အပိုင်း ၉၁
Viewers 23k

Chapter 91



မကြာမီအချိန်အတွင်းမှာပင် ချီလင်မြို့က နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ညပိုင်းမှ အဖြစ်အပျက်အများကို လမ်းမထက်နှင့် လမ်းကြားထဲတွင် အပြိုင်အဆိုင်ဆွေးနွေးကုန်ကြသည်။


ရှန်းလျိုရှန့် လမ်းမထက်တွင် လျှောက်လာစဉ်၌ ရှုရှင်းချန်က သူ့ကိုဘေးနားမှ ခိုးကြည့်နေပြီး စကားတစ်ခွန်းမှ မပြောပေ။ 


ရှန်းလျိုရှန့် လမ်းဘေးဈေးဆိုင်လေးမှ သကြားလုံးချောင်းဝယ်နေစဉ် ရှုရှင်းချန်ကိုပါ တစ်ချောင်းပေးလိုက်ပြီး မျက်ခုံးပင့်လိုက်သည်။


" ဘာလို့ ငါ့ကိုလာကြည့်နေတာလဲ အရင်က မမြင်ဖူးဘူးလား..."


ရှုရှင်းချန်က သကြားလုံးချောင်းကို လှမ်းယူလိုက်ပြီး သူ့မျက်နှာထက်မှ အမူအရာက ထူးဆန်းနေသည်။

" ခင်ဗျား မဟုတ်ကဟုတ်ကတွေ ပြောထားတာတောင် လူတွေက ဘာလို့များယုံကြလဲ စဉ်းစားနေတာ..."


ရှန်းလျိုရှန့် နှုတ်ခမ်းပင့်ပြီး ပြောလိုက်သည်။

" ဒါငါ့ရဲ့ အထူးစွမ်းရည်နဲ့ အရည်အချင်းပဲ မင်း သင်လို့မရနိုင်ဘူး..."


" ဘာ အရည်အချင်းလဲ လျှောက်ပြောနေတယ်..."

ရှုရှင်းချန်က ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးနောက် အသံတိုးလိုက်သည်။


" ယောကျာ်းတစ်ယောက်အတွက်ကြောင့် သားအဖနှစ်ယောက်က သေရေးရှင်ရေးဖြစ်တဲ့အထိ တိုက်ခိုက်နေတာလို့ ခင်ဗျားပြောထားတာလေ...ယုံတဲ့သူကလည်းယုံတယ်... ပြီးတော့ ခင်ဗျားအသွင်ပြောင်းလိုက်တဲ့သားရဲ... အဲဒါကိုလည်း မီးလျှံချီလင်လို့ ယုံကြတာ အံ့ဩမဆုံးဘူး... ကျွန်တော်ထင်တာတော့ အဲဒါ မီးနတ်မြင်းပျံပေါက်လေးထင်တယ်..."


ရှန်းလျိုရှန့် လျှာသပ်လိုက်သည်။

" မင်းကြိုက်ရင် ပြီးတာပဲ..."


ရှုရှင်းချန် : "....."


" ငါပြောတာတွေကို ယုံကြတယ်ဆိုတဲ့ကိစ္စက အံ့ဩစရာမဟုတ်ပါဘူး ထူးလည်းမထူးဆန်းဘူး... မင်း ယုံချင်တယ်ဆို ယုံလိုက်ပေါ့..."


ရှန်းလျိုရှန့်က ဝိညာဉ်ကျောက်တုံးဖြင့် ငွေရှင်းလိုက်ပြီးနောက် သကြားလုံးကို ကိုက်တော့မည့်အချိန်တွင် လူတစ်ယောက် အဝေးမှ လျှောက်လာသည်ကိုမြင်၍ မျက်ခုံးပင့်လိုက်သည်။


သူ့တပည့်ကိုမြင်သည့်အခါ ရှန်းလျိုရှန့် အမြန်ပြေးထွက်သွားပြီး ပြုံးပြရန် ပြင်လိုက်သည်။ သို့ရာတွင် အနောက်တွင်ပါလာသည့်လူကိုမြင်သည့်အခါ ထိတ်လန့်သွားသောကြောင့် သူ့လက်ထဲမှ သကြားလုံးချောင်းပါ ပြုတ်ကျမတတ်ဖြစ်သွားသည်။


သွေးနီရောင်လ၏အောက်တွင် အဖြူရောင်ဝတ်ရုံဝတ်ထားသူက ဆံပင်ကို ကျောက်စိမ်းသရဖူဖြင့် ချည်နှောင်ထားပြီး သူ့လက်ထဲတွင် ဓားကောက်တစ်ချောင်း ကိုင်ထားသည်။


သူ့မျက်နှာက အလွန်ချောမောခံ့ညားသော်လည်း ဆီးနှင်းတမျှအေးစက်နေကာ ရေခဲသဖွယ် မျက်ဝန်းတစ်စုံလည်းရှိနေသည်။ သူ့ရှေ့မှ သကြားလုံးချောင်းကိုင်ထားသော လူငယ်လေးကို ကြည့်နေသည့် အကြည့်အမူအရာက အသက်မဲ့နေသော်လည်း သူ့စိတ်ခံစားချက်များကို တည်ငြိမ်အောင်ထားပြီး ခေါင်းအသာညိတ်ပြလိုက်သည်။


ရှန်းလျိုရှန့် အချိန်အတန်ကြာသည်အထိ အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသားလည်း ဖြစ်နေမိသည်။


ကျိုးရွှမ်လန်က သူ့ကိုငုံ့ကြည့်နေပြီး အဓိပ္ပါယ်ဖော်မရသည့် အေးစက်စက်လေသံဖြင့် စိတ်မရှည်စွာ ပြောလိုက်သည်။


" ရှစ်စွမ်း ကျေးဇူးပြုပြီး သူ့ကိုမကြည့်ပါနဲ့..."


ရှန်းလျိုရှန့် အသိစိတ်ပြန်ကပ်သွားသည်။

" အမ် အင်း ဟုတ်ပြီလေ..."


ယဲ့ပင်းရန်ကို နတ်ဆိုးလောကတွင် တွေ့ရမည်ဟု မထင်မှတ်ထားခဲ့၍ သူ အလွန်အံ့ဩသွားခဲ့ခြင်းဖြစ်ပေသည်။ နတ်ဆိုးလောကတွင် ဓားဂိုဏ်းသားများ ပျောက်ဆုံးသွားသည့်ကိစ္စနှင့်ပတ်သက်၍ ရောက်ရှိလာပုံရသည်။


တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်ပြီး အားလုံးကို မသိမသာ အကဲခတ်နေသော ရှုရှင်းချန်က မျက်လုံးများမှေးကျဉ်းကာ မေးစေ့ကိုပွတ်ပြီး ပြောလိုက်သည်။


" သူက ဘယ်သူလဲ..."


ရှန်းလျိုရှန့် : " ပေလွင်ဓားဂိုဏ်းက ဓားသခင်ယဲ့ပင်းရန်..."


ဓားဂိုဏ်းဟူသောအမည်ကိုကြားသည်နှင့် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်မည်ဟူသော ရှုရှင်းချန်၏အတွေးများ တစ်ခဏတွင်းချင်း ပျောက်ကွယ်သွားသည်။ သူက နတ်ဆေး(ဝူတန့်) အကြောင်းကို တွေးမိပြီး ပြောလိုက်လေ၏။


" ဒီနေရာက စကားပြောလို့မကောင်းဘူး... ကျွမ့်ယွင်အဆောင်ကို ပြန်ရအောင်..."


ရှုရှင်းချန်က ရှေ့မှဦးဆောင်သွားပြီး ယဲ့ပင်းရန်က သူ့နောက်မှလိုက်လာသည်။


ရှန်းလျိုရှန့်နှင့် ကျိုးရွှမ်လန်က နောက်မှကပ်လိုက်လာပြီး သူတို့နောက်တွင်လည်း ကျိုးရွှမ်လန်၏လက်အောက်ငယ်သားသုံးယောက် ရှိနေသည်။


လော့ယွီနှင့် ရှစ်ဖန်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် လုဝူဝမ့်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့သုံးယောက်သား အကြည့်ချင်းဖလှယ်နေကြသော်လည်း စကားတစ်လုံးမှ မဟရဲပေ။ 


ယခင်က ယဲ့ပင်းရန်မည်သူဖြစ်ကြောင်း သူတို့အလွန်သိချင်ခဲ့ကြသော်လည်း ယခုအခြေအနေအရဆိုလျှင် ရှန်းလျိုရှန့်နှင့် ယခင်က ပတ်သတ်ခဲ့ဖူးသူ ဖြစ်ကြောင်း သိသွားခဲ့သည်။ သူတို့အရှင်က ယဲ့ပင်းရန်ကိုတွေ့ချိန်၌ အလွန်ရိုင်းပျစွာဆက်ဆံခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ပေ။


ကိုယ်ပွား၏ ဆက်ဆံပုံကပင် ဤမျှကြောက်ဖို့ကောင်းနေသည်ဖြစ်ရာ သူတို့ အလွန်ထိတ်လန့်လွန်း၍ ထိုနေရာမှ ချက်ချင်းပျောက်သွားချင်စိတ် ဖြစ်သွားရသည်။


လမ်းနံဘေးမှ မီးအိမ်များက လေနှင့်အတူ ညင်သာစွာယိမ်းနွဲ့နေသည်။ ရှန်းလျိုရှန့် တစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါ ကျိုးရွှမ်လန်၏ဘေးပတ်ပတ်လည်မှ လေထုဖိအားက အလွန်နိမ့်နေသည်ကို သတိပြုမိလိုက်သည်။ ကတ္တီပါနီရောင်လရောင်အောက်တွင် သူ၏နက်စွေးစွေးမျက်ဝန်းများက အနည်းငယ်နီရဲနေသည်။


ရှန်းလျိုရှန့် ခေါင်းရှုပ်သွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး ခဏတာ တုံ့ဆိုင်းနေပြီးသည့်နောက် သူ့လက်ထဲမှ သကြားလုံးချောင်းကို ကျိုးရွှမ်လန်၏ပါးစပ်ထဲ ထိုးထည့်လိုက်သည်။


ကျိုးရွှမ်လန်၏ခြေလှမ်းများ ရပ်တန့်သွားကာ နှုတ်ခမ်းကို အနည်းငယ်ဟလိုက်သည့်အခါ သကြားလုံးချောင်းက ပါးစပ်ထဲဝင်လာပြန်သည်။


သူ ခဏတာ အံ့အားသင့်သွားပြီး သကြားလုံးချောင်းက်ိုကိုက်ထားလျက် ရှန်းလျိုရှန့်ကိုကြည့်နေသည်။

" ရှစ်စွမ်း ဘာလုပ်နေတာလဲ..."


ထိုစကားများကြောင့် ရှန်းလျိုရှန့်၏အပြုအမူများ ရပ်တန့်သွားသည်။


သူ့တပည့်က စိတ်ဓာတ်ကျပြီး မပျော်မရွှင်ဖြစ်နေသည်ကိုမြင်၍ သူ့ကိုစနောက်ရန် လက်က အလိုလိုလှုပ်ရှားသွားခြင်းဖြစ်သည်။


သူ ခေါင်းမော့လိုက်ပြီး ခဏတာ စဉ်းစားနေပြီးသည့်နောက်တွင် ရုတ်တရက်ပြုံးလိုက်သည်။ သူ၏ ဇာမဏီမျက်ဝန်းများက ညမီးရောင်များအောက်၌ တောက်ပနေပေသည်။


" ဘာမှမဟုတ်ပါဘူး သကြားလုံးသုံးပြီး မင်းကို ချိုမြိန်မှု‌လေး ခံစားစေချင်လို့..."


ကျိုးရွှမ်လန် သကြားလုံးကို ကိုက်လိုက်သဖြင့် သူ၏ ပါးလျသောနှုတ်ခမ်းများက လှုပ်ခတ်သွားသည်။ ချိုမြသောအရသာမှာ သွားများမှတစ်ဆင့် သူ၏ နှလုံးသားအတွင်းသို့ စိမ့်ဝင်သွား၏။


အရှေ့တွင်ရှိသော သူအား စိုက်ကြည့်နေလျက်ပင် အနည်းငယ် စိတ်လှုပ်ရှားနေပြီး မိုင်ထောင်ပေါင်းများစွာ ဝေးနေသည့် ပင်မခန္ဓာကိုယ်က သတိထားမိကာ တုန့်ပြန်လာသည်။ သူက ရှန်းလျိုရှန့်ထံသို့ နီးကပ်သွားပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။


"ဒီတပည့်က ရှစ်စွမ်းကိုလည်း ချိုမြိန်မှု‌လေး ခံစားစေချင်တယ်..." 


ရှန်းလျိုရှန့်: "....."


သူ့ကို သကြားလုံး ဝယ်ပေးဖို့က နည်းနည်းတော့ခက်တယ်...


ကိုယ်ပွား၏ မျက်လုံးများက အနီဖျော့ဖျော့နှုတ်ခမ်းပါးများထံ ကျရောက်နေသည်။ သူ၏လည်စလုတ်မှာ အထက်အောက် ရွေ့လျားသွား၍ နှလုံးသားမှာလည်း အလျင်အမြန် ခုန်လှုပ်နေသည်။ မရေတွက်နိုင်သော မျက်လုံးများက စိုက်ကြည့်နေကြ၍ သူ ရှင်းရှင်းလင်းလင်း မတွေးနိုင်ဖြစ်နေသည်။


ငါ ရှစ်စွမ်းကို လူရှေ့သူရှေ့မှာ နမ်းလို့ရပါ့မလား...ဒါပေမဲ့ ပင်မခန္ဓာကိုယ်ကတော့...


ခဏတုံ့ဆိုင်းပြီးနောက် ကျိုးရွှမ်လန်၏ မျက်လုံးထဲတွင် အလင်းတစ်ချက် လက်သွားပြီး သူ၏မျက်နှာက ရှန်းလျိုရှန့်ဆီသို့ ရုတ်ချည်း နီးကပ်သွားသည်။ ရှူထုတ်လိုက်သော လေက အနီရောင်နှုတ်ခမ်းများကို ပွတ်သပ်သွားကာ အနမ်းတစ်ပွင့် ခြွေရန်ပြင်လိုက်သည်။ 


ထိုစဉ် ကျယ်လောင်သောအော်သံတစ်ခု အရှေ့မှထွက်လာသည်။

"မင်းတို့ အနောက်မှာ ဘာလုပ်နေကြတာလဲ..."


ကျိုးရွှမ်လန်က ရပ်တန့်သွား၏ ရှန်းလျိုရှန့် လှည့်ကြည့်လိုက်သောအခါ ရှေ့တွင်ရပ်နေသော ရှုရှင်းချန်ကို မြင်လိုက်ရသည်။ ရှုရှင်းချန်က သူတို့အား အလျင်အမြန်လာရန် အော်ပြောနေသည်။


ရှန်းလျိုရှန့်က နီးကပ်နေသော ချောမောခံ့ညားသည့် မျက်နှာလေးအား ကြည့်လိုက်ပြီး ကျိုးရွှမ်လန်၏ နဖူးကိုဖိကာ နောက်သို့ပြန်တွန်းလိုက်သည်။ ထို့နောက် ကိုယ့်ပါးကိုယ် ထိကာပြောသည်။

"ဘာဖြစ်လို့လဲ...ငါ့မျက်နှာမှာ တစ်ခုခုရှိလို့လား..."


ကျိုးရွှမ်လန် : "....."


မှုန်မှိုင်းနေသော ကျိုးရွှမ်လန်၏ အကြည့်များက ရှုရှင်းချန်ထံသို့ ကျရောက်လာသည်။ ရှုရှင်းချန်က ဖြစ်ပျက်နေသည်များကို မသိဘဲ ဝူတန့်ဆေးကို ရှာတွေ့ကြောင်းကြားရသောအခါ တစ်ကိုယ်လုံး ပြန်လည်အားပြည့်လာသလိုပင် ခံစားရလေသည်။ ထို့ကြောင့် ကျွမ့်ယွင်အဆောင်သို့ပြန်လာကာ ကျင်းရှောင်ကျို့ကို နှုတ်ဆက်လိုက်သည်။

"လက်ဖက်ရည်ကောင်းကောင်းလေး တစ်ခွက်လောက် ချပေးဦး..."


ရှုရှင်းချန်က အခန်းထဲသို့ တံခါးဖွင့်ဝင်ကာ ပြတင်းပေါက်ကိုပိတ်လိုက်ပြီး ဝိညာဉ်စွမ်းအားကို စစ်ဆေးပြီးနောက် လှည့်ပတ်ကြည့်လိုက်သည်။ ထိုခဏတွင် ရှုရှင်းချန်က ဓားဂိုဏ်းမှလာသောသူ၏အမည်ကို မေ့သွားသည်။ ရှန်းလျိုရှန့်ကို ကြည့်ကာ သူ၏ မျက်ခုံးများ တွေးတွေးဆဆဖြင့် လှုပ်ရှားသွားသည်။

 

ရှန်းလျိုရှန့်က ယဲ့ပင်းရန်ကို ကြည့်လိုက်သည်။ မူလက အသေအချာ သတိမထားမိသော်လည်း ယခုတွင် သူ့ပုံစံကအတော်လေး အဆင်မပြေပုံရနေလေသည်။


ယဲ့ပင်းရန်၏ ဝတ်ရုံမှာ ဖုန်မှုန့်များဖြင့် စွန်းထင်းညစ်ပေနေသည်။ ဆံနွယ်ရှည်များကို ချည်နှောင်ထားသော ကျောက်စိမ်းသရဖူမှာလည်း လျော့ရဲနေပြီး မျက်လုံးများက နီရဲနေသည်။ ယဲ့ပင်းရန်မှာ ခရီးလမ်းတစ်လျှောက် အနားမယူထားပုံရလေသည်။


ရှန်းလျိုရှန့်က ပြော၏။

"မင်း ဘာလို့ အရင် အနားမယူတာလဲ..."


ယဲ့ပင်းရန်က ခေါင်းခါပြီးနောက် သိုလှောင်အိတ်မှ ဆေးနည်းကို ထုတ်ပေးလိုက်သည်။

"ဒါ မင်းလိုချင်တဲ့ဟာလား..."


သူက ဆက်ရှင်းပြသည်။

"ဒါက ဆရာလန်ချန်ထားခဲ့တာ...ဆရာက မင်းကိုပေးလိုက်ဖို့ မှာခဲ့တယ်...ဒီဆေးက နတ်ဆိုးဂိုဏ်းရဲ့ အော်ရာကို ပြောင်းလဲနိုင်ပေမဲ့ အကျိုးသက်ရောက်မှုက လွယ်လွယ်လျော့ကျနိုင်ပြီးတော့ ကျင့်ကြံဆင့်ကို ပျက်ဆီးစေနိုင်တယ်..."


ရှန်းလျိုရှန့်က ဆေးပြား ယူပြီးနောက် ယဲ့ပင်းရန်ကို ကြည့်လိုက်သည်။ 


"မင်း ဓားဂိုဏ်းက တပည့်တွေအတွက် ဒီကို ရောက်နေတာလား..."


ယဲ့ပင်းရန် သူ့မေးစေ့ကိုပွတ်လိုက်သည်။ မကြာသေးမီက ဓားဂိုဏ်းသားများအဖွဲ့က နတ်ဆိုးနယ်မြေတွင် ပျောက်ဆုံးသွားခဲ့သည်။ ထိုအဖြစ်အပျက် မတိုင်မီတွင် သတင်းအနည်းငယ် ရရှိခဲ့ပြီးနောက် သူတို့ကို နတ်ဆိုးဂိုဏ်းမှ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။


ဓားဂိုဏ်းမှ လူအချို့လွှတ်၍ စုံစမ်းခဲ့ကာ အချို့သော သဲလွန်စများကို တွေ့ရှိခဲ့သည်။ ထိုဖြစ်ရပ်က ရှန်းလျိုရှန့် ရောက်ရှိချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လန်ရှောင်ရှန့်က ဆေးနည်း ကို ယူဆောင်၍ ချီလင်မြို့သို့သွားရန် ယဲ့ပင်းရန်အားပြောခဲ့သည်။ ယဲ့ပင်းရန်ရောက်ရှိသွားသောအခါ သူ၏တပည့်များက တိုက်ခိုက်ခံနေရပြီဖြစ်ပြီး သူသည်လည်း မီးအမျှင်များကြောင့် အသူရာချောက်အတွင်းသို့ ဆွဲခေါ်သွားခံရလုနီးပါးပင်။ 


ပြန်လည်တွေးတောပြီးနောက် ယဲ့ပင်းရန်က စားပွဲခုံကို လက်ဖြင့်ခေါက်နေသူအား ပြောလိုက်သည်။

"ငါမင်းကို ကျေးဇူးမတင်ရသေးဘူး..."


ကျိုးရွှမ်လန်က ခြားနားမှုမရှိစွာပင် ပြောသည်။

"ကျွန်တော်က အစီအရင်ရဲ့ စွမ်းအင်ကို စစ်ဆေးကြည့်ရုံပါပဲ..."


တပည့်များနှင့် တာဝန်ရှိသူ အစောင့်များက သူ၏မျက်စိရှေ့တွင်ပင် ပျောက်သွားသည်။ ဝိညာဉ်စွမ်းအင်၏ သဲလွန်စလည်း မခံစားမိသကဲ့သို့ အစီအရင်၏ ပုံစံလည်း မပေါ်လာခဲ့ပေ။ အကယ်၍သာ အစီအရင်ကြောင့်ဖြစ်ခဲ့လျှင် ၎င်းမှာ အသေးအမွှားကိစ္စ မဟုတ်ပေ။


ဆေးနည်းကို ပေးပြီးနောက် ယဲ့ပင်းရန်က စကားမဆိုချေ။ သူက လက်ရည်တစ်ငုံမျှပင် မသောက်ခဲ့ပဲ ထရပ်ကာ ပြောလာသည်။

"ငါ့မှာ တစ်ခြားအရေးကြီးကိစ္စရှိသေးလို့ အရင်သွားတော့မယ်..."


ယဲ့ပင်းရန်က တပည့်များအတွက် စိုးရိမ်နေသည်ကို သိသောကြောင့် ရှန်းလျိုရှန့် မဖျောင်းဖျခဲ့ပေ။ ရှန်းလျိုရှန့်က သူ၏ သိုလှောင်အိတ်မှ တစ်ခုခုကို ထုတ်ကာ ပစ်ပေးလိုက်သည်။


"ချီလင်မြို့ရဲ့မြေပုံ..."


ယဲ့ပင်းရန်က လက်မြောက်၍ ဖမ်းလိုက်သည်။ 

"ကျေးဇူးအများကြီးတင်ပါတယ်..."


ယဲ့ပင်းရန်က ရှန်းလျိုရှန့်ကို ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးမှ အေးစက်မှုများက သတိမမူမိစွာ ပျောက်ကွယ်သွားသည်။ ထွက်ခွာမည့် ပုံရိပ်မှာ ခဏမျှရပ်တန့်သွားပြီး သူ၏မျက်နှာထက်တွင် တုံ့ဆိုင်းနေသည့် အမူအရာဖြစ်လာကာ အမေးစကားကို မပြေမပြစ်ဆိုလေသည်။


"ဂိုဏ်းချုပ်လင်နဲ့ အဆက်အသွယ်ရသေးလား..."


ရှန်းလျိုရှန့်က မျက်ခုံးများပင့်လိုက်သည်။

"စာနဲ့တော့ အဆက်အသွယ်ရှိပါတယ်...ဘာလို့လဲ..."


ယဲ့ပင်းရန်က ထိုစကားများကို ကြားသောအခါ လက်ချောင်းရှည်များကြားတွင် ဆုပ်ကိုင်ထားသည့် မြေပုံကို တင်းကြပ်စွာ ဖိညှစ်လိုက်မိသည်။ ထို့နောက် အနည်းငယ်တုံ့ဆိုင်းကာ ပြောလာသည်။


"သွေးချင်းနဲ့ မိတ်ဆွေကြားမှာ ကွားခြားမှုဆိုတာတော့ရှိတယ်ဆိုတော့...အခု ငါပြောတာကို သွေးထိုးစကားလို့ထင်နိုင်တယ်...ဒါပေမဲ့..."


သူက အနည်းငယ်ရပ်တန့်သွားကာ ပြောသည်။

"မင်းသူနဲ့ ပတ်သက်ရင် သတိတော့ထားပါ..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်သည်ကို မြင်သောအခါ ယဲ့ပင်းရန်၏ မျက်လုံးများ တဖြည်းဖြည်း လျော့ကျသွားသည်။ သူ၏ကြည်လင်သော မျက်လုံးများတွင် အကူအညီမဲ့မှု အနည်းငယ်ကို ဖော်ပြနေ၏။


"နှုတ်ဆက်ပါတယ်..."


ရှန်းလျိုရှန့်နှင့် လင်ယဲ့မှာ ညီအစ်ကိုအဖြစ်ရှိလာသည်မှာ နှစ်များစွာ ကြာနေပြီဖြစ်၍ သူတို့၏ ရင်းနှီးမှုမှာလည်း ယဲ့ပင်းရန်ကဲ့သို့ အပြင်လူထက် ပို၍ခိုင်မာလေသည်။ ရှန်းလျိုရှန့်က သူ့အားအပြစ်မဆိုခြင်းမှာ လုံလုံလောက်လောက် မျက်နှာသာပေးခြင်းဖြစ်လေသည်။


ယဲ့ပင်းရန်က သူ အတွေးလွန်နေကြောင်း မသိခဲ့ပေ။


လွန်ခဲ့သည့် နှစ်အနည်းငယ်က အချို့သောကိစ္စများကို သူ(ယဲ့ပင်းရန်)မှုန်ဝါးဝါးသာလျှင် မှတ်မိလေသည်။ 

အထူးသဖြင့် အဖြူရောင်နဲ့ လူငယ်လေးကို ငါဘာလို့ စုပိုင်ချယ့်လို့ ထင်ခဲ့ရတာလဲ...


ထိုစဉ်က လေထဲနှင်းထဲ ထွက်သွားချိန်တွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးကို မတွေ့ခဲ့ရဘဲ ထိုအစား အစိမ်းရောင်ဝတ်ဆင်ထားသော ယောကျာ်းပျိုတစ်ဦးကို တွေ့ခဲ့ရသည်။ ထိုသူမှာ ကျင့်ကြံရေးလောကတွင် နာမည်ကျော်ကြားနေသည့် ချင်းလင်ဂိုဏ်း၏ တပည့်ဖြစ်သူ လင်ယဲ့ဖြစ်ကြောင်း သတိပြုမိခဲ့သည်။ ထိုသူက သူနှင့် ခြေတစ်လှမ်းအကွာတွင် ရပ်နေခဲ့သည်။


ထိုသူကို နှုတ်ဆက်ပြီးနောက် မေးခွန်းတစ်ခုနှစ်ခု မေးမြန်းခဲ့သည်။


လင်ယဲ့က အကြည့်ကိုနိမ့်ချကာ ယဲ့ပင်းရန်အား အတော်ကြာကြည့်နေခဲ့သည်။ ထို့နောက်တွင်မူ သူ၏ နွေးထွေး၍ကျောက်စိမ်းကဲ့သို့ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။


"အဖြူရောင်ဝတ်စုံနဲ့... အဲ့ဒါ ငါ့ရဲ့တပည့် စုပိုင်ချယ့်ပါ..."


"စု...ပိုင်(အဖြူရောင်)...ချယ့်(ကြည်လင်)..."

ယဲ့ပင်းရန်ငယ်လေးက ထိုစကားသုံးလုံးကို တိတ်တဆိတ်ရေရွတ်ကာ နှလုံးသားတွင် ဆယ်စုနှစ်တစ်ခုကြာ မှတ်မိနေခဲ့သည်။


[ တရုတ်siteကနေ တိုက်ရိုက်ပြန်ထားလို့ ဒီနေရာက ရှုပ်နေသလိုဖြစ်သွားတာပါ၊ ကိုယ့်စိတ်ထင်ပြောရရင် ယဲ့ပင်းရန်က လွန်ခဲ့တဲ့နှစ်ပိုင်းတွေက လင်ယဲ့ကိုတွေ့တော့ သူအရင်ကမြင်ဖူးခဲ့တာ ဝတ်ရုံဖြူနဲ့ကောင်လေးက ဘယ်သူဆိုတာ မေးခဲ့ပုံပါပဲ၊ အဲဒါကို လင်ယဲ့က စုပိုင်ချယ့်ဆိုပြီး ပြောခဲ့တာပါ၊ နောက်ပိုင်း ယဲ့ပင်းရန် ရှန်းလျိုရှန့်ရဲ့ ဝိညာဉ်ပင်လယ်ထဲဝင်သွားတော့မှ အဲဒီဝတ်ရုံဖြူနဲ့ကောင်လေးက ရှန်းလျိုရှန့်ဖြစ်တာသိသွားတော့ လင်ယဲ့က သူ့ကိုလိမ်တယ်ဆိုပြီး မယုံသင်္ကာဖြစ်သွားတာမျိုးပါ၊ ဒါပေမဲ့ လိမ်ရတဲ့အကြောင်းရင်းကို မသိသေးတော့ ရှန်းလျိုရှန့်ကို ဒီတိုင်းသတိထားနေဖို့ပဲ သတိပေးလိုက်ပုံပါပဲ ]


သွေးနီရောင်လမှာ မှိန်ဖျော့သွားပြီဖြစ်သည်။ ယဲ့ပင်းရန်က မျက်လုံးများမြှင့်ကာ ညကို ကြည့်လိုက်သည်။ ထို့နောက်ဓားကို ကိုင်ဆွဲလျက် ကျွမ့်ယွင်ဆောင်မှ ထွက်လာခဲ့သည်။


လင်ယဲ့က ယခုအချိန်တွင် မသေမျိုးကျင့်ကြံသူများ၏ ခေါင်းဆောင်ဖြစ်၍ သူ၏ အရည်အချင်းမှာ သံသယဝင်ဖွယ်ရာ မဟုတ်ပေ။ လင်ယဲ့က အမှန်တကယ်ပင် နားလည်မှုလွဲနေခဲ့ခြင်းလော သို့မဟုတ် ရည်ရွယ်ချက်ရှိရှိပင် ပြောခဲ့ခြင်းလော သူမသိပေ။ ချင်းလင်ဂိုဏ်း၏ တပည့်များကြား လျှို့ဝှက်စုံစမ်းခဲ့သည့်တိုင် စုပိုင်ချယ့်ဟူသောသူကို ရှာမတွေ့ခဲ့ပေ။


ကျင့်ကြံရေးလောကရှိ လင်ယဲ့၏ ဂုဏ်သတင်းအရ

မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။ လင်ယဲ့ကို အသရေဖျက်ရန် ရည်ရွယ်ချက်ရှိနေသည်ဟု ရှန်းလျိုရှန့်တစ်ယောက် ထင်နေပေလိမ့်မည်။ 


ယဲ့ပင်းရန်အနေဖြင့် လူဆိုးအဖြစ်ခံကာ သတိအနည်းငယ်ပေးရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။