Chapter 87
ရှန်းလျိုရှန့် ပြုံးလိုက်မိပြီး တစ်ဖက်သို့ ပြန်လှည့်လိုက်သောအခါ ချောမောခံ့ညားသည့်မျက်နှာလေးက သူနှင့် တဖြည်းဖြည်းပိုမိုနီးကပ်လာသည်ကို တွေ့လိုက်ရသည်။ သူ့ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားမိသော်လည်း ကျိုးရွှမ်လန်၏ဆံစများက သူ့ပါးပြင်နှင့် ပွတ်တိုက်မိသွားချိန်မှ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်သည်။
ကျိုးရွှမ်လန်က မတ်မတ်မရပ်နိုင်သောကြောင့် သူ့ကိုယ်ပေါ်မှီနေခြင်းဖြစ်သည်။
ရှန်းလျိုရှန့် သူ့ကိုထိန်းထားလိုက်ပြီး စကားပြောတော့မည့်အချိန်တွင် သူ့နားရွက်ဖျားမှ ပူနွေးသွားသည်ကို ခံစားလိုက်ရသည်။
သူ့တစ်ကိုယ်လုံး တောင့်တင်းအေးခဲသွားပြီး မျက်လုံးအပြူးသားဖြစ်လာသည်။
ကျိုးရွှမ်လန်၏အကြည့်က ဖြူဖွေးနူးညံ့သော နားရွက်လေးထံရောက်သွားပြီး နှုတ်ခမ်းပါးများ ဖွင့်ဟကာ မဝံ့မရဲဖြင့် နားရွက်ကိုလျက်လိုက်သည်။ သူ့ရင်ခွင်ထဲမှ ခန္ဓာကိုယ်လေးက အနည်းငယ်တုန်ယင်သွားသည်ကို သတိပြုမိလိုက်၍ သူ့မျက်ဆံများပါ မည်းနက်လာတော့သည်။
သူက ကျီစယ်သည့်အနေဖြင့် နောက်တစ်ကြိမ် လျက်လိုက်မိသည်။
ဖြူဖွေးနူးညံ့သည့် အသားရည်လေးက မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးများစီးကျလုမတတ် နီရဲတွတ်သွားသည်ကိုတွေ့သောအခါ သူ့စိတ်ထဲ အလွန်ဆွဲဆောင်မှုရှိသည်ဟု ထင်လိုက်မိသည်။
ကျိုးရွှမ်လန် အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီး ရှေ့ဆက်တိုးတော့မည့်အချိန်တွင် သူ့ခေါင်းကိုဖိထားပြီး အညှာအတာမဲ့စွာဖြင့် တွန်းထုတ်ခံလိုက်ရသည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကိုနှောင့်ယှက်လိုက်သူကို မကျေမနပ်ဖြင့်ကြည့်လိုက်သည်။ တစ်ဖက်လူက မျက်လုံးများအနည်းငယ်မှေးကျဉ်းထားပြီး ချောမောလှပသည့်မျက်နှာလေးက အေးတိအေးစက်ဖြစ်နေ၍ သူ့အော်ရာများ အနည်းငယ်အားနည်းသွားရသည်။
" လက်ကို မလျက်နဲ့ဆို..."
ရှန်းလျိုရှန့်၏နားရွက်က ပူနွေးသွားပြီး ထိုစကားများကိုကြားချိန်၌ ဒေါသတကြီး ရယ်လိုက်မိသည်။
သူ မျက်ခုံးပင့်လိုက်ပြီးနောက် အရက်မူးနေသူကို မဆူပူလိုတော့ပေ။
" မင်းက နဂါးနက်လေ ခွေးပေါက်စလေးမှမဟုတ်တာ လူတွေကို ဘာလို့လိုက်လျက်နေတာလဲ..."
ကျိုးရွှမ်လန်၏အကြည့်များက နားရွက်နီနီလေးထံသို့ ကျရောက်လာသည်။ သူ လက်လျှော့ရန် အလွန်တွန့်ဆုတ်နေသော်လည်း သူ့ရှစ်စွမ်းကပြောလာ၍ နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရှန်းလျိုရှန့် စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။
သူ့က ပြောစကားနားထောင်ပြီး လွယ်လွယ်နဲ့ပြောရလို့ တော်သေးတယ်...
" ငါမင်းကို ဝိညာဉ်စွမ်းအင်လွှဲပြောင်းဖို့ ပြန်ခေါ်သွားမယ်..."
ကျိုးရွှမ်လန် မျက်ခုံးပင့်လိုက်ပြီး သူ့လက်ကောက်ဝတ်ကိုကိုင်ကာ သူ့ဘေးနားမှ အော်ရာများကို စုဝေးလိုက်ပြီး ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားလိုက်သည်။
လရောင်က ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေ၍ စားပွဲပေါ်တွင် အနီရောင်အလင်းငွေ့များ ရောင်ပြန်ဟပ်နေသည်။ အချိန်အတန်ကြာအောင် တိတ်ဆိတ်နေခဲ့သော အခန်းထဲတွင် ဆူညံသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
အိပ်ရာပေါ်သို့ လေးလံသည့်အသံတစ်သံကျလာပြီးနောက် ရှန်းလျိုရှန့်၏ခန္ဓာကိုယ်က မွေ့ရာပေါ် နစ်နေသည်။ သူ မတုံ့ပြန်နိုင်မီမှာပင် လက်ကောက်ဝတ်နှစ်ခုလုံးကို တင်းကြပ်စွာ ဖမ်းဆုပ်ခံရပြီး ပူနွေးနွေး ဝင်သက်ထွက်သက်အချို့က သူ့နှုတ်ခမ်းပေါ်သို့ ကျရောက်လာသည်။
ကျိုးရွှမ်လန်က စဉ်းစားတွေးတောခြင်းမရှိဘဲ သူ့ကို နမ်းရှိုက်နေ၏။
ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားပြီး အသည်းအသန် ရုန်းကန်လိုက်သည်။ ဖမ်းချုပ်ခံထားရသော သူ့လက်ကို အမြန်ရုန်းပြီး သူ့ကိုအုပ်မိုးထားသူကို တွန်းထုတ်ပစ်လိုက်သည်။
ကျိုးရွှမ်လန်က လှုပ်ရှားမှုကင်းမဲ့နေဆဲဖြစ်ပြီး သူ့ရင်ခွင်ထဲမှလူကို ငုံ့ကြည့်လိုက်သည်။
လူငယ်လေး၏ ဝတ်ရုံက လျော့တိလျော့ရဲဖြစ်နေပြီး စန္ဒကူးကဲ့သို့ဆံနွယ်များက ခေါင်းအုံးများအကြား ဖရိုဖရဲ ပျံ့နှံ့နေသည်။ ဇာမဏီမျက်ဝန်းများက ပျာယာခတ်နေဟန်ရပြီး အမောတကောပင့်သက်ရှိုက်နေကာ ယခုလေးတင် အနမ်းခံထားရသောနှုတ်ခမ်းများက စိုစွတ်တောက်ပနေသည်။
ကျိုးရွှမ်လန်၏အသံက ဩရှရှဖြစ်နေသည်။
" ရှစ်စွမ်း မလှုပ်ပါနဲ့ဦး..."
ရှန်းလျိုရှန့် သူ့ရှေ့မှလူကို ကန်ထုတ်လုနီးပါးဖြစ်သွားသော်လည်း အသိစိတ်လက်ကျန်ကြောင့် အနည်းငယ်စိတ်တည်ငြိမ်သွားပြီး တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။
" ရှင်းပြ... မင်းကို ရှင်းပြဖို့ အခွင့်အရေးတစ်ခုပေးမယ် မဟုတ်ရင်တော့ ငါလည်း မယဉ်ကျေးနိုင်တော့ဘူး..."
သူ ခုနကတော့ အဆင်ပြေနေရဲ့သားနဲ့ ခုမှဘာလို့ ဝံပုလွေတစ်ကောင်လို ဖြစ်သွားရတာလဲ...
ကျိုးရွှမ်လန်၏ လက်ချောင်းသွယ်သွယ်များက သူ့နှုတ်ခမ်းထောင့်ကို အသာပွတ်ဆွဲလိုက်သည်။
" ကျွန်တော့်ကို ဝိညာဉ်စွမ်းအင်လွှဲပြောင်းပေးဖို့ဆိုရင် ဒီနည်းလမ်းက အကောင်းဆုံးပဲလို့ ရှစ်စွမ်းပြောတယ်လေ..."
စကားဆုံးသည်နှင့် ခေါင်းငုံ့ပြီး ရှန်းလျိုရှန့်၏နှုတ်ခမ်းကိုအသာထိကာ ဝိညာဉ်စွမ်းအင်ကို လွှဲပြောင်းယူလိုက်သည်။
" ဒီလိုလေ..."
"..."
ရှန်းလျိုရှန့် နှဖူးကြောများထောင်တက်လာသည်။ သူ့ အပြုအမူကြောင့် တစ်ဖက်လူ နာကျင်သွားမည်ကို စိုးရိမ်နေစဥ်မှာပင် တစ်ဖက်လူက ရသမျှအခွင့်အရေးအားလုံးကို သိမ်းကြုံးယူသွားပြန်သည်။
သူ့ဝိညာဉ်စွမ်းအင်များကို ပြန်လည်စုစည်းလိုက်ပြီး စွမ်းအင် ၃၀ရာခိုင်နှုန်းကို ကျိုးရွှမ်လန်၏ပခုံးပေါ် ပစ်လိုက်သည်။
အိပ်ရာက အနည်းငယ်ခန့် လှုပ်ရှားသွားပေသည်။
ကျိုးရွှမ်လန်က သူ့ကိုလျစ်လျူရှု့ထားပြီး ရှန်းလျိုရှန့်၏ဆံပင်စည်းကြိုးကို ဖြည်ချလိုက်ကာ ဆံပင်များကြားထဲ လက်လျှိုလိုက်ပြီး ဦးခေါင်းကို ထိန်းကိုင်ထားကာ သူတို့ကြားမှ အကွာအဝေးကို တစ်ဖန်ပြန်လည်နီးကပ်စေလိုက်သည်။
ရှန်းလျိုရှန့်က သည်းမခံနိုင်တော့ဘဲ သူ့ကို ဝိညာဉ်စွမ်းအား ၇၀ရာခိုင်နှုန်းဖြင့် ပစ်လိုက်သည်။
နတ်ဘုရားအဆင့်သို့ရောက်နေသော ကျင့်ကြံသူတစ်ယောက်၏ စွမ်းအား ၇၀ရာခိုင်နှုန်းက လောကကြီးတစ်ခုလုံးကို လှုပ်ခါရန် လုံလောက်သော်လည်း ကျိုးရွှမ်လန်ကမူ လှုပ်ရှားမှုများ ခဏတာရပ်တန့်သွားကာ အံကြိတ်လိုက်ပြီး ရှန်းလျိုရှန့် သူ့ကိုအဘယ့်ကြောင့် ထိုသို့လုပ်ရသည်ကို နားမလည်ဟန်ဖြင့် ကြည့်နေသည်။
ရှန်းလျိုရှန့် ထိတ်လန့်သွားသည်။
ကျိုးရွှမ်လန်အစစ်သာ ဒီနေရာမှာရှိနေမယ်ဆိုရင် အဲ့လိုလုပ်မှာ မဟုတ်ဘူး...
သူ စူးစူးရဲရဲစိုက်ကြည့်နေစဉ် ကျိုးရွှမ်လန်ကို အပြင်ဘက်မှ လရောင်နှင့်တူသော အနီရောင်မြူနှင်းတစ်လွှာဖြင့် ဝန်းရံထားသည်ကို သတိပြုမိလိုက်သည်။
သူ မဝံ့မရဲဖြင့် အနီရောင်မြူများကို လက်ဖဝါးဖြင့် ထိကြည့်လိုက်သောအခါ အတွင်းတွင်ပါဝင်သော ဝိညာဉ်စွမ်းအင်များက သူ့ထံကူးပြောင်းခံလိုက်ရသည်။
ရှန်းလျိုရှန့် အသက်ပြင်းပြင်းရှုလိုက်ပြီး သွေးနီရောင်လမိုက်ညတွင် နတ်ဆိုးများက ပြိုင်ဘက်ကင်းဖြစ်သည်ဟု ဧကရာဇ်ပြောခဲ့သည်ကို သဘောပေါက်သွားသည်။
ဒါ ညစ်တာပဲ သက်သက်ကိုညစ်တာ...
ငါ့ကို အနိုင်ကျင့်နေတယ်...
ရှန်းလျိုရှန့်၏မျက်လုံးများ နီရဲလာလေသည်။
သူ့မျက်လုံးထောင့်များ နီရဲလာသည်ကိုမြင်သောအခါ ကျိုးရွှမ်လန်က နှုတ်ခမ်းချင်းကပ်ထားရာမှ ခွာလိုက်သည်။
" ရှစ်စွမ်း ငိုနေတာလား..."
ထိုစကားကိုကြားသည့်အခါ ရှန်းလျိုရှန့်၏စိတ်ထဲ သရော်လိုက်သည်။
မင်း အဲ့လိုမလုပ်ဘူးဆိုရင် ငါလန့်သွားမယ်တဲ့လား...
ထိုအကြောင်းတွေးလိုက်စဉ်တွင် သူ့နှုတ်ခမ်းများ တွန့်သွားတော့သည်။
သူ့မျက်တောင်များ အနည်းငယ်တုန်ယင်လာပြီး ခေါင်းအုံးတွင် ပါးပြင်ကိုအပ်ထားလိုက်ကာ ငိုရှိုက်သံကြီးဖြင့် ပြောလိုက်သည်။
" ဝိညာဉ်စွမ်းအင် မပို့ပေးချင်တော့ဘူး ငါ့ကိုလွှတ်ပေးတော့..."
သွေးနီရောင်လမိုက်ညအချိန်ကျော်သွားတာနဲ့ ဒီကိုယ်ပွားကောင် နောင်တရစေရမယ်...
ကျိုးရွှမ်လန် ပျာယာခတ်သွားပြီး သူ့ကိုချက်ချင်းလွှတ်ပေးလိုက်သည်။
ဤနည်းလမ်းက အလုပ်ဖြစ်သည်ကို သိလိုက်ရသောအခါ ရှန်းလျိုရှန့်က အိပ်ရာပေါ်တွင် အမြန်ထထိုင်လိုက်ပြီး တုန်ယင်နေသည့်လက်ဖြင့် ကန့်လန်ကာကိုဖယ်ကာ အိပ်ရာပေါ်မှထွက်ပြေးရန် ပြင်လိုက်သည်။
" ရှစ်စွမ်း နေပါဦး..."
ကျိုးရွှမ်လန်က သူ့ကို ပြန်ဖမ်းဆွဲထားသည်။
ရှန်းလျိုရှန့် အေးခဲတောင့်တင်းသွားပြီး ငိုမဲ့မဲ့မျက်နှာလေးဖြင့် လှည့်ကြည့်လိုက်သည်။
" ဘာလဲ..."
ကျိုးရွှမ်လန် : " ကျွန်တော့်ဆီက ဝိညာဉ်စွမ်းအင် ပြန်မပို့ပေးရသေးဘူး..."
" ငါက အဲ့လောက် မလို..."
သူ့စကားမဆုံးမီမှာပင် ရှန်းလျိုရှန့်က ခါးမှပြန်ဆွဲယူခံလိုက်ရ၍ ထိတ်လန့်သွားသည်။
ပြတင်းပေါက်အပြင်ဘက်မှ လရောင်က ပိုမိုသိပ်သည်းလာသည်။ အချိန်မည်မျှကြာမြင့်သွားသည်ကို မသိသော်လည်း နောက်ဆုံးတွင်မှ ရှန်းလျိုရှန့်ကို လွှတ်ပေးလိုက်သည်။
သူ့ခေါင်းကိုတစ်ဖက်သို့လှည့်ပြီး အမောတကောဖြင့် အသက်ရှုနေရပြီး အပြင်ဝတ်ရုံကလည်း ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်ခံလိုက်ရ၍ အတွင်းဝတ်ရုံပါးလေးတစ်ထည်သာ ဝတ်ဆင်ထားတော့သည်။ အနက်ရောင်ဆံနွယ်များကလည်း ဖရိုဖရဲဖြစ်ကာ အိပ်ရာပေါ်ဖြာကျနေသည်။ သူ့နှုတ်ခမ်းများကလည်း သွေးစို့နေသကဲ့သို့ ဖူးယောင်နေကာ မျက်လုံးထောင့်များလည်း နီရဲတွတ်နေသည်။
ကျိုးရွှမ်လန်က မျက်လွှာချပြီး သူ့ကိုငုံ့ကြည့်နေသည်။
မူလက သူ့ရှစ်စွမ်း၏ ဝိညာဉ်စွမ်းအင်ကိုသာ ပြန်ပေးရန် ရည်ရွယ်ထားခဲ့သော်လည်း အနည်းငယ်မြည်းစမ်းကြည့်ပြီးသည်နှင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဖြစ်သွားမည်ဟု မထင်ခဲ့ပေ။ အားလုံးပြီးဆုံးသွားချိန်မှ သူ အသိစိတ်ပြန်ကပ်လာခဲ့သည်။
မူးယစ်နေခြင်းကလည်း အလိုလိုပျောက်ကွယ်သွားသော်လည်း သူ့ရင်ထဲမှ ခံစားချက်များက ပိုမိုအထိန်းအကွပ်မဲ့လာသည့်သဖွယ် ဖြစ်လာသည်။ အေးတိအေးစက်ဖြစ်နေသည့် မျက်နှာလေးကို မြင်သည့်အခါမှသာ သူ့၏ကမောက်ကမဖြစ်နေသော အသိစိတ်ကို ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ လန့်နိုးလာသည်။
မဟုတ်သေးဘူး ငါ ဘာလုပ်လိုက်မိတာလဲ...
ရှန်းလျိုရှန့်က အိပ်ရာအစွန်းတွင် ထထိုင်လိုက်ပြီး သူ့လေသံက ခံစားချက်ကင်းမဲ့နေသည်။
" မင်း အခု အမူးပြေသွားပြီဆိုတော့ ငါ့သိုလှောင်အိတ်ကို ပြန်ယူပေး..."
သိုလှောင်အိတ်က သူ့အပြင်ဝတ်ရုံနှင့်အတူ ကြမ်းပေါ်ကျသွားခြင်းဖြစ်သည်။ ကျိုးရွှမ်လန်က အိတ်ကိုအမြန်ကောက်ပေးလိုက်ပြီး အိပ်ရာနား ထပ်မကပ်ရဲတော့ဘဲ ရှန်းလျိုရှန့်ကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေပေးလိုက်သည်။
" ဒီတပည့် ကိုယ့်အမှားကိုယ်သိပါပြီ ရှစ်စွမ်း... ကျွန်တော့်ကို အပြစ်ပေးပါ..."
ရှန်းလျိုရှန့်က စကားတစ်ခွန်းမှမပြောဘဲ သိုလှောင်အိတ်ထဲလက်နှိုက်ကာ အပြာရောင်ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။
သူ့ဝိညာဉ်စွမ်းအင်ကို ထည့်လိုက်သည်နှင့် အတွင်းမှ ချက်ချင်းလှုပ်ရှားလာပြီး လေပြင်းတိုက်ခတ်သံနှင့်အတူ တချွင်ချွင်နှင့် ဖရိုဖရဲဖြစ်နေသံများ ကြားလိုက်ရသည်။
သို့ရာတွင် ကျိုးရွှမ်လန်၏လေသံက နူးညံ့ညင်သာနေကာ ပြုံးစစဖြင့် ပြောလိုက်သည်။
" အိပ်ချိန်တောင်ရောက်နေပြီ ရှစ်စွမ်း အနားမယူသေးဘူးလား..."
ရှန်းလျိုရှန့်က အိပ်ရာဘေးမှလူကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက်ဖြင့် ပြုံးလိုက်သည်။
ခဏအကြာတွင် သူ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် အားကုန်အော်ဟစ်လိုက်တော့သည်။
" ကျိုးရွှမ်လန်ရေ ကျိုးရွှမ်လန်... မင်းရဲ့ကိုယ်ပွားက မင်းကိုဆန့်ကျင်နေပြီ..."
ကျောက်စိမ်းပြား၏ အခြားတစ်ဖက်က ချက်ချင်းငြိမ်ကျသွား၏။
ကျိုးရွှမ်လန်ကိုယ်ပွား၏မျက်နှာက ချက်ချင်းဖြူဖျော့သွားပြီး ပြောစရာစကားမဲ့သွားသည်။
" အဲ့လိုမဟုတ်ပါဘူးရှစ်စွမ်း... ကျွန်တော်..."
ကျောက်စိမ်းပြားထံမှ မည်သည့်အသံမှ မကြားရတော့ပေ။
ရှန်းလျိုရှန့် မျက်ခုံးပင့်ပြီး ပြောလိုက်သည်။
" ငြိမ်မနေနဲ့ မင်းကြားရတယ်ဆိုတာ ငါသိတယ်..."
ကျောက်စိမ်းပြားက အရောင်လက်သွားပြီး ခဏအကြာတွင် နှစ်သိမ့်နေဟန်ရသည့် ချိုသာသော အသံတိုးတိုးတစ်သံ ထွက်ပေါ်လာသည်။
" ရှစ်စွမ်း စိတ်မပျော်ဘူးဆိုရင် သူ့ကို စိတ်တိုင်းကျအပြစ်ပေးလို့ရပါတယ်... ဒီတပည့် ဘာမှမပြောရဲပါဘူး..."
အိပ်ရာဘေးမှ ကျိုးရွှမ်လန်၏ အမူအရာက ထူးဆန်းနေပြီး နှုတ်ခမ်းပါးများ ပွင့်ဟလာသော်လည်း စကားပြောရန် တွန့်ဆုတ်နေမိသည်။
ရှန်းလျိုရှန့် မျက်လုံးများမှေးကျဉ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ဘေးပတ်ပတ်လည်မှ မြူနှင်းများကိုကြည့်ကာ နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်။
" လရောင်က သူ့ကို ကာကွယ်ပေးထားတော့ ထိခိုက်အောင် လုပ်လို့မရဘူးဖြစ်နေတယ်..."
ငါသာသူ့ကို တိုက်ခိုက်နိုင်တယ်ဆိုရင် ကျောက်စိမ်းပြားကိုထုတ်ပြီး အော်နေစရာတောင် မလိုဘူးလေ...
ကျိုးရွှမ်လန် : " လရောင်မကျနိုင်တဲ့နေရာကို ရှာလိုက်လေ ရှစ်စွမ်း..."
ရှန်းလျိုရှန့် ရုတ်တရက် သဘောပေါက်သွားပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။
" မင်းရဲ့ကိုယ်ပွားကို အဲ့လိုပဲ ရောင်းစားတော့မလို့လား..."
" ကိုယ်ပွားက ရှစ်စွမ်းအတွက် အပိုပဲလေ... ကျွန်တော်က အဲဒီမှာမရှိဘူးဆိုတော့ အဲ့ကကိစ္စတွေမသိဘူးပေါ့... ရှစ်စွမ်း ကျွန်တော့်ကို စိတ်မဆိုးပါနဲ့ သူ့ကိုပဲဆိုး..."
ကျောက်စိမ်းပြားမှ ထွက်ပေါ်လာသည့်အသံက အခန်းထဲတွင် ပြည့်နေသည်။ ကျိုးရွှမ်လန်ကိုယ်ပွားက မျက်မှောင်ကြုတ်လိုက်ပြီး ကျောက်စိမ်းပြားကို နက်စွေးစွေးမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ တစ်ဖက်မှ စကားသံများကိုနားထောင်လေ သူ့မျက်ဆံများက ပိုမိုမည်းနက်လာလေဖြစ်ပြီး ထပ်မံနီရဲလာတော့မည့် အရိပ်အယောင်မျိုးပါ ဖြစ်နေသည်။
ရှန်းလျိုရှန့် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ကျောက်စိမ်းပြားကိုယူကာ အိပ်ရာပေါ်မှဆင်းလာသည်။ အဝတ်အစားများဝတ်ဆင်ပြီးကာ ခါးထိရောက်နေသည့်ဆံပင်ရှည်ကြီးကို စုချည်လိုက်ပြီး အေးတိအေးစက်အသံဖြင့် ပြောလိုက်သည်။
" ငါနဲ့လိုက်ခဲ့..."
ကျိုးရွှမ်လန်မျက်လွှာချထားပြီး သူ့စကားများထဲမှ အေးစက်မှုကို ခံစားရသည့်အခါ အံ့အားသင့်ပြီး မကျေမချမ်းနိုင်ဖြစ်သွားသည်။
ငါလုပ်တာမှမဟုတ်တာ...
အပြင်ဘက်တွင် သွေးရောင်လမင်းကြီး၏ အငွေ့အသက်များက လွှမ်းခြုံထားသည်။ ရှန်းလျိုရှန့် တံခါးဖွင့်လိုက်ပြီးနောက် အိမ်ထဲတွင် အချိန်အတန်ကြာသည်အထိ ရှာဖွေပြီးသော်လည်း သင့်တော်သည့်နေရာကို ရှာမတွေ့ပေ။
ကျိုးရွှမ်လန်က စကားတစ်ခွန်းမှမပြောဘဲ သူ့နောက်မှလိုက်လာသည်။
ရှန်းလျိုရှန့် တစ်ဖက်သို့လှည့်ပြီး အဓိကလက်သည်ကို အပြစ်ပေးရမည့်နေရာ ရှာခိုင်းလိုက်သည်။ သို့ရာတွင် တဲ့တိုးပြောပါက လွန်သွားမည်စိုး၍ ယဉ်ကျေးစွာပြောလိုက်သည်။
" မှောင်တဲ့အခန်းရှိရင် ငါ့ကိုခေါ်သွားပေး..."
ကျိုးရွှမ်လန် : " အလင်းရောင်တစ်ခုမှ ဝင်လို့မရတဲ့နေရာမျိုးကို ပြောချင်တာလား ရှစ်စွမ်း..."
ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်သည်။
သူ့တပည့်ကို မှောင်မည်းနေသည့်အခန်းကျဉ်းလေးထဲခေါ်သွားပြီး ဒေါသပြေချိန်အထိ ရိုက်ပစ်ရန် ကြံရွယ်ထားခြင်းဖြစ်သည်။
ကျိုးရွှမ်လန်က ဦးတည်ရာပြောင်းလဲပြီး ရှေ့မှဦးဆောင်ကာ လမ်းပြလိုက်သည်။
" ဒီဘက်မှာ အခန်းလွတ်တစ်ခန်းရှိတယ်..."
ရှန်းလျိုရှန့်က ကျောက်ပြာလမ်းကို ခြေချလိုက်သည်။ ညလေပြည်က မြေပြင်ကိုတိုက်ခတ်နေသောကြောင့် သစ်ရွက်ခြောက်များ လွင့်နေသည်။ သူ့ခြေထောက်အောက်မှ "ဂျွတ်" ခနဲအသံ ကြားလိုက်ရပြီး သစ်ကိုင်းခြောက်တစ်ခု ကျိုးကြေသွားသည်။
သူ သစ်ကိုင်းခြောက်လေးကိုကောက်ပြီး ကြည့်ကြည့်လိုက်သည်။
လက်တစ်ချောင်းစာခန့်အရွယ်အစားရှိသည့် သစ်ကိုင်းခြောက်လေးက လရောင်အောက်တွင် အနည်းငယ်နီရဲနေသည်။
ရှန်းလျိုရှန့် လက်နောက်ပစ်၍ ဆက်လျှောက်လာပြီး သူ့ရှေ့မှလူကို အမှီလိုက်လာသည်။
အခန်းက ဗလာကျင်းနေသည့်အပြင် အလုံပိတ်ထားသောကြောင့် အပြင်ဘက်မှ အလင်းရောင်များ မဝင်ရောက်နိုင်ပေ။
ကျိုးရွှမ်လန် အသက်အောင့်ထားလိုက်ပြီး သူ့မျက်စိရှေ့မှ အမှောင်ထုကြီးကိုကြည့်နေစဉ် အေးစက်ရှင်းလင်းသော အသံတစ်သံကို ကြားလိုက်ရသည်။
" ဘာများပြောဦးမလဲ..."
ကျိုးရွှမ်လန် ခဏတာ ငြိမ်ကျသွားပြီးနောက် သူ့ကိုယ်သူကာကွယ်သည့်အနေဖြင့် အသံတိုးတိုးလေးနှင့် ပြောလာသည်။
" ဒီတပည့် အရက်မူးသွားပြီးတော့ ကိုယ်ပွားကိုထိန်းချုပ်နေတဲ့ အသိစိတ်က ကမောက်ကမဖြစ်သွားပါတယ်... ပုံမှန်ဆိုရင်တော့ အဲ့လိုအချိန်မှာ မူရင်းအသိစိတ်က ဝင်နေရာယူလိုက်တာပါ..."
ရှန်းလျိုရှန့် : " ဟမ် မင်းဘာကိုပြောချင်တာလဲ..."
" ဘာမှမဟုတ်တော့ပါဘူး..."
ကျိုးရွှမ်လန်၏ ကတ္တီပါနီရောင်မျက်လုံးများ ပွင့်လာသည်။
" ရှစ်စွမ်း အပြစ်ပေးမှာကို တပည့်ခံယူပါ့မယ်..."
ရှန်းလျိုရှန့် သူ့အသံကိုကြားသည့်အခါ စိတ်ထဲတွင် မကျေမနပ်မှုများဖြင့် ပြည့်သွာ
းပြီး နှာမှုတ်လိုက်သည်။
" မင်းက ကိုယ့်အပြစ်ကိုယ် မသိဘူးပဲ... သွေးနီရောင်လက မင်းကိုကာကွယ်ပေးထားတယ်ဆိုပြီး မင်းရဲ့ကျင့်ကြံဆင့်နဲ့ ငါ့ကိုဖိနှိပ်ထားတယ်... မင်း စိတ်ထဲမှာ ငါ့ကို ဆရာတစ်ယောက်အနေနဲ့ ရင်ထဲမရှိဘူးလားလေးစားရကောင်းမှန်း မသိဘူးလား..."