Chapter 85
အဆုံးတွင် သူ ထမင်းတစ်နပ်ပင် ထိုင်မစားနိုင်တော့ပေ။ စိတ်ဆိုးမာန်ဆိုးဖြင့် ဝိညာဉ်ကျောက်တုံးကိုထုတ်ပြီး ငွေရှင်းကာ အားလုံးကို လျစ်လျူရှု့ပစ်ပြီး ကျွမ့်ယွင်အဆောင်သို့ ပြန်သွားခဲ့သည်။
ရှန်းလျိုရှန့်ကလည်း ကျိုးရွှမ်လန်ကို ဝိညာဉ်စွမ်းအင်လွှဲပြောင်းပေးရန် ပြန်ခေါ်သွားသောကြောင့် လော့ယွီက သူတို့နောက်မှ ကပ်လိုက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ရမ်ချင်တစ်ယောက်တည်းသာ ဟင်းပွဲများဖြင့်ပြည့်နေသော စားပွဲတွင် ကျန်ရစ်ခဲ့သည်။
သူက မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့သည့်အတိုင်း တူကိုကိုင်၍ ဟင်းပွဲများက်ို တဖြည်းဖြည်းချင်းစားနေသည်။
သူ့နောက်မှလူက အလျင်အမြန်ပြောလိုက်သည်။
" မြို့အရှင် ဟင်းတွေက နည်းနည်းတောင်အေးနေပြီ ကျွန်တော် အသစ်ပြန်ပြင်ခိုင်းလိုက်ရမလား..."
ဝမ်ရမ်ချင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ရတယ် အဲလိုလုပ်စရာ မလိုပါဘူး..."
သူ့နောက်မှလူများကို နောက်ဆုတ်နေရန် အချက်ပြလိုက်ပြီး ဟင်းပွဲအားလုံးကို မြည်းစမ်းကြည့်နေသည်။ ယခုအချိန်တွင် သူ့ပုံစံက စားချင်သောက်ချင်စိတ် ရှိနေပုံရသည်။
၎င်းကိုမြင်သည့်အခါ ခန်းမထဲမှ အခြားလူများက စိတ်အေးလက်အေးဖြစ်သွားပြီး အသံတိုးတိုးဖြင့် တီးတိုးပြောနေကြသည်။
" ခုနကလူက သခင်လေးရှန်းယွီမလား..."
" သူမှသူပဲ... ငါ သူ့ကိုရက်ပိုင်းလောက်မတွေ့ရတော့ ချီလင်မြို့ကနေ ထွက်သွားပြီလို့တောင် ထင်နေတာ... သခင်လေးရှန်းယွီက တဖြည်းဖြည်းပိုလှလာတာပဲ..."
" ငါ သခင်လေးရှန်းယွီရဲ့ ပုံတူကို ရှာမရလို့ တော်တော်လေး ဝမ်းနည်းနေတာ သူ့ကို ဒီမှာတွေ့ရမယ်လို့တောင် မထင်ထားဘူး... လူအစစ်က ပုံတူထက်ပိုလှပြီး ကြည့်ကောင်းတာပဲ..."
ဝမ်ရမ်ချင်က တူကိုချထားလိုက်ပြီး လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။ အစောပိုင်းတွင် ရှန်းလျိုရှန့်က တံခါးနားသို့ရောက်သွားပြီးမှ စားပွဲတွင် သူထိုင်နေသည်ကို အမှတ်ရသွား၍ နောက်ပြန်လှည့်ကြည့်ကာ လက်ပြသွားခဲ့သည်။
သူ့ဦးခေါင်းထက်မှ မီးအိမ်အရောင်ကြောင့် အလင်းရောင်ဖျော့ဖျော့က သူ့မျက်နှာထက်သို့ ကျရောက်နေပေသည်။ သူ့နှုတ်ခမ်းထောင့်များ တွန့်ကွေးပြီး ပြုံးပြသွားသည့် အခိုက်အတန့်တွင် သူ့ပုံစံက ညအချိန်၌ ဝင်းလက်တောက်ပနေသော ပန်းပွင့်နတ်ဆိုးတစ်ယောက်နှင့် တူနေပေသည်။
ဝမ်ရမ်ချင်၏နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့တစ်ခု ဖြစ်ပေါ်လာသည်။ သူ့ခြံဝင်းထဲမှ ကာရိုပန်းများကလည်း အပြည့်အဝဖူးပွင့်နေပြီဖြစ်သည်။ နေ့လယ်ခင်းတွင် ထိုပန်းပွင့်များကိုကြည့်ပြီး သူ စိတ်ညစ်နေခဲ့ခြင်းဖြစ်သည်။ ညနေရောက်သည့်အခါတွင်မူ ထိုပန်းပွင့်များကိုကြည့်၍ ကြော့ရှင်းလှသည့် မျက်နှာလေးတစ်ခုကို တွေးမိသွားခဲ့၍ ထိုလူကို တွေ့လိုတွေ့ငြား အပြင်ထွက်လာခဲ့ခြင်းဖြစ်သည်။
အဲ့တော့ ငါ သူ့ကိုတွေ့ခဲ့ရတာပဲ...
ကြည့်ရတာ နေရာမှန်ကို လာခဲ့မိတယ်ထင်တယ်...
ဝမ်ရမ်ချင်က လက်ဖက်ရည်ခွက်အဝကို လက်ဖျားဖြင့်ပွတ်နေလျက် ပြုံးလိုက်မိသည်။
ကျိုးရွှမ်လန်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သူ သတိပြုမိသည်။ အကြောင်းအရင်းအချို့ကြောင့် သူ့ထံမှ ခြိမ်းခြောက်မှုစွမ်းအားက အားပျော့နေသည်။ သူက လူတိုင်းကို အမြဲလိုလို ဂရုတစိုက်စောင့်ကြည့်နေကျဖြစ်၍ ပြစ်ချက်များကို လွယ်လွယ်ရှာတွေ့နိုင်ပေသည်။
သူ လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး စိတ်ကြည်လင်စွာဖြင့် စားသောက်ဆိုင်ထဲမှ ထွက်သွားခဲ့သည်။
.....
ကောင်းကင်ယံတွင် လမင်းကြီးက ထွန်းလင်းတောက်ပနေပြီး ဘေးပတ်ပတ်လည်တွင် အနီရောင် အငွေ့အချို့ အုံ့ဆိုင်းနေသည်။
လမ်းမထက် လျှောက်လာစဉ် ခေါင်းမော့ကြည့်လိုက်သောအခါ လမင်းကြီးက ယခင်နေ့များထက် ပိုမိုနီရဲနေသည်ကို ရှန်းလျိုရှန့် တွေ့လိုက်ရသည်။
လော့ယွီက ရှင်းပြလိုက်သည်။
" ဒီရက်ပိုင်းအတွင်း နတ်ဆိုးလောကမှာ နေ့အလင်းရောင်မရှိဘဲ သွေးနီရောင်လမင်းကြီးကိုပဲ တွေ့ရမှာ လူကြီးမင်း..."
ရှန်းလျိုရှန့် အံ့အားသင့်သွားသည်။
" သွေးနီရောင်လမိုက်ည ဖြစ်မယ့်အချိန်တောင် ရောက်လာပြီလား..."
သွေးနီရောင်လမိုက်ညက နတ်ဆိုးလောကတွင် ဖြစ်လေ့ဖြစ်ထရှိသောအရာဟု ဧကရာဇ်ပြောပြထားသည်ကို သူ မှတ်မိသည်။ ထိုအချိန်မျိုးတွင် လောကကြီးမှ နတ်ဆိုးစွမ်းအင်က အထွတ်အထိပ်သို့ ရောက်ရှိနေပြီး နတ်ဆိုးတစ်ကောင်ချင်းစီ၏ ခွန်အားကလည်း တစ်ခဏအတွင်းတိုးပွားပြီး စွမ်းအားကြီးလာနိုင်ပေသည်။ ၎င်းက နတ်ဆိုးမျိုးနွယ်အတွက် ပွဲတော်ဟုလည်း ဆိုလိုနိုင်သည်။
လော့ယွီ ခေါင်းညိတ်ပြလိုက်သည်။
" ဒီလိုအချိန်မျိုးဆို နတ်ဆိုးလောကမှာ တော်တော်လေးစည်ကားတယ်... ချီလင်မြို့မှာလည်း အဲ့လိုပါပဲ အရွယ်ရောက်ပြီးသားနတ်ဆိုးတွေက အပြင်ထွက်ကစားကြတယ်..."
ရှန်းလျိုရှန့် ခေါင်းအသာညိတ်ပြလိုက်ပြီး ကျိုးရွှမ်လန်ကို လှမ်းကြည့်လိုက်သည်။ စားသောက်ဆိုင်မှ ထွက်လာစဉ်တည်းကစ၍ ကျိုးရွှမ်လန်က စကားတစ်ခွန်းမှမပြောဘဲ ခေါင်းငုံ့ထားသည်။
" ပင်မခန္ဓာကိုယ်ကို တိုးတိုးလေး တိုင်နေပြန်တာလား..."
ကျိုးရွှမ်လန်က ခေါင်းမော့ကြည့်လာသည်။
" ကျွန်တော် ညွှန်ကြားချက်တောင်းနေတာပါ..."
ရှန်းလျိုရှန့် : " ဘာအတွက်လဲ..."
ကျိုးရွှမ်လန် ငြိမ်ကျသွားသည်။
" ကျွန်တော် ပြောပြလို့မရဘူး..."
ပင်မခန္ဓာကိုယ်က သူ့အတွေးများကို ဖော်ပြခွင့်မပြုသောကြောင့် အချိန်မတိုင်မီ သူ့ရှစ်စွမ်း လန့်ပြေးသွားမည်ကို ကြောက်လန့်နေခြင်းဖြစ်သည်။
[ ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကိုကြိုက်နေတယ်ဆိုတာကို ပင်မခန္ဓာကိုယ်ကမပြောခင် ကိုယ်ပွားကြောင့်သိသွားမှာ စိတ်ပူနေတာပါ ]
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်သည်။
" အဲတော့ လျှို့ဝှက်ချက်လေးတွေတော့ ရှိနေသေးတယ်ပေါ့လေ..."
အိမ်ရှေ့သို့ရောက်သည့်အခါ လော့ယွီက အပြင်ထွက်ရန်ပြင်နေသော ရှစ်ဖန်နှင့် လုဝူဝမ့်ကို တွေ့လိုက်သည်။ သူတို့နှစ်ယောက်က နတ်ဆိုးဘုရင်ပေးအပ်ထားခဲ့သည့် တာဝန်ကို ပြီးမြောက်သွားပြီဟု လျှို့ဝှက်ဆန်းကြယ်စွာပြောကာ အပြင်ထွက်ရန် ခွင့်ပြုချက်တောင်းနေသည်။
ရှန်းလျိုရှန့်က သူတို့ကိုထွက်သွားခွင့်ပြုလိုက်ပြီး ကျိုးရွှမ်လန်နှင့်အတူ အိမ်ထဲဝင်လာကာ မှော်စက်ဝန်းထဲ ထိုင်နေစေလိုက်သည်။
ကျိုးရွှမ်လန် လက်ဖြန့်ပြီး ရှန်းလျိုရှန့်၏လက်ကိုကိုင်မည်အပြုတွင် ရှောင်ဖယ်ခံလိုက်ရသည်။
ရှန်းလျိုရှန့်က ဆံပင်စည်းကြိုးကိုဖြည်လိုက်သည့်အခါ သူ့ဆံပင်အနက်များ ပြန့်ကျဲသွားပြီး ဆံစများက သူ့ပါးပြင်ပေါ်ကျလာ၍ နားရွက်နောက်ကို ပြန်သပ်တင်လိုက်သည်။
" ငါ့ခေါင်းစည်းကြိုးကလည်း မှော်လက်နက်ပဲဆိုတော့ ဝိညာဉ်ကြိုးလို့ သတ်မှတ်လို့ရတယ်လေ ဒါကိုသုံးကြတာပေါ့..."
ကျိုးရွှန်လန်က မျက်လွှာချထားပြီး သူ့ကိုလှမ်းပေးနေသည့် ခေါင်းစည်းကြိုးကိုမယူဘဲ မေးလိုက်သည်။
"ဘာလို့လဲ..."
မနေ့က ဝိညာဉ်ကြိုးကို စွမ်းအင်လွှဲပြောင်းဖို့ကြားခံအနေနဲ့သုံးမယ်ဆိုတော့ ရှစ်စွမ်းက လွှင့်ပစ်လိုက်တယ်လေ... အခုမှ ဘာလို့စိတ်ပြောင်းသွားရတာလဲ...
ရှန်းလျိုရှန့်က လက်ချောင်းသွယ်သွယ်များကိုဆန့်ထုတ်ကာ ခေါင်းစည်းကြိုးပေါ် စက်ဝိုင်းပုံဝိုင်းနေသည်။ ကျိုးရွှမ်လန်၏စကားကိုကြားသည့်အခါ မျက်လုံးလှန်ကြည့်ပြီး ပြုံးစစဖြင့် ပြောလိုက်သည်။
" ဘာလို့လဲ ငါ့လက်ကိုကိုင်ရတာ စွဲလန်းသွားတာလား..."
ကျိုးရွှမ်လန်က မျက်လုံးပွင့်လာပြီး ခေါင်းစည်းကြိုး၏တစ်ဖက်ကိုကိုင်ကာ စကားတစ်ခွန်းမှ မပြောတော့ပေ။
သူ သိသွားတာများလား...
ရှန်းလျိုရှန့်မြင်သည့်အခါ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသော်လည်း သူ့မျက်ဝန်းထဲ မြူတစ်လွှာဖုံးထားသည်နှင့်တူ၍ သူ့အပြုံးကို အဓိပ္ပါယ်ဖော်မရ ဖြစ်သွားစေသည်။
ရှုရှင်းချန်က အစိုးရိမ်လွန်နေသည်ဟု သူ ထင်လိုက်သည်။
ထျန်းရှန်းမျှော်စင်တွင်ရှိစဉ်က သူ တူမကိုင်လိုက်မီအချိန်တွင် ကျိုးရွှမ်လန်က သူ့လက်ကောက်ဝတ်ကိုဖိထားခဲ့သည်။ ထိုလှုပ်ရှားမှုက မသိသာသော်လည်း သူ ကိုယ်တိုင် မျက်လုံးဖြင့် တပ်အပ်မြင်ခဲ့သောကြောင့် ငါးမန်းတောင်ကို ပန်းကန်ထဲ ပြန်ချထားခဲ့ခြင်း ဖြစ်သည်။
ခေါင်းစည်းကြိုးကိုကိုင်ထားသော ရှန်းလျိုရှန့်၏လက်များက အနည်းငယ်တင်းကြပ်သွားပြီး ဝိညာဉ်စွမ်းအင်ကို လွှဲပြောင်းပေးနေသည်။
အခန်းထဲတွင် ခဏတာခန့် တိတ်ဆိတ်မှုတို့ ကြီးစိုးသွားသည်။ အားလုံးပြီးသည့်အခါ ကျိုးရွှမ်လန်က လက်ပြန်ရုတ်ပြီး အနက်ရောင်မျက်ဆံနက်များကို ဖွင့်ကြည့်လိုက်သည်။
ရှန်းလျိုရှန့်က ပြန့်ကျဲနေသည့်ဆံနွယ်များကို စုချည်ရန် လက်မြှောက်လိုက်၍ သူ့ဝတ်ရုံလက်က မြောက်တက်သွားပြီး ကျောက်စိမ်းသဖွယ်ဖြူဖွေးလှသည့်လက်မောင်းသားများ ပေါ်လာသည်။ ဒဏ်ရာများက ပျောက်ကင်းသွားခဲ့ပြီဖြစသည်။
သူ ဆံပင်ကိုပြန်စည်းနှောင်ပြီးနောက် မတ်တပ်ရပ်လိုက်ပြီး ဝတ်ရုံမှ ဖုန်မှုန့်များကို ခါလိုက်သည်။
" အရေးကြီးကိစ္စ မရှိတော့ဘူးဆိုရင် ငါပြန်တော့မယ်..."
ကျိုးရွှမ်လန် အံ့အားသင့်သွားသည်။
" ရှစ်စွမ်း ပြန်တော့မလို့လား..."
ရှန်းလျိုရှန့် : " ငါ ချီလင်မြို့မှာနေနေတာ တော်တော်ကြာပြီလေ... စာလိပ်ကိုမြန်မြန်ရဖို့ နည်းလမ်းရှာရတော့မယ်...
ကျိုးရွှမ်လန်က သူ့ကိုတစ်ချက်ကြည့်ပြီးနောက် အိပ်ရာကိုကြည့်ကာ ခေါင်းအသာညိတ်ပြလိုက်သည်။
" ကောင်းပါပြီ..."
ရှန်းလျိုရှန့်ပြန်သွားသည့်အခါ ကျိုးရွှမ်လန်က မျက်လုံးများမှိတ်ပြီး တရားဆက်ထိုင်နေခဲ့သည်။ ခဏအကြာတွင် မျက်လုံးပွင့်လာပြီး အိပ်ရာကိုလှမ်းကြည့်နေမိပြန်သည်။
သူက ကန့်လန့်ကာအသစ်များ ထည့်ထားသည့်အပြင် နူးညံ့သောခေါင်းအုံးနှင့် စောင်များလည်း အစားထိုးပေးထားခြင်းဖြစ်သည်။
သို့သော် ရှစ်စွမ်းက ဤနေရာတွင် မအိပ်တော့ပေ။
ကျိုးရွှမ်လန် တစ်ယောက်တည်း အချိန်အတန်ကြာအောင် အတွေးလွန်နေခဲ့ပြီး ရှန်းလျိုရှန့် အဘယ့်ကြောင့် စိတ်ပြောင်းသွားရသည်ကို စဉ်းစားနေမိသည်။ ကံဆိုးသည်မှာ သူက ကျိုးရွှမ်လန်၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်းသာ ဖြစ်နေခဲ့၍ ရှစ်စွမ်းကို ကာကွယ်ရမည်ဟူသော ရည်ရွယ်ချက်မှလွဲ၍ အခြားသောစိတ်ပိုင်းဆိုင်ရာ ခံစားချက်များတွင် အလွန်အားနည်းနေခဲ့သည်။
အာရုဏ်တက်ချိန်ရောက်သည်အထိ တွေးတောနေခဲ့သော်လည်း အကြောင်းပြချက်ရှာမရခဲ့ပေ။
.....
ရှန်းလျိုရှန့်သည်လည်း တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ မနက်စောစောအချိန်၌ ရှုရှင်းချန်အောက်ဆင်းလာချိန်တွင် ဆေးနံ့ရသောကြောင့် ဆေးဖော်သည့်အခန်းသို့ အမြန်ပြေးလာခဲ့သည်။
" ဆေးဖော်နိုင်သွားပြီလား..."
ရှန်းလျိုရှန့်က အနက်ရောင်ဆေးလုံးတစ်လုံးကို ကိုင်ထားလျက်ဖြင့် ပြောလိုက်သည်။
" ဆေးကို သန့်စင်ပြီးပြီဆိုပေမယ့် နတ်ဆေးအဆင့်ထိတော့ မရောက်သေးဘူးထင်တယ်..."
နတ်ဆေးက နတ်ဆိုးကျင့်ကြံသူများ၏ကိုယ်နံ့ကို ဖျောက်ပေးနိုင်သော အစွမ်းအစ ရှိပေသည်။ သူ့လက်ထဲတွင်ရှိသောဆေးက ကိုယ်နံ့ကို ထိန်းချုပ်ပေးနိုင်ရုံသာမက ထူးဆန်းသည့် အနံ့တစ်မျိုးပါ ထွက်နေသည်။
တစ်ဝက်တစ်ပျက် အောင်မြင်ထားသောဆေးများက ထိုသို့မဖြစ်သင့်ပေ။
ရှန်းလျိုရှန့် ထိုသို့တွေးလိုက်ပြီးနောက် လိုအပ်သည့် ပါဝင်ပစ္စည်းများကို ထပ်ထည့်လိုက်သည်။
ရှုရှင်းချန်က သူ့မျက်လုံးများ နီရဲနေသည်ကိုမြင်၍ ဆေးလုံးကို လှမ်းယူလိုက်သည်။
" ဟုတ်ပါပြီ ခဏတော့ သွားနားလိုက်ဦး..."
အချိန်တစ်ညတာ ကုန်လွန်သွားပြီဖြစ်၍ ယမန်နေ့ည ညစာစားချိန်တွင် ရှန်းလျိုရှန့်ပြုလုပ်ခဲ့သော ရိုင်းပြမှုများကို သူခွင့်လွှတ်လိုက်ပြီဖြစ်သည်။ ထို့အပြင် သူ့ထံ၌ သတင်းကောင်းများရှိနေသည်။
" ကျွန်တော် နန်းတွင်းက သမားတော်ကို နတ်ဆေးအကြောင်း စုံစမ်းထားခိုင်းခဲ့မယ်... သူပြောတာတော့ ဒီလောကမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က လန်လင်းလန့်ဖော်ထားခဲ့တဲ့ နတ်ဆေး ပေါ်လာခဲ့ဖူးတယ်တဲ့... ဒါပေမဲ့ ဆေးဖော်နိုင်ပြီးတော့ သိပ်မကြာဘူး အဲဒီနတ်ဆေးက ပြီးပြည့်စုံတဲ့အဆင့်ထိ မရောက်ဘူးလို့ သတင်းထွက်ခဲ့တယ်... ပြီးတော့ ဆေးကိုသယ်လာတဲ့ လမ်းမှာတင် အလုခံရလို့ ဘယ်နေရာမှာရှိတယ်ဆိုတာကို အတိအကျမပြောနိုင်တော့ဘူးဖြစ်နေတာတဲ့..."
ရှန်းလျိုရှန့်က ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်နေပြီး မေးထောက်ထားကာ မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်ရမ်ချင်က တစ်လောကလုံးတွင်ရှိသည့် နတ်ဆေးသမားတော်များထံ သွားရောက်ခဲ့သော်လည်း အနည်းငယ်မျှသာ ကြားသိခဲ့ရသည်ဟု ပြောခဲ့ဖူးသည်။ လန်လင်းလန့်က နတ်ဆေးကိုဖော်စပ်နိုင်ခဲ့သူဖြစ်သည်။
သူက နတ်ဆေးနဲ့ပတ်သက်တဲ့အကြောင်းကို စုံစမ်းနေခဲ့တယ်ဆိုတော့ ဒီအကြောင်းကိုလည်း သိရမှာပေါ့ ဘာလို့ အဲ့အကြောင်း စကားမစခဲ့တာလဲ...
ရှုရှင်းချန်က ပြောလာသည်။
" စာပို့ငှက်က ပြန်ရောက်လာသင့်နေပြီကို... ခင်ဗျား ဓားဂိုဏ်းနဲ့ ရန်ငြှိုးတွေရှိလို့ ဂိုဏ်းချုပ်လန်က တမင်အချိန်ဆွဲနေတာလား မသိဘူး..."
ရှန်းလျိုရှန့် နင်သွားမိသည်။
" ရန်ငြှိုးမဟုတ်ပါဘူး ငါတို့ကြားထဲ အဲ့လိုမျိုး မရှိဘူး..."
ရှုရှင်းချန်က စိုးရိမ်နေသည်။
" ကျွန်တော် နန်းတွင်းက ဧကရာဇ်သားတော်အနေနဲ့ နောက်ထပ်စာတစ်စောင် ထပ်ပို့ကြည့်မယ်..."
ရှန်းလျိုရှန့်က မျက်လုံးများ မှေးကျဉ်းလိုက်သည်။
" နှစ်ရက်လောက် ထပ်စောင့်ကြည့်ပါဦး..."
သူ့စကားဆုံးသည်နှင့် ကျင်းရှောင်ကျို့က အခန်းထဲသို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာသည်။ သွေးနီရောင်လမိုက်ညသို့ ချဉ်းကပ်လာပြီဖြစ်၍ သူ့ပုံစံက စွမ်းအင်များ ပြည့်ဝနေသကဲ့သို့ ဖြစ်နေသည်။
" မင်းသားလေးကို မိန်းမလှလေးတစ်ယောက် လာရှာပါတယ်..."
ရှန်းလျိုရှန့်၏ အကြည့်များက ပြောင်းလဲသွားပြီး ရှုရှင်းချန်ကို အကဲခတ်သကဲ့သို့ ကြည့်နေသည်။
ရှုရှင်းချန် မျက်လုံးအပြူးသားဖြစ်သွားပြီး ထိတ်လန့်တကြားပြောလိုက်သည်။
" ခင်ဗျားရဲ့မျက်နှာထားက ဘာသဘောလဲ... ရှင်းလျန်ကလွဲပြီး ကျွန်တော် ဘယ်မိန်းကလေးကိုမှ မသိဘူး... ညစ်ညစ်ပတ်ပတ်တွေ တွေးမနေနဲ့..."
ရှန်းလျိုရှန့် မျက်ဆန်လှန်လိုက်သည်။
" အဲ့လိုတွေးတတ်တာကိုက လူသားတွေရဲ့ သဘာဝပဲလေ... မင်းကို ဘယ်မိန်းမလှလေး လာရှာနေတာလဲ သွားကြည့်ရအောင်..."
" မဟုတ်ဘူး မဟုတ်ဘူး..."
ကျင်းရှောင်ကျို့က သူတို့နှစ်ယောက်ပြောနေသည်ကို ကြားသောအခါ ခေါင်းခါပြလိုက်သည်။
" ကျွန်တော်က မင်းသားလေးရှန်းကို လာရှာတာပါ..."
ရှုရှင်းချန်က ပြောင်းလဲသွားသည့်အခြေအနေနှင့်အညီ တုံ့ပြန်လိုက်ပြီး ရှန်းလျိုရှန့်၏ရှေ့တွင် လက်ဖျောက်တစ်ချက်တီးကာ ပြောလိုက်သည်။
" သူခိုးက လူပြန်ဟစ်ချင်သေးတယ်... ကျွန်တော်လည်း သိချင်မိပါသေးတယ်... ခင်ဗျား နတ်ဆိုးဘုရင်တစ်ယောက်တည်းနဲ့ မလုံလောက်ဘဲ ဘယ်သူတွေနဲ့ ခြေရှုပ်နေတယ်ဆိုတာကိုပေါ့..."
သူ ဝတ်ရုံလက်ကိုခါပြီး ခြေလှမ်းကျဲများဖြင့် အမြန်ထွက်သွားသည်။
ဧည့်ခန်းမထဲတွင် အရောင်ဖျော့ဖျော့ဝတ်စုံဝတ်ထားသော မိန်းမလှလေးတစ်ယောက် ရှိနေသည်။ လှုပ်ရှားသံများကြား၍ လှည့်ကြည့်လိုက်သည့်အခါ သူမအကြည့်များက ရှုရှင်းချန်၏နောက်မှလူအပေါ်သို့ ကိရောက်သွားပြီး စကားတစ်ခွန်းမှမပြောဘဲ အမြန်ပြေးလာလေသည်။
သူမမျက်ဝန်းထဲတွင်လည်း မျက်ရည်စများဖြင့် ပြည့်နေသည်။
နန်ရှန့်က သူ့ကိုနှုတ်ဆက်သည့်သဘောဖြင့် ပြေးဖက်ရန် အမြန်ပြေးလာသည်ကို မြင်သည့်အခါ ရှန်းလျိုရှန့်က သူ့ရှေ့မှလူ၏ခါးပတ်ကိုလှမ်းဆွဲပြီး ကာလိုက်သည်။
ရှုရှင်းချန်၏ခါးတွင် တင်းခနဲဖြစ်သွားပြီးနောက် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ရောက်လာသည်။ သူ ငုံ့ကြည့်လိုက်သည့်အခါ သူ့ရင်ခွင်ထဲတွင် တစ်စုံတစ်ယောက် ရောက်နေသည်ကို မြင်လိုက်ရသည်။
သူ ခဏတာငြိမ်ကျသွားပြီးနောက် နှဖူးကြောများထောင်တက်လာသည်အထိ ဒေါသထွက်လာသည်။
" ရှန်းလျိုရှန့် –– "
အော်သံကြီးကြောင့် နန်ရှန့် ထိတ်လန့်သွားပြီး လူမှားဖက်မိကြောင်း သိလိုက်သည်။ သူမ ဖက်ထားသည်ကို အမြန်လွှတ်ပေးလိုက်ပြီး မျက်လုံးထဲမှ မျက်ရည်စများကလည်း ကြောက်ရွံ့မှုကြောင့် ပျောက်ကွယ်ကုန်သည်။
" ကဲကဲ စိတ်ထိန်းပါ..."
ရှန်းလျိုရှန့်က အားပါးတရပြုံးနေသော်လည်း ရှုရှင်းချန်က အံကြိတ်ကာ သူ့ဘက်လှည့်လာပြီး ဓားဖြင့်ထိုးရန်ပြင်နေသည်ကို တွေ့လိုက်သည့်အခါ အမြန်ရုပ်တည်လိုက်ပြီး သူ့ပခုံးကို အသာပုတ်ပေးလိုက်သည်။
" ငါ့လက်က အလိုလိုလုပ်မိသွားတာပါ စိတ်မဆိုးပါနဲ့တော့..."
သူ အလေးအနက်ဖြင့် ထပ်ပြောလိုက်သည်။
" မင်းက တော်တော်အားကိုးရတာပဲ ဒုတိယညီလေး... အဲဒါကြောင့် ငါမင်းရဲ့နောက်မှာ အမြန်ပုန်းလိုက်မိပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်မိတော့တာ..."
ရှုရှင်းချန်က မျက်လုံးများမှေးကျဉ်းလိုက်ပြီး ခဏစဉ်းစားကာ ဝတ်ရုံလက်ကို ခေါက်တင်လိုက်သည်။
" နောက်တစ်ခါ မဖြစ်စေနဲ့..."
ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်သည်။
" အင်းပါ..."
ရှုရှင်းချန်၏မျက်နှာထားက အနည်းငယ်ပျော့ပျောင်းသွားပြီး နန်ရှန့်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
" မင်းမှာ ပြောစရာရှိရင် ကောင်းကောင်းပြောလေ မိန်းကလေးဆိုတာ ကိုယ့်ကိုကိုယ်ထိန်းထိန်းသိမ်းသိမ်း နေသင့်တယ်..."
နန်ရှန့်က သင်ခန်းစာရသွားပြီဖြစ်၍ သူမမျက်နှာများက အနည်းငယ်နီမြန်းနေသည်။
" ဟုတ် သိပါပြီ..."
ရှန်းလျိုရှန့်က သူမကိုမေးလိုက်သည်။
" ဘာဖြစ်လို့လဲ..."
ထိုသို့မေးလိုက်သည့်အခါမှ နန်ရှန့် မျက်ရည်များဝဲလာတော့သည်။
" ရှုံးယို့က အခုနောက်ပိုင်း ကျွန်မကိုပစ်ထားတယ်... သူ့ကိုကြည့်ရတာ တခြားလူတစ်ယောက် ဖြစ်သွားသလိုပဲ..."
ရှန်းလျိုရှန့်က သူမမျက်ရည်များသုတ်ရန် လက်ကိုင်ပဝါတစ်ထည်ထုတ်ပေးပြီး နှစ်သိမ့်ပေးလိုက်သည်။
" မင်းမှာ ချယ့်ပိုင်စု ရှိသေးတာပဲ..."
နန်ရှန့်က တစ်ချက်ငိုရှိုက်လိုက်သည်။
" လူကြီးမင်းချယ့်က အဲ့နေ့ ကျွန်မတို့တွေ လှေပေါ်ကထွက်သွားပြီးတာည်းက ပျောက်သွားတာ... ဒါပေမဲ့ သူ ကျွန်မဘေးနားမှာ တိ
တ်တိတ်လေး စောင့်ရှောက်ပေးနေတယ်လို့ ခံစားရတယ်..."
ရှန်းလျိုရှန့် : "..."
စုပိုင်ချယ့်ကသာ တကယ်အဲ့လိုလူမျိုးဆိုရင် အချစ်စစ်ဆိုတာကြီးကို ငါ ယုံမိတော့မယ်...
" ကျွန်မကို မယုံဘူးလား... ရှုံးယို့ရဲ့ကိုယ်ပေါ်မှာ သူ့အရိပ်ကို ကျွန်မတွေ့လိုက်တယ်..."