အပိုင်း ၉၂
Viewers 23k

Chapter 92




ဆေးနည်းကို ရရှိပြီးနောက် ရှန်းလျိုရှန့်တစ်ယောက် စမ်းသပ်ရန် မစောင့်နိုင်တော့ချေ။ ကျိုးရွှမ်လန်က မြို့ပြင်မှ ထူးဆန်သည့်အစီအရင်အကြောင်းတွေး၍ မသက်မသာခံစားရသဖြင့် လော့ယွီ နှင့် အခြားသူများခေါ်ကာ ထွက်သွားသည်။


မထွက်သွားခင်တွင် သူက ရှန်းလျိုရှန့်အား စူးစူးစိုက်စိုက်ပြောခဲ့သည်။

"နတ်ဆိုးဘုရင်တွေက ပွင့်ပွင့်လင်းလင်းရော လျှိုဝှက်ပြီးတော့ရော တိုက်ခိုက်နေကြတာ...တစ်ဖက်လူရဲ့ အားနည်းချက်တစ်ခုခုရှာတွေ့ခဲ့ရင် ကျွန်တော် ဒီအတိုင်းထားမှာ မဟုတ်ဘူး..."


ရှန်းလျိုရှန့်က လက်ထဲရှိ ဝိညာဉ်ဆေးပင်ကို နမ်းကြည့်နေသည်။ ထိုစကားများကို ကြားသောအခါ မျက်ခုံးပင့်၍ ပြောလိုက်သည်။


"မင်းက မင်းအလုပ်မင်းလုပ်...ငါလည်း ကိုယ့်အလုပ်ကိုယ်လုပ်မယ်..."


ကျိုးရွှမ်လန်က မျက်ခုံးများပြေလျော့သွားကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထွက်ခွာသွားသည်။


အခြားတစ်ဖက်မှ ရှုရှင်းချန်မှာ မေးထောက်ပြီး ရှန်းလျိုရှန့် ဝိညာဉ်ဆေးပင်များ ရွေးချယ်ထုတ်ယူနေသည်ကို ကြည့်နေ၏။ 


နောက်တစ်နေ့ မနက်ခင်းတွင် ရှန်းလျိုရှန့် အိပ်ရာမှထကာ ထွက်သွားသည်။


ရှုရှင်းချန်က သမ်းဝေလျက်မေးသည်။

"ဘယ်သွားမလို့လဲ..."


ရှန်းလျိုရှန့် : "သတ္တမနတ်ဆိုးဘုရင်ရဲ့ စံအိမ်ကို..."


ယဲ့ပင်းရန် ပြောပြချက်အရ ဆေး၏ ဘေးထွက်ဆိုးကျိုးများမှာ ဝမ်ရမ်ချင်၏ အခြေအနေဖြင့်ကိုက်ညီနေသည်။ ဝမ်ရမ်ချင်က ဆေးကို စားခဲ့လိမ့်မည်။ သို့ဖြစ်၍ ဝမ်ရမ်ချင်၏ သွေးအနည်းငယ်ကို ထုတ်ယူကာ မည်သည့် ဝိညာဉ်ဆေးပင် အမျိုးအစားဖြစ်သည်ကို ရှာဖွေချင်သည်။


ဒီလောက်အချိန်ကြာနေပြီကို ဆေးရဲ့အာနိသင်ရှိပါဦးမလား...


ရှန်းလျိုရှန့် အိမ်တော်တံခါးဝသို့ ရောက်သောအခါ မည်သူမျှမတွေ့ချေ။ ခေါင်းကိုအထဲသွင်း၍ လှည့်ပတ်ကြည့်လိုက်သည့်အခါ ရင်းနှီးနေသော ပုံရိပ်ကို တွေ့လိုက်ရသဖြင့် လှမ်းအော်လိုက်သည်။


ရှုံးယို့၏ နောက်ကျောတောင့်ခဲသွားကာ ချွေးအေးများပင်ထွက်လာသည်။ တံခါးဆီသို့ အမြန်ပင် ရောက်လာ၍ အသံတိုးတိုးဖြင့်ပြောသည်။


"ဆူဆူညံညံ မလုပ်ပါနဲ့...မြို့အရှင် အနားယူနေတယ်..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ ငါသူနဲ့ လုပ်စရာရှိတယ်လေ..."


ရှုံးယို့က သူသည်လည်းအရေးကြီးကိစ္စ စောင့်ဆိုင်းနေရသည်ဟု ပြောလာချိန်တွင် ပတ်လည်၌ ဝိညာဉ်စွမ်းအားများသိပ်သည်းလာသည်။ ဝမ်ရမ်ချင် အိပ်ရာမှထလာကာ သူ၏ အနီရောင်ဆံနွယ်များက လျော့တိလျော့ရဲ ဖြစ်နေ၏။ ဝတ်ရုံမှာလည်း ပြေလျော့နေလျက် သူ၏ ရင်ဘက်ကိုပင် လှစ်ဟပြသထားသည်။ 


သူက မျက်ခုံးများကို ပွတ်သပ်၍ စိတ်ရှုပ်ထွေးမှုကို ဖိနှိပ်လိုက်ပြီး ရှန်းလျိုရှန့်ကို ကြည့်၍ ပြောသည်။

"ဘာကိစ္စလဲ..."


ရှန်းလျိုရှန့် က လက်ကြားထဲမှာ ငွေအပ်ကို ထုတ်ယူလိုက်သည်။

"သွေးနည်းနည်းလောက် လိုချင်လို့..."


ဝမ်းရမ်ချင်က သူ့ကို အခန်းသို့ခေါ်ဆောင်သွားကာ ဝတ်ရုံကို ဝတ်ဆင်နေသည်။ ရှန်းလျိုရှန့် အခန်းကို လှည့်ပတ်ကြည့်နေချိန်တွင် ခေါင်းအုံးဘေးရှိ သားရဲအရုပ်လေးအား အမှတ်မထင် ရိပ်ခနဲတွေ့လိုက်ရသည်၍ သူ့မျက်လုံးများပြူးကျယ်သွားသည်။


"အဲဒါတော့ မဟုတ်ဘူးမှတ်လား..."


ဝမ်ရမ်ချင်က သူ၏အကြည့်ကို သတိထားမိကာ ဝတ်ရုံလက်များကို ခေါက်လိုက်သည်။ 

"မနေ့ညက ငါ့ကို ကလေးတစ်ယောက်က ပေးသွားတာ...ငါ့ရဲ့ပုံစံအစစ်က အရမ်းချစ်ဖို့ကောင်းတယ်ဆိုပြီး..." 


ရှန်းလျိုရှန့်က သူ၏ နှာခေါင်းထိပ်ကို ထိလိုက်သည်။

"ငါ ရုပ်ပြောင်းရုပ်လွှဲနည်းစနစ်နဲ့ သိပ်မရင်းနှီးသေးလို့ပါ..."


ဝမ်ရမ်ချင်က ရယ်မောလိုက်သည်။

"ငါကတော့ အဆင်ပြေတယ်ထင်တာပဲ..."


ရှန်းလျိုရှန့် မျက်တောင်များပုတ်ခတ်ကာ မတုန့်ပြန်ခဲ့ပေ။ ငွေအပ်က ဝမ်ရမ်ချင်၏ လက်မောင်းကို ဖောက်ဝင်သွားသည်။ ခဏအကြာတွင် အပ်ကို ပြန်သိမ်းကာ ပြောလိုက်သည်။


"ကောင်းပြီ...မင်းရဲ့ စကားကို အဲ့ဒီ့နေ့ကျရင် တည်ပါနော်..."


ဝမ်ရမ်ချင် : "တည်ပါတယ်..."


ရှန်းလျိုရှန့်က သွေးထည့်ထားသည့် ပုလင်းလေးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းစွန်းများမြင့်တက်ကာ ပြောလိုက်သည်။

"ဒီလိုဆိုရင် စာလိပ်ကိုသာ အသင့်ပြင်ထားပေးပါ..."


ထိုသို့ပြောပြီးနောက်တွင် ဝတ်ရုံလက်ကို ခါကာ ထွက်သွားရန်ပြင်လိုက်သည်။


ဝမ်ရမ်ချင် မျက်လွှာချပြီး ရုတ်ချည်းပင် ရှန်းလျိုရှန့်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ကာ သူ့နားထဲသို့ တစ်စုံတစ်ခုကို တီးတိုးပြောလာသည်။


ရုတ်တရက် ရှန်းလျိုရှန့်တစ်ယောက် နားကြားလွဲသည်ဟု ထင်မှတ်လိုက်မိသည်။


ရှန်းလျိုရှန့်က ခေါင်းလှည့်၍ နောက်ဆုတ်သွားမိသော်ငြား လက်ကောက်ဝတ်မှာ တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရသည်။


ဝမ်ရမ်ချင်က ထပ်မံဆိုလာသည်။

"ငါ့ရဲ့ နတ်ဆိုးဘုရင်မ ဖြစ်ပေးပါ..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ရမ်ချင်၏ အမူအရာမှာ နောက်နေပုံမရကြောင်း တွေ့သောအခါ သူ့အမူအရာက ရုတ်တရက်ပင် လေးနက်သွားသည်။ သူ မန္တန်တစ်ခုကိုရွတ်ကာ လက်ကိုရုန်းပစ်လိုက်သည်။


"မင်းရဲ့ အချစ်အတွက် ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ ငါ့မှာ အဲလို ရည်ရွယ်ချက်မရှိဘူး..."


ဝမ်ရမ်ချင်က သူ့ကို လေးနက်စွာကြည့်၍ ပြောလာသည်။

"မင်းသာ ငါ့ရဲ့ နတ်ဆိုးဘုရင်မ ဖြစ်လာရင် စာလိပ်မပြောနဲ့ နတ်ဆိုးတစ်လောကလုံးနဲ့ သုံးလောကကိုတောင် မင်းအတွက် ရယူပေးနိုင်တယ်..."


ရှန်းလျိုရှန့်က ပြန်ပြောလိုက်သည်။

"ငါ မလိုချင်ဘူး..."


အခန်းတွင် ခဏမျှတိတ်ဆိတ်သွားသည်။ ဝမ်ရမ်ချင်က အံသြဟန်မပြဘဲ နောင်တရနေပုံဖြင့် သက်ပြင်းချလိုက်သည်။

"နှမျောစရာပဲ..."


ဝမ်ရမ်ချင်က လက်နောက်ပစ်ထား၍ ရှန်းလျိုရှန့် တံခါးအပြင်သို့ လျှောက်သွားသည်ကို စောင့်ကြည့်နေပြီးနောက် သူ၏မျက်နှာက မှောင်မိုက်လာသည်။


ခဏအကြာတွင် သူ၏ နှုတ်ခမ်းထောင့်များမြင့်တက်သွားသည်။


ကိစ္စမရှိပါဘူး...ငါ ဒါကိုထည့်မတွက်ဘူး... ငါ့မှာ အကြံတွေအများကြီးရှိနေတာ ကံကောင်းတာပဲ...


******


ရှန်းလျိုရှန့် တည်ငြိမ်သောအမူအရာဖြင့် စံအိမ်မှထွက်လာလိုက်သည်။ ကျွမ့်ယွင်အဆောင်သို့ ပြန်ရောက်သောအခါ ဆေးဖော်သည့်အခန်းဆီသို့ တိုက်ရိုက်ဦးတည်လိုက်သည်။


ထိုဆေးဖော်စပ်နည်းမှာ အလွန်ပင်ရှုပ်ထွေး၍ ဝိညာဉ်ဆေးပင်များစွာ လိုအပ်ပေသည်။ ရှန်လျိုရှန့်ထင်ခဲ့သည့် ဆေးနည်းတစ်ဝက်ခန့်ဆိုသည်မှာ အမှန်တကယ်တွင် လေးပုံတစ်ပုံပင် မရှိချေ။ 


ရှန်းလျိုရှန့်က သွေးပုလင်းကို ဘေးတွင်ထားကာ ဆေးပြင်းဖိုအရှေ့တွင် ထိုင်လိုက်သည်။ သူ၏ ရှည်လျားသော လက်ချောင်းဖြူဖြူကလေးများကို မျက်နှာပေါ်တွင်တင်၍ ပြင်းပြင်းထန်ထန် ပုတ်လိုက်ပြီးနောက် ကိုယ့်ကိုယ်ကို ပြောလိုက်သည်။


"ရေတွင်းထဲက ဖားလေးက အုံးအွမ် အုံးအွမ်...ငါလေးလည်း နောက်ဘဝအထိ ဆေးဖော်ရင်းပဲ ကုန်ဆုံးတော့မယ်..."


စကားလုံးများထွက်ကျလာပြီးနောက် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း ပြီးဆုံးသွားသည်။


ရှန်းလျိုရှန့်က အင်အားများမြင့်တင်ပြီးနောက် မီးကို ထိန်းချုပ်ရန် ဝိညာဉ်စွမ်းအင် အသုံးပြုလိုက်သည်။ ထိုအချိန်တွင် သိုလှောင်အိတ်အတွင်းမှ ထိရိုက်မှုကို ခံစားလိုက်ရပြီး ၎င်းမှာ သေးငယ်သော လှုပ်ရှားမှု မဟုတ်ပေ။ 


ရှန်းလျိုရှန့်က သံသယဖြစ်နေပုံဖြင့် အိတ်ကြိုးကို ဖြည်လိုက်သည်။ သက်ရှိများကို သိုလှောင်အိတ်အတွင်းသို့ ထည့်မရပေ။

ဝိညာဉ်များလား...


သိုလှောင်အိတ် ပွင့်သွားသောအခါတွင် အစိမ်းရောင် ကျောက်စိမ်းပြားက အတွင်းမှ ခုန်ထွက်လာကာ လေပေါ်လွင့်မျောနေသည်။


ကျောက်စိမ်းပြားက အနည်းငယ်သော လှုပ်ရှားမှုသာ ပြုလေ့ရှိသော်ငြား ယနေ့တွင် အလွန်စိတ်ဆိုးနေပုံရသည်။ ကျောက်စိမ်းပြားအောက်ခြေတွင် ရေးထိုးထားသည်ကို ကြည့်လိုက်သောအခါ ရှန်းလျိုရှန့်တစ်ယောက် အံသြစွာ နှလုံးခုန်နှုန်း လွဲချော်သွားသည်။


"ဧကရာဇ်...ခမည်းတော်လား..."


သူထိုနေ့က ကျောက်စိမ်းပြား မှားယူခဲ့သည်ကို မေ့လုနီးပါးပင်။ တိယွင်ယွီက ကျောက်စိမ်းပြား ပြန်ပေးရန် မပြောခဲ့သဖြင့် သူလည်း သိုလှောင်အိတ်အတွင်းသို့ ထည့်သိမ်းထားခဲ့သည်။


ကျောက်စိမ်း၏ အခြားတစ်ဖက်မှ တည်ငြိမ်စွာပင်တုန့်ပြန်လာသည်။


ရှန်းလျိုရှန့်က တစ်ဖက်မှ ဆက်ပြောမည်ကို စောင့်ဆိုင်းနေသည်။ လက်ချောင်းများဖြင့် တစ်မှတစ်ဆယ်ထိ ရေတွက်ပြီးသော်ငြား ကျောက်စိမ်းပြားက တိတ်ဆိတ်မြဲတိတ်ဆိတ်နေ၍ သူ ထပ်မံရေတွက်လိုက်သည်။


အခြားတစ်ဖက်က တိတ်ဆိတ်မြဲပင်။


နာရီဝက်ကြာသောအခါ ရှန်းလျိုရှန့် လက်ချောင်းများနာကျင်လာသည်။ စကားလုံးများကို ထပ်ခါထပ်ခါမျိုချနေရ၍ ပါးများနီရဲလာကာ နောက်ဆုံးတွင် မနေနိုင်စွာ ထုတ်ပြောလိုက်သည်။


"ခမည်းတော်...ဘာကိစ္စများရှိလို့လဲ..."


တိယွင်ယွီ၏ ရယ်မောသံထွက်ပေါ်လာသည်။

"တော်တော်လေး စိတ်ရှည်တာပဲ..."


ရှန်းလျိုရှန့်က တိတ်တိတ်လေးနှုတ်ခမ်းစူလိုက်သည်။ ထို့နောက် တိယွင်ယွီ ပြောသည်ကို ကြားလိုက်ရသည်။

" လုံးဝသည်းမခံနိုင်တော့ဘူးထင်တယ်...နတ်ဆိုးနယ်မြေမှာ ဘာတွင် ရှားရှားပါးပါးကြံစည်နေတာလဲ..."


ရှန်းလျိုရှန့်: "ဟုတ်..."

ထိုသို့ ပြောပြီးနောက် တိုးညှင်းသော အသံဖြင့် ထပ်မံပြောလိုက်သည်။

"အဲ့ဒါက ကျွန်တော် နေ့တိုင်း ဆေးဖော်ရဦးမှာမို့ပါပါ..."


တိယွင်ယွီ: "ကိုယ်တော်ရဲ့ သားက တကယ့်ကို လုံ့လဝီရိယ ရှိတာပဲ..."


ရုတ်တရက်ချီးကျူးလာမည်ဟု မထင်ထားမိ၍ ရှန်းလျိုရှန့် အံသြသွားသည်။ သူ၏မျက်လုံးများဝင်းလက်သွားပြီး ခဏအကြာတွင် တိယွင်ယွီ၏ အသံကို ကြားလိုက်ရသည်။


"ကိုယ်တော်က မင်းကို ဒီလိုချီးကျူးမယ်လို့ ထင်နေတာလား..."


ရှန်းလျိုရှန့်တစ်ယောက် နင်သွားရသည်။


တိယွင်ယွီက သူ၏အမူအရာကို ခန့်မှန်းမိကာ ရယ်မောနေပြီးနောက် ခဏမျှတိတ်ဆိတ်သွားသည်။ 

"ကောင်းပြီ...အရေးကြီးတာကို သွားရအောင်...ကိုယ်တော် မင်းရဲ့အမေကို သတိရပြီ"


ရှန်းလျိုရှန့် ခေါင်းမော့က ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။


"မင်းရဲ့အမေက ကျင့်ကြံရေးလောကထဲက မိန်းကလေးတစ်ဦးပဲ...သူရဲ့နာမည်က လန်လင်းလန့်...သူက တစ်ခါတုန်းက ပထမအဆင့် နတ်ဆေးဆရာတစ်ဦးပဲ...သူက ကိုယ်တော့်အတွက် ဆေးဖော်စပ်ပေးလေ့ရှိတယ်..."


ရှန်းလျိုရှန့် :"....."


ရှန်းလျိုရှန့်က မျက်လွှာချကာ ဆေးနည်း ကို ကြည့်လိုက်သည်။ လက်ရေးမှာ နူးညံကာ ညီညာနေပြီး သိမ်မွေ့သော မိန်းမလှလေးတစ်ဦးက ရေးထားသကဲ့သို့ပင်။


တိယွင်ယွီ : "ကိုယ်တော်ကတော့ အဲ့ဒါပဲမှတ်မိတယ်...တကယ်လို့ မင်းရဲ့ ဘဝအကြောင်းသိချင်ရင် သူ့ကို တွေ့အောင်ရှာ..."


တိယွင်ယွီက သူ၏ စကားများကို အဆုံးသတ်ပြီးနောက်မေးလိုက်သည်။ 


"တခြားမေးစရာ ရှိသေးလား..."


"ရှိပါတယ်..." 


ရှန်းလျိုရှန့်က ခဏမျှ တိတ်ဆိတ်နေပြီးနောက် သတိရှိစွာ မေးလိုက်သည်။


"ဒါဆို ဘာလို့ ကျွန်တော့်မျိုးရိုးနာမည်က 'ရှန်း' လဲ..."


သူက တိယွင်ယွီနှင့် မျိုးရိုးနာမည်မတူပေ။ ရှုရှင်းချန်တို့နှင့်လည်းမတူသကဲ့သို့ သူ၏မိခင်နှင့်ပင် မတူညီချေ။

မူလကိုယ်ရဲ့ အမေက တိယွင်ယွီကို ကန်ထုတ်လိုက်ပြီး တစ်ခြားအဖေတစ်ယောက်ရှာတွေ့သွားတာ ဖြစ်နိုင်ပါ့မလား...


တိယွင်ယွီက ထိုသွယ်ဝိုက်ပြောဆိုချက်ကို ကြားသောအခါ အသံတိုးတိုးဖြင့် ခြိမ်းခြောက်လိုက်သည်။


"ငါကိုယ်တော် မင်းရဲ့သွေးကို အရသာခံကြည့်ပြီးတော့ ငါကိုယ်တော်ရဲ့ သွေးသားဟုတ်မဟုတ် စစ်ကြည့်ရမလား..."


ရှန်းလျိုရှန့်က ထိတ်လန့်စွာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။

အဲ့ကျ ငါ့အရိုးပြာတောင် ရှိပါဦးမလား...


အခြားတစ်ဖက်ရှိ တိယွင်ယွီမှာ ကျောက်စိမ်းပြားကို လက်ဖြင့် ကစားနေသည်။ ရှန်းလျိုရှန့်ဘက်မှ အချိန်ကြာကြာ တိတ်ဆိတ်နေသည်ကို တွေ့သောအခါ အလွန်ထိတ်လန့်နေလောက်သည်ဟု တွေးတောလိုက်ပြီး မျက်ခုံးများပင့်၍ နူးညံစွာပြောသည်။


"ရူးနှမ်းတဲ့ အတွေးတွေ မတွေးနဲ့...ငါကိုယ်တော်က အများကြီး မမှတ်မိဘူးဆိုပေမဲ့ သွေးသားကိုတော့သိပါတယ်...အဲ့ဒါက ဆက်စပ်နေတာ...ပထမအကြည့်တစ်ချက်နဲ့တင် သိနိုင်တယ်..."


ရှန်းလျိုရှန့်က စိတ်သက်သာရသကဲ့သို့ပင် သက်ပြင်းရှည်ကြီး ချလိုက်သည်။


"အဲ့ဒီ့ အချိန်တုန်းက ခမည်းတော်က မျိုးရိုးနာမည်ကို 'ရှန်း' လို့ပြောင်းလိုက်တာ ဖြစ်နိုင်လား..."


တိယွင်ယွီ : "ကိုယ်တော့် ဘဝမှာ ဘယ်တုန်းကမှ နာမည်ဝှက် မသုံးခဲ့ဖူးဘူး..."


သူက ရပ်တန့်သွားကာ ထပ်ပြောလာသည်။

" 'ရှန်း'ဆိုတာက မင်းအမေရဲ့ နာမည်ဝှက်..."


ရှန်းလျိုရှန့် နှစ်ကြိမ်မျှ တုန့်ပြန်ပြီးနောက် ထပ်မံမေးမြန်းရန် ပြင်နေချိန်တွင် ကျောက်စိမ်းပြား၏ အလင်းမှာ မှိန်သွားကာ မျက်တောင်တစ်ခတ်အတွင်း မျောလွင့်နေရာမှာ ပြုတ်ကျလာသည်။


ရှန်းလျိုရှန့်: "....."


ရှန်းလျိုရှန့်က ကျောက်စိမ်းပြားကို ဖမ်းလိုက်ပြီး ထိုကျောက်စိမ်းပြားကို ကြည့်ကာ မျက်မှောင်ဖွဖွ ကြုတ်လိုက်သည်။


သူ နန်းတော်ကို ရောက်စအချိန်တွင် တိယွင်ယွီအား မိခင်ဖြစ်သူ အကြောင်း သိချင်စိတ်ပြင်းစွာ မေးမြန်းခဲ့ဖူးသည်။ ထိုအချိန်က တိယွင်ယွီ တစ်ယောက် မျက်မှောင်ကြုတ်ကာ အချိန်အတန်ကြာမှ ပြန်ဖြေခဲ့သည်။


"မေ့သွားပြီ...ကိုယ်တော်ရဲ့ အရှေ့မှာ အချိန်တော်တော်ကြာကြာ မပေါ်လာတဲ့သူတွေကို မမှတ်မိဘူး..."


ရှန်းလျိုရှန့်က မူလကိုယ်၏ အမေအတွက် ခါးသက်သော မျက်ရည်များကို သုတ်လျက် တိယွင်ယွီက ပြောပြရန် ဆန္ဒမရှိ ဟူ၍သာထင်ခဲ့သည်။

ဆယ်စုနှစ်အနည်းငယ်က ဖြစ်ခဲ့တာတွေကို ဘယ်လိုများမေ့နိုင်မှာတဲ့လဲ...


သို့သော် ယနေ့ တိယွင်ယွီပြောသည်ကို ကြားရသောအခါ အမှန်တကယ်ပင် ထိုအချိန်က အဖြစ်အပျက်များကို မေ့နေပုံရသည်။ ချုန်းချီနယ်မြေစည်း အကြောင်းပြောသည့် ညတွင်လည်း မေ့သွားပြီဟုပြောခဲ့သည်။ ရှန်းလျိုရှန့်က ပို၍ပို၍ပင် မျက်မှောင်ကြုတ်လာသည်။


ကျောက်စိမ်းပြားကို သူ၏လက်ချောင်းများကြားတွင် တင်းတင်းကြပ်ကြပ် ဖိထားမိလိုက်သည်။


မူလဇာတ်ကြောင်းတွင် တိယွင်ယွီ သေဆုံးသွားသည်ဟူ၍ ဖော်ပြထားကာ အကြောင်းပြချက်ကိုမူ မဖော်ပြထားပေ။ တိယွင်ယွီက သုံးလောက၏ အထက်တွင်ရှိကာ လွှမ်းမိုးနိုင်သော ဖြစ်တည်မှုတစ်ခုဖြစ်၍ တိယွင်ယွီသာ သေဆုံးခဲ့မည်ဆိုလျှင် သူ၏ကိုယ်ပိုင်ပြဿနာကြောင့်သာ ဖြစ်ပေမည်။


သူက သိထားပြီးဖြစ်လိမ့်မည်။ သို့သော် မည်သည်မျှ မပြောသဖြင့် အခြားသူများလည်း မသိရှိထားခြင်းဖြစ်လိမ့်မည်။


ရှန်းလျိုရှန့်၏ နှလုံးသားမှာ အနည်းငယ်နစ်မြုပ်သွားရသည်။ ကျောက်စိမ်းပြားကို သိုလှောင်အိတ်အတွင်းသို့ပြန်ထည့်လိုက်ကာ တစ်စုံတစ်ခုကို အမှတ်ရသွားသည်။


အကယ်၍ လန်လင်းလန့်က ငါ့အမေဆိုရင် ဓားဂိုဏ်းခေါင်းဆောင် လန်ရှောင်ရှန့်က ငါ့ဦးလေး မဟုတ်ဘူးလား...


ရှန်းလျိုရှန့်တစ်ယောက် မျက်ခုံးများကို ပွတ်သပ်ကာ အိမ်မက်ဆိုး မက်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။ သူ၏ မှတ်ဉာဏ်တွင် မူလကိုယ် ဓားဂိုဏ်းသို့ သွားလည်သည့်အချိန်တိုင်း လန်ရှောင်ရှန့်က ကောင်းမွန်သောအရာများကို တိတ်တဆိတ်ပေးတတ်သည်။ မှော်ဝိညာဉ်လက်နက်များအပြင် သေမျိုးလောကမှ ကစားစရာများပင် ပါဝင်လေသည်။


၎င်းက အံ့သြစရာမရှိတော့ပေ။ မူလကိုယ်က ယဲ့ပင်းရန်ကို ကြိုက်နေကြောင်း သိသွားသောအခါ လန်ရှောင်ရှန့်တစ်ယောက် ဓားဂိုဏ်းထဲတွင် သရဲတစ်ကောင်ကဲ့သို့ဖြစ်လာကာ သူ၏တပည့်ဖြစ်သူအကြောင်းကို ပေါက်ကြားစေခဲ့လေသည်။


ဒါက ကိုယ့်တူလေးကို ကူညီပေးနေတာပေါ့...


ရှန်းလျိုရှန့်က ရယ်မောလိုက်ကာ ခေါင်းခါလိုက်သည်။ သူ၏အတွေးများကို စုစည်း၍ ဝိညာဉ်ဆေးပင်များကို မီးဖိုအတွင်းသို့ထည့်လိုက်သည်။ ထိုနောက် သွေးပုလင်းကိုယူ၍ အလည်တည့်တည့်သို့လောင်းချလိုက်ကာ စတင်ဖော်စပ်လေသည်။


ဆေးဖော်ခြင်းကို နှောင့်ယှက်မရသောကြောင့် ရှုရှင်းချန်တစ်ယောက် အခန်းအပြင်တွင် နေ့မှညအထိ စောင့်ဆိုင်းနေ၏။ သူ ငိုက်မျဉ်းလာချိန်တွင် လတ်ဆတ်မွှေးပျံသော ဆေး၏ရနံကို ရလိုက်သည်။


သူ နိုးနိုးကြားကြားဖြစ်သွားကာ ခေါင်းမော့ကြည့်လိုက်သည်။ အခန်းတံခါးမှာ ကျွီခနဲ ပွင့်လာသည်။


အခန်းမှထွက်လာသော သူက မျက်လုံးများနီရဲနေကာ လက်ချောင်းများတင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။

"ငါ..."


ရှန်းလျိုရှန့်က ကျရှုံးသွားပုံရသည်။ သို့သော် ရှုရှင်းချန်ထံတွင် နောင်တရရန် အချိန်မရှိပေ။ ရှန်းလျိုရှန့်၏ အမူအရာမှာ မျက်ရည်များကျလုနီးနီးပင်။ သူက ထိုကဲ့သို့ ဖျက်ဆီးမိမည်ဟု မမျှော်လင့်ထားပုံရသည်။


"အဆိုးဆုံးဖြစ်လာရင် အိမ်တော်ထဲကို ညဘက်ဝင်ပြီး စာလိပ်ကို ခိုးရုံပဲရှိမှာ...မငိုနဲ့တော့...ကျွန်တော်ဆို ခင်ဗျားအရွယ်တုန်းက မငိုတော့တာ တော်တော်တောင်ကြာနေပြီ..."


ရှန်းလျိုရှန့် : "ဟမ်..."

ဘယ်သူက ငိုလို့လဲ...ဒီကောင်လေး ဘာတွေပြောနေတာတုန်း...


ရှန်းလျိုရှန့်က လက်ဖြန့်ပြကာ ပြောလို

က်သည်။

"ဘယ်သူက ငိုလို့လဲ...ငါလုပ်နိုင်သွားပြီ..."


ရှုရှင်းချန် မျက်လုံးဖွင့်ကာ ထပ်ကြည့်လိုက်သည်။

"ဒါဆိုဘာလို့ ခင်ဗျားမျက်လုံးတွေက နီနေတာလဲ..."


ရှန်းလျိုရှန့်က မျက်ခွံများကို ပွတ်သပ်ကာပြောသည်။


"မီးခိုးကြောင့်..."


ရှုရှင်းချန် : "....."