဖတ်ကြည့်ကာ အကုန်လုံးက ပျင်းစရာကောင်းပြီး အပေါစားတွေနဲ့တူတယ်... ဒါပေမဲ့ ခင်ဗျား ဘာကိုအရမ်းကြိုက်နေမှန်းမသိတော့ ကျွန်တော် ထပ်ပြီးတော့ ခိုးဝယ်ဖတ်ကြည့်သေးတယ်... ဒါပေမဲ့ သေချာတွေးကြည့်တော့မှ အပေါစားဖြစ်နေတာ စာအုပ်တွေမဟုတ်ဘဲ ခင်ဗျားဖြစ်နေတယ်လို့ သိလိုက်ရတာ..."


ရှန်းလျိုရှန့် : "..."


ရှုရှင်းချန်က ပိုးပဝါတစ်ထည်ထုတ်ပြီး သူ့လက်ပေါ်မှဆေးများကိုသုတ်လိုက်သည်။


" ဒါဆို အဲ့လိုပဲ လုပ်ကြမယ်နော်... ကျွန်တော် ချက်ချင်းပဲစီစဉ်လိုက်တော့မယ်..."


ရှန်းလျိုရှန့် သူ့ကိုတားမြစ်လိုသော်လည်း သူ့နှလုံးသားထဲတွင် ယားကျိကျိဖြစ်နေ၍ ပါးစပ်ဟလိုက်သည်နှင့် စကားလုံးများက ပြောင်းလဲသွားတော့သည်။


" ငါ အဲဒီလို ပြောဖို့ပဲ လိုတာမလား..."


ရှုရှင်းချန် : " မစိုးရိမ်ပါနဲ့ ကျန်တဲ့ကိစ္စတွေကို ကျွန်တော်ကိုင်တွယ်လိုက်မယ်..."


.....


နေ့လယ်ခင်းတွင် ရှန်းလျိုရှန့်က ဆေးဖော်လိုစိတ်မရှိတော့၍ ခြံဝင်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။ တဖြည်းဖြည်း မှောင်ရီပျိုးလာသည့်အခါမှသာ တွန့်ဆုတ်စွာဖြင့် ကျိုးရွှမ်လန် တရားထိုင်နေသည်ကို ဆွဲခေါ်ထုတ်လာသည်။


" ငါမင်းကို ထျန်းရှန်းမျှော်စင်လိုက်ပို့ပေးမယ်လို့ ပြောထားတယ်လေ..."


ကျိုးရွှမ်လန်က သူတို့နှစ်ယောက်တည်းသာသွားမည်ဟု ထင်လိုက်သော်လည်း သူတို့ရောက်သည့်အခါ ရှုရှင်းချန်က စောစောရောက်နေပြီး မြေညီထပ်မှ ထောင့်တစ်နေရာတွင် စားပွဲတစ်လုံးကြိုယူထားသည်ကို တွေ့လိုက်ရသည်။


သူ မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုထူးဆန်းနေကြောင်း သတိပြုမိလိုက်သည်။


ယျေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် မျိုးရိုးအဆင့်အတန်းမြင့်ပြီး ရာထူးရာခံရှိသူများက သီးသန့်အခန်းများ ငှားနိုင်ပေသည်။ မြေညီထပ်ရှိ ခန်းမဆောင်က စားပွဲများစွာဖြင့်ရှိနေပြီး ယခုကဲ့သို့အချိန်မျိုးတွင် စားပွဲများက ပြည့်သိပ်နေကာ ဆူညံသံများက လမ်းမပေါ်အထိ ကြားနိုင်ပေသည်။ အပေါ်ထပ်ရှိသီးသန့်ခန်းများက မြေညီထပ်နှင့် အလွန်ကွာခြားလှသည်။


သို့ရာတွင် ရှန်းလျိုရှန့်၏မျက်နှာက အမူအရာမဲ့နေသည်ကို မြင်လိုက်ရသောအခါ သူ များများစားစား မတွေးတော့ပေ။ 


ကျိုးရွှမ်လန် ထိုင်လိုက်သည်နှင့် လူပေါင်းများစွာ၏ အာရုံစိုက်မှုက သူ့ထံရောက်လာသည်။


မဟာနတ်ဆိုးတစ်ယောက်၏အော်ရာ အခြားသော နတ်ဆိုးကျင့်ကြံသူများကို ကြောက်ရွံ့စေ၍ သူတို့အမူအရာများက လေးစားထိတ်လန့်သည့်ပုံစံမျိုး ပြသလာသည်။


တစ်ခဏအတွင်း ခန်းမထဲမှ လေထုအခြေအနေက လေးနက်သွားသည်။


ကျိုးရွှမ်လန်တို့၏ဘေးနားမှ စားပွဲတွင်လည်း နတ်ဆိုးများ ရှိနေပေသည်။ သို့ရာတွင် ထိုခုံ၌ထိုင်နေသည့် အမျိုးသားနှင့် အမျိုးသမီးက ဖိအား၏သက်ရောက်မှုကို မခံစားရဘဲ သူတို့အချင်းချင်း ကလူကျီစယ်နေကြသည်။


ရှန်းလျိုရှန့်က ခန်းမဘက်ကို ကျောပေးထိုင်လိုက်ပြီး မျက်နှာဖုံးကိုချွတ်ကာ ဟင်းပွဲများဖြင့်ပြည့်နေသည့်စားပွဲကိုကြည့်ပြီး တူကောက်ကိုင်လိုက်သည်။

" အရင်စားကြတာပေါ့..."


သူ့စကားဆုံးသည်နှင့် ခြေထောက်ကို လှမ်းကန်ခံလိုက်ရသည်။


ကျိုးရွှမ်လန်က သူ့ကိုကြည့်ပြီး အမူအရာက အေးခဲတောင့်တင်းသွားသည်။

" ရှစ်စွမ်း ဘာဖြစ်လို့လဲ..."


ရှန်းလျိုရှန့်က သူ့ကိုဒေါသတကြီးကြည့်နေသည့် ရှုရှင်းချန်ကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် တူပြန်ချထားလိုက်ပြီး ကျိုးရွှမ်လန်၏ရှေ့မှ စားကောင်းသောက်ဖွယ်များကိုကြည့်ကာ ပြောလိုက်သည်။


သူ ချောင်းဟန့်လိုက်ပြီး ကျယ်လောင်စွာပြောလိုက်သည်။

" ငါ စားချင်..."


" ဟေး လူကြီးမင်း လူကြီးမင်းရှန်း..."

အနောက်ဘက်မှ တအံ့တဩခေါ်သံတစ်သံ ထွက်ပေါ်လာသည်။


လော့ယွီက ထောင့်တစ်နေရာတွင်ထိုင်နေသော ပုံရိပ်တစ်ခုကိုမြင်လိုက်၍ အပေါ်ထပ်သို့မတက်ဘဲ အမြန်ပြန်ဆင်းလာသည်။


မူလက သူတစ်ယောက်တည်း အထီးကျန်စွာ လာရောက်စားသောက်ရ၍ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။ ထောင့်တစ်နေရာတွင်ထိုင်နေသည့် လူသုံးယောက်ကိုမြင်သောအခါ သူတို့နှင့်အတူ စားချင်စိတ်ဖြစ်ပေါ်လာရသည်။ သို့ရာတွင် သူက လက်အောက်ငယ်သားတစ်ယောက်ဖြစ်၍ နတ်ဆိုးဘုရင်နှင့် တစ်စားပွဲတည်း မထိုင်နိုင်သောကြောင့် ရှန်းလျိုရှန့်ကို အကူအညီတောင်းခံသည့် အကြည့်လေးဖြင့် ကြည့်နေသည်။


ရှန်းလျိုရှန့်၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ ပုံမှန်အချိန်တွင်မူ လော့ယွီကိုခေါ်ရန်က သူ့အတွက် ပြဿနာမဟုတ်သော်လည်း နောက်ပိုင်းတွင် သူ အလေးအနက်ထားလုပ်ဆောင်ရမည့် ကိစ္စအချို့ရှိနေသည်။ အကြိမ်ပေါင်းများစွာ တွန့်ဆုတ်နေပြီးသည့်နောက်တွင် သူပြောလိုက်သည်။


" နေရာလွတ်ရှိနေတာပဲ မင်းလည်းလာထိုင်လေ..."


လော့ယွီ အပျော်လွန်သွားခဲ့သည်။ ကျိုးရွှမ်လန်၏မျက်နှာကို ဂရုတစိုက်ကြည့်လိုက်သည့်အခါ မကျေမနပ်ဖြစ်နေပုံမရ၍ စိတ်အေးလက်အေးဖြင့် ခုံတွင် ဝင်ထိုင်လိုက်သည်။ သို့သော် စားပွဲမှ လူတစ်ယောက်ကမှ တူကိုမကိုင်ထားကြသည့်အရ ဘာလုပ်ရမည်မသိ ဖြစ်သွားတော့၏။


" စား စားကြမလား..."


ရှန်းလျိုရှန့်က ခေါင်းညိတ်ပြလိုက်ပြီး ရှေ့ဆုံးမှဦးဆောင်၍ တူကိုကိုင်လိုက်သည်။ သူ့ပါးစပ်ထဲသို့ ထမင်းထည့်တော့မည့်အချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ်လှုပ်ခါသွားပြီး ခုံကလှုပ်ရှားလာသည်။


ရှုရှင်းချန်၏ မျက်စောင်းက သူ့ထံသို့ ဒိုင်းခနဲရောက်လာသည်။


ရှန်းလျိုရှန့်က ထမင်းတစ်လုတ်စားလိုက်ပြီးနောက် သူ့အကြည့်က ကျိုးရွှမ်လန်အပေါ်ကျရောက်သွားကာ ပန်းကန်တစ်ချပ်ကို သူ့ရှေ့တိုးပေးလိုက်သည်။ သူ ပါးစပ်ဟလိုက်သည့်အချိန်တွင်မှ ကျိုးရွှမ်လန် သဘောပေါက်သွားတော့သည်။


" ရှစ်စွမ်း ငါးမန်းတောင် စားချင်လို့လား..."


သူ့လက်ဆန့်ထုတ်ပြီး ပန်းကန်ကို ပြန်တိုးပေးရန် ပြင်လိုက်သည်။


ရှန်းလျိုရှန့်က သူ့ကိုတားမြစ်လိုက်သည်။

" မဟုတ်ဘူး..."


ကျိုးရွှမ်လန်က ခေါင်းရှုပ်သွားဟန်ရပြီး ရှန်းလျိုရှန့်ကလည်း သူ့ကိုကြည့်၍ ရဲဆေးတင်ပြီး ပြောလိုက်သည်။


" ငါ စားတော့စားချင်တယ် ဒါပေမဲ့ မင်း..."


" မြို့အရှင်..."


ရှန်းလျိုရှန့် စကားမဆုံးသေးမီမှာပင် ထပ်မံနှောင့်ယှက်ခံလိုက်ရပြန်သည်။


ခန်းမထဲရှိလူအားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ဝမ်ရမ်ချင် ထျန်းရှန်းမျှော်စင်ထဲသို့ ဝင်ရောက်လာသည်နှင့် အားလုံးက မတ်တပ်ထရပ်ပြီး တရိုတသေဖြင့် အရိုအသေပြုကြသည်။


ဝမ်ရမ်ချင်က ခေါင်းညိတ်ပြလိုက်ပြီး ထောင့်တွင်ထိုင်နေသည့် ပုံရိပ်တစ်ခုကိုလှမ်းကြည့်ကာ လျှောက်လာသည်။


ကျိုးရွှမ်လန်၏မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွားသည်။ လော့ယွီကမူ ကြောက်စရာကောင်းသည့် ရန်သူတစ်ယောက်ကို ရင်ဆိုင်လိုက်ရသည့်သဖွယ် သူ့မျက်နှာထက်မှ သတိရှိမှုကို မဖုံးကွယ်နိုင်ပေ။ 


" ကြည့်ရတာ ငါ့အတွက် နေရာမရှိတော့ဘူးထင်တယ်..."


ဝမ်ရမ်ချင်က နောင်တရသွားဟန် ပေါ်သည်။


ရှန်းလျိုရှန့်က ခေါင်းတဆတ်ဆတ်ညိတ်ပြီး ပြောလိုက်သည်။


" အားနာစရာပဲ စားပွဲက လူလေးယောက်ပဲ ထိုင်လို့ရတာဆိုတော့ ကြည့်ရတာ သတ္တမနတ်ဆိုးဘုရင်က တခြားနေရာတစ်ခု ရှိရတော့မယ်ထင်တယ်..."


သို့ရာတွင် ရှန်းလျိုရှန့်စိတ်ထဲ အမှန်တကယ်ပြောနေသည်မှာ - 

မြန်မြန်ထွက်သွား အပျော်သဘောနဲ့ ငါတို့ဆီကို မလာနဲ့တော့...


" တခြားနေရာတစ်ခု ရှာစရာမလိုပါဘူး..."


ဝမ်ရမ်ချင် ပြုံးလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့လူတစ်ယောက်က ခုံတစ်လုံးသယ်လာသည်။


" နေရာမရှိဘူးဆိုရင် ရှိအောင်လုပ်လိုက်လို့ရတာပဲ..."


သူ စားပွဲဝိုင်းတွင် အတင်းဝင်ထိုင်လိုက်သည်နှင့် လေထုအခြေအနေက တည်ငြိမ်မနေတော့ဘဲ ထူးဆန်းပြီး ကြောက်စရာကောင်းလာပေသည်။


ထျန်းရှန်းမျှော်စင်တွင် စားသောက်နေကြသည့် ဧည့်သည်များက သူတို့တူများကိုချလိုက်ပြီး မျက်လုံးတိုင်းကလည်း ထိုစားပွဲရှိရာသို့ ရောက်သွားသည်။ ဖြစ်ပျက်နေသည့်အရာများကို အတိအကျ မသိကြသော်လည်း သူတို့စိတ်ထဲ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိသည်။


အမည်မသိ နတ်ဆိုးတစ်ကောင်(ကျိုးရွှမ်လန်ကိုပြောကြတာပါ) က မြို့အရှင်၏ရှေ့တွင် ရှိနေရသော်လည်း အမူအရာပြောင်းလဲခြင်းမရှိပေ။ သူက သာမန်လူတစ်ယောက်မဟုတ်သည့်အပြင် နတ်ဆိုးဘုရင်နီးပါး ခွန်အားကို ပိုင်ဆိုင်ထားပေသည်။

[ မြို့သားတွေက ကျိုးရွှမ်လန်ကို နဝမနတ်ဆိုးဘုရင်မှန်း မသိကြတဲ့အပြင် အခုက သူ့ကိုယ်ပွားဖြစ်နေလို့ နတ်ဆိုးဘုရင်နီးပါးခွန်အားကို ပိုင်ဆိုင်ထားတဲ့ အမည်မသိ နတ်ဆိုးလို့ ထင်နေကြတာပါ ]


ဤအဆင့်ရှိသော နတ်ဆိုးမျိုးကို သာမန်အချိန်တွင် မြင်တွေ့ရရန် အလွန်ခဲယဉ်းလွန်းသည်။ သို့ရာတွင် ယနေ့၌ စွမ်းအားကြီး နတ်ဆိုးနှစ်ယောက်က ထမင်းစားပွဲတစ်ခုတည်း တူတူ‌ထိုင်နေသည်ကို မြင်လိုက်ကြရပေသည်။


ထူးဆန်းတယ် အရမ်းကို ထူးဆန်းနေတယ်...


ရှုရှင်းချန်ကမူ နတ်ဆိုးကြီး နတ်ဆိုးငယ်များသာမက စားပွဲတွင် လူမည်မျှလာထိုင်သည်ကို ဂရုမစိုက်ပေ။ သူ့ဦးတည်ချက်က အလွန်ခိုင်မာနေသောကြောင့် ရှန်းလျိုရှန့်၏ထိုင်ခုံကိုသာ ဆက်တိုက်ကန်နေသည်။


ဒီလောက်လူတွေ အများကြီးရှိနေတာကို သူ ဘာလို့ တစ်ခွန်းမှ မဟတာလဲ...


ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး စားပွဲကိုကန်နေခြင်းက အသုံးမဝင်ဟု ထင်လိုက်၍ စိတ်ထဲမှ လှမ်းပြောလိုက်သည်။


" မြန်မြန်ကြိုးစားကြည့်လေ... အခွင့်အရေးကို လက်လွတ်သွားလို့ မဖြစ်ဘူး ကျွန်တော် သေချာစီစဉ်ထားရတာကို..."


ရှန်းလျိုရှန့်က တောင့်တင်းနေသည့်အမူအရာဖြင့် စိတ်ထဲမှ ပြန်ဖြေလိုက်သည်။

" နောက်မှလုပ်ရအောင်..."


ရှုရှင်းချန် : " အစ်ကိုတော်က ကြောက်နေတာထင်တယ်... တကယ်လို့ သူခင်ဗျားကို တကယ်ကြီးကြိုက်နေတာဆိုရင် ဆရာတပည့်ဆက်ဆံရေးက အဆုံးသတ်သွားပြီလေ... အဲဒါဆို တစ်ယောက်နဲ့တစ်ယောက် သေတဲ့အထိ အဆက်အသွယ်မလုပ်... နေဦး နေဦး မဟုတ်သေးဘူး..."


ရှုရှင်းချန်က ရုတ်ချည်းပျာယာခတ်သွားပြီး အမူအရာက ပြောင်းလဲသွားကာ ပြောလိုက်သည်။


" ထားလိုက်ပါတော့... သူ ခင်ဗျားကို မကြိုက်တာလည်းဖြစ်နိုင်တယ် မလုပ်ကြည့်နဲ့တော့..."


သူ့စကားဆုံးသည်နှင့် ရှန်းလျိုရှန့်၏ ဇာမဏီမျက်ဝန်းများက တဖျတ်ဖျတ်ခတ်သွားပြီး ကျိုးရွှမ်လန်ကို လှမ်းကြည့်လိုက်သော အကြည့်ထဲတွင် အမည်မသိခံစားချက်အချို့ ပါဝင်နေသည်ကို သတိပြုမိလိုက်သည်။


" ငါ ငါးမန်းတောင် စားချင်တယ်..."


ကျိုးရွှမ်လန်က သူ့ရှေ့သို့ ဟင်းပန်းကန်ချပေးလိုက်သော်လည်း ရှန်းလျိုရှန့်က လုံးဝမလှုပ်ရှားဘဲ ဟင်းပွဲကို စိုက်ကြည့်နေသည်။


ဝမ်ရမ်ချင်က မျက်လုံးများမှေးကျဉ်းလိုက်ပြီး ငါးမန်းတောင်တစ်ခုကို ယူပြီး ရှန်းလျိုရှန့်၏ပန်းကန်လုံးထဲ ထည့်ပေးတော့မည့်အချိန်တွင် အသံတစ်သံကို ကြားလိုက်ရသည်။


" မင်း ငါ့ကိုကျွေးလေ..."


ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်။


ဝမ်ရမ်ချင်၏မျက်နှာက မည်းမှောင်သွားပြီး အခြားလူများ၏ အမူအရာများလည်း ပြောင်းလဲသွားသည်။


လော့ယွီက အလွန်ထိတ်လန့်သွားသောကြောင့် စကားမပြောနိုင်တော့ပေ။ သူက ဝမ်ရမ်ချင်ကို သတိထားနေသူဖြစ်၍ ရင်တုန်လာသည်။ သို့ရာတွင် ရှန်းလျိုရှန့်ကမူ အလွန်တည်ငြိမ်နေပြီး သူ့အရှင်ကိုပါ ခွံ့ကျွေးခိုင်းနေသည်။


အဲဒါက အရှင့်ရဲ့ဝိညာဉ်နော် လူကြီးမင်းရှန်းရေ...


ရှန်းလျိုရှန့်က စကားဆုံးသည်နှင့် သူကိုယ်တိုင်က အရေထူသူဖြစ်သော်လည်း တောင့်မခံနိုင်ဖြစ်သွားမိသည်။ သူ၏ ချောမောသော မျက်နှာလေးထက်တွင် နီရဲတွတ်လာပြီး ကျိုးရွှမ်လန်ကို မျက်လုံးရွဲကြီးများဖြင့် ကြည့်နေလိုက်သည်။


ကျိုးရွှမ်လန် ခဏတာ အံ့အားသင့်သွားမိပြီး သူ့အလိုလို တူကိုကိုင်ကာ ပန်းကန်ထဲမှ အကောင်းဆုံးငါးမန်းတောင်ကို လှမ်းယူလိုက်သည်။


ကျွန်တော်လည်း ရှစ်စွမ်းကို ကျွေးမလို့စဉ်းစားနေတာပါပဲ...


ထိုအချိန်တွင် အနောက်ဘက်မှနေ၍ အမျိုးသားနှင့် အမျိုးသမီးတစ်ယောက်၏ စက်ဆုပ်စရာအသံများ ထွက်ပေါ်လာသည်။


" ရှင် ကျွန်မကို ခွံ့မကျွေးဘူးဆိုရင် တကယ်မချစ်လို့ပဲနော် ဟွန်း ~ " 


" ဟေး ဟေး အဲ့လိုမဟုတ်ပါဘူး ငါမင်းကို အဆတစ်ထောင် တစ်သောင်းလောက် ချစ်တာမို့ ခွံ့ကျွေးပါ့မယ် ..."


ကျိုးရွှမ်လန် ရုတ်ချည်း မျက်လုံးအပြူးသားဖြစ်သွားကာ သူ့စိတ်ထဲ လျှပ်စီးတစ်ချက်လက်သွားသည်။ အကြောင်းစုံကို သဘောပေါက်သွားသောကြောင့် တူကိုင်ထားသည့် သူ့လက်များ အနည်းငယ်တုန်လာသည်။


ရှန်းလျိုရှန့်က ထိုစုံတွဲကို လှမ်းကြည့်နေပြီးနောက် ရှုရှင်းချန်ကို လှမ်းကြည့်လိုက်သည့်အခါ သူကလည်း လန့်ဖျပ်သွားပြီး သူ့အကြံအစည်များပါ တစ်ခဏတွင်းချင်း ပျောက်ဆုံးသွားဟန်ရသည်။


ဒါက ကျိုးရွှမ်လန်ကိုစမ်းသပ်မယ့် နည်းလမ်းတဲ့လား...


ဒါက ရှုရှင်းချန်ရဲ့ အပြစ်အနာအဆာမရှိတဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ်ကြီးပေါ့လေ...


မင်း ငါ့ကို နောက်နေတာလား...


စကားနှစ်ခွန်းကိုသာ ထပ်ခါတလဲလဲ ပြောနေကြသည့် အမျိုးသားနှင့် အမျိုးသမီးတို့၏အသံမှလွဲ၍ စားသောက်ဆိုင်ခန်းမ‌ထဲတွင် အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သည့်အသံမှ မကြားရတော့ပေ။ 


ရှန်းလျိုရှန့် နှုတ်ခမ်းမဲ့သွားပြီး မတ်တပ်ထရပ်၍ ဝတ်ရုံလက်များကိုခေါက်ကာ ကျိုးရွှမ်လန်၏လက်ထဲမှ တူကိုယူ၍ ပြောလိုက်သည်။


" ရှုရှင်းချန် ပါးစပ်ဟ..."


ရှုရှင်းချန်က စိုးရိမ်ပူပန်မှုများထဲတွင် နစ်မြုပ်နေဆဲဖြစ်သည်။ အကယ်၍ ရှန်းလျိုရှန့်က နတ်ဆိုးဘုရင်အပေါ် အမှန်တကယ်စိတ်ဝင်စားနေခဲ့ပါက ဤကိစ္စက မတော်တဆဖြစ်ခြင်း မဟုတ်နိုင်တော့ပေ။ 


သူ အဆုံးထိတိုင်အောင် ဂရုတစိုက်စီစဉ်ထားသော်လည်း သူ့ကိုယ်သူ ကျောက်ခဲဖြင့် ပြန်ပစ်ခံလိုက်သကဲ့သို့ ခံစားလိုက်ရသည်။


ရှန်းလျိုရှန့် သူ့ကိုခေါ်လိုက်ချိန်မှသာ အသိစိတ်ပြန်ကပ်လာပြီး ခေါင်းမော့၍ပြောလိုက်သည်။


" ဘာလဲ ဟမ်..."


သူ ပါးစပ်ဟလိုက်သည့်အခါ ငါးမန်းတောင်လေးတစ်ခု သူ့ပါးစပ်ထဲ ထိုးထည့်ခံလိုက်ရသည်။


ရှုရှင်းချန် မျက်လုံးအပြူးသားဖြစ်သွားပြီး သူ့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသည့်အမူအရာမျိုး ဖြစ်ပေါ်လာသည်။


ဘာလို့ ငါ့ကို လာခွံ့ကျွေးနေတာလဲ...


သူက ငယ်စဉ်ကလေးဘဝတည်းက သူကိုယ်တိုင်စားသောက်ခဲ့သူဖြစ်ပြီး မည်သူကမှ သူ့ကိုခွံ့ကျွေးရန် မလိုအပ်ခဲ့ပေ။ ယခု လူကြီးဖြစ်လာသည့်အချိန်မှ သူ့အစ်ကိုတော်က ခွံ့ကျွေးနေရသည်ဟူသော သတင်းပျံ့နှံ့သွားခဲ့ပါက နန်းတော်မှ မင်းသားလေး၏ ဂုဏ်သိက္ခာက ကျဆင်းသွားလိမ့်မည်ဖြစ်သည်။


အရပ်မျက်နှာအနှံ့မှ ကျရောက်လာသည့် အကြည့်များကြောင့် ရှုရှင်းချန်၏မျက်နှာတစ်ခုလုံး နီရဲလာ၍ လက်ကိုင်ပဝါတစ်ထည်ကိုထုတ်ပြီး ထွေးထုတ်ရန် ပြင်လိုက်သည်။


ရှန်းလျိုရှန့်က နှုတ်ခမ်းထောင့်ကိုတွန့်လိုက်ပြီး သူ့တို့ဘေးစားပွဲမှ စကားများကို တုပ၍ပြောလိုက်သည်။


" ဟေး ဟေး ငါက ငါ့ရဲ့ဒုတိယညီလေးကို အဆတစ်ထောင် အဆတစ်သောင်းလောက် ချစ်တာမို့ ခွံ့ကျွေးတာလေ ..."


ရှုရှင်းချန် နင်သွားပြီး ခုံကိုမှီ၍ ရှန်းလျိုရှန့်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေလိုက်သည်။


ဒီလိုစကားတွေကို လူကြားထဲပြောတာ တော်တော်အရှက်မရှိတာပဲ...


" ခင်ဗျား ခင်ဗျား..."


လက်ကိုင်ပဝါကိုကိုင်ထားသည့်လက်က တဆတ်ဆတ်တုန်ယင်လာပြီး သူ့နားရွက်ဖျားများလည်း နီရဲလာကာ ခံတွင်းထဲတွင်လည်း ငါးမန်းတောင်ဖြင့်ပြည့်နေသောကြောင့် ခဏကြာသည်အထိ စကားမပြောနိုင် ဖြစ်သွားရသည်။


ရှန်းလျိုရှန့်က ဆက်ပြောသည်။

" မျိုချလိုက်နော်... စားလိုက်မယ်ဆိုရင် အစ်ကိုကြီးကိုချစ်လို့... မစားရင်တော့ အစ်ကိုကြီးကို မချစ်လို့ပဲ..."


ရှုရှင်းချန်က စကားတစ်ခွန်းမှမပြောဘဲ လက်ကိုင်ပဝါဖြင့်အုပ်ထားပြီး ထွေးထုတ်ရန်ပြင်လိုက်သည်။ ရှန်းလျိုရှန့်က သူ့ကိုအမြန်တားလိုက်သောကြောင့် မတတ်နိုင်ဘဲ မျိုချလိုက်ရတော့သည်။


အဆုံးတွင်မူ ရှန်းလျိုရှန့်က အလွန်ဝမ်းသာသွားသည့်ပုံဖြင့် သူ့ကျောပြင်ကို ပုတ်ပေးနေသည်။


" မင်းရဲ့ ခံစားချက်တွေကိုဖော်ပြဖို့ အလောမကြီးပါနဲ့

... မင်းရဲ့စိတ်ကို ငါနားလည်ပါတယ်... မင်းနဲ့ငါ ဒီလိုသင့်မြတ်နေတာကို ခမည်းတော်သာတွေ့ရင် ကျိန်းသေပေါက် ဝမ်းသာသွားမှာပဲ..."


ရှုရှင်းချန် ထမင်းစားပွဲကို မမှောက်မိအောင် မနည်းထိန်းထားရသည်။


မဟုတ်ဘူး... အရှက်မဲ့လိုက်တာ... ငါ့ရဲ့ဘယ်စိတ်ကို နားလည်နေတာလဲ...