အပိုင်း ၈၈
Viewers 23k

Chapter 88




ကျိုးရွှမ်လန် အံ့အားသင့်သွားသည်။

" ကျွန်တော် ရှစ်စွမ်းကို ရင်ထဲထားပါတယ်..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်မိသည်။

" ဒါဆိုရင် ငါ ရပ်တော့လို့ပြောနေတဲ့အချိန်တုန်းက ဘာလို့ ဝိညာဉ်စွမ်းအင်လွှဲပြောင်းတာကို ဆက်လုပ်လဲ..."

 

 ကျိုးရွှမ်လန် ငြိမ်ကျသွားပြီး တီးတိုးရေရွတ်လိုက်သည်။

" ရှစ်စွမ်း ဒီတိုင်းပဲ အပြစ်ပေးလိုက်ပါတော့... ကျွန်တော် ဝိညာဉ်စွမ်းအင်သုံးပြီး မခုခံပါဘူး..."


ရှန်းလျိုရှန့်က သူ့ကိုသရော်ဟန်ဖြင့် ပြုံးလိုက်သည်။


သူ အမှောင်ထဲတွင် သစ်ကိုင်းခြောက်ကိုင်ထားသည့်လက်ကို ဆန့်ထုတ်လိုက်သည်။

" လက်ဖြန့်လိုက်..."


တစ်ခဏတွင်းချင်းမှာပင် ကျိုးရွှမ်လန်၏လက်ကို သူလှမ်းဆွဲလိုက်သည်။


ကျိုးရွှမ်လန် မျက်ခုံးအသာပင့်လိုက်မိပြီး သူ့လက်ကိုဆွဲယူခွင့်‌ပြုလိုက်သည်။ သူ့လေသံထဲတွင် စိတ်ခံစားချက် တစ်စွန်းတစ်စမှ မပါဝင်နေပေ။ 


" ရှစ်စွမ်း ကျွန်တော့်လက်ကို ချိုးပစ်မလို့လား..."


" အဲ့လိုပဲ..."


စကားဆုံးသည်နှင့် ရှန်းလျိုရှန့်ကို သူ့လက်ဖဝါးကို ထောက်ခနဲမြည်အောင် ရိုက်လိုက်သည်။


ကျိုးရွှမ်လန်၏ မျက်နှာအမူအရာက မယုံကြည်နိုင်သည့်ဟန် ဖြစ်သွားပြီး အေး‌ခဲတောင့်တင်းသွားသည်။


ထောက် ထောက် ထောက်...


သုံးချက်ဆက်တိုက် ရိုက်ပြီးသည့်နောက်တွင် ရှန်းလျိုရှန့်ကရပ်တန့်ပြီး မေးလိုက်သည်။


" နောက်ဆို အဲ့လိုလုပ်ဦးမှာလား..."


" မလုပ်ရဲတော့ပါဘူး.."


သို့ဖြစ်၍ ရှန်းလျိုရှန့်က သူ့လက်ကိုလွှတ်ပေးလိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ပြောလိုက်သည်။

" ကောင်းပြီလေ ဒါဆိုထားလိုက်တော့မယ်..."


ကျိုးရွှမ်လန် တအံ့တဩဖြစ်သွားသည်။

" ရှစ်စွမ်း အခုစိတ်ပြေသွားပြီဆိုတော့ ဒီတပည့်ကို ခွင့်လွှတ်ပေးမှာလား..."


ရှန်းလျိုရှန့် ရိုက်လိုက်သည်က နှိပ်စက်သည်ဟုပြောရန်မဆိုနှင့် အယားပြေရုံပင် မရှိချေ။ 


" ဒီလောက်နဲ့ မရသေးဘူးလား..."


ရှန်းလျိုရှန့်က သူ လမ်းပေါ်မှကောက်လာသည့် သစ်ကိုင်းခြောက်ကို ထောင်ပြလိုက်သည်။


" မင်းလို ကြီးကျယ်မြင့်မြတ်လှတဲ့ နတ်ဆိုးဘုရင်ကြီးက လက်ဖဝါးကို သစ်ကိုင်းခြောက်နဲ့ အရိုက်ခံထားရတာလေ... ဒီသတင်းသာပျံ့သွားရင် မင်း နတ်ဆိုးလောကမှာ သိက္ခာကျမှာပေါ့..."


ကျိုးရွှမ်လန်က ကြောင်အအဖြင့် လက်ပြန်ရုတ်လိုက်သည်။


ရှန်းလျိုရှန့် ‌တံခါးပြန်ဆွဲဖွင့်တော့မည့်အချိန်မှသာ သူ အသိစိတ်ပြန်ကပ်လာပြီး လွှတ်ခနဲပြောထွက်သွားသည်။


" ကျွန်တော် ရှစ်စွမ်းကိုဖက်ချင်တယ် ဖက်လို့ရမလား..."


တံခါးကို ကျွီခနဲဆွဲဖွင့်လိုက်သံ မြည်လာသော်လည်း ထိုစကားကိုကြားသည်နှင့် ဂျိန်းခနဲ ပြန်ပိတ်လိုက်သည်။ ရှန်းလျိုရှန့်က သူ့ဘက်လှည့်လာပြီး မျက်လုံးအပြူးသားဖြင့် ပြောလိုက်သည်။


" လရောင်မရှိရင် မင်းငါ့ကိုယှဉ်လို့မရဘူးနော်... အဲလိုစကားတွေ ထပ်ပြောမယ်ဆိုရင် ငါ မင်းရဲ့လက်ကိုပဲ ရိုက်တော့မှာမဟုတ်ဘူး သတိထား..."


ရှန်းလျိုရှန့်က ကျန်ရှိနေသည့်စကားများကို ဆက်မပြောတော့ဘဲ အေးစက်စက်ဖြင့် ပြောလိုက်သည်။ 

" မရဘူးဆို မရဘူးပဲ..."


ကိုယ်ပွားလေး၏မျက်နှာက စိတ်ပျက်သွားဟန်ပေါ်သည်။


.....


အဝေးတစ်နေရာရှိ စွန့်ပစ်မြေရှစ်ပါး(ပါ့ဟွမ်)တွင် ရှိနေသော ကျိုးရွှမ်လန်က အပျက်အစီးပုံထဲတွင် ရပ်နေပြီး သူ့ဝတ်ရုံက လေထဲတွင်လွင့်နေသည်။ သူ့လက်ထဲမှ ကျောက်စိမ်းပြားကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် သူ့နှုတ်ခမ်းထက်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ပွင့် ပေါ်လာသည်။


သူ့ဘေးနားမှ အောင်းယွဲ့က ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။


" တော်သင့်ပြီထင်တယ် မင်း အလေးအနက်ထားလို့ မရဘူးလား... သွေးနီရောင်လမိုက်ညကြောင့်သာမဟုတ်ရင် လင်ယဲ့က ငါတို့ကိုလိုက်မှီလာလောက်ပြီ... ငါ မသေချင်သေးဘူးနော်..."


အောင်းယွဲ့က သူ့ကျင့်ကြံဆင့်မှာ လင်ယဲ့၏ရင်ဘောင်တန်းနိုင်သည်ဟု မူလက ထင်ခဲ့သော်လည်း ဤနှစ်အနည်းငယ်အတွင်းတွင် တစ်ဖက်လူက ဉာဏ်အလင်းပွင့်သွားသကဲ့သို့ဖြစ်လာပြီး ကျင့်ကြံဆင့်က ကြောက်မခန်းလိလိအဆင့်သို့ ရောက်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။


ကံကောင်းသည်မှာ ကျိုးရွှမ်လန် ပြန်ရောက်လာခဲ့သောကြောင့် သူ လွတ်မြောက်နိုင်ခဲ့သည်။


သို့ရာတွင် အခြေအနေက တဖြည်းဖြည်းပိုမိုဆိုးဝါးလာသည်။


" မင်း အရင်တုန်းက ချင်းလင်ဂိုဏ်းရဲ့တပည့်လေ... သူက ဘာကိစ္စ အဲ့လောက်‌တောင်သတ်ပစ်ချင်နေရတာလဲ..."


ကျိုးရွှမ်လန်က ခေါင်းမော့လာပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။


‌လင်ယဲ့က သူ့ကိုသတ်ရန် ကြိမ်ဖန်များစွာကြိုးစားခဲ့ပြီး အောင်းယွဲ့နှင့် အခြားမကောင်းဆိုးဝါးများကိုမူ ဖမ်းမိခဲ့လျှင်ပင် သတ်ရန်မကြိုးစားခဲ့သောကြောင့် ကိစ္စက နတ်ဆိုးမျိုးနွယ်နှင့် သက်ဆိုင်ပုံမရပေ။ 


ကျိုးရွှမ်လန်က သူ့ဝတ်ရုံလက်များကို တစ်ချက်ခါလိုက်သည်။


" ကျွန်တော်တို့ အလိုက်ခံနေရတုန်းပဲ အရင်သွားကြတာပေါ့..."


.....


ရှန်းလျိုရှန့် အခန်းထဲမှ ထွက်လာပြီး ဝတ်ရုံလက်ပေါ်မှဖုန်များကိုခါနေစဉ် ‌အလောတကြီးလမ်းလျှောက်လာနေသံကို ကြားလိုက်ရသည်။


လော့ယွီက အိပ်ခန်းထဲတွင် မည်သူ့ကိုမှ မတွေ့သောကြောင့် အမြန်လိုက်ရှာနေစဉ် အခန်းလွတ်ထဲမှ လှုပ်ရှားသံများကြားလိုက်ရ၍ အမြန်ရောက်လာခြင်းဖြစ်သည်။


" အရှင် ချီလင်မြို့အပြင်ဘက်မှာ လှုပ်ရှားမှုတွေ့ တွေ့နေရတယ်..."


ရှန်းလျိုရှန့် အံ့အားသင့်သွားသည်။

" ဘာတွေဖြစ်လို့လဲ..."


လော့ယွီနှင့် အခြားလူများက မြို့အပြင်ဘက်တွင် စောင့်ကြည့်နေကြသည်ကိုသိသော်လည်း သူတို့ မည်သည့်အရာကို စောင့်ကြည့်နေခြင်အား သူမသိပေ။ 


ကျိုးရွှမ်လန်က တည်ကြည်စွာဖြင့် ပြောလိုက်သည်။

" သိပ်မကြာသေးခင်က ဓားဂိုဏ်းကတပည့်တစ်အုပ်စုက လူသားလောကနဲ့ နတ်ဆိုးလောကနှစ်ခုဆုံတဲ့နေရာမှာ ပျောက်သွားတယ်..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်မိသည်။

" အဲဒီနေရာမှာ မကောင်းဆိုးဝါးသားရဲတွေ အများကြီးရှိနေတာဆိုတော့ ဘယ်လိုမတော်တဆမှုမျိုးမဆို ဖြစ်သွားနိုင်တယ်လေ... မင်း ပြောပုံအရဆိုရင် ‌ဒီကိစ္စက ချီလင်မြို့နဲ့ ပတ်သက်နေသလို ဖြစ်နေပါလား..."


ကျိုးရွှမ်လန် : " အခုမှ မှန်းကြည့်နေတုန်း ရှိပါသေးတယ်..."


ရှန်းလျိုရှန့် : " ‌ဒါဆိုရင် ငါလည်းလိုက်ခဲ့မယ်..."


ကျိုးရွှမ်လန် ခေါင်းညိတ်ပြလိုက်ပြီးနောက် ဂိတ်ပေါက်ရှိရာသို့ လျှောက်လာစဉ်တွင် ခမ်းနားသော အဝတ်အစားများဝတ်ထားသော ရှုရှင်းချန်၏နောက်တွင် ပျာယာခတ်နေသည့် မိန်းကလေးတစ်ယောက် လိုက်လာသည်ကို တွေ့လိုက်ရသည်။


ရှန်းလျိုရှန့်ကိုမြင်သည်နှင့် နန်ရှန့်က စဉ်းစားမနေတော့ပဲ ပြေးဖက်ရန်ပြင်လိုက်သည်။ လမ်းတစ်ဝက်အရောက်တွင်မှ သူ့ဘေးနားတွင်ရပ်နေသူကို သတိထားမိပြီး ကြောက်လန့်သွား၍ လော့ယွီကိုပြေးခုန်အုပ်ပြီး ပြောလိုက်သည်။


" ကျွန်မ ရှုံးယို့ကို ရှာတွေ့ပြီ..."


လော့ယွီ : " ဟမ် ငါ့ကိုဘာလို့..."


ရှန်းလျိုရှန့်အခြေအနေကြောင်း မေးမြန်းလိုက်ပြီးနောက် သူမနှင့်အတူ ရှန်ဖန့်သို့လိုက်သွားသည်။


နန်ရှန့်၏အပြောအရဆိုလျှင် ရှုံးယို့က အစောပိုင်းတွင် ရုတ်တရက်ပြန်ရောက်လာပြီး မြို့အရှင်ကိုအမြန်ရှာရန် သူမကိုပြောခဲ့ကာ စကားပြောနေစဉ် တစ်ဝက်တစ်ပျက်တွင် သူမ နားမလည်နိုင်သောစကားများကို ပြောလာခဲ့သည်။


ရှန်းလျိုရှန့် ရှုံးယို့ကိုတွေ့ချိန်၌ သူ့ကို ခုံပေါ်တွင် ကြာပွတ်ဖြင့်ချည်ထား၍ နှဖူးပြင်ပေါ်တွင် ‌အပြာရောင်သွေးကြောများ ထောင်တက်နေကာ မျက်နှာပေါ်တွင်လည်း နတ်ဆိုးအမှတ်အသားများပေါ်လာနေသည်။


" နန်ရှန့် ငါ့ကိုအမြန်လွှတ်ပေးစမ်း... မြို့အရှင် အန္တရာယ်ရှိနေပြီ..."


နန်ရှန့် : " ရှင် စောစောတုန်းက ကျွန်မကို ဒဏ်ရာရအောင် လုပ်မလို့လေ အခုဒီတိုင်းနေဦး..."


ရှန်းလျိုရှန့်က ရှုံးယို့ကို တစ်ချက်ကြည့်ပြီးနောက် ရှုံးယို့ကိုကြည့်လိုက်သည်။

" ဘာအန္တရာယ်လဲ..."


ရှုံးယို့ စကားပြောတော့မည့်အချိန်၌ သူ့မျက်လုံးများ အရောင်လက်လာပြီးနောက် အသက်မဲ့သွားသကဲ့သို့ဖြစ်လာသည်။ နန်ရှန့်မြင်သည့်အခါ ပြောလာသည်။

" ကြည့်ပါဦး သူ စောစောကလည်း အဲ့လိုဖြစ်နေတာ..."


ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်သည်။

" ကြည့်ရတာ သူ့ကိုတစ်ယောက်ယောက်က ထိန်းချုပ်နေတဲ့ပုံပဲ..."


နန်ရှန့်၏မျက်နှာက သိသိသာသာပြောင်းလဲသွားသည်။

" ဘယ်သူ ငါ့လက်ချက်နဲ့ သေချင်နေဝာလဲမသိဘူး..."


သူမ ရှုံးယို့၏မျက်နှာကိုကိုင်ထားပြီး ဝမ်းနည်းပက်လက်ဖြင့် ငိုကြွေးတော့သည်။


" သခင်လေးတို့ သူ့ကို တစ်ခုခုလုပ်ပေးလို့မရဘူးလား... ကျွန်မဝမ်းကွဲကို ခေါ်ထားပေမယ့် သူရောက်လာဖို့က နည်းနည်းကြာဦးမှာ..."


" ဒီလိုမျိုးမန္တန်ကို ဘယ်လိုဖျက်ပစ်ရမယ်ဆိုတာ ငါမသိဘူး..."


ရှန်းလျိုရှန့်က ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ကို ကြည့်နေသည်။

" သူ့ကိုအခန်းပြင်ဘက် ခေါ်သွားရအောင်... လရောင်ရဲ့လွှမ်းမိုးခံရရင်တော့ ပြန်သတိရရင် ရလာမှာ..."


သူ နတ်ဘုရားထိန်းချုပ်မန္တန်ကို တွေးမိသွားသည်။ ရှုံးယို့ကို ထိန်းချုပ်နေသူက စုပိုင်ချယ့်ဖြစ်‌နိုင်ချေရှိပြီး သူ့ရည်ရွယ်ချက်ကိုမူ တိတိကျကျမသိနိုင်သေးပေ။ 


နီရဲတွတ်နေသည့်လရောင်က ရှုံးယို့၏ကိုယ်ပေါ်ကျရောက်လာ၍ သူ့မျက်နှာထက်မှ နတ်ဆိုးအမှတ်အသားများ ပေါ်လာပြန်သည်။ သူ့မျက်လုံးများ အရောင်လက်လာပြီး တဖြည်းဖြည်း နိုးထလာသည်။


နန်ရှန့်က စိတ်လှုပ်ရှားစွာဖြင့် သူ့ရင်ခွင်ထဲ ပြေးဝင်သွားသည်။


ရှန်းလျိုရှန့်က သူမကိုဟန့်တားပြီး ပြောလိုက်သည်။

" အရေးကြီးတဲ့ကိစ္စ အရင်ပြောရအောင်... မင်းကိုထိန်းချုပ်ထားတာ စုပိုင်ချယ့်လား..."


" ငါ အဲဒီညက ကျူးယန်နဲ့ တိုက်ခိုက်ခဲ့တယ်..."


ရှုံးယို့၏မျက်နှာက တဖြည်းဖြည်းပြာနှမ်းလာသည်။

" သူ ငါ့ကိုအသုံးချပြီးတော့ မြို့အရှင်ရဲ့သတင်းတွေယူသွားတယ် ပြီးတော့ သွေးနီရောင်လမိုက်ည အချိန်တွေမှာ မြို့အရှင်ကို ဒုက္ခပေးတော့မှာ..."


ရှန်းလျိုရှန့် ဇဝေဇဝါဖြစ်သွားရသည်။ အကယ်၍ စုပိုင်ချယ့်က ကျူးယန်နှင့် တစ်နည်းတစ်ဖုံသက်ဆိုင်နေလျှင်ပင် သူက နတ်ဆိုးမျိုးနွယ်မှလူ မဟုတ်ပေ။ ဝမ်ရမ်ချင်ကသာ နတ်ဆိုးမျိုးနွယ်ဝင်အစစ်ဖြစ်၍ လရောင်၏ကာကွယ်ခြင်းခံထားရသူ ဖြစ်သည်။ အကယ်၍ ယခုအချိန်မျိုးတွင် တိုက်ခိုက်ပါက စုပိုင်ချယ့် သူ့သေလမ်းသူရှာနေခြင်း ဖြစ်ပေမည်။ 


ရှုံးယို့က သူတွေးနေသည်ကို သတိထားမိပြီး အံကြိတ်ထားလိုက်သည်။

" မြို့အရှင်က ကျွန်တော်တို့နတ်ဆိုးတွေနဲ့ မတူဘူး..."


ဝမ်ရမ်ချင်က သွေးနှောတစ်ယောက်ဖြစ်သည်ကို ရှုံးယို့သိထားသော်လည်း မည်သည့်နည်းလမ်းများဖြင့် သွေးနှောတစ်ယောက်၏အော်ရာကို ဖုံးကွယ်ထားသည်ကိုမူ မသိချေ။ သို့ရာတွင် နတ်ဆိုးအော်ရာများ အားအပြင်းဆုံးဖြစ်နေသည့်ညတိုင်းတွင် သူ့အတွက် ပြဿနာအများဆုံးဖြစ်ပြီး သူ့ကိုယ်ပေါ်မှ သွေးနှောအော်ရာကို ထိန်းချုပ်မရနိုင်ပေ။ ထိုအော်ရာပျံ့နှံ့သွားပါက ကျင့်ကြံဆင့်လည်း အားနည်းလာနိုင်သည်။


သွေးနီရောင်လမိုက်ညမျိုးတွင် ဝမ်ရမ်ချင်က မည်သူမှ ရှာမတွေ့နိုင်သောနေရာ၌ တစ်ယောက်တည်းပုန်းအောင်းနေခြင်းဖြင့် သူ့အတွက် အလုံခြုံဆုံးဖြစ်လာစေသည်။


ပုံမှန်အချိန်တွင် ဤကိစ္စမျိုးကို မည်သူ့ကိုမှ မပြောသော်လည်း စုပိုင်ချယ့်၏ ထိန်းချုပ်ခံလိုက်ရချိန်တွင်မူ အရာအားလုံးကို ဖော်ထုတ်မိသွားသည်။ သို့ရာတွင် စုပိုင်ချယ့်က ထိုကိစ္စကိုသိနေသည်မှာ အချိန်အတော်အတန်ကြာနေသကဲ့သို့ အံ့ဩသွားဟန်မပြဘဲ ယခင်မြို့အရှင်အကြောင်းသာ သူ့ကိုမေးခဲ့သည်။ 


ထိုအကြောင်းကြားသည့်အခါ ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်မိသည်။


" သူက သွေးနှောဆိုရင်တော့ အဓိပ္ပါယ်ရှိပါတယ်... စုပိုင်ချယ့်က သူ့အကြောင်းကို လူသိရှင်ကြား ဖော်ထုတ်ချင်နေတာဖြစ်မယ်..."


ရှုရှင်းချန်က ပြောလာသည်။

" ဒီလူက သူများကိစ္စကို ဝင်စွက်ဖက်တာပဲ..."


ရှန်းလျိုရှန့်က သူ့ကိုကြည့်ပြီး ရယ်လိုက်သည်။

" ‌ဒါ တခြားလူရဲ့ကိစ္စကို ဝင်စွက်ဖက်တာနဲ့မဆိုင်တော့ဘူး... သူသာ ဝမ်ရမ်ချင်ရဲ့ အားနည်းချက်ကိုသိပြီဆိုရင် သူ့ကိုလိုသလို အသုံးချတော့မှာလေ..."


 ဝမ်ရမ်ချင်က သွေးနှောတစ်ယောက်ဖြစ်သည်ဟူသောသတင်းက အုတ်သော်‌သောင်းနင်းဖြစ်သွားစေမည်မှာ မလွဲဧကန်ဖြစ်သည်။ ချီလင်မြို့သူမြို့သားများ သွေးနှောများကိုဆက်ဆံသည့်ပုံအရဆိုလျှင် သူ့ကိုပုန်ကန်ရန် ဖြစ်နိုင်ချေများသည်။


နန်ရှန့် အသိစိတ်ပြန်ဝင်လာပြီးနောက် အလွန်ထိတ်လန့်သွားသောကြောင့် လက်မခံနိုင် ဖြစ်သွားရသည်။


ငါတို့ရဲ့ မြို့အရှင်က သွေးနှောလား...


စုပိုင်ချယ့်က ချီလင်မြို့ကို လုယူချင်သည်ဟူသောစကား ကြားသည့်အခါ သူမ မျက်ခုံးပင့်လိုက်ပြီး ချက်ချင်းနိုးနိုးကြားကြားဖြစ်သွားသည်။

" မြို့အရှင်ကိစ္စကိုထားလိုက်ပါ၊ အရင်ဆုံးတော့ ချီလင်မြို့ကို ဘယ်သူမှ ထိန်းချုပ်လို့ မရစေရဘူး..."


ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်သည်။

" ငါထင်တာတော့ စုပိုင်ချယ့်က အရင်မြို့အရှင်ကို ကယ်ထုတ်ပြီး ဝမ်ရမ်လျင်ကိုသူ့နေရာကဖယ်ခိုင်းပြီးတော့ အရင်မြို့အရှင်ကနေတစ်ဆင့် ချီလင်တစ်မြို့လုံးကို ထိန်းချုပ်မယ်ထင်တယ်..."


နန်ရှန့် အံ့အားသင့်သွားမိသည်။

ချယ့်ပိုင်စုဆိုတဲ့လူက တော်တော်ရွံစရာကောင်းတာပဲ...

[ နာမည်ကိုပြောင်းပြန်ရေးထားတာမဟုတ်ပါဘူး သူ့ကို စုပိုင်ချယ့်က ချယ့်ပိုင်စုဆိုတဲ့ နာမည်ပြောင်းပြန်ကြီးကိုပဲ ပြောပြခဲ့လို့ပါ ]


ရှန်းလျိုရှန့်က ရှုံးယို့ကို တစ်ချက်ကြည့်လိုက်သည်။

" မင်းဘာလို့ ငါတို့ကို ဒီအကြောင်း ပြောပြနေတာလဲ... ငါတို့တွေကလည်း စုပိုင်ချယ့်နဲ့ တစ်ကြိတ်တည်းတစ်ဉာဏ်တည်းဖြစ်ပြီး ဝမ်ရမ်ချင်ကိုဆန့်ကျင်ရင် ဘယ်လိုလုပ်မလဲ..."


ရှုံးယို့၏အကြည့်က သူ့အပေါ်ကျရောက်လာပြီး တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။


" ငါ မြို့အရှင်ရဲ့အခန်းထဲမှာ မင်းရဲ့ပုံတူကိုမြင်ခဲ့တယ်..."


ရှန်းလျိုရှန့် : "..."


ရှုရှင်းချန်က မျက်လုံးများမှေးကျဉ်းလိုက်ပြီး သရော်လိုက်သည်။


" အစ်ကိုကြီးကတော့ တကယ့်ကို အံ့ဩစရာပါပဲ... သတ္တမနတ်ဆိုးဘုရင်နဲ့ပါ ရင်းနှီးနေတာလား..."


ရှန်းလျိုရှန့် : " မင်း ငါ့ကို မဟုတ်မမှန်တွေ ပြောနေတာပဲ ငါတို့က ဘာကိစ္စရင်းနှီးရမှာလဲ... အဲဒီပုံတူက သူ့ကိုငါလက်ဆောင်ပေးထားတာ မဟုတ်ဘူး..."


ရှုရှင်းချန်က အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်ပြီး ခဏငြိမ်သက်သွားပြီးကာမှ သူ့ကိုခေါင်းစောင်းကြည့်လိုက်သည်။


တစ်စုံတစ်ယောက်က သူ့ထက်ပို၍ မပျော်မရွှင်ဖြစ်နေမည်ကို တွေးမိသောအခါ ရှုရှင်းချ

န်၏ မျက်နှာထက်မှ မကျေနပ်မှုများက ပျောက်ကွယ်သွားပြီး ရယ်ရယ်မောမောဖြင့် မေးလိုက်သည်။


" ကျိုးရွှမ်လန်ရော ဒီကိစ္စသိလား..."


ရှန်းလျိုရှန့် နင်သွားရသည်။


ဘုရားရေ ကျိုးရွှမ်လန်အကြောင်း အဲလိုရုတ်တရက်ကြီး မပြောလိုက်နဲ့လေ...