Chapter 86
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်မိပြီး တစ်ခုခုမှားယွင်းနေကြောင်း သဘောပေါက်သွားကာ သူ့ကိုရှုံးယို့ထံ ခေါ်သွားပေးရန် နန်ရှန့်ကို ပြောလိုက်သည်။ ရှုံးယို့၏အိမ်မှအစေခံများက နန်ရှန့်ကိုသိသောကြောင့် သူတို့ကိုဝင်ခွင့်ပြုလိုက်ပြီး ရှုံးယို့က ယမန်နေ့ညတည်းက အိမ်ပြန်မလာသေးကြောင်းနှင့် မည်သည့်နေရာတွင်မှ ရှာမတွေ့ကြောင်း ပြောလာကြသည်။
ရှုံးယို့အိမ်မှထွက်လာသည့်အခါ နန်ရှန့်၏ မျက်နှာလှလှလေးက ဖြူဖျော့လာပြီး တစ်ကိုယ်လုံးတုန်ယင်လာသည်။
ရှန်းလျိုရှန့်က သူမကို ကူတွဲပေးထားလိုက်သည်။
" ဘာဖြစ်လို့လဲ..."
နန်ရှန့်က စိုးရိမ်တကြီးဖြင့် အော်ငိုတော့သည်။
" သူ အပြင်မှာ တခြားတစ်ယောက် ရှိနေတာများလား... ကျွန်မကို ဒီတိုင်း သာမန်မြေခွေးနတ်ဆိုးလို့ပဲ ထင်နေတာများလား..."
ရှန်းလျိုရှန့် သူမကို နှစ်သိမ့်ပေးတော့မည့်အချိန်တွင် သူမက ခြေဆောင့်ပြီး ဒေါသတကြီးပြောနေသည်ကို ကြားလိုက်ရသည်။
" ချီးပဲ... ချီလင်မြို့မှာ ကျွန်မထက်ချောတဲ့ မြေခွေးမ ရှိသေးလို့လား..."
ရှန်းလျိုရှန့်က ဖျောင်းဖျမည့်စကားများကို မျိုချထားလိုက်ပြီး သူမကို ပြန်လိုက်ပို့လိုက်သည်။ သူ မပြန်မီတွင် ရှုံးယို့ပြန်လာပါက ကျွမ့်ယွင်အဆောင်သို့ လာရောက်အကြောင်းကြားပေးရန် သူမကို မှာခဲ့သည်။
နန်ရှန့်က သူမဝတ်ရုံလက်ထဲမှ အမွှေးအကြိုင်တစ်ထုတ်ကို ထုတ်၍ပေးလာသည်။
" ကျွန်မ ရှင့်ကိုပေးဖို့ ဂရုတစိုက်ပြင်ထားခဲ့တာ..."
ရှန်းလျိုရှန့်က ခဏစဉ်းစားကြည့်လိုက်ပြီးနောက် သူမကိုကျေးဇူးတင်ကာ လက်ခံလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းတွင် နှစ်ရက်တာအချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီး သွေးနီရောင်လမိုက် အချိန်ကျရောက်မည့် ညနေအချိန်သို့ ရောက်လာခဲ့သည်။ နန်ရှန့်က ယခုချိန်ထိ သူ့ကိုလာမတွေ့ခဲ့ပေ။ ရှန်းလျိုရှန့်ကလည်း နတ်ဆေးကို ဖော်စပ်ရာတွင် အာရုံစိုက်နေသောကြောင့် အခြားကိစ္စများကို ဘေးဖယ်ထားမိခဲ့သည်။
ညအချိန်ရောက်ပြီး ကောင်းကင်ယံမှ နောက်ဆုံးအလင်းရောင် ပျောက်ကွယ်သွားသောအခါ မည်းနက်နေသော ကောင်းကင်ကြီးက တစ်လောကလုံးကို လွှမ်းမိုးသွားသည်။
ကတ္တီပါနီရောင်လပြည့်ဝန်းကြီး တဖြည်းဖြည်းထွက်ပေါ်လာပြီး တိမ်တိုက်များနှင့် မြူမှုန်များ လွင့်မျောလာကာ လရောင်အောက်တွင် ထူးဆန်းသည့်အရောင်အချို့ ဖြစ်ပေါ်လာစေသည်။
နတ်ဆိုးလောကတစ်ခုလုံး ဆူပွက်လာပုံ ရပေသည်။
ရှန်းလျိုရှန့် ပြတင်းပေါက်ဖွင့်ကြည့်လိုက်သောအခါ အပြင်ဘက်မှလမ်းများထက်တွင် ရောင်စုံမီးအိမ်များဖြင့် အလှဆင်ထား၍ ယခင်ထက်ပိုမို သက်ဝင်လှုပ်ရှားနေသည်ဟု ထင်ရပေသည်။ သွားလာနေကြသည့် နတ်ဆိုးကျင့်ကြံသူများ၏ မျက်နှာထက်တွင်လည်း ပွဲတော်ဆင်နွှဲနေရသည့် ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။
အချို့သောနတ်ဆိုးများက ခေါင်မိုးပေါ်တွင်ရပ်နေပြီး သွေးနီရောင်လကို ရှိခိုးနေကြသည်။
ရှန်းလျိုရှန့် အောက်ထပ်သို့ဆင်းလာပြီးနောက် အပြင်ထွက်ရန် ပြင်လိုက်သည့်အခါ ကျိုးရွှမ်လန်လည်း အချိန်ကိုက်ရောက်လာသည်။ သို့သော် ရှုရှင်းချန်က အချိန်ယူ၍ ပြင်ဆင်နေဆဲပြီး သူအပြင်ထွက်လာသည့်အခါ ရှန်းလျိုရှန့်တို့နှစ်ယောက် အံ့အားသင့်သွားရသည်။
သူ၏ ခရမ်းရောင်ရွှေသရဖူက ခမ်းးနားထည်ဝါပြီးသားဖြစ်နေသော်လည်း တောက်ပနေသည့် ကျောက်စိမ်းလုံးသုံးလုံးဖြင့် ထပ်မံစီခြယ်ထားခဲ့သည်။ သူ့ဝတ်ရုံကလည်း ညအလင်းရောင်အောက်၌ ဝင်းလက်တောက်ပနေပြီး တစ်ချက်ကြည့်ရုံဖြင့် မြင့်မြတ်သူတစ်ယောက်ဖြစ်ကြောင်း သိသာစေသည်။ သူ့ခါးပတ်ကိုလည်း ရွှေရောင်ပိုးချည်များဖြင့် ပန်းထိုးထားကာ ကျောက်မျက်အချို့ကိုလည်း ထွင်းထားသေးသည်။ ခေါင်းစခြေဆုံး ပြောင်လက်တောက်ပနေသည့်အပြင် ဖိနပ်များကလည်း အလွန်တန်ဖိုးကြီးလှသည်မှန်း သိသာပေသည်။
ရှန်းလျိုရှန့် : " မင်း တစ်ခါမှ အပြင်မထွက်ဖူးဘူးလား..."
ရှုရှင်းချန်က သူ့ဝတ်ရုံလက်ကိုလိပ်တင်ပြီး ရှေ့မှလျှောက်သွားလိုက်သည်။
" ခင်ဗျားကတော့ အဓိပ္ပါယ်မရှိဘူးလို့ ထင်နေမှာပေါ့..."
သူက နန်းတွင်းကို ကိုယ်စားပြုသောမင်းသားငယ်လေးဖြစ်၍ အခြားလူများ၏ရှေ့တွင် မခမ်းမနားဖြင့် မျက်နှာထွက်မပြနိုင်ပေ။ ထိုနတ်ဆိုးများက သူ မည်သူဖြစ်ကြောင်း မသိလျှင်ပင် အနည်းအကျဥ်းသတိထားမိနိုင်ပေသည်။
သူတို့သုံးယောက်လုံး လမ်းပေါ်ရောက်သွားသည်နှင့် နတ်ဆိုးကျင့်ကြံသူအများစု၏ အာရုံစိုက်မှုကို ရရှိသွားသည်။
ရှန်းလျိုရှန့် ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ နတ်ဆိုးများ၏ မျက်နှာအများစုတွင် သိသာထင်ရှားသော နတ်ဆိုးအမှတ်အသားများ ရှိနေသည်ကို မြင်လိုက်ရသည်။ သူ ကျိုးရွှမ်လန်ကို လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။
" မင်းရဲ့နတ်ဆိုးအမှတ်အသားက ဘယ်မှာလဲ..."
ကျိုးရွှမ်လန် : " သွေးနီရောင်လမိုက်ညမှာ နတ်ဆိုးစွမ်းအင်က အရမ်းအားပြင်းတော့ သူတို့ရဲ့နတ်ဆိုးအမှတ်အသားတွေကို မထိန်းချုပ်နိုင် ဖြစ်နေကြတာ..."
ရှန်းလျိုရှန့် : " ဒါဆိုရင် မင်းရဲ့ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းက တော်တော်သန်မာတာပဲ..."
ကျိုးရွှမ်လန် မျက်လွှာချလိုက်သည်။
" အဲ့လောက်တော့ မသန်မာပါဘူး..."
သူက ရှစ်စွမ်းအနားသို့ကပ်နိုင်ရန် အလွန်အားနည်းနေသေးသည်။
လမ်းပေါ်တွင် လူများစွာဖြင့်ပြည့်နေသော်လည်း ကျိုးရွှမ်လန်ပေါ်လာသည်နှင့် နတ်ဆိုးကျင့်ကြံသူများက အလိုလို လမ်းဖယ်ပေးကြသည်။ သွေးနီရောင်လ၏အောက်တွင် နတ်ဆိုးစွမ်းအားက နှစ်ဆဖြစ်နေသောကြောင့် မည်သူမှ သူ့ကို ပြဿနာမရှာရဲကြပေ။
ရှန်းလျိုရှန့်က သူ့ရှေ့တွင် ချိတ်ဆွဲထားသော လက်ရာမြောက်လှသည့် မီးပုံးပေါင်းများစွာကို ကြည့်ရှု့နေမိသည်။ သူ ဖြတ်သွားတော့မည့်အလျိန်၌ ဝိုင်ရနံ့တစ်မျိုးက လေထဲတွင် ပျံ့နှံ့လာသည်။
သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ဝိုင်ရောင်းသည့်ဆိုင်တစ်ဆိုင်ရှေ့မှ စားပွဲနှင့်ထိုင်ခုံများက လမ်းပေါ်ရောက်လုနီးနီးအထိ ပြည့်နှက်နေကာ လူများဖြင့် စည်ကားနေသည်ကို တွေ့လိုက်ရသည်။
" ရှန့်ရှန်ဝိုင်... ရှန့်ရှန်ဝိုင်တွေရမယ်... ဒီဝိုင်ကိုသောက်မယ်ဆိုရင် နတ်ဆိုးကိုတောင် အင်မော်တယ်အဖြစ် ပြောင်းနိုင်တယ်နော်..."
ရှန်းလျိုရှန့် ထိုဝိုင်ကိုသိ၏။ ထိုဝိုင်က နတ်ဆိုးလောကတွင် ရှိနေခဲ့သည်မှာ အလွန်ကြာမြင့်ပြီဖြစ်ပြီး ကောင်းကင်ဘုံသို့တက်ရန် ခက်ခဲလှသော နတ်ဆိုးမျိုးနွယ်များနှင့် သူတို့အလိုဆန္ဒများကို ဖြည့်ဆည်းလိုသော နတ်ဆိုးများက ဖန်တီးချက်လုပ်ထားခဲ့ခြင်းဖြစ်သည်။
ရှန်းလျိုရှန့်က စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။
" သွားမြည်းကြည့်ရအောင်..."
ထိုအချိန်ကိုက်မှာပင် တစ်စုံတစ်ယောက်က စားပွဲမှထသွားသောကြောင့် နေရာလွတ်သွား၍ သူတို့ထိုင်လိုက်ကြပြီး မကြာမီအချိန်တွင် သောက်စရာများ လာချတော့သည်။
ရှုရှင်းချန်က အကြမ်းထည်ဝိုင်ခွက်ကို ရွံရှာသည့်အမူအရာဖြင့် ကြည့်နေပြီး သူ့သိုလှောင်အိတ်ထဲမှ လက်ရာမြောက်သော ဝိုင်သုံးခွက်ကိုထုတ်လိုက်သည်။
ရှန်းလျိုရှန့် : " " ရောမရောက်ရင် ရောမလို ကျင့်ရတယ်တဲ့ ရှန့်ရှန်ဝိုင်ကို တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်
သို့ဖြစ်၍ ရှုရှင်းချန်က ခဏတာတုံ့ဆိုင်းနေပြီးသည့်နောက်တွင် ကျိုးရွှမ်လန်၏ခွက်ထဲပါ ဝိုင်ငှဲ့ပေးရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ကျိုးရွှမ်လန်က ထပြောလိုက်သည်။
" ငါ မသောက်ဘူး..."
ရှန်းလျိုရှန့်က ဝိုင်တစ်ငုံသောက်ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
" အရသာရှိတယ်နော် ဘာလို့ တစ်ငုံလောက်လေး မသောက်ကြည့်တာလဲ..."
ကျိုးရွှမ်လန်က အခိုင်အမာပြောလိုက်သည်။
" ကျွန်တော် မသောက်နိုင်လို့ပါ..."
ရှန်းလျိုရှန့်က သူ့ကို အတင်းမတိုက်တွန်းတော့ပေ။ ရှုရှင်းချန်မြင်သည့်အခါ ဝိုင်အိုးကို လက်ကိုင်မှကိုင်ပြီး ရယ်မောကာ အားပါးတရသောက်လိုက်သည်။
" မင်း ဝိုင်တောင် မသောက်နိုင်ဘူးပေါ့လေ ဟားဟား..."
ကျိုးရွှမ်လန် စကားပြောရန် ပြင်လိုက်သော်လည်း ရပ်တန့်လိုက်သည်။ သူက ကိုယ်ပွားတစ်ယောက်ဖြစ်၍ အရက်သေစာများကို သွားမထိသင့်ပေ။
ရှန်းလျိုရှန့်၏မျက်လုံးက မှေးကျဉ်းသွားပြီး သူ့ကိုလှမ်းကြည့်လာသည်။
" မင်း မသောက်တာတော့ အကောင်းဆုံးပဲ... ငါ မူးသွားရင် အိမ်ပြန်လိုက်ပို့ပေးလို့ ရတယ်လေ..."
သူ ချင်းလင်ဂိုဏ်းတွင်ရှိနေစဉ်က လင်ဟွားက တစ်ပတ်လျှင် သုံးကြိမ်မှငါးကြိမ်ခန့်အထိ ဝိုင်တူတူသောက်ရန် လာရောက်ဖိတ်ခေါ်လေ့ရှိသည်။ သူ့ဝိညာဉ်စွမ်းအားကိုသုံး၍ ဝိုင်အနံ့ကိုပျောက်အောင်လုပ်ထားခဲ့သော်လည်း အမြဲတစေ အမူးလွန်ပြီး ပြန်လာလေ့ရှိသည်။ သူ မက်မွန်တောအုပ်ထဲမှ ဖြတ်လာချိန်တိုင်းတွင် ဝတ်ရုံနက်ဝတ်ထားသောလူငယ်လေးက သူ့ကိုလာစောင့်နေသည်ကို အမြဲတွေ့ရသည်။
ရှန်းလျိုရှန့် အတိတ်ကို ပြန်လည်တမ်းတနေစဉ်တွင် ရှုရှင်းချန်၏သရော်သံကြီးကြောင့် နှောင့်ယှက်ခံလိုက်ရသည်။
" ခင်ဗျား မူးတယ်ဆိုရင် ဟန်ဆောင်နေတာပဲပေါ့... နတ်ဘုရားအသွင်ပြောင်းအဆင့်ကိုရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်က ဘာကိစ္စ အရက်မူးမှာလဲ..."
ရှန်းလျိုရှန့် : " ငါက တကယ်လို့ဆိုပြီး ပြောတာပါ..."
ရှုရှင်းချန်က ခေါင်းမာနေသည်။
" မဖြစ်နိုင်တာကြီးကို..."
ရှန်းလျိုရှန့်က သူနှင့် စကားအချေအတင်မများတော့ဘဲ ဝိုက်ခွက်တစ်ခွက် သူ့ကိုပေးလိုက်သည်။ ရှုရှင်းချန်ကခွက်မြှောက်ပြီး တိုက်လိုက်ချိန်၌ စားပွဲပေါ်တွင် "ခွပ်" ခနဲအသံ ထွက်ပေါ်လာသည်။
ကျိုးရွှမ်လန် ရုတ်တရက် နောင်တရလာသည်။
သူ မထိရသေးသည့် ဝိုင်ခွက်ကိုမြှောက်ပြီး သူတို့နှစ်ယောက်နှင့် ခွက်ချင်းထပ်တိုက်လိုက်သည်။
ရှန်းလျိုရှန့် : " မင်း မသောက်ချင်ဘူးဆို..."
" နည်းနည်းလောက်သောက်တာ ဘာမှမဖြစ်လောက်ပါဘူး..."
ကျိုးရွှမ်လန်က ဝိုင်ကိုတစ်ကျိုက်တည်းမော့သောက်ပြီး ခွက်ကိုစားပွဲပေါ် ပြန်ချထားလိုက်သည်။
ရှန်းလျိုရှန့်က မြေပဲဝါးနေလျက် မပြန်မီ နောက်တစ်ခွက်ထပ်သောက်ရန် ပြင်လိုက်သည်။
ရုတ်တရက် သူ့ပခုံးက လေးလံသွားသည်။
ရှန်းလျိုရှန့် ခဏတာ အံ့အားသင့်သွားပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် တစ်ဖက်သို့ လှည့်ကြည့်လိုက်ချိန်တွင် သန်မာသောလက်မောင်းများက သူ့ခါးကို တင်းကြပ်စွာ ပွေ့ဖက်ထားသည်အား မြင်လိုက်ရသည်။
ကျိုးရွှမ်လန်က မျက်လုံးမှိတ်ထားပြီး သူ့လည်တိုင်တွင် ခေါင်းနှစ်ထားကာ သူ့ကိုယ်သင်းရနံ့ကို ရှုရှိုက်နေသည်။
" ရှစ်စွမ်းက အရမ်းမွှေးတာပဲ..."
သူ့တစ်ကိုယ်လုံး မီးဖိုတစ်လုံးသဖွယ် ပူပြင်းနေသည်ကို သတိပြုမိ၍ ရှန်းလျိုရှန့် ချက်ချင်းမေးလိုက်သည်။
" မင်း ဘာဖြစ်တာလဲ..."
" ဘယ်လိုတောင်..."
ရှုရှင်းချန်က ဝိုင်ခွက်ကိုစားပွဲပေါ်ဆောင့်ချလိုက်ပြီး ဒေါသတကြီးဖြင့် ရွှမ်ဟွမ်ဓားကို ဆင့်ခေါ်လိုက်သည်။
" မင်း ဘာလို့လက်သရမ်းနေတာလဲ..."
ဒီ နတ်ဆိုးဘုရင်က ဘာဖြစ်လို့ မူးချင်ယောင်ဆောင်နေတာလဲ...
အရှက်မဲ့လိုက်တာ...
တစ်စုံတစ်ရာ ဖြစ်ပျက်လာတော့မည်ကို ဝိုးတဝါးသတိပြုမိကြသောကြောင့် လမ်းပေါ်ရှိ နတ်ဆိုးကျင့်ကြံသူများအားလုံး လှည့်ကြည့်လိုက်ကြသည့်အခါ လူတစ်ယောက်က ရှန်းလျိုရှန့်၏ လည်တိုင်တွင် မျက်နှာအပ်ထားသည်ကို မြင်လိုက်ရ၍ သူတို့၏ အမူအရာများ ပြောင်းလဲကုန်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လမ်းမထက်ရှိ နတ်ဆိုးကျင့်ကြံသူတစ်ဝက်ခန့်က ဖနှောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးသွားတော့သည်။ သူတို့သုံးယောက်၏ဘေးနားရှ်ိစားပွဲများမှ လူအားလုံးလည်းထွက်ပြေးကုန်သောကြောင့် ဝိုင်အိုးများနှင့် ခွက်များလည်း ကွဲကြေကုန်သည်။
ရှုရှင်းချန်က ဓားကိုစားပွဲပေါ်ထောက်ထားပြီး အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
" မင်းရဲ့ဝိညာဉ်စွမ်းအင်သုံးပြီး အမူးပြေအောင်လုပ်လိုက်... မလုပ်နိုင်ဘူးလို့ တစ်ခွန်းမှ မဟနဲ့နော် မင်းက အခြေအနေကို အခွင့်ကောင်းယူပြီး မူးချင်ယောင်ဆောင်နေဝာာပဲ..."
ဝိုင်လေးတစ်ခွက်သောက်ပြီးတော့ ရှန်းလျိုရှန့်ကိုယ်ပေါ်သွားမှီပြီး သူ့ကို အီစီကလီတွေ သွားလုပ်နေတယ်ပေါ့လေ...
ဘယ်သူ့ကိုများ လာလိမ်နေတာလဲ...
ရှန်းလျိုရှန့်က ဝိုင်နံ့ရသည်နှင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့လက်ချောင်းသွယ်သွယ်များကို ကျိုးရွှမ်လန်၏နှဖူးပေါ်တင်လိုက်သောအခါ ချွေးအလွှာပါးတစ်ထပ်ကို ခံစားလိုက်ရသည်။
ကျိုးရွှမ်လန်က ဝိုင်သောက်စဉ်တွင် ထိုသို့ထူးဆန်းစွာ မပြုမူတတ်ကြောင်းကို သူမှတ်မိသည်။ သူ့ပင်မကိုယ်ကြောင့်သာ ဤသို့ဖြစ်နေရခြင်း ဖြစ်နိုင်သည်။
" ကိုယ်ပွားတွေက အရက်သောက်နိုင်ကြလား..."
ရှုရှင်းချန် မျက်လုံးအပြူးသားဖြစ်သွားသည်။
သူ့မျက်စိရှေ့ကလူက ကိုယ်ပွားကြီးလား...
တစ်ဖက်လူက အမှန်တကယ် အရက်မူးနေခြင်းဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည့်အခါ သူ့ခန္ဓာကိုယ်ဖိအားများ ပြေလျော့သွားပြီး ပြောလိုက်သည်။
" ကျွန်တော်လည်း မသိဘူးလေ..."
ရလဒ်အနေဖြင့် သူတို့နှစ်ယောက်မှာ စားပွဲတွင်ထိုင်နေပြီး ကြောင်အအဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေရတော့သည်။
ထိုအချိန်တွင် ဝိုင်နံ့များ မွှန်ထူနေသူက ခေါင်းမော့လာပြီး မျက်လုံးများပိတ်နေသော်လည်း ရှန်းလျိုရှန့်၏ပါးပြင်ကိုကိုင်ကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
" ရှစ်စွမ်း တခြားလူတွေနဲ့ စကားမပြောနဲ့..."
ထိုစကားကိုကြားသည့်အခါ ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာလို့လဲ..."
သူ့စကားဆုံးသည်နှင့် လမ်းမထက်မှ ညလေညှင်းက ပိုမိုပြင်းထန်စွာတိုက်ခတ်လာ၍ စားပွဲနှင့် ထိုင်ခုံများပင် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
ကတ္တီပါနီရောင်လရောင်က ကျိုးရွှမ်လန်၏မျက်နှာပေါ် ဖြာကျနေသည်။
သူ မကျေမနပ်ဖြင့် မျက်ခုံးပင့်လိုက်ပြီးနောက် သူ၏နက်စွေးစွေးမျက်ဝန်းထဲတွင် တစ်ချက်ခန့် နီရဲသွားကာ နှုတ်ခမ်းပါးများက အေးစက်စက်ဖြင့် ကွေးညွတ်သွားသည်။
" မင်း သေချင်..."
သူ့ စကားမဆုံးမီတွင် သူ့ပါးစပ်ကို လက်တစ်ဖက်က လာအုပ်သည်။
" ရှူး အရက်မူးနေရင် မူးနေသလိုပဲနေရတယ် စကားမပြောနဲ့..."
သူတို့နှစ်ယောက် ရုတ်တရက်ထပြီး တိုက်ခိုက်ကြမည်စိုး၍ ရှန်းလျိုရှန့်က ရှုရှင်းချန်ကို ပြောလိုက်သည်။
" မင်း ကျွမ့်ယွင်အဆောင်ကို အရင်ပြန်နှင့်... ငါသူ့ကိုလိုက်ပို့လိုက်..."
သူ့စကား မဆုံးသေးမီတွင် သူ့လက်ဖဝါးကို လျှာဖြင့်အလျက်ခံလိုက်ရ၍ စပ်ဖျဉ်းဖျဉ်းခံထားလိုက်ရသည်။
" ဘာဖြစ်လို့လဲ..."
ရှုရှင်းချန်က သူ့တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားသည်ကို သတိပြုမိသည်။
ရှန်းလျိုရှန့်၏နားရွက်များ နီရဲတွတ်လာသည်။
" ဘာမှမဖြစ်ပါဘူး မင်း အရင်ပြန်နှင့်တော့..."
ရှုရှင်းချန် ခဏစဉ်းစားလိုက်ပြီးနောက် မတ်တပ်ထရပ်ကာ ဓားကိုသိမ်းလိုက်သည်။
" ဒါဆိုရင်လည်း သူ့ကိုလိုက်ပို့ပေးလိုက်ပါ... ကျွန်တော် လမ်းပေါ်မှာ လျှောက်ကြည့်လိုက်ဦးမယ်... ရှင်းလျန်က နတ်ဆိုးလောကရဲ့ သွေးနီရောင်လမိုက်ညကို သိချင်နေလို့ သေချာကြည့်ထားပြီး ပြန်ရောက်ရင် သူ့ကိုပြောပြမလို့..."
ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူထွက်သွားသည်ကို ကြည့်ပြီးကာမှ ကျိုးရွှမ်လန်ဘက်သို့ လှည့်လိုက်သည်။
" မင်းဘာလို့ ငါ့လက်ကို လျှာနဲ့လာလျက်တာလဲ..."
ကျိုးရွှမ်လန်က နီရဲနေသည့်မျက်လုံးများ ပွင့်လာပြီး အသိစိတ်မဲ့နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
" ရှစ်စွမ်းရော ကိုယ့်လက်ကိုယ် မလျက်ဘူးလား..."
ရှန်းလျိုရှန့်၏ ဆူပူကျိန်းမောင်းသော စကားလုံးများက လျှာဖျားသို့ရောက်လာသော်လည်း ကျိုးရွှမ်လန်၏ ခေါင်းရှုပ်နေဟန်ရပုံကြောင့် ကူကယ်ရာမဲ့စွာပြောလိုက်မိသည်။
" အဲလို မဟုတ်ဘူးလေ..."
ဝိုင်လေး နည်းနည်းသောက်မိတာနဲ့ ဘာကိစ္စ ငတုံးလိုဖြစ်သွားတာလဲ...
သူ ဘေးနားသို့အကဲခတ်ကြည့်လိုက်သောအခါ နတ်ဆိုးတစ်ယောက်ကိုမှ
မမြင်ရတော့ပေ။ လမ်းဘေးတွင်လည်း လူသူကင်းမဲ့နေပြီး နတ်ဆိုးကျင့်ကြံသူအားလုံးက အမှောင်ထဲတွင်ပုန်းအောင်းနေကာ အခြေအနေကို တိတ်တဆိတ်အကဲခတ်နေကြသည်။
"..."
ငါ့တပည့်က မျက်လုံးလေး နီလာရုံပဲကို ဘာကိစ္စ အဲ့လောက်တောင် ကြောက်နေရတာလဲ...