အပိုင်း ၉၀
Viewers 23k

Chapter 90



ရှုရှင်းချန်က သူ့ကိုလှမ်းဆွဲထားပြီး ပြောလိုက်သည်။

" စိတ်မပူပါနဲ့ အဆင်ပြေသွားလိမ့်မယ်..."


အားလုံး၏ရှေ့တွင် ရှန်းလျိုရှန့်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး နတ်ဆိုးကြေးမုံရှေ့ကို လျှောက်သွားကာ မေးငေါ့ပြီး စုပိုင်ချယ့်ကို ပြုံးပြလိုက်သည်။


" ဘာကိစ္စ မစမ်းကြည့်ရဲရမှာလဲ..."

[ ရှန်းလျိုရှန့်က ဝမ်ရမ်ချင်ပုံစံ အယောင်ဆောင်ထားလို့ ဒီနေရာကနေစပြီး အခေါ်အဝေါ်ကို ပြောင်းသုံးသွားတာပါ ]


စုပိုင်ချယ့်၏မျက်နှာက မည်းမှောင်လာပြီး ဆိုးရွားသည့်အရာတစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားလိုက်ရသည်။ သူ စကားပြောနေသည်ကိုရပ်ပြီး ‌နတ်ဆိုးကြေးမုံကို အသက်ဝင်စေလိုက်သည်။


နေရာတစ်ခုလုံး အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွားသည်။ မှန်ရှေ့တွင်ရပ်နေသောပုံရိပ်က ရုတ်တရက် လှုပ်ရှားသွားပေသည်။ အားလုံး အသက်အောင့်ပြီးကြည့်နေစဉ်မှာပင် ထိုပုံရိပ်က လှုပ်ရှားနေခြင်း ရပ်တန့်သွားသည်။ သူက နတ်ဆိုးကြေးမုံရှေ့တွင် အေးခဲသွားဟန်နှင့် တူနေသည်။


"..."


နတ်ဆိုးကြေးမုံ၏လွှမ်းမိုးမှုအောက်တွင် မူရင်းအသွင်သို့ ပြောင်းလဲရန်က အလွန်အချိန်ယူရပေသည်။


ရှုရှင်းချန်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို မသိမသာခံစားမိပြီး ထိုနေရာသို့သာ စိုက်ကြည့်နေကာ ရင်တုန်သွားရသည်။


ရှန်းလျိုရှန့်၏ အသွင်ပြောင်းမန္တန်ကြောင့် သူက လုံးဝကွဲပြားခြားနားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပေသည်။


ျျ

သူ ဘယ်လိုဖြစ်လို့ မီးနတ်မြင်းပျံပုံစံကြီးပြောင်းနေရတာလဲ... အဲ့နေရာမှာ အတောင့်လိုက်ကြီးရပ်နေတာကရော ဘာဖြစ်လို့လဲ...


ရှုရှင်းချန်၏ မှန်းဆချက်က နီးစပ်လှသော်လည်း မှန်ရှေ့မှ ရှန်းလျိုရှန့်က ငြိမ်သက်နေမိသည်။ ချီလင်သားရဲ၏ပုံစံကို သူ မမှတ်မိပေ။ မှတ်မိခဲ့လျှင်ပင် ထိုမျှခက်ခဲလှသောနတ်ဆိုးပုံစံကို သူ အတုမခိုးနိုင်ပေ။ 


သူ ခဏစဉ်းစားလိုက်ပြီးနောက် မျက်လုံးများအရောင်တောက်ပသွားသည်။ လေပွေတစ်ချက် တိုက်ခတ်သွားစဉ်တွင် ကြေးမုံရှေ့မှပုံရိပ်က လှုပ်ရှားသွားပြန်သည်။


ဝုန်း...


နတ်ဆိုးကြေးမုံရှေ့တွင် သေးငယ်လှသည့် မီးဘောလုံးလေးတစ်လုံး ပေါ်လာသည်။


သူက လက်ဖဝါးအရွယ်ခန့်သာရှိပြီး အမွေးထူထူခန္ဓာကိုယ်လေးရှိကာ ကျောဘက်တွင်လည်း မီးတောက်နေသည့် အနီရောင်တောင်ပံတစ်စုံရှိသည်။ နတ်ဆိုးလေး၏ သလင်းကျောက်သဖွယ် ကြည်လင်လှသောမျက်လုံးလေးများ ပွင့်လာပြီး မျက်နှာပေါ်မှ အမွေးများက အနည်းငယ်တုန်ယင်သွားသည်။


သူ အံကြိတ်ထားပြီးနောက် ခဏအကြာတွင် ဟိန်းဟောက်ပြလိုက်သည်။


" ဝူးးး ~ "


နေရာတစ်ခုလုံး တိတ်ဆိတ်မှုတို့ကြီးစိုးသွားပြီးနောက် ခဏအကြာတွင် အုတ်အော်သောင်းနင်းဖြစ်သွားသည်။ နတ်ဆိုးများ၏ အော်ဟစ်သံက တဖြည်းဖြည်းပိုမိုကျယ်လောင်လာကာ ကောင်းကင်ဘုံသို့ပင် ရောက်တော့မည်ဟု ထင်ရသည်။


" အားးး ချစ်စရာလေး ချစ်စရာလေး... မြို့အရှင်ရဲ့ မူရင်းအသွင်က ချစ်စရာကောင်းလိုက်တာ..."


" ဒါက အားလုံးကို ခြိမ်းခြောက်နိုင်တယ်ဆိုပြီး သတင်းကြီးနေတဲ့ မီးနတ်မြင်းပျံ ဆိုတာလေးလား..."


" သူ့ပုံစံလေးက ပုံမှန်မြင်နေကျ မြို့အရှင်နဲ့ တော်တော်ကွာတာပဲ... ဒါပေမဲ့ ငါ သူ့ပုံစံလေးကို သဘောကျတယ်... မြို့အရှင် ကျွန်မကိုကြည့်ပါဦး... ကျွန်မကို တစ်ချက်လောက် လှည့်ကြည့်ပေးပါဦး..."


တအံ့တဩဖြင့် အော်ဟစ်နေကြသူများအလယ်မှ ရှုရှင်းချန် : "..."

 

စုပိုင်ချယ့်က နတ်ဆိုးသားရဲငယ်လေးကို အကြိမ်ကြိမ်အခါခါ ကြည့်နေမိသည်။ သူက နတ်ဆိုးကြေးမုံကို ရှာရန် အလွန်ကြိုးစားအားထုတ်ခဲ့ရသောကြောင့် ထိုရလဒ်က မှားစရာအကြောင်း မရှိပေ။ ယခုအခါ ကြေးမုံမှန်ထဲမှာ ဝမ်ရမ်ချင်က လူသားတစ်ဝက် နတ်ဆိုးတစ်ဝက်ဖြစ်မနေခဲ့ချေ။ 


သူ ခေါင်းငုံ့ပြီး စိတ်ထဲတွင်ပြောလိုက်သည်။

" မင်းငါ့ကို လိမ်ရဲတယ်ပေါ့လေ..."


" မဟုတ်မမှန်တွေ စွပ်စွဲမနေနဲ့ ငါမင်းကို မလှည့်စားဘူး... ဝမ်ရမ်ချင်က သွေးနှောဆိုတဲ့အကြောင်း ငါကြားထားပြီးသား တစ်ခုခုတော့ ထူးဆန်းနေပြီ..."


ထုံရှီးက အေးစက်စက်ဖြင့် ပြန်ဖြေလိုက်သည်။


စုပိုင်ချယ့် မျက်မှောင်ကြုတ်ပြီး တစ်ဖက်သို့လှည့်ကာ မေးလိုက်သည်။


" မီးလျှံချီလင်က ဘယ်လိုပုံစံမျိုးလဲ..."


ဝမ်ရမ်တုက ဒေါသထွက်လွန်းနေ၍ တစ်ကိုယ်လုံးတုန်ယင်နေပြီး သူ့နှဖူးကြောများ ထောင်တက်လာသည်။


" အလကား အတုအယောင်တွေ... သူ့ရဲ့သွေးက ဘယ်လောက်ပဲ မသန့်စင်တာဖြစ်ဖြစ် ‌ဒီလောက်အားနည်းတဲ့ကောင် ဖြစ်မှာမဟုတ်ဘူး... သူက ငါတို့ မီးလျှံချီလင်မျိုးနွယ်စုအတွက် အရှက်ရစရာပဲ..."


စုပိုင်ချယ့်က စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။


" ‌ဒါဆိုရင်လည်း အားလုံးသိသွားအောင် ခင်ဗျားရဲ့ပုံစံအစစ်ပြောင်းပြလိုက်လေ..."


ဝမ်ရမ်တုက မျက်စိမျက်နှာပျက်သွားပြီး ခါးသီးစွာပြောလိုက်သည်။


" ငါ့ရဲ့ခန္ဓာကိုယ်အစစ်က ပျက်စီးသွားပြီမို့ အဲ့ပုံစံ ပြန်ပြောင်းလို့ မရတော့ဘူး..."


စုပိုင်ချယ့် စိတ်မရှည်ဖြစ်လာပြီး မျက်မှောင်ကြုတ်လိုက်သည်။


မြို့အရှင်ဟောင်းက အသုံးမဝင်ဘူးပဲ... ဝမ်ရမ်ချင်ကို ချီလင်မြို့သားတွေက အရမ်းလေးစားကြတာဆိုတော့ လုံလောက်တဲ့ အထောက်အထား မရှိဘူးဆိုရင် ဒီနတ်ဆိုးတွေအားလုံးက သူတို့ရဲ့လက်ရှိမြို့အရှင်ကိုပဲ ယုံကြမှာ...


ဒီလိုအချိန်မှာ ဝမ်ရမ်ချင်ကိုဖမ်းသွားလိုက်ရင်လည်း ဒီနတ်ဆိုးတွေက ကာကွယ်ပေးကြလိမ့်မယ်...


စုပိုင်ချယ့် ခဏစဉ်းစားလိုက်ပြီးသည့်နောက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။


" မီးလျှံချီလင်ရဲ့ခန္ဓာကိုယ်အစစ်က ဒီလိုမျိုးမှ မဟုတ်တာ... မင်းက ဘယ်လိုမကောင်းဆိုးဝါးလဲ ပုံစံအစစ်ကိုပြစမ်း..."


နတ်ဆိုးကြေးမုံရှေ့မှ နတ်ဆိုးသားရဲငယ်လေးက မမျှော်လင့်ဘဲ ထအော်လိုက်သံကြောင့် တုန်ယင်သွားရသည်။


သူ့နှဖူးပြင်မှ အမွေးနုနုလေးများက ညလေပွေတိုက်ခတ်မှုကြောင့် ဖရိုဖရဲဖြစ်နေပြီး တောက်ပနက်စွေးသောမျက်ဝန်းများက မြူများဖြင့်ပြည့်နေသည်။ သူ ခေါင်းငုံ့လိုက်ပြီး အသံတိုးတိုးဖြင့် "ဝူးးး" ဟု အော်လိုက်သည်။


အောက်ဘက်မှ နတ်ဆိုးများက ထိုမြင်ကွင်းကိုတွေ့သည့်အခါ ဒေါသထွက်ကုန်ပြီး စုပိုင်ချယ့်ကို အငြှိုးတကြီးဖြင့် လှမ်းကြည့်လိုက်ကြသည်။


" သူ့ကို အန္တရာယ်မပေးနဲ့..."


" မင်း ငါတို့မြို့အရှင်ကို ရိုင်းရိုင်းစိုင်းစိုင်းပြောရဲတယ်ပေါ့လေ... မင်းဘယ်ကကောင်လဲ ဆင်းလာခဲ့စမ်း..."


" မင်းကရော ‌မီးလျှံချီလင်ရဲ့ပုံစံအစစ်ကို မြင်ဖူးလို့လား... မမြင်ဖူးရင် ပါးစပ်ပိတ်နေလိုက်... ငါတို့မြို့အရှင်က အခုမှ ကလေးအရွယ်လေး ရှိသေးတာ... မင်းက အသက်ကြီးကြီးကျူးယန်ဆိုတာနဲ့ပဲ မြို့အရှင်ကို ဒုက္ခမပေးနဲ့..."


အချို့နတ်ဆိုးများက စုပိုင်ချယ့်ကို ပစ္စည်းများဖြင့်ကောက်ပေါက်ပြီး ဆဲဆိုနေကြသည်။ လူအုပ်ကြီး အလွန်အမင်းဒေါသထွက်နေကြောင်း သိသာလှပေသည်။


စုပိုင်ချယ့်က လှမ်းပစ်ပေါက်‌လိုက်သော ကြက်ဥအချို့ကို ရှောင်တိမ်းလျက် သူ့မျက်နှာတစ်ခုလုံး စူပုတ်လာသည်။


ငတုံးတစ်သိုက်ပဲ...


ဝမ်ရမ်တုမှာ မျက်နှာကို အသီးအရွက်များဖြင့် ပစ်ပေါက်ခံရ၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။


" ရပ်လိုက်စမ်း... မင်းတို့အရူးတွေပဲ... ဝမ်ရမ်ချင်အရူးလုပ်တာ မခံနဲ့တော့... ဒီလူ ဒီလူကလည်း အတုပဲနေမှာ... တကယ်လို့ ဝမ်ရမ်ချင်ကသာ ဒီလိုမျိုးမစစ်သွေးနှောလေး ဟုတ်မနေဘူးဆိုရင် ငါက ဘာကိစ္စ သူ့ကိုသတ်ချင်မှာလဲ... အဲလိုသာဆို အဖေနဲ့သားကြားမှာ ဒီလိုမျိုးတွေ ဖြစ်နေမယ်ထင်လား..."


မြို့အရှင်ဟောင်းက ငယ်ရွယ်သည့်မျိုးဆက်များကို အလွန်ဂရုစိုက်ပြီး ချစ်ခင်ပေးတတ်သည်ကို တွေးမိသည့်အခါ အားလုံး၏စိတ်ထဲ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။


" ဟုတ်သားပဲ သူတို့က သားအဖတွေလေ... ဘာလို့ မြို့အရှင်ဟောင်းက သူ့ကိုသတ်ချင်နေတာလဲ..."


ထိုအချိန်တွင် နတ်ဆိုးကြေးမုံရှေ့မှ နတ်ဆိုးသားရဲငယ်လေး၏ ခန္ဓာကိုယ်က အရောင်တောက်လာပြီး ရှန်းလျိုရှန့်က လူသားခန္ဓာကိုယ်သို့ ပြန်ပြောင်းလိုက်သည်။ ဝမ်ရမ်ချင်၏အသွင်ပြောင်းထားသော ရှန်းလျိုရှန့်က မျက်ခုံးတစ်ဖက်ပင့်ပြီး ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။


အားလုံး ‌ဇဝေဇဝါဖြစ်ပြီး မေးခွန်းထုတ်နေကြစဉ်တွင် ရှန်းလျိုရှန့်က စုပိုင်ချယ့်နားသို့ ချဉ်းကပ်လာပြီး သူ့ရှေ့တွင်ရပ်လိုက်သည်။


သူ စုပိုင်ချယ့်ကို ခဏစိုက်ကြည့်နေပြီးနောက် သူ့မျက်နှာထက်မှအပြုံးက တဖြည်းဖြည်းပျောက်ကွယ်လာပြီး မျက်လွှာချလိုက်ကာ စိတ်ပျက်ဝမ်းနည်းနေသည့် အမူအရာတစ်ခုကို ဖော်ဆောင်လိုက်သည်။


" စုစု ဟန်ဆောင်မနေပါနဲ့တော့..."


အားလုံး အံ့အားသင့်သွားပြီး သူတို့၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေသည့် အမူအရာမျိုး ပေါ်လာသည်။


ဘာလဲ... မြို့အရှင်က ဒီ ကျူးယန်ကို သိနေတာလား... သူ့အကြည့်တွေက နည်းနည်းထူးဆန်းနေတယ်ဆိုတော့ သူတို့ကြားမှာ တစ်ခုခုပတ်သက်ခဲ့တာများလား...


စုပိုင်ချယ့် မျက်လုံးများမှေးကျဉ်းလိုက်သည်။


ဒီကောင် ဝမ်ရမ်ချင် မဟုတ်တာ သေချာသွားပြီ မဟုတ်ရင် ဘာကိစ္စနဲ့ ငါ့နာမည်ကို သိမှာလဲ...


သူ့ရှေ့မှလူကို သတိကြီးကြီးဖြင့် စိုက်ကြည့်နေပြီးသည့်နောက် စကားပြောတော့မည့်အချိန်တွင် တစ်ဖက်လူက လက်ဖျောက်တီးလိုက်သည်။ စုပိုင်ချယ့်၏မျက်နှာပေါ်တွင် အေးစက်စက်ခံစားလိုက်ရပြီး နှလုံးသားထဲ ဗလာကျင်းသွားရသည်။


စုပိုင်ချယ့်၏ ရုပ်ဖျက်မန္တန်ပျက်သွားလေပြီ။


ရှန်းလျိုရှန့်က မမျှော်လင့်ထားဘဲ စုပိုင်ချယ့်၏ ခေါင်းစည်းကြိုးကို ဆွဲဖြည်လိုက်သည်။


အနက်ရောင်ဆံပင် လက်တစ်ဆုပ်စာခန့်က ဖြူဖွေးလှပသော မျက်နှာလေးအထက်သို့ ဖြာကျလာစဉ် အားလုံး မျက်စိအပြူးသားဖြစ်သွားပြီး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။


နတ်ဆိုးများက လုံးကြီးပေါက်လှ အလှတရားမျိုးကို ပိုသဘောကျသော်လည်း သူတို့ရှေ့မှလူ၏ နုနယ်သောမျက်နှာလေးက ဆွဲဆောင်မှုရှိရှိ လှပနေသည်။ မျက်မှောင်ကြုတ်ထားပုံလေးကြောင့် နုနယ်သော မျက်နှာအစိတ်အပိုင်းများက ပိုမိုပေါ်လွင်နေပြီး အံ့ဩမှင်သက်ဖွယ်ရာ ဖြစ်သွားစေသည်။


စုပိုင်ချယ့်က လက်ချောင်းများကို တင်းတင်းဆုပ်ထားပြီး သတ်ဖြတ်လိုစိတ်ကို မနည်းဖိနှိပ်ထားရသည်။


" မင်း ဘယ်သူလဲ..."


ရှန်းလျိုရှန့်က စကားတစ်ခွန်းမှမပြောဘဲ မြတ်နိုးမှုများပြည့်နေသည့်မျက်ဝန်းဖြင့် သူ့ကိုတစ်ချက်ကြည့်ပြီးနောက် အနောက်ဘက်တွင်ရပ်နေသော လူအိုကြီးကိုကြည့်ကာ သူ့အမူအရာက အလွန်ဒေါသထွက်ဟန် ပြောင်းလဲသွားသည်။


" ဝမ်ရမ်တု... ခင်ဗျားနဲ့ကျုပ်က သွေးသားအရင်းဖြစ်လို့ အကြီးအကဲတစ်ယောက်အနေနဲ့ လေးစားသမှုရှိပါတယ်... ဒါပေမဲ့ ကျွန်တော် အရမ်းချစ်ရတဲ့စုစုကို လက်လျှော့ပေးထားတာတောင်မှ ဘာကိစ္စကြောင့် အတင်းအကြပ် ဖိအားပေးနေရတာလဲ..."


မြို့အရှင်ဟောင်း၏ အမူအရာက အေးခဲတောင့်တင်းသွားပြီး မျက်လုံးများပြူးကျယ်လာသည်။


ဒီမျိုးမစစ်လေး ငါ့ကိုဘာတွေပြောနေတာလဲ...


ချီလင်မြို့သူမြို့သားများ : " ဝိုးးး " 


ကြည့်ရတာ ဒီနေ့ညကတော့ ပွဲကြီးပွဲကောင်းပဲ... သားအဖနှစ်ယောက်က ဒီအလှလေးကိုလုရင်း ပဋိပက္ခဖြစ်ကြတာပေါ့လေ... အခုအခြေအနေကိုကြည့်မယ်ဆိုရင် လက်ရှိမြို့အရှင်က သားအဖကြားကမေတ္တာကြောင့် ဒီကိစ္စမှာ နောက်ဆုတ်ပေးလိုက်တဲ့ပုံပဲ ဒါပေမဲ့ မြို့အရှင်ဟောင်းက အညှာအတာမဲ့မဲ့နဲ့ သူ့အချစ်ပြိုင်ဘက်..သူ့သားအရင်းကို သွေးနီရောင်လမိုက်ညမှာ သတ်ပစ်ဖို့ကြံထားတဲ့ပုံပဲ...


အခုမှပဲ အားလုံးကို သဘောပေါက်သွားတော့တယ်...


သူတို့အားလုံး စုပိုင်ချယ့်ကိုကြည့်နေသည့် အကြည့်များက ချက်ချင်းပြောင်းလဲသွားပြီး စပ်စုလိုစိတ်များဖြင့် ပြည့်လာပေသည်။


သူကရော ဘယ်သူ့ကိုကြိုက်တာလဲ...


နည်းလမ်းကျကျတွေးမယ်ဆိုရင် အရမ်းချောတဲ့ ဝမ်ရမ်ချင်ဖြစ်သင့်တယ်ဆိုပေမယ့် အခု သူက မြို့အရှင်ဟောင်းဘက်က ပါနေတာပဲ... ဝမ်ရမ်ချင်က သူ့ကို အဖေဖြစ်သူဆိီပေးလိုက်လို့ အမုန်းတရားတွေ တိုးပွားလာပြီး မြို့အရှင်ဟောင်းက သူ့သားကိုသတ်ဖို့ မြှောက်ပေးလိုက်တာများလား...


စာအုပ်တွေထဲမှာပဲတွေ့နိုင်တဲ့ ခွေးသွေးဇာတ်လမ်းလိုပါလား...


ယနေ့ညတွင် လေတိုက်ခတ်မှုက ပြင်းထန်လွန်းနေသည်။ အားလုံးက အဆုံးသတ်ကို တွေးတောနေစဉ်မှာပင် စုပိုင်ချယ့်က ဝမ်ရမ်ချင်က စတင်တိုက်ခိုက်ရန်ပြင်လိုက်သည်ကို တွေ့လိုက်ရသည်။


ထိုအချိန်တွင် လူအုပ်ကြီးက ကျယ်လောင်စွာ အော်ဟစ်တော့သည်။

" မြို့အရှင်ကို ကာကွယ်ကြစမ်း..."


ချီလင်မြို့၏ စစ်သေနာပတိနှင့် တပ်မှူးဖြစ်သောရှုံးယို့က ရှေ့ဆုံးမှ ထွက်လာသည်။ သူ့ကိုမြင်သည့်အခါ အခြားသောနတ်ဆိုးများကပါ သူ့နောက်ကလိုက်လာကြသည်။


ရှန်းလျိုရှန့်က အစပိုင်းတည်းကစ၍ သတိကြီးကြီးဖြင့် နေခဲ့ခြင်းဖြစ်သည်။ စုပိုင်ချယ့်က သူရုပ်ဖျက်ထားသည်ကို သဘောပေါက်ပြီး မန္တန်ကိုဖျက်ပစ်ရန် ကြံစည်လိုက်ချိန်တွင် သူ အမြန်ရှောင်တိမ်းလိုက်သည်။ ‌ချစ်စရာကောင်းသည့်မျက်နှာလေးက ဒေါသထွက်ပြီး နီရဲလာသည်ကို မြင်သောအခါ ရှန်းလျိုရှန့် ရယ်မောလိုက်ပြီး အေးအေးလူလူဖြင့် ဘယ်ဘက်မျက်လုံးကို မှိတ်ပြလိုက်သည်။


" မင်းက ‌စိတ်ဆိုးနေရင် ကြည့်ကောင်းသားပဲ..."


စုပိုင်ချယ့် : "..."


ပြုံးနေသည့်လူကိုစိုက်ကြည့်ပြီး သူ့မျက်လုံးများ မှေးကျဉ်းသွားကာ ထိုလူကို ရုတ်တရက်မှတ်မိသွား၍ အံတင်းတင်းကြိတ်ပြီး စကားလုံးသုံးလုံးကို ရေရွတ်လိုက်သည်။


" ရှန်း လျို ရှန့် -- "


သူပဲ ဖြစ်နေပြန်ပြီလား...


စုပိုင်ချယ့်၏ အကြည့်က ရန်လိုသည့်ဟန် ဖြစ်လာသည်။


" ငါဒီနေ့ မင်းကိုသတ်ပစ်မယ်..."


မင်း ငါ့ရဲ့ အကြံအစည်တွေကို ဆက်တိုက်ဖျက်ဆီးပစ်နေတာ အခုတော့ မင်းကို အသက်ရှင်လျက် မထားနိုင်တော့ဘူး...


ရှန်းလျိုရှန့်က မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး မေးငေါ့လိုက်သည်။


" မင်း အနောက်ကိုလည်း ကြည့်လိုက်ပါဦး..."


နတ်ဆိုးအုပ်စုကြီးက စုပိုင်ချယ့်ရှိရာကို တစ်ဟုန်ထိုးပြေးဝင်လာပြီး ဝမ်ရမ်ချင်ကို လာရောက်ကူညီထောက်ပံ့ပေးကြသည်။ စုပိုင်ချယ့်က ကျင့်ကြံဆင့်မြင့်သူဖြစ်သော်လည်း လက်နှစ်ဖက်တည်းဖြင့် ရန်သူပေါင်းများစွာကို မတိုက်ခိုက်နိုင်ပေ။ အဆုံးတွင် နတ်ဆိုးများကြောင့် သူအသွင်ပြောင်းပြီး အမြန်ထွက်ပြေးရတော့သည်။ 


ရှန်းလျိုရှန့် သူ့နောက်ကို မလိုက်မီတွင် ဝမ်ရမ်တုကို ဖမ်းဆီးထားသည့် ရှုံးယို့ကိုမြင်သည်နှင့် သူ့ကို မျက်စိဒေါက်ထောက်ကြည့်ထားရန်ပြောပြီး မည်သူမှမရှိသော ထောင့်တစ်နေရာကို ခဏသွားလိုက်သည်။


ရှန်းလျိုရှန့်က မူရင်းပုံစံပြန်ပြောင်းလိုက်ပြီး သူ့ခါးတွင်ချိတ်ထားသော အိတ်ကလေးကိုယူကာ မန္တန်တစ်ခုကို ရွတ်လိုက်သည်။ ဆန်းကြယ်သည့် အလင်းတန်းတစ်ခု လင်းလက်လာပြီးနောက် ဝမ်ရမ်ချင်က ကြယ်တာရာအိတ်ထဲမှ ထွက်လာခဲ့သည်။ သူ မူးဝေသွားသောကြောင့် မြေကြီးပေါ်လဲကျမတတ်ဖြစ်သွားရသည်။


ရှန်းလျိုရှန့်က သူ့ကိုကူတွဲပေးလိုက်သည်။

" အဆင်ပြေရဲ့လား..."


ဝမ်ရမ်ချင်က အိတ်ထဲတွင်နေလိုက်ရသောကြောင့် မည်သည့်အရာကိုမှ မမြင်လိုက်သော်လည်း အသံများကြားလိုက်ရ၍ အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို သိလိုက်သည်။ သူ ခဏတာမူးဝေသွားပြီးနောက် သူနှင့်နီးကပ်နေသော ပုံရိပ်ကလေးကို ကြည့်လိုက်သည်။


" မင်းနဲ့ငါက ဆွေမျိုးလည်းမဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်အထိ ကူညီပေးရတာလဲ..."


ရှန်းလျိုရှန့်က သူ့မေးစေ့သူပွတ်၍ ခဏစဉ်းစားလိုက်ပြီးမှ မျက်ခုံးများပင့်ကာ ပြောလိုက်သည်။


" စုပိုင်ချယ့်က ငါ့ရဲ့မိတ်ဆွေဟောင်းလေ... ငါ သူ့ကိုစချင်တာကြောင့်မို့ပါ..."


ဝမ်ရမ်ချင်က သူ့ကိုတစ်ချက်ကြည့်ပြီး ဘာမှမပြောလိုက်ပေ။ 


ရှန်းလျိုရှန့် ကြယ်တာရာအိတ်ကိုပြန်ချည်ပြီး ဝမ်ရမ်ချင်ကို ဝူတန့်ဆေးပုလင်းတစ်ပုလင်း ပေးလိုက်သည်။


" မင်းအခု အပြင်ထွက်သွားရင်လည်း တခြားလူတွေ အဲ့အနံ့ရရင်တောင် သံသယဝင်မှာမဟုတ်ဘူး... အပြင်မှာက ကမောက်ကမတွေဖြစ်နေပြီ မြန်မြန်ရှင်းလိုက်ဦး..."


ရှန်းလျိုရှန့်က အဝေးတစ်နေရာရှိ လူအုပ်ကြီးထဲတွင် ထွက်လာချင်သော်လည်း ထွက်မရဖြစ်နေသည့် ရှုရှင်းချန်ကိုလှမ်းကြည့်ကာ လက်ပြလိုက်သည်။


" ငါ လုပ်စရာရှိသေးလို့ အရင်သွားနှင့်မယ်နော်..."


ဝမ်ရမ်ချင်က လက်အမြန်ဆန့်ထုတ်ပြီး သူ့ကိုလှမ်းဆွဲသော်လည်း ဝတ်ရုံလက်အဖျားကိုပင် မထိလိုက်နိုင်ပေ။ 


ဗလာကျင်းနေသည့်သူ့လက်ကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးမှ အပြင်ထွက်လာခဲ့သည်။ သူ ပေါ်လာသည်နှင့် ရှုံးယို့က အမြန်ပြေးလာပြီး မဝံ့မရဲဖြင့် ပြောလိုက်သည်။


" မြို့အရှင်..."


ဝမ်ရမ်ချင်က သူ့ကိုခေါင်းညိတ်ပြသည်။


ရှုံးယို့က စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူ အခြေအနေကို သတင်းပို့တော့မည့်အချိန်မှာပင် သူတို့နှစ်ယောက်၏နောက်မှ အသံတစ်သံထွက်ပေါ်လာသည်။ 


" မြို့အရှင်..."


ဝမ်ရမ်ချင် လှည့်ကြည့်လိုက်သောအခါ သုံးနှစ်အရွယ်ကလေးတစ်ယောက်က ခြေဖျားထောက်ကာ တဖြည်းဖြည်းလျှောက်လာပြီး သူ၏ နုနယ်သောမျက်နှာထက်တွင်လည်း ကြောက်လန့်မှုတစ်စွန်းတစ်စမှ ရှိမနေပေ။ 


ဝမ်ရမ်ချင် ခဏတာ အံ့အားသင့်သွားရသည်။


ထိုကလေး၏ကိုယ်ပေါ်တွင် သွေးနှောအော်ရာတစ်မျိုး ရှိနေ၍ သာမန်အချိန်မျိုးတွင်မူ ချီလင်မြို့ထဲမှနတ်ဆိုးများက သူ့နားမကပ်ကြပေ။ 


ဒီလိုအချိန်မျိုးမှာ ဒီကလေးက နတ်ဆိုးတွေကြားထဲကို ထွက်လာရဲတယ်ပေါ့လေ...


သူ့ကို ဘယ်သူမှ မကြောက်ကြတော့ဘူးလား...


ဝမ်ရမ်ချင် ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ အခြားသောနတ်ဆိုးများ၏ မျက်ဝန်းထဲတွင် ကြောက်လန့်မှုများမရှိတော့ဘဲ အဓိ‌ပ္ပါယ်ဖော်မရနိုင်သည့် ခံစားချက်တစ်မျိုးကို ပြသနေသည်။


သူ စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး လှည့်ကြည့်လိုက်သောအခါ ထိုကလေး၏လက်ထဲတွင် အရုပ်တစ်ရုပ်ကို ကိုင်ထားသည်အား တွေ့လိုက်ရသည်။


" မြို့အရှင်ဖို့ပါ..."


ဝမ်ရမ်ချင်က ရှေ့တိုးလာပြီး လက်ဖဝါးအရွယ် အရုပ်လေးကို လှမ်းယူလိုက်သည်။


ထိုအရုပ်က သားရဲငယ်လေးတစ်ကောင်နှင့် တူပေသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်သဖွယ် ရဲတောက်နေကာ ကျောဘက်တွင် အတောင်ပံလေးတစ်စုံရှိပြီး ပါးစပ်ဟကာ သွားစွယ်များထုတ်ပြ၍ မာန်ဖီနေသည်။


သို့ရာတွင် သူ့မျက်လုံးထဲတွင်မူ ထိုသတ္တဝါလေးကို ကြမ်းတမ်းချင်ယောင်ဆောင်နေသည့် ငတုံးလေးဟုသာ မြင်ပေသည်။


ဝမ်ရမ်ချင် ရယ်လိုက်မိပြီး ၎င်းကို မည်သည့်သတ္တဝါဖြစ်ကြောင်း မေးလိုက်သည်။ ထို ချစ်စရာအရုပ်လေးကိုကြည့်ကာ ခေါင်းမော့လိုက်စဉ်တွင် ကလေးလေးက တိုးညှင်းသောအသံလေးဖြင့် ပြောလိုက်သည်။


" သူ့ရဲ့ မူရင်းအသွင်က အရမ်းစွမ်းအားကြီးတယ်... သား အမေက ဒီအရုပ်လေးကို သူကိုယ်တိုင်လုပ်ထားခဲ့တာ နောက်ပိုင်းကျရင် ရူးသွားမယ်လို့လည်း ပြောတာပဲ..."


မ်ရမ်ချင်လန့်သွားပြီး ရုတ်တရက် မျက်လုံးအပြူးသားဖြစ်သွားသည်။


သူ့လက်ထဲမှ သားရဲအရုပ်လေးကိုကြည့်ကာ အချိန်အတန်ကြာသည်အထိ ငြိမ်သက်သွားပေတော့သည်။ မျက်လုံးကို ဘယ်ညာရွှေ့ပြီးကြည့်နေသော နတ်ဆိုးကိုကြည့်ကာ သူ့စိတ်ထဲတွင် ဝေဝါးဝါး သဘောပေါက်သွားဟန် ရပေသည်။


"..."


.....