အပိုင်း ၈၉
Viewers 23k

Chapter 89




ရှန်းလျိုရှန့်၏ သဘာဝမကျသော အမူအရာနှင့် ယခင်ကဲ့သို့ ထေ့ငေါ့ပြောဆိုခြင်းမရှိဘဲ နှုတ်ဆိတ်နေခြင်းကို မြင်လိုက်ရသည့်အခါ ရှုရှင်းချန်က အောင်နိုင်မှုကို ခံစားလိုက်ရ၍ အလွန်အမင်းပျော်ရွှင်သွားမိပေသည်။


သူ ခါးမတ်မတ်ရပ်ပြီး စိတ်ကြည်လင်သွားသည်။


" ခင်ဗျားက ဝမ်ရမ်ချင်ကို ကယ်စေချင်တာမလား ဒါပေမဲ့ အဲဒါမလိုဘူးလို့ထင်တယ်... သူ ‌ဒီနေ့ည ကောင်းကောင်းပုန်းနေပြီး အသက်ရှင်နိုင်ရင်ရတာပဲ... ဒါဆို သူ့ကိုယ်နံ့ကလည်း ပြန်ပျောက်သွားမယ်... တကယ်လို့ စုပိုင်ချယ့်က မြို့အရှင်ဟောင်းကို သူ့ဘက်ပါအောင် လုပ်နိုင်သွားရင်တောင်မှ သက်သေမရှိတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားမှာလေ..."


" မြို့အရှင် ဘယ်နေရာမှာ ပုန်းနေတယ်ဆိုတာကို ဘယ်သူမှ မသိကြဘူး..." 

ရှုံးယို့က မျက်နှာပျက်‌စွာဖြင့် ပြောလိုက်သည်။ 

" ဒါပေမဲ့ ကျူးယန်(စုပိုင်ချယ့်)က သူ့ကို လွယ်လွယ်ရှာတွေ့မယ့်အတိုင်းပဲ အရမ်းကို ယုံကြည်ချက်ရှိနေတော့ ငါ နည်းနည်းစိတ်ပူတယ်..."


ရှန်းလျိုရှန့် အလေးအနက်စဉ်းစားနေလိုက်သည်။

" မြို့အရှင်ရဲ့စံအိမ်ကိုသွားပြီးတော့ စုပိုင်ချယ့်ရောက်မလာခင် မြို့အရှင်ဟောင်းကို သွားခေါ်ကြမယ်..."


ရှုံးယို့၏မျက်နှာက ဖြူဖျော့နေသည်။

" နောက်ကျသွားလောက်ပြီထင်တယ်..."


သူ့စကားဆုံးသည်နှင့် အပြင်ဘက်မှ ဆူညံသံများစွာ ထွက်ပေါ်လာသည်။


သွေးနီရောင်လမိုက်ညတွင် နတ်ဆိုးအားလုံးက အလွန်စိတ်လှုပ်ရှားနေတတ်ကြသောကြောင့် အားလုံးက အိပ်စက်အနားယူခြင်းမရှိဘဲ လမ်းမထက်တွင် သွားလာနေကြသည်။ မြို့အရှင်စံအိမ်မှ လှုပ်ရှားမှုများက နတ်ဆိုးများစွာ၏ အာရုံစိုက်မှုကို ချက်ချင်းရယူလိုက်သည်။


လက်ဖက်ရည်တစ်အိုးတည်သည့်အချိန်တွင်းတွင် အားလုံးကို ထိတ်လန့်စေသော သတင်းကြီးက လမ်းတစ်လျှောက်လုံး၌ ပျံ့နှံ့သွားသည်။


ချီလင်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်သည်။


" မြို့အရှင်က သွေးနှောဖြစ်နေတယ်တဲ့လား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... အဓိပ္ပါယ်မရှိတာတွေ ပြောနေတယ်..."


" မြို့အရှင်ဟောင်းကိုယ်တိုင်ပြောတာတော့ သူ့ကို ဝမ်ရမ်ချင်ကိုယ်တိုင် နှစ်ပေါင်းများစွာ အကျဉ်းချထားလို့ ခုမှ လွတ်လာခဲ့တာတဲ့..."


" မြို့တော်သခင်ကို ဘုရင်မအန်းချင်က မွေးထားတာလေ ဘုရင်မက နှင်းတောင်မြေခွေးမဟုတ်ဘူးလား..."


" သူက ကဝေမျိုးနွယ်ကမိန်းမလေ... မြို့အရှင်ဟောင်းပြောတာတော့ ဘုရင်မအန်းချင်က သူ့ကို ဆေးခတ်ပြီး ပြုစားခဲ့တာတဲ့... အဲဒါကြောင့်မို့ ဝမ်ရမ်ချင်လို သွေးနှောမျိုး မွေးလာတာလို့ပြောတယ်..."


" မြို့အရှင်စံအိမ်ကို အမြန်သွားရအောင်... ဒီထက်ပိုပြီး လန့်စရာကောင်းတဲ့ကိစ္စ ရှိသေးတယ်... မိန်းက‌လေးလန်ကိုလည်း စံအိမ်ထဲမှာ နှစ်ပေါင်းများစွာ အကျဉ်းချထားတဲ့အပြင် သွေးနှောတစ်ကောင်ကိုလည်း ဖမ်းမိထားတယ်လို့ ပြောကြတယ်... အဲ့ကလေးက လက်ရှိ မြို့အရှင်နဲ့ လူသားမိန်းကလေးတို့ရဲ့သားတဲ့..."


" ဘာပြောတယ် သွားကြမယ် လာ လာ..."


နတ်ဆိုးအားလုံးက စံအိမ်ရှိရာသို့ အလောတကြီးထွက်ခွာသွားကြသည်။ အချို့မှာမူ မူလအသွင်သို့ပြောင်းကာ သွေးနီရောင်လအောက်တွင်ပြေးလွှားနေကြသည်။


ရှန်းလျိုရှန့် တံခါးနားမှ ခြေတစ်လှမ်းပြန်ဆုတ်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။


" အဲဒီကလေးက အားမူထင်တယ်... တကယ်လို့ သူသာ အဲ့နတ်ဆိုးတွေလက်ထဲရောက်သွားရင် ဒုက္ခရောက်တော့မှာပဲ... ငါတို့ သူ့ကိုအရင်ဆုံးကယ်ထုတ်ပြီးမှ အခြေအနေကို စစ်ဆေးကြည့်ရမယ်..."


သူတို့အုပ်စုက နတ်ဆိုးများနှင့်ရောပြီး မြို့အရှင်စံအိမ်သို့ ထွက်ခွာသွားကြသည်။ လမ်းတစ်ဝက်တွင် ရှန်းလျိုရှန့်က အထပ်မြင့်အဆောက်အဦးတစ်ခုကို ရုတ်တရက်မြင်လိုက်ရသည်။ အဆောက်အဦးတံစက်မြိတ်အောက်တွင် အနက်ရောင်မျက်လုံးကာတစ်ခု တွဲလောင်းဖြစ်နေပြီး လေတိုက်တိုင်း ယိမ်းနွဲ့နေသည်။


သူ့ ခြေလှမ်းများ ရပ်တန့်သွားရသည်။

" မင်းတို့အရင်သွားနှင့် ငါပြီးမှလိုက်ခဲ့မယ်..."


ထို မျက်လုံးကာက မက်မွန်ပွင့်ပုံစံများ ပန်းထိုးထားပြီး ‌အစွန်းတွင် အနီရောင်ချည်ထိုးထား၍ သူ ရှောင်းချီကိုပေးခဲ့သည်နှင့် တူညီနေသည်။


ရှန်းလျိုရှန့် အဆောက်အဦးပေါ်သို့ ခုန်တက်သွားပြီး မျက်လုံးကာကိုယူကြည့်လိုက်သောအခါ သူ့လက်ဖျားများထက်တွင် မခြောက်သေးသော သွေးစများ စွန်းပေသွားသည်။


သူ ခဏတာစိုက်ကြည့်နေပြီးသည့်နောက် ဇာမဏီမျက်ဝန်းများ မှေးကျဉ်းသွားရသည်။


ထိုအဆောက်အဦးပေါ်တွင် ရပ်နေပါက ချီလင်တစ်မြို့လုံးကို အပေါ်စီးမှ ကြည့်ရှု့နိုင်ပေသည်။ အောက်ဘက်မှ အရာအားလုံးကိုလည်း အနီရောင်များ လွှမ်းခြုံထားပြီး ရောင်စုံမီးအိမ်များက နေရာအနှံ့တွင် ရှိနေသည်။ မြို့၏ထောင့်နေရာတစ်ခုကသာ မူမမှန်ဘဲ တိတ်ဆိတ်နေ၏။


ထိုနေရာက သစ်တောအလွန်ထူထပ်ပြီး လရောင်အောက်တွင် အုံ့မှိုင်းမှိုင်းဖြစ်နေသည်။


သစ်တောထဲသွားနိုင်သည့် လမ်းတစ်လမ်းပြီး သစ်ရွက်ခြောက်များကို နင်းသွားချိန်တိုင်းတွင် တဖျောက်ဖျောက်အသံများ ကြားနေရသည်။ မကြာမီအချိန်တွင် စွန့်ပစ်ထားဟန်ရသော အိမ်အိုကြီးတစ်လုံးပေါ်လာသည်။


အချိန်အတန်ကြာအောင် ဂရုမစိုက်ထားခဲ့၍ ပြတင်းပေါက်နှင့် တံခါးပေါက်များက ဆွေးမြေ့နေပြီး ပင့်ကူအိမ်များစွာလည်းရှိနေကာ အတွင်းတွင် ဖုန်တက်နေသည့် ခေါင်းတလားတစ်လုံးကို ထားထားသည်။


ရှန်းလျိုရှန့် အသက်အောင့်ထားလိုက်ပြီး အခန်းထဲကိုကြည့်နေစဉ် သူ့အကြည့်က ထောင့်နေရာရှိ အနက်ရောင်ခေါင်းတလားပေါ်သို့ကျရောက်သွားသည်။ သူ ထိုနေရာသို့ လျှောက်သွားပြီးနောက် ခေါင်းတလားဘေးတွင်ရပ်ကာ ခေါက်ကြည့်လိုက်သည်။


" ကျွီ --- "

ခေါင်းတလားအဖုံးက တဖြည်းဖြည်းရွေ့လာသည်။


ရှန်းလျိုရှန့် အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ သကြားလုံးချောင်းတစ်ချောင်းကိုထုတ်စားပြီး ကြောက်ရွံ့မှုကို ဖိနှိပ်ထားရသည်။


ဝမ်ရမ်ချင်က အခေါင်းထဲမှထလာပြီး မီးတောက်ကဲ့သို့ နီမြန်းနေသောဆံပင်များက သူ့ကျောပြင်တွင် ဖြန့်ကျက်နေကာ ရှန်းလျိုရှန့်ကိုလှည့်ကြည့်လိုက်သည်။


" မင်း ဘာလို့ ဒီရောက်နေတာလဲ... ငါ့ကို ဘယ်လိုရှာတွေ့တာလဲ..."


ရှန်းလျိုရှန့်က မျက်လုံးကာလေးကို ခါပြလိုက်သည်။

" ဒီဟာကြောင့်လေ..."


သွေးနီရောင်လမိုက်ည၏ လွှမ်းမိုးမှုကြောင့်လား မသိသော်လည်း ဝမ်ရမ်ချင်၏မျက်နှာက ပုံမှန်နှင့်မတူဘဲ ဖြူရော်နေသည်။ ထိုစကားကိုကြားသည့်အခါ သူ့နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။


" မင်း သိသွားပြီပေါ့..."


ရှန်းလျိုရှန့်က သကြားလုံးချောင်းကိုကိုက်စားနေလျက် ပြောလာသည်။


" မင်း သွေးနီရောင်လကိုရှောင်ချင်ရင် မှောင်တဲ့နေရာကို ရှာမှာလေ... မျက်လုံးကာရှိတဲ့နေရာက ကြည့်လိုက်ရင် ဒီနေရာတစ်ခုတည်း မှောင်မည်းနေတာ..."


သကြားလုံး၏ အပြင်ပိုင်းလွှာကိုစားပြီးနောက် အထဲကိုကိုက်လိုက်ချိန်တွင် ချဉ်စူးနေသောကြောင့် သူ့မျက်နှာက မဲ့သွားသည်။


" မင်းရဲ့လက်အောက်ငယ်သားရှုံးယို့ကို စုပိုင်ချယ့်က ထိန်းချုပ်ထားလို့ ခုနကမှ သတိပြန်ရလာတာ..."


ဝမ်ရမ်ချင်၏ မျက်လုံးများ မှေးကျဉ်းသွားပြီးနောက် ရှန်းလျိုရှန့်က အပြင်ဘက်မှ အကြောင်းများကို အတိုချုပ်ပြောပြလိုက်သည်။


" စုပိုင်ချယ့် မင်းကို ရှာမတွေ့သရွေ့တော့ လုံခြုံပါတယ် မနက်ဖြန်မနက်ရောက်တဲ့အထိ တောင့်ခံထားနိုင်ရင်တော့ အဆင်ပြေသွားမှာပဲ... သူ လုပ်နေတဲ့ပုံစံအရဆိုရင် မင်းနေရာကိုပါလုမယ့်ပုံပဲ... အဲ့တော့ ငါတို့ သူ ရှာမတွေ့အောင် နေသင့်တယ်..."


ဝမ်ရမ်ချင်၏မျက်နှာက မည်းမှောင်သွားသော်လည်း အထိတ်တလန့်ဖြစ်သွားသည့် အမူအရာမဟုတ်ပေ။  ရှန်းလျိုရှန့်က သူ့ကိုသင်္ကာမကင်းစွာဖြင့် ကြည့်လိုက်သည့်အချိန်မှသာ ကပျာကသီဖြစ်သွားသည့် အမူအရာပြလာသည်။


" ငါ့ရဲ့ကျင့်ကြံဆင့်ကို ထိခိုက်ထားတာဆိုတော့ သူ ရောက်လာမယ်ဆိုရင်တောင် တိုက်ခိုက်နိုင်မှာမဟုတ်ဘူး..."


ရှန်းလျိုရှန့်က တအံ့တဩဖြင့်ပြောလိုက်သည်။

" မင်းဘာလို့ မြို့ပြင်ကိုထွက်မပြေးတာလဲ... တောင်တွေကမြင့်တဲ့အပြင် အဝေးကြီးမှာရှိတာလေ... ဘယ်သူမှ မင်းကို ရှာမတွေ့နိုင်သလို မင်းရဲ့အော်ရာကိုလည်း အာရုံမခံနိုင်လောက်ဘူး..."


ဝမ်ရမ်ချင် ခဏတာငြိမ်သက်သွားသည်။

" ငါ ချီလင်မြို့ကနေ မထွက်သွားနိုင်ဘူး... သေရမယ်ဆိုရင်တောင် ဒီမှာပဲသေမယ်..."


ရှန်းလျိုရှန့် : .....


ဝမ်ရမ်ချင်က သူ့ကိုတစ်ချက်ကြည့်ပြီး မျက်လုံးများအရောင်လက်လာသည်။


" အဲ့လူတွေ လာနေပြီဆိုတော့ မင်းလည်း မြန်မြန်ထွက်သွားသင့်တယ်... မဟုတ်ရင် သူတို့ မင်းကိုပါဆွဲထည့်မှာ..."


ရှန်းလျိုရှန့်၏မျက်နှာ အမူအရာက အနည်းငယ် စိတ်ရှုပ်ထွေးသွားဟန်ရပြီး ခေါင်းကုတ်ကာ ပြောလိုက်သည်။

" တကယ်တော့ ငါ့မှာနည်းလမ်းရှိတယ်..."


ဝမ်ရမ်ချင် အံ့အားသင့်သွားရ၏။


.....


သတ္တမနတ်ဆိုးဘုရင်၏စံအိမ်တွင် ဓားသံတချွင်ချွင်ထွက်ပေါ်နေပြီး အော်ဟစ်ဆူညံသံများ ပလုံစီနေသည်။


ရှုရှင်းချန်က ပိန်ပိန်သေးသေးပုံရိပ်လေးတစ်ခုကိုချီထားပြီး နေရာအမြင့်တစ်ခုကို ခုန်တက်ကာ တစ်ဖက်သို့လှည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။


" မင်းတို့နတ်ဆိုးတွေက တော်တော် အခြေအမြစ်မရှိတဲ့ဟာတွေပဲ..."


အကယ်၍ သူတို့ခြေတစ်လှမ်းနောက်ကျသွားခဲ့ပါက ထိုကလေးလေးမှာ ဓားချက်အောက်တွင် အသက်ပျောက်နေပြီဖြစ်သည်။


အားမု၏မျက်နှာလေးက ဖြူဖျော့နေပြီး အောက်ဘက်ရှိ သွေးနှောများကိုသတ်ပစ်ရန် အော်ဩနေသူများကို ကြောက်လန့်တကြား ငုံ့ကြည့်လိုက်သည်။ တစ်ညလုံးတောင့်ခံထားပြီးသည့်နောက်တွင် သူ အလွန်ကြောက်လာသောကြောင့် ငိုမိတော့သည်။


" ဦးဦးဘယ်မှာလဲ... သားကိုမသတ်ပါနဲ့... ‌ဦးဦးဘယ်မှာလဲ..."


ရှုရှင်းချန်က သူ့ကိုအောက်ချပေးလိုက်သည်။

" မင်း ဘာလို့ ငိုနေတာလဲ... ငါဆို မင်းအရွယ်လောက်မရောက်ခင်တည်းက မငိုတော့ဘူး..."


အားမု ချက်ချင်းပါးစပ်ပိတ်သွားသော်လည်း ငိုရှိုက်နေဆဲဖြစ်သည်။


မြို့အရှင်ဟောင်းဖြစ်သည့် ဝမ်ရမ်တုက မြေပြင်တွင်ရပ်နေလျက် ရှုရှင်းချန်၏လက်ထဲမှ ဓားကိုကြည့်ကာ အက်ရှရှအသံဖြင့် ပြောလိုက်သည်။ 


" မင်းတို့သခင်က ဘယ်သူလဲ..."


ရှုရှင်းချန်က နှာမှုတ်လိုက်သည်။

" ခင်ဗျားကို ပြောပြစရာလား..."


ဝမ်ရမ်တု၏မျက်နှာက မည်းမှောင်သွားပြီး သူ့ကို ဧကရာဇ်နန်းတော်မှလူဖြစ်လိမ့်မည်ဟု သဘောပေါက်သွားသည်။ သူ အကြိမ်ကြိမ်အခါခါ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ရှေ့ဆက်တိုးရန်ပြင်နေသည့် သူ့လူများကိုဟန့်တားကာ သူ့ဘေးနားတွင်ရပ်နေသူကို ပြောလိုက်သည်။


" လူကြီးမင်းချယ့် အဲဒီမကောင်းဆိုးဝါးကောင်လေး အခုဘယ်ရောက်နေတာလဲ... သူ့ကိုအမိဖမ်းပြီး မြန်မြန်ရှင်းပစ်လေ ကောင်းလေပဲ..."


စုပိုင်ချယ့်က စကားနှစ်လုံးကို ရေရွတ်လိုက်သည်။

" ရိကျွမ်း..."


ချီလင်မြို့တွင် နေထိုင်သူများတွင် အချို့က မြို့အရှင်ဟောင်းပြောသည်ကို နက်နက်ရှိုင်းရှိုင်းယုံကြည်ကြပြီး အခြားလူများက မယုံကြည်ကြသေးပေ။ သူတို့က ဝမ်ရမ်ချင်ထွက်လာပြီး ကိစ္စများကို ရှင်းလင်းအောင် ပြုလုပ်မည်အား စောင့်ဆိုင်းနေကြစဉ် စုပိုင်ချယ့်ပြောသည်ကို ကြားလိုက်ရသောအခါ ရိကျွမ်း(နေရာနာမည်)သို့ အုပ်စုလိုက် ထွက်ခွာသွားကြသည်။


သွေးနှောဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အနံ့ရရုံဖြင့် သိနိုင်ပေသည်။


ရှုရှင်းချန်က ကလေးကို နန်ရှန့်ထံ လက်လွှဲပေးလိုက်သည်။ နန်ရှန့်က သူမနှာခေါင်းကို ရနံ့မွှေးသောပဝါဖြင့် ချက်ချင်းအုပ်ထားလိုက်ပြီး မျက်မှောင်ကြုတ်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။

" ကျွန်မကို လာမပေးနဲ့လေ... သွေးနှောတွေရဲ့အနံ့က အရမ်းဆိုးတယ် ကျွန်မ တကယ်သည်းမခံနိုင်ဘူး..."


ရှုရှင်းချန်က အားမု၏နားကိုအုပ်ထားပြီး ပြောလိုက်သည်။

" ငါလည်း မခံနိုင်ပါဘူး... ဘာပဲဖြစ်ဖြစ် သူ့ကိုမင်းဆီမှာ ထားခဲ့ပြီ..."


နန်ရှန့်က တုံ့ဆိုင်းခြင်းပြည့်နေသည့် အမူအရာဖြင့် ရှုံးယို့ကို လှမ်းကြည့်လိုက်သော်လည်း သူ့မျက်နှာက တည်ကြည်လေးနက်နေပြီး ရိကျွမ်းသို့သွားရန် အလျင်လိုနေသည်ကို မြင်လိုက်ရသည်။ သူမ နှာမှုတ်လိုက်ပြီး အားမုကို ဆွဲခေါ်ထားလိုက်သည်။


" ကဲ နံစော်နေတဲ့မောင်လေး မမနဲ့လိုက်ခဲ့... မင်းကို ‌သန့်ရှင်းရေးလုပ်ပေးရမယ်..."


ရှုရှင်းချန်သည်လည်း ရိကျွမ်းသို့ အလျင်စလိုထွက်ခွာသွားခဲ့သော်လည်း သူရောက်သည့်အချိန်တွင် အပျက်အစီးပုံကြီး ဖြစ်နေ၏။ 


ပုံရိပ်များစွာက လေပေါ်တွင် ရပ်နေသည်။


သူတို့ထဲမှတစ်ယောက်က အရပ်ရှည်ရှည် အနီရောင်ဆံပင်ရှည်နှင့် ဝမ်ရမ်ချင်ဖြစ်သည်။ နတ်ဆိုးပေါင်းများစွာ၏ ဝန်းရံခံထားရသော်လည်း သူက စိုးရိမ်ဟန်မပြဘဲ လက်မြှောက်ပြီး ဆံပင်ကို တဖြည်းဖြည်းချင်းစည်းနေသည်။


မြေပြင်ပေါ်တွင် ရပ်နေသူများလည်း ကြောက်လန့်ကုန်ကြသည်။


သူတို့အားလုံးကနတ်ဆိုးများဖြစ်၍ ဝမ်ရမ်ချင်၏ကိုယ်မှ ထွက်ပေါ်နေသည့်အနံ့ကို ရကြသည်။ ထိုအနံက အလွန်ဆိုးရွားပြီး သူတို့နှလုံးသားအောက်ခြေမှ လှိုက်နေအောင် ရွံ့ရှာလာစေသည်။


" မြို့အရှင်က တကယ်ကြီး သွေးနှောဖြစ်နေတာပဲ..."


မယုံကြည်နိုင်ကြသူများမှာ သူတို့၏ ရေးတေးတေးမျှော်လင့်ချက်လေးကိုပါ လက်လျှော့လိုက်ရသည်။


မြို့အရှင်၏မျက်နှာထက်တွင် နတ်ဆိုးအမှတ်အသားများ ရုတ်တရက်ပေါ်ထွက်လာပြီး သူ့ရှေ့တည့်တည့်မှလူကို စူးစိုက်ကြည့်ကာ ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။ သို့ရာတွင် သူ၏ တည်ငြိမ်ပြီး အကြောက်အလန့်ကင်းမဲ့နေသည့်မျက်နှာကို မြင်လိုက်ရသည့်အခါ ဝမ်ရမ်တု၏ နှစ်ပေါင်းများစွာ စုပုံထားရသော အကြောက်တရားများ ပေါ်ထွက်လာတော့သည်။


" လာကြစမ်း... သူ့ကိုအမြန်လာဖမ်းကြ... မဟုတ်ဘူး သူ့ကိုသတ်ပစ်လိုက်ကြ... သူ့ခေါင်းကိုယူလာနိုင်တဲ့သူကို ဒီဘုရင် ဆုချမယ်..."


သူက ရေအောက်အကျဉ်းတိုက်ထဲတွင် နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားခဲ့ရသောကြောင့် ကျင့်ကြံဆင့်က ပျက်စီးသွားခဲ့ပြီဖြစ်၍ ဤအခိုက်အတန့်တွင်မူ သူက စုပိုင်ချယ့်နှင့် ပုန်ကန်နေကြသည့်မြို့သားများကိုသာ အားကိုးရတော့မည်ဖြစ်သည်။


သို့သော် သူ့စကားသံထွက်ပေါ်လာပြီး ခဏကြာသည်အထိ မည်သူမှ မလှုပ်ရှားရဲကြပေ။ ဝမ်ရမ်ချင်က အလွန်စွမ်းအားကြီးကြောင်း သူတို့ ကြားသိထားကြ၍ မည်သူမှမဦးဆောင်ရဲကြပဲ သူ့ကိုဒေါသတကြီး အော်ဟစ်ကျိန်ဆဲ၍သာ ဒေါသဖြေဖျောက်နေကြသည်။


ကျိန်ဆဲသံများအကြားတွင် သူတို့၏မြို့အရှင်က နှုတ်ခမ်းကို လက်ချောင်းများဖြင့်ဖိကပ်ပြီး ပြောလာသည်။


" ရှူး တိတ်တိတ်နေကြ..."

 

နတ်ဆိုးများအားလုံး အံ့အားသင့်သွားပြီး အော်ဟစ်နေသံများ ကတိုက်ကရိုက်ရပ်တန့်သွားသည်။


" မင်းတို့ တစ်ခုခုများ အထင်လွဲနေကြတာလား..."

ဝမ်ရမ်ချင်က နှုတ်ခမ်းထောင့်စွန်းများကွေးညွတ်ပြီး ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။


" ဒီဘုရင်က သွေးနှောလို့ ဘယ်သူပြောလဲ..."


ဝမ်ရမ်တုက ရယ်လိုက်သည်။

" မင်းကိုယ်ပေါ်က အော်ရာကို မဖုံးထားနိင်ပါဘူး... ဘာလို့အလိမ်အညာတွေ ပြောနေဦးမှာလဲ..."


စုပိုင်ချယ့်က ပြုံးတစ်ဝက် မပြုံးတစ်ဝက် အမူအရာဖြင့် ဘေးနားတွင်ရပ်နေသည်။


ဝမ်ရမ်ချင်ကို ကိုင်တွယ်ပြီးသည်နှင့် သူက နတ်ဆိုးဘုရင်နှစ်ယောက်၏ပိုင်နက်ကို ရရှိသွားမည်ဖြစ်သည်။ ထို့နောက်တွင် သူ အခြားနတ်ဆိုးဘုရင်တစ်ယောက်ကို ထပ်မံရှာဖွေသွားမည်ဖြစ်သည်။ ဤနည်းဖြင့် အချိန်တိုအတွင်း နတ်ဆိုးလောကကို လွှမ်းမိုးနိုင်သွားပေမည်။


ထုံရှီး : " မင်း ရယ်သံကြီးကို ငါကြားနေရတယ် တကယ်ကိုရွံစရာကောင်းတာပဲ..."


ထုံရှီးက ဝမ်ရမ်ချင် သွေးနှောဖြစ်ကြောင်းလျှို့ဝှက်ချက်နှင့်အတူ သူ ပုန်းအောင်းနေသည့်နေရာကိုပါ ဦးစွာပြောပြခဲ့ခြင်းဖြစ်သည်။ စုပိုင်ချယ့် စိတ်ရှုပ်ထွေးသွားခဲ့ပြီး ထုံရှီးက အဘယ့်ကြောင့် သူနှင့် ရုတ်တရက် ပူးပေါင်းချင်စိတ်ရှိသွားသည်ကို သိချင်နေမိသည်။


ထောင်ခြောက်တစ်ခုခု ရှိကောင်းရှိနေနိုင်သည်ဟု အလိုလိုသိနေမိသော်လည်း သူ့ရည်မှန်းချက်ကို မထိန်းချုပ်နိုင်ဘဲ ဝမ်ရမ်ချင်ကို တိုက်ခိုက်ရန် မစောင့်ဆိုင်း‌နိုင်တော့ပေ။ 


ဤယခုအချိန်ထိ အရာအားလုံးက ချောချောမွေ့မွေ့ဖြစ်နေသေးသည်။


" စကားတွေအများကြီးမပြောနဲ့ မဟုတ်ရင် လုပ်စရာရှိတာတွေ နောက်ကျကုန်ပြီး တချို့ကိစ္စတွေ ပြောင်းလဲသွားလိမ့်မယ်..."


စုပိုင်ချယ့်က ဝမ်ရမ်တုကိုကြည့်ပြီး သတိပေးလိုက်သည်။

" အခုချိန်မှာ သူ့ရဲ့ကျင့်ကြံဆင့်က ကျဆင်းနေဝာာ အဲဒါကြောင့်မို့ ဝေ့လည်ကြောင်ပတ်နဲ့ အချိန်ဆွဲနေတာ..."


ဝမ်ရမ်တု၏မျက်နှာက ဝမ်းသာအားရဖြစ်သွားသည်။ ဝမ်ရမ်ချင်ကို သွေးနီရောင်လမိုက်ညက သက်ရောက်မှုရှိနေသည်ကို သူ မသိထားသော်လည်း စုပိုင်ချယ့်၏စကားကြားသည့်အခါ ကောင်းကင်ဘုံက သူ့ကိုကူညီပေးနေသည်ဟု ထင်လိုက်မိသည်။


သူ အမိန့်စပေးပြီး နတ်ဆိုးအားလုံးအား တိုက်ခိုက်စေတော့မည့်အချိန်တွင် ဝမ်ရမ်ချင်က သူ့သိုလှောင်အိတ်ထဲမှ အနက်ရောင်ဆေးလုံး(ဝူတန့်ဆေးလုံး) ကို လက်ချောင်းသွယ်သွယ်များဖြင့်ထုတ်လာပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။


" ဘယ်လိုတောင် အခြေအမြစ်မရှိတာတွေ ပြောနေတာ‌လဲ... ငါက ဆေးသောက်ထားတာလေ..."


အောက်ဘက်တွင် အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။


" အဲဒါ နတ်ဆေးကြောင့်များလား..."


" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... အဲ့လိုဆေးမျိုးရှိတယ်တဲ့လား ငါတစ်ခါမှ မကြားဖူးဘူး..."


ဆူဆူညံညံသံများ ထွက်ပေါ်လာသည်နှင့် ဝမ်ရမ်ချင်က စိတ်မကြည်မလင်ဖြစ်နေသောလေသံဖြင့် ပြောလိုက်ကို ကြားလိုက်ရသည်။


" မင်းတို့မယုံဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်... ဒီဈေးက ရှားတယ်လေ... ဒီဝူတန့်ဆေးလုံးကို ငါတို့မြို့ရဲ့ သခင်လေးရှန်းကိုယ်တိုင် ဖော်ထားတာ..."


" သခင်လေးရှန်းတဲ့လား... ဘယ်သူလဲ... ပင်မနယ်မြေက နာမည်ကြီးဆေးဆရာတွေထဲမှာ ရှန်းမျိုးနွယ် မရှိပါဘူး..."


ဝမ်ရမ်ချင်က နှုတ်ခမ်းများတွန့်ကွေးသွားပြီး ဝူတန့်ဆေးလုံးကို ခပ်မြင့်မြင့်မြှောက်ပြလိုက်သည်။ 


" နားထောင်ကြစမ်း ရေတွင်းထဲကဖားလိုမျိုး ပြုမူမနေနဲ့... သခင်လေးရှန်းက ကျွမ့်ယွင်အဆောင်မှာနေတာ... သူက ငယ်ရွယ်ပြီး အလားအလာရှိတဲ့သူတစ်ယောက် ဖြစ်တဲ့အပြင်ကို အရည်အချင်းတွေလည်း အများကြီးရှိတယ်... သူကိုယ်တိုင်ဖော်စပ်ထားတဲ့ နတ်ဆေးတွေက သာမန်လုံးဝမဟုတ်ဘူး... ပင်မနယ်မြေမှာ ပါဝင်ပစ္စည်းတွေ ရှိနေသရွေ့ သခင်လေးရှန်း မလုပ်နိုင်တဲ့ကိစ္စ မရှိဘူး... ဈေးကလည်းတန်ပါတယ် အဆင့်မြင့်နတ်ဆေးတစ်လုံးကို ဝိညာဉ်ကျောက်တုံးတစ်ထောင်ပဲပေးရတယ်..."


လူအုပ်ကြီးထဲရောက်နေသော ရှုံးယို့မှာ ဘေးနားမှ စကားသံများကိုကြားလိုက်ရသည်နှင့် ထိတ်လန့်သွားသည်။


" အဆင့်မြင့်နတ်ဆေးတစ်လုံးကို ဝိညာဉ်ကျောက်တုံး တစ်ထောင်တည်းနဲ့ ဝယ်လို့ရတယ်ပေါ့လေ..."


" နတ်ဆေးတောင်ဖော်နိုင်တယ်ဆိုတော့ အဲ့လူက တော်တော်လေးစွမ်းအားကြီးတာပဲ..."


သူ ရှုရှင်းချန်ကို လှမ်းကြည့်လိုက်သည်။

" မင်းတို့အဆောင်မှာ အဲ့လိုလူမျိုး ရှိတာလား..."


ဆေးပညာရှင်များက ပင်မနယ်မြေတွင် ကြီးမြတ်သောတည်ရှိမှုများဖြစ်ကာ ထိပ်တန်းအဆင့် ‌နတ်ဆေးများကို ဖော်စပ်နိုင်သူများက ပို၍ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးပေသည်။ သခင်လေးရှန်းဆိုသူက မည်သည့်အရာကိုမဆို ဖော်စပ်နိုင်သည်မှာ မယုံကြည်နိုင်ဖွယ်ရာပင်။ 


ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်ရမ်ချင်ကို အဓိပ္ပါယ်ဖော်မရသော အကြည့်တစ်မျိုးဖြင့် ကြည့်လိုက်သည်။ ယခုအခါ သူက စကားပြောကောင်းကောင်းနှင့် သခင်လေးရှန်းဆိုသူကို အဆက်မပြတ် ချီးကျုးနေသောကြောင့် သူ့မျက်တောင်ရှည်များပါ ရုတ်တရက် တုန်ယင်လာသည်။


"..."


ရှုရှင်းချန် သူ ပြောချင်နေသည်ကို ရုတ်ချည်းသဘောပေါက်သွားသည့်အခါ ခဏတာ ဆွံ့အသွားမိသည်။


သူပြောနေသူက ရှန်းလျိုရှန့်ဖြစ်သည်ကို ရှုရှင်းချန်မှလွဲ မည်သူတစ်ဦးတစ်ယောက်မှ သဘောမပေါက်ကြပေ။ 


ဝမ်ရမ်ချင်က ဝူတန့်ဆေးလုံးကိုမျိုချလျက် ပြောလာသည်။

" ငါ့ခန္ဓာကိုယ်က သွေးနှောအော်ရာက ခဏနေရင် ပိုဆိုးလာလိမ့်မယ်... မင်းတို့ တကယ်လို့ စမ်းကြည့်ချင်တယ်ဆိုရင် ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက်ယူပြီး ကျွမ့်ယွင်အဆောင်မှာ သွားဝယ်ကြလေ..."


ခဏအကြာတွင် မြေပြင်ပေါ်ရှိ နတ်ဆိုးများထံမှ ရုတ်ရုတ်သဲသဲဖြစ်လာသည်။

" ရွံစရာကောင်းတဲ့အနံ့ကြီးက ပိုဆိုးလာတာပဲ... မြို့အရှင်ပြောသမျှအားလုံးက မှန်နေဝာာပေါ့..."


၎င်းကို ဝမ်ရမ်တုမြင်သည့်အခါ သူ့မျက်နှာက သိသိသာသာပြောင်းလဲသွားပြီး ဒေါသထွက်လာသောကြောင့် မျက်လုံးများပါ နီရဲလာသည်။

" ဟန်ဆောင်မနေနဲ့တော့... မင်းက ငါ့သားလေ ငါက မသိဘဲနေမယ်တဲ့လား... မင်းက အန်းချင်မွေးထားတဲ့ သွေးနှောပဲ .."


ထိုအခိုက်အတန့်တွင် စုပိုင်ချယ့်က သူ့ကိုဟန့်တားလိုက်ပြီး သိုလှောင်အိတ်ထဲမှ မှော်လက်နက်တစ်ခု ထုတ်လိုက်သည်။


သူ ရှေ့တိုးလာကာ ကျယ်လောင်စွာဖြင့် သရော်လိုက်သည်။

" ဒါ နတ်ဆိုးကြေးမုံပဲ... ဘယ်လိုနတ်ဆိုးမျိုးပဲဖြစ်ဖြစ် ဒီမှန်ရှေ့ရောက်တာနဲ့ မူရင်းအသွင်ကိုပြောင်းသွားမှာ... ဝမ်ရမ်ချင် မင်း စမ်းကြည့်ရဲလား..."


ငါ့မှာ ဒုတိယအစီအစဉ်တစ်ခု ရှိထားလို့ တော်သေးတယ် မဟုတ်ရင် တကယ်ကြီး စိတ်ရှုပ်သွားမှာ...


" နတ်ဆိုးကြေးမုံတဲ့... အဲ့လိုမျိုးအရာ တကယ်ရှိတာလား..."


" သွေးနှောတစ်ကောင်ကို မှန်ထဲမြင်ရမယ်ဆိုရင် သူက လူသားတစ်ဝက် နတ်ဆိုးတစ်ဝက်ပုံစံ ဖြစ်နေမှာ..."


ရှုံးယို့၏မျက်နှာက တဖြည်းဖြည်းဖြူဖျော့လာပြီး ရှေ့တိုးသွားကာ မြို့အရှင်ကို ကယ်တင်ရန် ပြင်လိုက်သည်။


ရှုရှင်းချန်က သူ့ကိုလှမ်းဆွဲထားပြီး ပြောလိုက်သည်။


" စိတ်မပူပါနဲ့ အဆင်ပြေသွားလိမ့်မယ်..."